← Chapters

အခန်း ၄၅၄

Vol. 46 Ch. 454

အခန်း ၄၅၄

Vol. 46 Ch. 454

အခန်း (၄၅၄) - ကျောက်စိမ်းပြားအတွင်းမှ လျှို့ဝှက်ချက်

ဓားစီးပျံသန်းခြင်းမှာ အလွန် လျင်မြန်လှသည်။ ကျင့်ကြံသူများ တိမ်စီး၊ မြူခိုးစီးပြီး သွားလာခြင်းထက်ပင် အဆပေါင်းများစွာ ပိုမို လျင်မြန်သည်။ သို့သော်လည်း ဤအရာမှာ အမြန်ဆုံးတော့ မဟုတ်သေးချေ။ အကယ်၍ မြေလျှိုးမိုးပျံအတတ် ရှိနေမည် ဆိုပါက သို့မဟုတ် ဓားကျင့်ကြံသူများ၏ သက်တံအသွင်ပြောင်းပျံသန်းခြင်း ရှိမည်ဆိုပါက သာမန် ဓားစီးခြင်းထက် ပိုမို လျင်မြန်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင် လော့ချန်သည်လည်း တစ်ဦးသောသူ မြေလျှိုးမိုးပျံအတတ် အသုံးပြုသည်ကို ကိုယ်တိုင် မြင်တွေ့ဖူးခဲ့သည်။ အတိတ်က ကောင်းလင်လွင်ပြင် တိုက်ပွဲတွင် တစ်ကိုယ်တော် ကျင့်ကြံသူ ထူရှန်းသည် မြေလျှိုးကာ သူ့အား လိုက်လံ သတ်ဖြတ်ခဲ့သည်။ သူ ပြန်လည် သတ်ဖြတ်နိုင်ခဲ့သော်လည်း ထိုသူ၏ ပျံသန်းနှုန်းမှာ အမှန်တကယ်ပင် သာမန်ထက် ထူးကဲလှသည်။

လော့ချန် ချီသန့်စင်အဆင့်တွင် ရှိစဉ်ကတည်းက ဂုဏ်ယူရဆုံး အရာမှာ ပျံသန်းနှုန်း ဖြစ်သည်။ အခြေတည်အဆင့်သို့ ရောက်ပြီးသည့်တိုင် ထိုတုန်းက ထူရှန်း၏ အမီခံလိုက်ရသည်ကို ပြန်တွေးမိတိုင်း အနည်းငယ် စူးနစ်သလို ခံစားရဆဲဖြစ်သည်။ ၎င်းမှာ သူ ခေတ္တရပ်နားကာ ထောင်ချောက်ဆင်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း မြေလျှိုးစွမ်းရည်၏ အမြန်နှုန်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။ နှမြောစရာ ကောင်းသည်မှာ သူ နောက်ပိုင်းတွင် ထူရှန်း၏ သိုလှောင်အိတ်ကို မွှေနှောက်ရှာဖွေသော်လည်း ထိုပညာရပ်နှင့် ပတ်သက်သည့် မည်သည့်ကျမ်းစာအုပ်ကိုမျှ မတွေ့ခဲ့ရချေ။

"ပြောရရင်တော့.... အဲ့ဒီ ဟင်္သာအသွင်ပြောင်းကျမ်းထဲမှာလည်း တတိယအဆင့် ပျံသန်း အတတ်ပညာတစ်ခု ရှိနေသေးတယ်.... တစ်ခါ ကျင့်ကြံအောင်မြင်ပြီးရင် အရှိန်အဟုန်က ဓားကျင့်ကြံသူတွေရဲ့ သက်တံပျံသန်းခြင်းထက် မနိမ့်ကျဘူး.... နှမြောစရာ ကောင်းတာက ဒီအတတ်ပညာက ကျင့်ကြံဖို့ ခက်ခဲလှသလို ပြင်ပပစ္စည်းတွေကိုလည်း အားကိုးရဦးမယ်၊ လောလောဆယ်တော့ နည်းလမ်း မရှိသေးဘူးပဲ...."

