အခန်း ၄၅၅
Vol. 46 Ch. 455
အခန်း (၄၅၅) - ကျင့်ကြံခြင်းအရှိန်ကို ပြောင်းလဲစေမည့် သွေးကြောပွင့်ခြင်း
အတွေးများကို ရုပ်သိမ်းလိုက်ပြီးနောက် လော့ချန် သူ့စိတ်ကို လက်ရှိ ကျင့်ကြံခြင်းအပေါ်တွင် ပုံအပ်လိုက်သည်။ အခြေတည် အဆင့် ၄ သို့ ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ ထပ်မံ၍ နှောင့်နှေးသွားခဲ့ရပြန်သည်။ လုံးဝ ရပ်တန့်ခြင်း မရှိသည့် အခြေအနေမျိုးတွင်ပင် တစ်ဆင့် မြင့်မားလာရန်အတွက် ရက်ပေါင်း နှစ်ဆယ်ခန့် လိုအပ်သည်။ ဤအရှိန်အဟုန်ကိုမူ လော့ချန် အလွန် စိတ်တိုင်းမကျချေ။
သို့သော် လက်ရှိအနေဖြင့်မူ သူ့တွင် ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်မည့် ပိုမို မြင့်မားသောအဆင့်ရှိသည့် ဆေးလုံးများ မရှိသေးချေ။ အခြေခံအားဖြင့် ကြည့်မည် ဆိုပါက လော့ချန်ကဲ့သို့ ဆေးဖော်ဆရာတစ်ဦးသည် မည်သည့်အရာမဆို ပြတ်တောက်နိုင်သော်လည်း ကျင့်ကြံခြင်း ဆေးလုံးများ ပြတ်တောက်ရန် မဖြစ်နိုင်ချေ။ သို့သော် အမှန်စင်စစ် လယ်စိုက်သော လယ်သမားသည် အမြဲဗိုက်မဝသကဲ့သို့ပင် လမ်းခရီးတစ်လျှောက်တွင် ဆေးဖော်စပ်သော သူသည်လည်း ဆေးလုံးများ အလွန် ပြတ်တောက်နေခဲ့ရသည်။
ဤပြဿနာကို ဖြစ်ပေါ်စေသော အကြောင်းအရင်းမှာ တစ်ခုတည်းသာ ရှိသည်။
‘ဆေးနည်း’
သူ့တွင် ဤလမ်းစဉ်၏ အနှစ်သာရ ဖြစ်သော ကျင့်ကြံခြင်း ဆေးနည်းများ မရှိခြင်း ဖြစ်သည်။ အမှန်စင်စစ် လော့ချန် အလွန် စောစီးစွာကတည်းက စီမာဟွေ့နန်ကို မှာကြားခဲ့ဖူးပြီး လော့ထျန်းအဖွဲ့ကို လျှို့ဝှက်စွာဖြင့် ဒုတိယအဆင့် ဆေးနည်းများကို တတ်နိုင်သမျှ စုဆောင်းခိုင်းခဲ့သည်။ အထူးသဖြင့် ချီစွမ်းအားကို တိုးမြင့်စေနိုင်သော ကျင့်ကြံခြင်း ဆေးနည်းများ ဖြစ်သည်။ ပျက်စီးနေသော ဆေးနည်း ဖြစ်လျှင်ပင် ကိစ္စမရှိချေ။ အကယ်၍ စုဆောင်းနိုင်မည် ဆိုပါက သူ ကိုယ်တိုင် အသုံးပြုရန် ဖော်စပ်နိုင်မည် ဖြစ်သည်။ စနစ် ရှိနေသဖြင့် သူသည် ထိပ်တန်း ဆေးလုံးများကိုပင် ဖော်စပ်နိုင်စွမ်း ရှိပြီး သူ၏ ကျင့်ကြံခြင်းကို ပြင်းထန်စွာ အရှိန်မြှင့်တင်နိုင်သည်။
သို့သော် ရရှိသည်မှာ လုံးဝ နည်းပါးလှသည်။ တစ်ခုတည်းသော လက်ထဲသို့ ရောက်ရှိလာသော ဒုတိယအဆင့် ဆေးနည်းမှာမူ အသုံးမဝင်လှသော မအိုဆေးနည်း မျှသာ ဖြစ်သည်။ နားထောင်ရသည်မှာမူ မအိုဆေးလုံးမှာ အလွန် အစွမ်းထက်လှပြီး အမျိုးသမီး ကျင့်ကြံသူများ နှစ်သက်မည့် အရာ ဖြစ်နိုင်သည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ထိုသို့မဟုတ်ချေ။ ဒုတိယအဆင့် မအိုဆေးလုံးကို ချီသန့်စင်အဆင့် ကျင့်ကြံသူများ မဝယ်ယူနိုင်ကြချေ။ အခြေတည်အဆင့် ကျင့်ကြံသူများကမူ ဝယ်ယူနိုင်ကြသည်။ သို့သော် ကျင့်ကြံသူများ အခြေတည်အဆင့် တက်လှမ်းပြီးနောက် အစာဖြတ်နိုင်ရုံတင်မကသေးဘဲ၊ အဆင့်တက်ချိန်များတွင် သူတို့၏ အရိုးနှင့် သွေးများကို သန့်စင်နိုင်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ရုပ်ရည်ကို ထာဝရ ထိန်းသိမ်းထားခြင်းမှာ ချီစွမ်းအား အနည်းငယ်ကို အသုံးပြုရုံမျှဖြင့် လုပ်ဆောင်နိုင်သော ရိုးရှင်းလှသည့် ကိစ္စမျှသာ ဖြစ်သည်။