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဓားကို ဆက်လက် စီးနင်းကာ ပျံသန်းနေခဲ့သည်။ သူ၏ လွတ်လပ်လှသော ပုံစံကို ကြည့်ရသည်မှာ မနေ့ည တစ်ညတာ ပျော်ရွှင်မှုနှင့် ပတ်သက်ပြီး မေ့လျော့သွားပုံပင်။

သို့သော် လော့ချန်သည် ထိုကဲ့သို့သော တာဝန်မဲ့တတ်သူ မဟုတ်ချေ။ သို့တိုင်အောင် လင်းအားကြီး အချိန်တွင် ကြားခဲ့ရသော စီမာဟွေ့နန်၏ ဆုံးဖြတ်ချက်က သူ့အား အနည်းငယ် အံ့ဩသွားစေခဲ့သည်။

"ကျွန်မရဲ့ ပါရမီက သာမန်ပဲ ဖြစ်လို့ အခြေတည်အဆင့် တက်နိုင်တာကတင် တော်တော် ကြီးမားလှတဲ့ ကံကောင်းမှု ဖြစ်နေပါပြီ.... ဘယ်လိုလုပ် အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ ပေါင်းဖက်ပြီး မဟာတာအိုလမ်းစဉ်ကို အတူတူ လျှောက်လှမ်းနိုင်မှာလဲရှင်.... အဖွဲ့ချုပ်ခေါင်းဆောင်ကိုယ်စား လော့ထျန်းအဖွဲ့ကို သေသေချာချာ စီမံခန့်ခွဲပေးနိုင်ရင်ပဲ ကျွန်မ ကျေနပ်ပါပြီ"

ထိုအခိုက်အတန့်တွင် လော့ချန် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူ ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့သည်။

"မင်းက အခြေတည်အဆင့် ရောက်ပြီးပြီ ဖြစ်လို့.... ငါနဲ့ လမ်းစဉ်တူသူ ဖြစ်နေပါပြီ.... ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အထင်သေးနေရမှာလဲ.... မင်းက ငါနဲ့အတူ ယှဉ်တွဲပြီး လျှောက်လှမ်းနိုင်နေပါပြီ"

သို့သော် ဤကဲ့သို့သော ဖျောင်းဖျမှုကို ရင်ဆိုင်ရသည့်တိုင်အောင် စီမာဟွေ့နန် ပြတ်သားစွာ ခေါင်းခါပြနေဆဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူမ ပြောဆိုနေသည်မှာ ဆန်းကြယ်လှသော လမ်းစဉ်အကြောင်း မဟုတ်ချေ။ လော့ထျန်းအဖွဲ့အကြောင်း ဖြစ်သည်။ သူမ၏ သဘောမှာ အလွန် ရိုးရှင်းလှသည်။ မိသားစုတစ်ခု မဟုတ်သည့် အခြေအနေမျိုးတွင် သူမ လော့ထျန်းအဖွဲ့ကို ပိုမို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်။ အမှားအယွင်းအချို့ ရှိနေလျှင်ပင်၊ မနာလိုမှုအချို့ ရှိနေလျှင်ပင် လော့ချန်၏ ခေါင်းပေါ်သို့ ရောက်ရှိလာမည် မဟုတ်ချေ။ ထို့အပြင် လက်ရှိအချိန်တွင် လော့ထျန်းအဖွဲ့သည် ဆက်ခံခြင်း စနစ်ကို စတင်ရန် ပြင်ဆင်နေပြီး အတုယူထားသည်မှာ ဂိုဏ်းကြီးများ၏ စနစ် ဖြစ်ကာ သွေးချင်းမိသားစု စနစ် မဟုတ်ချေ။ အကျိုးသက်ရောက်မှု မရှိသေးသည့် အခြေအနေမျိုးတွင် တစ်ကိုယ်တည်း ရှိနေခြင်းက ပိုမို ကောင်းမွန်ပေလိမ့်မည်။

"အောက်ကလူတွေရဲ့ မျက်စိထဲမှာ.... ကျွန်မရဲ့ အာဏာက အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကျွန်မရဲ့ အရည်အချင်းအပေါ် ယုံကြည်မှုကြောင့် ရရှိလာတာလို့ပဲ မြင်စေချင်ပါတယ်"

"မျက်နှာသာပေးခံရတယ်ဆိုတာမျိုး မမြင်စေချင်ဘူး.... မဟုတ်ရင် ကျွန်မ ကိစ္စအမြောက်အမြားကို လက်ရဲဇက်ရဲ လုပ်ဆောင်နိုင်မှာ မဟုတ်တော့ဘူး"

ဤစကားလုံးများမှာ ယုံကြည်ချက် ပြည့်ဝလှသလို၊ ကြီးမားလှသော ရည်မှန်းချက်များ ရှိနေသဖြင့် လော့ချန် တကယ့်ကို လေးစားသွားရသည်။ တကယ်တမ်းလည်း ထိုအရည်အချင်း၊ ထိုလွတ်လပ်သော အတွေးအခေါ်၊ စိတ်ဓာတ်တို့ကြောင့်ပင် သူမကို စီမံခန့်ခွဲရေးမှူးအဖြစ် တင်မြှောက်ရန် သူ ရွေးချယ်ခဲ့သည် မဟုတ်ပါလော။

"ဒါပေမဲ့.... အဖွဲ့ချုပ်ခေါင်းဆောင်က တကယ်လို့ အရသာတွေ့သွားတာ ဆိုရင်တော့.... ကျွန်မလည်း ငြင်းပယ်မှာ မဟုတ်ပါဘူးရှင်"

ရုတ်တရက် အီစီကလီလုပ်လိုက်သော စကားကြောင့် လော့ချန် ထိန်းချုပ်မှု လွတ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့စိတ်သူ ပြန်ထိန်းလိုက်နိုင်သည်။ မဟုတ်လျှင် ထိုစကားတစ်ခွန်းက ဒုတိယအချီ အစပျိုးခြင်း ဖြစ်သွားပေလိမ့်မည်။ အချို့သော အရာများသည် နှလုံးသားကို ဖွင့်ဟရန်နှင့် အစွမ်းအစကို သက်သေပြရန် အချိန်စောင့်ရပေဦးမည်။

‘နှလုံးသား’

သူ ဟွေ့နန်၏ စိတ်နှလုံးသားကို နားလည်ပြီး ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းခရီးမှာ ရှည်လျားလှသဖြင့် သူ၏ ကူညီမှုအောက်တွင် စီမာဟွေ့နန် ရွှေအမြုတေအဆင့်သို့ မရောက်ဘဲ နေမည် မဟုတ်ချေ။ ထိုအချိန်ကျမှသာ သူမ မိမိအား ငြင်းပယ်တော့မည် မဟုတ်ချေ။ ဤအရာမှာ လော့ချန် သူ့ကိုယ်သူ အထင်ကြီးနေခြင်း မဟုတ်ချေ။ သူ့တွင် အမှန်တကယ်ပင် ဤစွမ်းဆောင်ရည် ရှိနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် အမျိုးသမီး ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအတွက် သာမန်ဆေးလုံးများထက် ပိုမို၍ အကျိုးသက်ရောက်မှု ရှိစေသည်။ သောက်သုံးမည့် အကြိမ်အရေအတွက်နှင့် အကြိမ်နှုန်းကို သေသေချာချာ ထိန်းချုပ်ထားနိုင်သရွေ့ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်း၌ ဆေးအဆိပ်များ ကျန်ရှိနေခြင်းကို အလွန်အမင်း သက်ရောက်မှု ရှိစေမည် မဟုတ်ချေ။ သူ၏ အရည်အသွေးမြင့်မားလှသော ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ပံ့ပိုးမှုအောက်တွင် စီမာဟွေ့နန်၏ ပါရမီ သိပ်မထူးခြားလှလျှင်ပင် အခြေတည်အထွတ်အထိပ်သို့ သေချာပေါက် ရောက်နိုင်ချေရှိသည်။ ထိုအချိန်ကျမှသာ ရွှေအမြုတေကိစ္စအား စဉ်းစားမည် ဖြစ်သည်။

ရွှေအမြုတေ ဖွဲ့စည်းခြင်းအတွက် လိုအပ်သော အရာများနှင့် ပတ်သက်ပြီး သူ့ လက်ထဲတွင် လျှို့ဝှက်နည်းတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် စီမာဟွေ့နန် အခြေတည်အထွတ်အထိပ် ရောက်ရှိလာမည့် အချိန်တွင် သူ သေချာပေါက် သူမအတွက် ရွှေအမြုတေအဆင့်တက်လှမ်းနိုင်မည့် အရင်းအမြစ်များကို စုံလင်အောင် စုဆောင်းပေးနိုင်လိမ့်မည်။

လော့ချန် ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းသို့ ဝင်ရောက်လိုက်သည်။ သူ လန်ချီလှေပျံကို ထုတ်လွှတ်လိုက်ပြီး မြေပြင်နှင့် ကပ်၍ ပျံသန်းကာ မကြာမီပင် ထျန်းလန်တောင်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ပိုင်မေလင်းကို နှုတ်ဆက်လိုက်ပြီးနောက် ထန်ထိုက်ကျင်း ပေးခဲ့သော ထိုကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

နတ်မျက်စိဖြင့် လေ့လာကြည့်ရှုပြီး ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရာ မည်သည့် နောက်ဆက်တွဲ နည်းလမ်းမျိုးမှ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင်မူ သူ ၎င်းကို နဖူးပြင်ပေါ်တွင် သေသေချာချာ ကပ်လိုက်တော့သည်။

....