ထန်ထိုက်ကျင်း၊ ကရုဏာမဲ့နတ်သမီး တို့ကဲ့သို့ အသက်ရာကျော် ရှိနေကြပြီဖြစ်သော ဘွားအိုကြီးများမှာလည်း ငယ်ရွယ်နုပျိုပြီး လှပနေကြဆဲ ဖြစ်သည်။ လော့ချန်ကိုယ်တိုင်လည်း အခြေတည်အဆင့် တက်လှမ်းခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရုပ်ရည်မှာ လူငယ်လေးတစ်ဦး ပုံစံအတိုင်း ရှိနေဆဲပင်။ ကျင့်ကြံခြင်းလောကအတွင်း သက်ကြီးရွယ်အိုများ အိုမင်းရင့်ရော်သော ပုံစံ ဖြစ်နေရခြင်းမှာ အခြေတည်အဆင့် တက်လှမ်းစဉ်က အသက်အရွယ် ကြီးမားလွန်းခြင်းကြောင့် ဖြစ်စေ သို့မဟုတ် ချီစွမ်းအား အနည်းငယ်ကို အသုံးမဝင်လှသော ရုပ်ရည်ပေါ်တွင် မဖြုန်းတီးချင်ကြခြင်းကြောင့် ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ သဘာဝကျစွာ ဖြစ်ပေါ်လာသော အစစ်အမှန် အခြေအနေ ဖြစ်သည်။
အခြားလူများက ချီစွမ်းအား အနည်းငယ်ကိုပင် မဖြုန်းတီးချင်ကြသည့် အခြေအနေမျိုးတွင် မည်သူက မအိုဆေးလုံးကို ငွေပေး ဝယ်ယူပါ့မည်နည်း။ ထို့ကြောင့် လော့ချန် ဤဆေးနည်းကို လေ့လာရန် စိတ်ကူး စိုးစဉ်းမျှပင် မရှိခဲ့ချေ။
လော့ထျန်းအဖွဲ့၏ လက်ရှိ အခြေအနေအရ ကြည့်မည် ဆိုပါက သေချာပေါက် ဒုတိယအဆင့် ကျင့်ကြံခြင်း ဆေးနည်းများကို စုဆောင်းနိုင်စွမ်း မရှိချေ။ လော့ထျန်းအဖွဲ့တင်မက၊ အခြားသော အခြေတည်အဆင့် အင်အားစုများအတွက်လည်း အလွန် ခက်ခဲလှသည်။ အကြောင်းအရင်းမှာ ရိုးရိုးလေးပင်။ အထက်တွင်ရှိသော ဂိုဏ်းကြီးများက ဤကဲ့သို့သော ဆေးနည်းများ အပြင်သို့ ပေါက်ကြားသွားခြင်းကို တင်းကြပ်စွာ ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော အကြောင်းအရာကို ချီသန့်စင်အဆင့်တွင် ရှိစဉ်ကတည်းက လော့ချန် သတိပြုမိခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က သူ အာနိသင် အနည်းငယ်မျှသာရှိသော ကျောက်စိမ်းအမြုတေဆေးလုံးကို သန့်စင်စဉ်ကပင် မီရှုဟွာတစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်ခဲ့ရသည်။ နေရာအနှံ့ ဆက်သွယ်ရသလို ဓားဂိုဏ်း၏ မြောင်ဝမ်ကိုလည်း အကျိုးအမြတ် ခွဲဝေပေးခဲ့ရသည်။ ထိုအခါမှသာ ကျောက်စိမ်းအမြုတေဆေးလုံးကို အဆင်ပြေစွာ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အာနိသင် ပိုမို ကောင်းမွန်လှသော ကျင့်ကြံခြင်း ဆေးလုံးများ ဖြစ်နေမည် ဆိုပါက ဆေးဘုရင်ဂိုဏ်း၏ ကျင့်ကြံသူများပါ ဝင်ပါလာပြီး ထိုစဉ်က ဖိုရှန်းဂိုဏ်းကို လုံးဝ ချေမှုန်းပစ်လိမ့်မည် ဖြစ်သည်။ လော့ချန် ယခုအချိန်တွင် ရေခဲခံတပ်ဟူသော နောက်ခံရှိနေသည့်တိုင် ဤသို့ လုပ်ဆောင်ရဲခြင်း မရှိချေ။
ထို့ကြောင့်ပင် သူ ယခင်က ထန်ထိုက်ကျင်းနှင့် တွေ့ဆုံစဉ်က ဤဆေးနည်းကိစ္စကို အစပင် ဆွဲမထုတ်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်လူတွင် ရှိမရှိ မသိရသော်လည်း သေချာပေါက် ပေးမည်တော့ မဟုတ်ချေ။ ထို့အပြင် ရှီပေါ်ရင်း ပြောဖူးသည်မှာ ရေခဲခံတပ်၏ လက်ရှိ ကျင့်ကြံရေး ဆေးလုံး အများစုမှာလည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် ဆေးဘုရင်ဂိုဏ်းတို့ထံမှ ဝယ်ယူနေရခြင်း ဖြစ်သည်ဟူ၍ပင်။ သို့ဖြစ်လေရာ သူ့အနေဖြင့် အပိုအလုပ်များ သွားလုပ်နေရန် မလိုချေ။
ဆေးနည်းများကို မစုဆောင်းနိုင်ဘဲ မူလကတည်းက ရှိနေခဲ့သော ချီစုစည်းဆေးလုံး၊ နဂါးပျံဆေးလုံးတို့ကိုသာ အားကိုးပြီး ကျင့်ကြံရမည့် အခြေအနေမျိုးတွင် လော့ချန်၌ ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မည့် အခြား နည်းလမ်းများ ရှိသေးသည်လော။ အမှန်စင်စစ် သူ့တွင် ရှိနေသည်။ ထိုအရာမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှ စတင်ခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ယွမ် သူ့အား ပြောပြသည်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်း သွေးမြစ်အဆင့်တွင် တစ်ခါ သွေးကြောပွင့်ခြင်း အောင်မြင်သွားမည် ဆိုပါက သွေးနှင့် စွမ်းအားများမှာ အဆင်ပြေစွာဖြင့် ခန္ဓာကိုယ်အနှံ့ စီးဆင်းနိုင်မည် ဖြစ်သည်ဟူ၍ပင်။ ထိုမျှသာမက သွေးနှင့် စွမ်းအားများကို ထုတ်လွှတ်မည့် အချိန်တွင်လည်း အတိတ်ကထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။
ဤအကျိုးသက်ရောက်မှုကို သိရှိပြီးနောက် လော့ချန် ဤအရာကို မဟာတာအိုလမ်းစဉ် ကျင့်ကြံခြင်းတွင် အသုံးချနိုင်မလားဟု စဉ်းစားမိခဲ့သည်။ အဖြေမှာမူ ဖြစ်နိုင်ခြေ များပြီး လုပ်ဆောင်နိုင်သည်ဟူ၍ပင်။ ကျင့်ကြံသူများအတွက်မူ သွေးကြောများမှာ ချီစွမ်းအားများကို သယ်ဆောင်ရန်အတွက် ဖြစ်သည်။ သွေးကြောများ ပိုမို ကျယ်ပြန့်လေလေ ပွင့်နေသော သွေးကြော အရေအတွက် ပိုများလေလေ ဖြစ်ပြီး၊ တူညီသော အချိန်အတွင်း၌ ပြင်ပမှ ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအားများကို ပိုမို၍ သယ်ဆောင်နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ဆိုပါက ကျင့်ကြံခြင်း အရှိန်အဟုန် မြန်ဆန်လာခြင်းနှင့် အတူတူပင် မဟုတ်လော။
ဥပမာတစ်ခု ပေးရမည်ဆိုလျှင် ပြင်ပကမ္ဘာကြီးမှာ မြစ်ကြီး ဖြစ်ပြီး ချီစွမ်းအားမှာ ထိုမြစ်ရေ ဖြစ်သည်။ ကျင့်ကြံသူ၏ ချီပင်လယ်မှာမူ ခြောက်သွေ့နေသော ရေကန်ငယ်လေးတစ်ခု ဖြစ်သည်။ သွေးကြောများမှာ ထိုနှစ်ခုကို ဆက်သွယ်ပေးထားသော ပိုက်လိုင်းများ ဖြစ်သည်။ အကယ်၍ ပိုက်လိုင်းများ ပိုမို တုတ်ခိုင်လေလေ၊ ပိုမို ခိုင်မာလေလေ၊ အရေအတွက် ပိုများလေလေ တူညီသော အချိန်အတွင်း၌ လမ်းညွှန်ပေးနိုင်မည့် မြစ်ရေမှာ သဘာဝကျစွာပင် ပိုမို များပြားလာပေလိမ့်မည်။ ကျင့်ကြံခြင်းဆိုသည်မှာလည်း ဤသဘောတရားပင် ဖြစ်၏။
ဤသည်မှာ အယူအဆသက်သက်မျှသာ မဟုတ်ချေ။ လော့ချန်တွင် လက်တွေ့ အတွေ့အကြုံလည်း ရှိခဲ့ဖူးသည်။ ၎င်းမှာ ချီသန့်စင်အဆင့်တွင် ရှိစဉ်က သူသည် အခြေတည်အဆင့်တွင်မှ လုပ်ဆောင်ရမည့် ထူးခြားလှသော သွေးကြောရှစ်ခုကို ကြိုတင်၍ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် ချီသန့်စင် အလယ်ပိုင်း ရောက်သည်နှင့် ပါရမီရှင်အဆင့် နွေဦးကျင့်စဉ်ဖြင့် ပင်မသွေးကြော ဆယ့်နှစ်ခုနှင့် အထူးသွေးကြောရှစ်ခုကို ကြိုတင်၍ ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ တိုက်ရိုက်ပင် အဆမတန် မြင့်မားလာခဲ့ဖူးသည်။
ယခု သူ လုပ်ဆောင်ရမည်မှာ ပိုမို သေးငယ်လှသော သွေးကြောများကို ဖွင့်လှစ်ရန် ဖြစ်သည်။ ဤသဘောတရားမှာ အခြေတည် အဆင့်တွင်လည်း သေချာပေါက် လုပ်ဆောင်နိုင်သည်။ ဤအရာကို ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်ကပင် ချီစွမ်းအားများကို အသုံးချပြီး သွေးကြောများကို ဖွင့်လှစ်ရန် လမ်းညွှန်ပေးသည်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ သူ့ထက် များစွာ အတွေ့အကြုံရှိသော ကျင့်ကြံသူများသည် စောစီးစွာကတည်းက သွေးကြောပွင့်ခြင်း၏ အကျိုးကျေးဇူးများကို သတိပြုမိခဲ့ကြသည်။ ထို့ထက်မက ဆက်စပ်နေသော ကျင့်စဉ်များကိုပင် ဖော်ထုတ်နိုင်ခဲ့ကြသည်။
လော့ချန် နောက်ထပ်လုပ်ရမည့်အရာမှာ လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်နှင့် သွေးကြောများ ဖွင့်လှစ်ခြင်း အဆင့်ကို အချိန်မတိုင်မီ အပြီးသတ်ရန် ဖြစ်သည်။ အခြားသူများက ၎င်းကို မအောင်မြင်နိုင်သော်လည်း သူကမူ သူ့အား ကူညီရန် သွေးမိစ္ဆာဆေးလုံးများကို ဖော်စပ်နိုင်ပေသည်။
ဝမ်ယွမ် သူ့အား သွေးမိစ္ဆာဆေးလုံးများကို စမ်းသပ်ရန် အကြိမ်ကြိမ် အကြံပြုခဲ့သည်ကို ကြည့်ခြင်းဖြင့် အကျိုးကျေးဇူးများကို ခန့်မှန်းနိုင်သည်။ လက်ထဲတွင်ရှိသော ကုန်ကြမ်းပစ္စည်းများကို ကြည့်လိုက်သည်နှင့် လော့ချန် သူ ဤဆေးလုံး မည်မျှ ဖော်စပ်နိုင်မည်ကို ခန့်မှန်းနိုင်ပြီဖြစ်သည်။ ဝမ်ယွမ်၏ လိုအပ်ချက်ကို ဦးစွာ ဖြည့်ဆည်းပေးပြီးနောက်တွင်ပင် အမြောက်အမြား ကျန်ရှိနေဦးမည် ဖြစ်သည်။
သူသည် ဤဆေးလုံးကို အားကိုးပြီး ကျင့်ကြံခြင်း မဟုတ်ချေ။ သွေးကြောပွင့်ရန်အတွက် သက်သက်သာ ဆိုပါက အနည်းငယ်မျှဖြင့် လုံလောက်လှသည်။
....
လော့ချန် တုံ့ဆိုင်းနေခြင်း မရှိချေ။ ထိုနေ့မှာပင် သူ သွေးမိစ္ဆာဆေးလုံးများကို ဖော်စပ်တော့သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် လော့ထျန်းအဖွဲ့ဘက်၌ အဓိက လုပ်ဆောင်ရမည်များကို ဆုံးဖြတ်ပြီး ဖြစ်သလို အခြေတည် ဂုဏ်ပြုအခမ်းအနား၏ အရှိန်အဝါကလည်း ရှိနေဆဲ ဖြစ်သည်။ တိုတောင်းလှသော အချိန်အတွင်း၌ မည်သူမှ လော့ထျန်းအဖွဲ့ကို လာရောက် စိန်ခေါ်ရဲမည် မဟုတ်ချေ။
စီမာဟွေ့နန်က ဒန်ရှားတောင်တွင် အခြေစိုက်ကာ အားလုံးကို ဦးဆောင်နေသဖြင့် လော့ချန်အတွက် ပိုမို၍ အဆင်ပြေနေသည်။ ပြောရမည်ဆိုလျှင် လမ်းခရီးတစ်လျှောက်တွင် ရုန်းကန်လာခဲ့ပြီး ယခုအချိန်ကျမှသာ လော့ချန်သည် သူ၏ အချိန်ကို လုံးဝ ထိန်းချုပ်နိုင်မည့် တည်ငြိမ်သော ပတ်ဝန်းကျင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင်အချိန်ကို သူ လွတ်လပ်စွာ အသုံးချနိုင်သည်။
နောက်ရက်များတွင်မူ သူ စာဖတ်ခြင်းကို ရပ်တန့်လိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ခွန်အားအလုံးစုံကို သွေးမိစ္ဆာဆေးလုံး ဖော်စပ်ခြင်းအပေါ်တွင်သာ မြှုပ်နှံလိုက်တော့သည်။
ဤမျှလောက် စိတ်နှစ်ထားသည့် အခြေအနေမျိုးတွင် သုံးလတာ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ရသည်။
ဆေးဖော်ခန်းအတွင်း၌ လက်ထဲတွင်ရှိသော သွေးမိစ္ဆာဆေးလုံးများကို ရေတွက်ကြည့်ရင်း လော့ချန် အလွန် အံ့ဩသွားခဲ့ရသည်။ သူ သိထားသလောက်ဆိုလျှင် ဤကဲ့သို့သော အသစ်လေ့ကျင့်ထားသည့် ဆေးလုံးမျိုးသည် အောင်မြင်မှုနှုန်း ဆယ်ရာခိုင်နှုန်းခန့်သာ ရှိတတ်သည်။ သူ ဤသုံးလအတွင်း၌ ဂရုတစိုက်ဖြင့် သွေးမိစ္ဆာဆေးလုံး အသုတ်တစ်ရာကို ဖော်စပ်ခဲ့သည်။ ယုတ္တိအရဆိုရလျှင် ဆေးလုံး ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်သာ ထွက်ရှိသင့်သည်။ သို့သော် ယခု သူ့လက်ထဲတွင်မူ သွေးမိစ္ဆာဆေးလုံး တစ်ရာ့သုံးဆယ်ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။
"စနစ်ကို မအားကိုးဘဲ သင်ယူတာတောင်မှ ငါ့ရဲ့ အထွက်နှုန်းက မျှော်မှန်းထားတာထက် ပိုများနေတယ်"
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါက ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းများလား.... ဒါမှမဟုတ် နှင်းဧကရာဇ်ဆေးအိုးကပဲ အထွက်နှုန်းကို တိုးစေတာလား"
အချက်အလက် နည်းပါးလွန်းလှသလို နှိုင်းယှဉ်စရာလည်း မရှိသဖြင့် သူ မည်သည့်ကောက်ချက်ကိုမျှ မချနိုင်ချေ။ သို့သော် ဤအရာက ယခုအချိန်တွင်ရှိသော သူ၏ ဝမ်းမြောက်မှုကို မတားဆီးနိုင်ချေ။ ဤမျှလောက် များပြားလှသော သွေးမိစ္ဆာဆေးလုံးများမှာ ဝမ်ယွမ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးနောက်တွင်ပင် အမြောက်အမြား ကျန်ရှိနေဦးမည် ဖြစ်သည်။
"ငါ သုံးဖို့ လောက်ပါတယ်"
လော့ချန် တုံ့ဆိုင်းမနေတော့ဘဲ တစ်ရက် အနားယူပြီးနောက် ရှောင်လင်းကို စကားအနည်းငယ် မှာကြားကာ လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။
နီမြန်းလှသော အရောင်အဆင်းရှိသည့် ဆေးလုံးတစ်လုံးသည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသော ထူးခြားသည့် ရနံ့ကို ထုတ်လွှတ်နေခဲ့သည်။ သွေးကဲ့သို့၊ အရက်ကဲ့သို့ မွှေးပျံ့လှသဖြင့်၊ လူတစ်ယောက် ၎င်းကို အနံ့ခံလိုက်ရုံဖြင့် သွေးနှင့် စွမ်းအားများမှာ ပေါက်ကွဲထွက်လာတော့မည့်အတိုင်း ခံစားရစေသည်။
"ဒါက ငါ စနစ်ကို အားမကိုးဘဲ.... ကိုယ်တိုင် ဖော်စပ်ခဲ့တဲ့ ဆေးလုံး ဖြစ်နေတာပဲ.... ပထမဆုံးအကြိမ် သောက်ကြည့်ရသေးတာပေါ့"
လော့ချန် ညင်သာစွာ ပြုံးလိုက်ရင်း ဆေးကို မျိုချလိုက်သည်။ ထို့နောက် ဆေးစွမ်း ပေါက်ကွဲထွက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ခေတ္တမျှ ကြာမြင့်ပြီးနောက် သူ့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော သွေးမိစ္ဆာ အာနိသင်တစ်ခုသည် ဆေးလုံး အရည်ပျော်သွားသည်နှင့်အမျှ ပေါက်ကွဲထွက်လာခဲ့သည်။ နဂါးနှင့် မြွေ ကုန်းပြင်ပေါ်သို့ တက်လှမ်းလာသကဲ့သို့ ကောင်းကင်ယံက သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှတ်လိုက်သကဲ့သို့ပင်။ တစ်ဖက်တွင်လည်း မြွေနဂါးကြီး ရေပေါ်တွင် သွားလာနေရင်း ကောင်းကင်နှင့် မြေကြီးကို လှန်ပစ်ကာ နဂါးအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ သူ သတိမထားမိလိုက်သည့် အချိန်တွင် သွေးစလေးများ ထွက်ပေါ်လာခဲ့ရသည်။
"အာ့...."
တိုးညင်းစွာ ညည်းတွားလိုက်ရင်း လော့ချန် သဘာဝကျစွာပင် နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းကို လည်ပတ်လိုက်ပြီး ပြင်းထန်လှသော သမာဓိအားဖြင့် ထိုသွေးစွမ်းအားများ၏ တိုက်ခိုက်မှုကို အောင့်ခံလိုက်သည်။ ထိုတင်မကသေးဘဲ သွေးမိစ္ဆာချီကို လမ်းညွှန်ပေးရင်း ထိုပိတ်ဆို့နေသော သေးငယ်လှသော သွေးကြောများကို သွားရောက် တိုက်ခိုက်စေတော့သည်။
သွေးမြစ် ကိုးဆင့်တွင် သွေးကြောဖွင့်ခြင်းမှာ စတုတ္ထအဆင့် ဖြစ်သည်။ အကယ်၍ ချီသန့်စင်အဆင့်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက အခြေတည်အဆင့် (၄)၊ အဆင့် (၅) ပုံစံမျိုး ဖြစ်သည်။ လော့ချန် ယခုတစ်ကြိမ်တွင် အဆင့်တက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သို့သော် အခြားသော ကျင့်ကြံခြင်း စနစ်တစ်ခုပေါ်တွင်သာ ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