ခေတ္တမျှ ကြာမြင့်ပြီးနောက် လော့ချန် မိမိ၏ အရှေ့တွင်ရှိသော ရေကွက်ကို ကြည့်ရင်း အတွေးနက်သွားခဲ့ရသည်။ ဤရေကွက်မှာ ထိုကျောက်စိမ်းပြား အရည်ပျော်သွားခြင်းကြောင့် ဖြစ်သည်။ ဤပစ္စည်းကို ရေခဲခံတပ်က မည်သည့်နည်းလမ်း၊ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရှိရချေ။ အကြောင်းအရာများကို စုပ်ယူပြီးနောက်တွင်မူ တိုက်ရိုက် အရည်ပျော်သွားခဲ့ပြီး အရိပ်အယောင်မျှပင် မကျန်ရှိတော့ချေ။

သူ၏ စိတ်ထဲတွင်မူ ထိုရွှေအမြုတေဖွဲ့စည်းနည်း၏ အကြောင်းအရာများ ရှိနေခဲ့ပြီ ဖြစ်သည်။ အသေးစိတ် ဖတ်ရှုပြီးနောက်တွင်မူ....။

"ဒီအတတ်ပညာ ဖြစ်နေတာပဲ"

လော့ချန်၏ မျက်နှာပေါ်တွင် ဝမ်းသာရမလို၊ ဝမ်းနည်းရမလို အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ အပေါ်တွင် မှတ်တမ်းတင်ထားသည်မှာ နဂါးဖီးနစ်ဟု ခေါ်တွင်သော လျှို့ဝှက်နည်းတစ်ခု ဖြစ်သည်။ ဤလျှို့ဝှက်နည်းကို သူ သိသည်။ အတိတ်က ထျန်းလန်နတ်ဘုရားမြို့တော် လေလံပွဲတွင် ရေခဲခံတပ်က ဤအရာကို တစ်ကြိမ် လေလံတင်ခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ မက်မွန်တောင်မှ ရွှမ်ယွီက လေလံအောင်သွားခဲ့ခြင်း ဖြစ်သည်။

နဂါးဖီးနစ် ဟူသည့် လျှို့ဝှက်နည်း၏ အမည်မှာ နားထောင်ကောင်းလှသော်လည်’ အမှန်စင်စစ် မရှုပ်ထွေးလှချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ နဂါးအသွင်ပြောင်းဆေးလုံးနှင့် ရေခဲခံတပ်၏ နှင်းဖီးနစ်ဆေးလုံး ဟူသည့် ဆေးလုံးနှစ်မျိုးကို အတူတကွ သောက်သုံးရမည် ဖြစ်ပြီး လျှို့ဝှက်နည်းဖြင့် နှိုးဆွရမည် ဖြစ်သည်။ ထိုအခါမှသာ အခြေတည် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ရွှေအမြုတေ ဖွဲ့စည်းခြင်းကို စမ်းသပ်နိုင်မည် ဖြစ်သည်။

ဤအချိန်တွင် ရေနှင့်မီး ပေါင်းစပ်ပြီး ခန္ဓာကိုယ်အတွင်းရှိ မဟာစွမ်းအင်အနှစ်သာရများကို သဘာဝကျစွာ ပေါင်းစည်းပေးမည် ဖြစ်သည်။ ဤမဟာစွမ်းအင်အနှစ်သာရများမှာ ကျင့်ကြံသူ၏ ရွှေအမြုတေပင် ဖြစ်သည်။ သို့သော် ဤအတတ်ပညာ၏ အကျိုးသက်ရောက်မှုမှာမူ ရွှေအမြုတေ ဖွဲ့စည်းမည့် အချိန်တွင် အောင်မြင်မှုနှုန်းကို အများဆုံး တစ်ဆယ်ရာခိုင်နှုန်းမျှသာ မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။ ဤမျှလောက်သော မြှင့်တင်မှုမှာ အမှန်ပင် နည်းပါးလွန်းလှသည်။

အကယ်၍ ပါရမီရှိသော ကျင့်ကြံသူ ဖြစ်ပါက ဤမျှလောက်သော မြှင့်တင်မှုဖြင့်ပင် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပေလိမ့်မည်။ သို့သော် လော့ချန်အတွက်မူ အနည်းငယ် အသုံးမဝင်လှသော အရာ ဖြစ်နေခဲ့သည်။

"တစ်ဆယ်ရာခိုင်နှုန်းက.... မရှိသလောက်ပါပဲ"

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ ထိုရေကွက်ကို သုတ်သင်လိုက်သည်။ သူ အနည်းငယ် နှမြောမိရုံမျှသာ ရှိပြီး စိတ်ပျက်မှုမျိုး မရှိချေ။ အကြောင်းအရင်းမှာ ရာခိုင်နှုန်းမြင့်မားသော ရေခဲခံတပ်၏ ရွှေအမြုတေဖွဲ့စည်းနည်းကို ထန်ထိုက်ကျင်းက သူ့အား အဘယ်မှာ အလွယ်တကူ ပေးအပ်နိုင်ပါ့မည်နည်း။ သူမ ပေးချင်လျှင်ပင် ရေခဲခံတပ်မှ သဘောတူမည် မဟုတ်ချေ။

ထို့ကြောင့် ထုတ်ပေးနိုင်သော အရာမှာ သေချာပေါက် သာမန်မျှသာရှိသော ရွှေအမြုတေဖွဲ့စည်းနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်က ဤအတတ်ပညာကို ရရှိစဉ်က ခေတ္တမျှ စိတ်လှုပ်ရှားခဲ့သော်လည်း သူ ၎င်းအပေါ်တွင် မျှော်လင့်ချက် မထားရှိခဲ့ချေ။ ယခု ကြည့်လိုက်သော အခါတွင် သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့သည်။

"ထန်ထိုက်ကျင်းက တကယ့်ကို နည်းလမ်းကောင်းကို အသုံးပြုခဲ့တာပဲ.... သိပ်ပြီး အရေးမကြီးလှတဲ့ လျှို့ဝှက်နည်းတစ်ခုနဲ့တင် လူအများကြီးရဲ့ မျက်စိရှေ့မှာ၊ လော့ထျန်းအဖွဲ့ကို ချန်ချင်အနွယ်ဆိုတဲ့ လှေပေါ်ကို တင်ပစ်လိုက်တာပဲ.... ဒါ သူမရဲ့ အကြံဉာဏ်လား.... ဒါမှမဟုတ် ကရုဏာမဲ့ နတ်သမီးရဲ့ သဘောထားလား"

လော့ချန်အနေဖြင့် ထန်ထိုက်ကျင်းကို နားလည်ထားသလောက် တစ်ဖက်လူတွင် အကြံအစည်အချို့ ရှိနေသော်လည်း ဤမျှလောက်အထိ ပါးနပ်လှသော အခြေအနေမျိုးကို လုပ်ဆောင်နိုင်စွမ်း မရှိသေးချေ။ ဆန့်ကျင်ဘက်အနေဖြင့် ခေတ္တမျှသာ တွေ့ဆုံဖူးခဲ့သော ထိုကရုဏာမဲ့နတ်သမီးကမူ သူ့အား အလွန် နက်နဲလှသည်ဟု ခံစားရစေသည်။ သေသေချာချာ စဉ်းစားကြည့်ပြီးနောက် ဤအရာမှာ ကရုဏာမဲ့နတ်သမီး၏ အကြံ ဖြစ်ကြောင်း လော့ချန် အတည်ပြုနိုင်ခဲ့သည်။

အခြားမဟုတ်ချေ။ ထိုစဉ်က လော့ချန် ပထမဆုံးအကြိမ် ရွှေအမြုတေဖွဲ့စည်းနည်းကို တောင်းဆိုစဉ်က ထန်ထိုက်ကျင်း ချက်ချင်းပင် ငြင်းပယ်ခဲ့ဖူးသည် မဟုတ်လော။

"ထားလိုက်ပါတော့.... အရင် သိမ်းထားလိုက်ဦးမယ်.... မရှိတာထက်တော့ ကောင်းတာပေါ့.... ငါ အခြေတည် အထွတ်အထိပ်အဆင့် ရောက်ပြီး.... တခြား ရွှေအမြုတေဖွဲ့စည်းနည်းတွေ မစုဆောင်းနိုင်သေးဘူး ဆိုရင်တော့ ဒီနဂါးဖီးနစ် နည်းလမ်းကလည်း နောက်ဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့.... လောလောဆယ်တော့ အမြန်ဆုံး အခြေတည် အဆင့် ၅ ကို ရောက်ရှိဖို့ပဲ"

ရွှေအမြုတေ ဖွဲ့စည်းခြင်းမှာ အလွန် ဝေးကွာလွန်းလှသေးသည်။ ဖြတ်ကျော်ရမည့် ကျင့်ကြံခြင်း အဆင့်များကပင် သူ့အဖို့ စိုးရိမ်ပူပန်စေရန် လုံလောက်လှသည်။ ဤမျှလောက် ကြိုစဉ်းစားနေခြင်းမှာ အပိုအလုပ်မျှသာ ဖြစ်သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters