အခန်း ၄၅၆
Vol. 46 Ch. 456
အခန်း (၄၅၆) - အစိမ်းရောင်ဗူးသီးခြောက် သုံးဘူးနှင့် အခြေတည်ဝိညာဉ်ဆေးရည်
ဒန်ရှားတောင်၊ ဟွေ့ရှင်းခန်းမဆောင် အတွင်းရှိ နံနက်ခင်း အစည်းအဝေးတွင် ဖြစ်သည်။
"ဆေးဝါးနန်းဆောင်သခင် ဘီယန်ကျန်းဟာ အဖွဲ့ထဲကို ရောက်တာ ဆယ်နှစ်ရှိပြီ.... အဖွဲ့ကိုတစ်ခါမှ မစွန့်ခွာဖူးသလို သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တယ်.... စုဆောင်းထားတဲ့ ကုသိုလ်အမှတ်တွေကလည်း ပြည့်သွားပြီ ဖြစ်သလို ကျင့်ကြံခြင်းအဆင့်ကလည်း ချီသန့်စင်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ…. ဒီနေ့ အခြေတည်ဆေးလုံးတစ်လုံးနဲ့ အနှစ်သာရမွေးမြူရည် တစ်ပုလင်းကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်"
လော့ထျန်းအဖွဲ့၏ အဆင့်မြင့်ကျင့်ကြံသူ အမြောက်အမြား၏ ရှေ့တွင် ဘီယန်ကျန်းသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စီမာဟွေ့နန်၏ လက်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုကို သေသေချာချာ လှမ်းယူလိုက်သည်။ ထိုကဲ့သို့သော အလွန်အမင်း ဂရုတစိုက်ရှိလှသော ပုံစံမှာ သူ၏ နေ့စဉ် တည်ငြိမ်အေးဆေးလှသော ပုံစံနှင့် တကယ့်ကို ကြီးမားလှသော ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သို့သော် လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူ အမြောက်အမြားမှာမူ မည်သူမျှ ရယ်မောခြင်း မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤမြင်ကွင်းကို အလွန်အမင်း မနာလိုမှုများဖြင့် ကြည့်ရှုနေကြသည်။
အခြေတည်ဆေးလုံး မဟုတ်လော။ လက်ရှိအချိန်တွင် လော့ထျန်းအဖွဲ့အတွင်း၌ အခြေတည်ဆေးလုံး အမြောက်အမြား စုဆောင်းထားကြောင်း အားလုံး သိရှိကြသော်လည်း စီမံခန့်ခွဲရေးမှူး၏ လက်ထဲမှ ဆုလာဘ်ပုံစံမျိုးဖြင့် ပေးအပ်ချီးမြှင့်လိုက်ခြင်းမှာ အံ့ဩစရာ ကောင်းလှဆဲ ဖြစ်သည်။
အထူးသဖြင့် ဤဘီယန်ကျန်းဟူသောသူမှာ ဝမ်ယွမ်၊ တွမ်ဖုန်း ဆိုသောသူများနှင့် မတူချေ။ သူသည် အဖွဲ့ချုပ်ခေါင်းဆောင် လော့ချန် အားနည်းနေစဉ် အချိန်ကတည်းက အတူတကွ လျှောက်လှမ်းလာခဲ့သူ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အဖွဲ့ချုပ်ခေါင်းဆောင် အခြေတည်အဆင့် တက်လှမ်းပြီး ရှောင်ဟွမ်းတောင်တွင်ရှိစဉ် ကာလအတွင်းမှ ဝင်ရောက်လာခဲ့သော တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်သည်။ အဖွဲ့အတွင်းသို့ ဝင်ရောက်သည့် အချိန်မှာ စီမာဟွေ့နန်ထက်ပင် တိုတောင်းလှသေးသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် ကုသိုလ်အမှတ်များ စုဆောင်းမှုသက်သက်ဖြင့်ပင် အခြေတည်ဆေးလုံးကို ရရှိခဲ့ခြင်း ဖြစ်သည်။ အမှန်ပင် အံ့ဩစရာ ကောင်းလှပေသည်။ ဤကဲ့သို့သော အကြောင်းအရာမျိုးမှာ တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အင်အားစုအတွင်း၌ မည်သည့်အခါမှ ထွက်ပေါ်လာလေ့မရှိချေ။ များသောအားဖြင့် ကာလကြာရှည်စွာ ဆက်ခံလာခဲ့သော ဂိုဏ်းကြီးများတွင်သာ ဤသို့ ဖြစ်ပေါ်လေ့ရှိသည်။
ဘီယန်ကျန်းသည် အသက်ပြင်းပြင်းရှူလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။
"ဘီယန်ကျန်း.... စီမံခန့်ခွဲရေးမှူးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်"
စီမာဟွေ့နန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ မင်း တကယ် ကျေးဇူးတင်ရမှာက.... သဘောထားကြီးလှတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ကိုပါ"
လက်ရှိအချိန်တွင် လော့ချန် ဤနေရာ၌ ရှိမနေချေ။ သို့သော် ဘီယန်ကျန်း တုံ့ဆိုင်းမနေဘဲ ဆိုလိုက်သည်။
"ဘီယန်ကျန်း.... အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ ကြီးမားလှတဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်.... အခြေတည် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ.... အနာဂတ်မှာ သေချာပေါက် အဖွဲ့ချုပ်ခေါင်းဆောင်အတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးပါဘူး"
စီမာဟွေ့နန် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"လက်ရှိအချိန်မှာ လော့ထျန်းအဖွဲ့ဟာ.... အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကာလ ဖြစ်လို့ အရည်အချင်းရှိသူတွေ သိပ်ကို လိုအပ်နေတယ်.... ဒါကြောင့်.... ကျွန်မ နန်းဆောင်သခင်ဘီယန်ကျန်းကို အခြေတည်အဆင့်တက်လှမ်းဖို့နဲ့ ကျင့်ကြံအဆင့်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် နောက်ထပ် ခြောက်လပဲ အချိန်ပေးမယ်"
အနည်းငယ် တင်းကြပ်လှသော်လည်း လုံလောက်လှသည်။ ဘီယန်ကျန်းတွင် ကန့်ကွက်စရာ မရှိချေ။
"ကျင့်ကြံခြင်း မဝင်ခင်.... ဆေးဝါးနန်းဆောင်က အလုပ်တွေကို ဖုန်းရှဆီ လွှဲပေးလိုက်ပါ.... နန်းဆောင်သခင် ကျင့်ကြံခြင်း ဝင်နေတာကြောင့် ဆေးဝါးနန်းဆောင်က အလုပ်တွေ ရပ်တန့်သွားတာမျိုးကို ကျွန်မ မလိုချင်ဘူး"
ဘီယန်ကျန်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"သေချာတာပေါ့ဗျာ.... အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်၊ စီမံခန့်ခွဲရေးမှူး စိတ်ချပါ.... ကျွန်တော် သေချာပေါက် ကိစ္စအားလုံးကို သေသေချာချာ စီစဉ်ပြီးမှပဲ အခြေတည်အဆင့်တက်လှမ်းဖို့ သွားပါ့မယ်"
ပြောပြီးနောက်တွင်မူ သူ စိတ်ထဲရှိ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ရင်း ဝမ်းမြောက်ဝမ်းသာဖြင့် သူ့ထိုင်ခုံဆီသို့ လှည့်ပြန်လာသည်။
စီမာဟွေ့နန်သည် ခန်းမဆောင်အတွင်းရှိ အခြားလူများကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်တွင်မူ အခြားသော အကြောင်းအရာများကို ပြောဆိုလိုက်တော့သည်။
နံနက်ခင်း အစည်းအဝေးမှာ တဖြည်းဖြည်းနှင့် အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။ အစည်းအဝေး ပြီးဆုံးမည့် အချိန်တွင်မူ စီမာဟွေ့နန် လူသုံးဦးကိုသာ သီးသန့် ချန်ထားခဲ့သည်။
….
"ကျွန်မ ဘာဖြစ်လို့ အခြေတည်ဆေးလုံးကို ဘီယန်ကျန်းကို အရင်ပေးပြီး.... ရှင်တို့ကို မပေးရတာလဲဆိုတာ သိချင်နေကြပြီလား"
ခန်းမဆောင်ကြီးအတွင်းရှိ ချင်လျန်ချန်း လင်မယားနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စီမာရှန့်ကမူ ငြိမ်သက်နေခဲ့သည်။ သူတို့ စိတ်ထဲတွင်မူ သေချာပေါက် ကြီးမားလှသော ဇဝေဇဝါဖြစ်မှုများ ရှိနေခဲ့သည်။
ပတ်သက်မှုအရသော်လည်းကောင်း၊ ကျင့်ကြံခြင်းအဆင့် ပြည့်စုံမှု အရသော်လည်းကောင်း ကုသိုလ်မှတ်အရသော်လည်းကောင်း သူတို့သည် ဘီယန်ကျန်း၏ အရှေ့တွင် ရှိနေသင့်သည် မဟုတ်လော။ ထို့အပြင် စောစီးစွာကတည်းက လော့ချန်သည်လည်း သူတို့အား လမ်းညွှန်မှုအချို့ ပေးအပ်ခဲ့ဖူးသည်။
ဤသည်မှာ စီမာဟွေ့နန် ကြားဝင် နှောင့်ယှက်နေခြင်းလော။ သို့သော် ချင်လျန်ချန်း လင်မယားကို ထည့်မတွက်လျှင်ပင် စီမာရှန့်ကိုမူ သူမအနေဖြင့် ထိုသို့ လုပ်စရာ အကြောင်းမရှိချေ။ ထိုသူက သူမ၏ အစ်ကိုအရင်း ဖြစ်သည်မဟုတ်လော။
လူသုံးဦး ပြန်မဖြေကြားမီမှာပင် စီမာဟွေ့နန် ထရပ်လိုက်ပြီး ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
"ကျွန်မနဲ့အတူ ထျန်းလန်တောင်ကို တစ်ခေါက် လိုက်ခဲ့ကြပါ"
လူသုံးဦး ဇဝေဇဝါ ဖြစ်နေကြဆဲ ဖြစ်သော်လည်း သူမနှင့်အတူ လှေပျံပေါ်သို့ တက်လိုက်ကြပြီး ထျန်းလန်နတ်ဘုရားမြို့တော်ဆီသို့ ဦးတည်လိုက်ကြတော့သည်။
လော့ချန်၏ ဂူဗိမာန်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ ပိုင်မေလင်းသည် မှာကြားချက်ကို ရရှိထားသဖြင့် စောစီးစွာကတည်းက ကြိုဆိုရန်အတွက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
"အစ်မမုရုံ.... အားလုံး ရောက်လာကြပြီပဲ"
ဝတ်ရုံဖြူလေးကို ဝတ်ဆင်ထားကာ သာမန်လူနှင့် မခြားနားလှသော ပိုင်မေလင်းကို ကြည့်ရင်း မုရုံချင်းလျန်၏ မျက်နှာပေါ်တွင် နူးညံ့လှသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ နူးညံ့စွာ မေးလိုက်သည်။
"ရှောင်လင်း.... အဆင်ပြေရဲ့လားကွယ်"
ပိုင်မေလင်း ပြုံးလိုက်ရင်း
"အဆင်ပြေပါတယ်ရှင်၊ အစ်မမုရုံ ကြည့်လိုက်ပါဦး.... အခု ညီမ ချီသန့်စင်အဆင့် ၉ ရောက်နေပြီလေ"
မုရုံချင်းလျန် အံ့ဩသွားခဲ့ရသည်။ သူမ နတ်မျက်စိဖြင့် သေသေချာချာ ကြည့်ရှုလိုက်ရာ အမှန်ပင် ချီသန့်စင်အဆင့် (၉) ရှိနေခဲ့သည်။
‘ဝိညာဉ်ကျင့်ကြံသူတွေကလည်း.... ဒီလောက် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ကြတာလား’
မုရုံချင်းလျန် မသိသည်မှာ ပိုင်မေလင်းသည် နတ်ဒေဝါပျားရည်ကို စုပ်ယူပြီး ဖြစ်သောကြောင့်ပင်။ လပေါင်းများစွာ အချိန်ယူပြီးနောက်တွင်မှ နောက်ဆုံးတွင် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုတင်မကသေးဘဲ ထိုအရာကို စုပ်ယူထားခြင်းကြောင့် ယခု ဝိညာဉ်ခန္ဓာကိုယ်အတွင်း၌ ဆန်းကြယ်လှသော ပြောင်းလဲမှုအချို့ အနည်းငယ် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
စီမာဟွေ့နန်သည်လည်း သူတို့နှစ်ဦးစကားဝိုင်းကို ဝင်ရောက်နှောင့်ယှက်ခြင်း မရှိပေ။ ဤသရဲမလေး မည်သူမည်ဝါဖြစ်ကြောင်းကို သူမ သိသည်။ မကွယ်လွန်မီက အဖွဲ့ချုပ်ခေါင်းဆောင်နှင့် အိမ်ရာတစ်ခုတည်းတွင် နေထိုင်ခဲ့သော အိမ်နီးနားချင်း ဖြစ်သည်။ မူလကမူ တာဟဲတစ္ဆေမြို့တော်တွင် ပျောက်ကွယ်ရမည် ဖြစ်သော်လည်း နောက်ဆုံး ကံကောင်းထောက်မစွာ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ရသဖြင့် လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အဖွဲ့ချုပ်ခေါင်းဆောင်၏ ဘေးတွင် ရှိနေတတ်ပြီး ဂူဗိမာန်ကို စီမံပေးသလို အိမ်တွင်းကိစ္စများကိုလည်း ကိုင်တွယ်ပေးလေ့ရှိသည်။ ဤအရာမှာ ကောင်းမွန်သောအရာ ဖြစ်သည်။ မိမိက အဖွဲ့ချုပ်ခေါင်းဆောင်အတွက် လော့ထျန်းအဖွဲ့ကို ကြီးကြပ်နေရသောကြောင့် ထိုအပိုင်းများတွင် မကူညီနိုင်ချေ။ သူမ အိမ်တွင်းကိစ္စများကို စီမံပေးနေမှသာ အဖွဲ့ချုပ်ခေါင်းဆောင်အနေဖြင့် ကျင့်ကြံခြင်းအပေါ်တွင် စိတ်နှစ်ထားနိုင်မည် ဖြစ်သည်။
ဒန်ရှားဂုဏ်ပြုအခမ်းအနား၏ ထိုတစ်ညတာ ပြီးနောက်တွင်မူ စီမာဟွေ့နန်သည် မိမိကိုယ်ကို လော့ချန်၏ ဘေးတွင်ရှိသော အရင်းနှီးဆုံးသူများထဲမှ တစ်ဦးအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ တရားဝင်လက်တွဲဖော် မဟုတ်လျှင်ပင် မိမိ လုပ်ဆောင်နိုင်သော အရာများမှာ လက်တွဲဖော်ထက်ပင် ပိုမို များပြားသည်ဟု သူမ ယုံကြည်ထားသည်။
ထိုနှစ်ဦး စကားပြောဆိုပြီးလုနီးပါး အချိန်တွင်မှ သူမ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"အဖွဲ့ချုပ်ခေါင်းဆောင်က.... တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား"
ပိုင်မေလင်း ခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး.... ရေချိုးနေတာပါ.... တစ်ညလုံး ရှိနေပြီ ဆိုတော့ အစ်မတို့ နည်းနည်းလောက် စောင့်ရဦးမယ် ထင်ပါတယ်"
‘ဟမ်.... ရေချိုးနေတာ’
အားလုံးက နားမလည်စွာဖြင့် ငြိမ်ကျသွားကြသည်။
‘ရေချိုးတာက.... ဒီလောက် ကြာဖို့ လိုလို့လား’
....
နို့နှစ်ရောင်အရည်များ ပြည့်နေသော ရေချိုးကန်ထဲတွင် သန်မာလှသော ခန္ဓာကိုယ်တစ်ခုမှာ စိမ်လျက်သားရှိသည်။ မူလက ကွဲအက်နေသော အရေပြားမှာလည်း ဤနို့နှစ်ရောင်အရည်စိမ်ထားမှုအောက်တွင် တဖြည်းဖြည်းနှင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။ အကယ်၍ ခန်းရှန်းချုံးသာ ဤနေရာတွင် ရှိနေမည် ဆိုပါက သူမ သေချာပေါက် အလွန်အမင်း အံ့ဩသွားရပေလိမ့်မည်။
အကြောင်းအရင်းမှာ ဤရေချိုးရန် အသုံးပြုသော အရည်အတွင်း၌ အနှစ်သာရမွေးမြူရည်တင်မကသေးဘဲ ခန်းမျိုးနွယ်စု၏ ထိပ်တန်းအဆင့် ရွှေကျောက်စိမ်းရည် အမြောက်အမြား ပါရှိနေသောကြောင့် ဖြစ်သည်။ လော့ချန် မည်သည့်နည်းလမ်းကို အသုံးပြုပြီး ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်မှန်း မသိရသော်လည်း ရလဒ်ကမူ ငြင်းဆိုဖွယ်ရာ မရှိပေ။ ထိုအရောအနှောသည် ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်စေသော အစွမ်းထက်သည့် အာနိသင်ကို သယ်ဆောင်ထားသည်။
ဤကဲ့သို့ စိမ်ထားခြင်းမှာ တစ်ညတာလုံး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် လော့ချန် တဖြည်းဖြည်းနှင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ပြန်လည်၍ အသက်ဝင်လာသော ခန္ဓာကိုယ်ကို ခံစားရင်း သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ကံကောင်းလို့ပဲ.... ကံကောင်းလို့သာပဲ"
"ထာဝရနုပျိုစိမ်းလန်းကျမ်းကနေ ထုတ်ယူထားတဲ့ ဖြူစင်လှတဲ့ သစ်ဓာတ် ချီစွမ်းအားကို ကြားခံသုံးပြီး ထိပ်တန်း ရွှေရည်ကျောက်စိမ်းရည်နဲ့ ပြုပြင်ထားတဲ့ အနှစ်သာရမွေးမြူရည်ကို ပေါင်းစပ်လိုက်လို့သာ ဒုတိယအဆင့် ဝိညာဉ်အရည်ရဲ့ အကျိုးသက်ရောက်မှုကို ရရှိခဲ့တာ.... မဟုတ်ရင် ဒီဒဏ်ရာတွေက ငါ့ရဲ့ ကျင့်ကြံခြင်းကို ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိစေမှာ သေချာတယ်"
မကြာသေးခင်က သူ သွေးမိစ္ဆာဆေးလုံးကို သောက်သုံးခဲ့ပြီး နတ်ဘုရားတို့မိစ္ဆာဖြိုခွင်းခြင်းထဲမှ နည်းလမ်းဖြင့် ထိုပြင်းထန်လှသော ဆေးအာနိသင်ကို လမ်းညွှန်ပေးရင်း သွေးကြောများကို သွားရောက် တိုက်ခိုက်စေခဲ့သည်။ အကျိုးသက်ရောက်မှုမှာ အလွန် ထူးကဲလှပေသည်။
သူ ဆန်းကြယ်လှသော သွေးကြောအမြောက်အမြားကို တစ်ရှိန်ထိုး ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် ဤကြီးမားလှသော အကျိုးသက်ရောက်မှုအောက်တွင် နောက်ဆက်တွဲ ပြဿနာကလည်း လုံးဝ ခေါင်းခဲစရာ ဖြစ်စေခဲ့သည်။ သူ နိုးလာသည့် အချိန်တွင် တစ်ကိုယ်လုံး အရေပြားများ ကွဲအက်နေပြီး၊ သွေးကြောများ ပေါက်ထွက်နေခဲ့ကာ၊ ထို့ထက်မက ကျန်ရှိနေသော မိစ္ဆာယင်ချီများက သူ၏ ကိုယ်တွင်းအင်္ဂါငါးပါးကို တိုက်ခိုက်ရန် ကြိုးပမ်းနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်း လက်ဝါးအတတ်ကို လေ့ကျင့်နေခဲ့သဖြင့် ကလီစာများကို ထိခိုက်ခြင်း မရှိခဲ့ချေ။ သို့တိုင်အောင် ဤဒဏ်ရာများမှာ အလွန် ဆိုးရွားလှသည်။ မည်သို့ပင်ဆိုစေ သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာလှပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်တွင် ရှိနေသောသူ ဖြစ်သည်။ ဝရဇိန်ခန္ဓာ၊ ကျောက်စိမ်းဖြူခန္ဓာ၊ သွေးအရိုးသန့်စင်အဆင့် စသည့် အဆင့်အမြောက်အမြားကို ပြီးမြောက်ထားခဲ့ပြီး ဖြစ်သည်။
ပိုမို သန်မာလှသော ခန္ဓာကိုယ် ဖြစ်လေလေ ပျက်စီးရန် ပိုမို ခက်ခဲလေလေ ဖြစ်ပြီး၊ သဘာဝကျစွာပင် ပြန်လည် ကောင်းမွန်ရန်လည်း ပိုမို ခက်ခဲလှသည်။ အထွတ်အထိပ်အဆင့်ရှိသော ကုသခြင်းမှော်အတတ်ကပင် အနည်းငယ်မျှသော အကျိုးသက်ရောက်မှုကိုသာ ပေးစွမ်းနိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ နည်းလမ်းအသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒုတိယအဆင့် ဝိညာဉ်ဆေးဝါးနှင့် နှိုင်းယှဉ်နိုင်သော ဆေးအရည်တစ်ခုကို ပေါင်းစပ်နိုင်ခဲ့ကာ ဆေးစိမ်ခြင်း ပုံစံဖြင့် ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည် ကောင်းမွန်စေခဲ့သည်။ အကြံဉာဏ်သည် မီးပေါင်းစပ်ခြင်းမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ လော့ချန် ၎င်းကို အသုံးချပြီး နက်နဲလှသော ဆေးဖော် အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ နောက်ဆုံးတွင် ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီသွေးမိစ္ဆာဆေးလုံးက.... မိစ္ဆာလမ်းစဉ်ရဲ့ ဆေးလုံး ဖြစ်ရုံတင်မကဘူး.... ဆေးအာနိသင်ရဲ့ ပြင်းထန်မှုက ကမ္ဘာပေါ်မှာ ရှားပါးလှတယ်.... ခန္ဓာကိုယ်အပေါ် လိုအပ်ချက်ကလည်း သိပ် မြင့်မားတယ်.... အစ်ကိုဝမ်ရဲ့ အကြံပြုချက်ကြောင့် ငါ တကယ့်ကို ဒုက္ခရောက်တော့မလိုပဲ"
လော့ချန် ခေါင်းခါလိုက်သည်။ ပါးစပ်ကသာ တဗျစ်တောက်တောက် ပြောနေသော်လည်း သူ ဝမ်ယွမ်အပေါ်တွင်မူ အပြစ်တင်စိတ် စိုးစဉ်းမျှ မရှိချေ။ ယခုတစ်ကြိမ်တွင် သူ လုံးဝ အလျင်စလို လုပ်ဆောင်မိခဲ့ခြင်း ဖြစ်သည်။ ဝမ်ယွမ်၏ ခန္ဓာကိုယ် သန်မာမှုမှာ အဆင့်ကျော် ပြင်းထန်လှသော ခွန်အားများကိုပင် ထုတ်ဖော်နိုင်သဖြင့် လော့ချန် နှိုင်းယှဉ်နိုင်ခြင်း မရှိသေးချေ။ ထိုသူ၏ အတွေ့အကြုံမှာ လော့ချန်အတွက် အသုံးမဝင်ချေ။
"ကြည့်ရတာ သွေးမိစ္ဆာဆေးလုံးကို အသုံးပြုပြီး သွေးကြောဖွင့်ကို.... ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမယ်၊ တစ်ရှိန်ထိုး လုပ်ဆောင်လို့ မရဘူး"
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရေကန်ငယ်လေးထဲမှ ထရပ်လိုက်သည်။ သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြုပြီး ကျန်ရှိနေသော ဆေးရနံ့နှင့် သွေးရနံ့များကို ဖယ်ရှားလိုက်ကာ ရိုးရှင်းစွာဖြင့် ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ သူ ဟွေ့နန်တို့ ရောက်ရှိလာသည်ကို ခံစားမိပြီး ဖြစ်သည်။
အခန်းထဲမှ ထွက်လာသည့် အချိန်တွင်မူ "အဖွဲ့ချုပ်ခေါင်းဆောင်" ဟူသည့် နှုတ်ဆက်သံအချို့ ထွက်ပေါ်လာခဲ့သည်။
သူတို့အား ကြည့်ရင်း လော့ချန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ"
ချင်လျန်ချန်း လူသုံးဦးသည် သဘာဝကျစွာပင် သူ့နောက်သို့ လိုက်ပါသွားခဲ့ပြီး လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်လိုက်ကြတော့သည်။
စီမာဟွေ့နန်နှင့် ပိုင်မေလင်းတို့ နှစ်ဦးတည်းသာ ဧည့်ခန်းအတွင်း၌ ကျန်ရစ်ခဲ့ကြသည်။
....
လျှို့ဝှက်အခန်းအတွင်း....။
လူသုံးဦး၏ ကြည့်ရှုမှုအောက်၌ လော့ချန် အစိမ်းရောင် ဗူးသီးခြောက် သုံးဘူးကို ထုတ်ယူလိုက်သည်။ သူ အချိန်ဆွဲမနေဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ သုံးယောက်ထဲမှာ.... စီမာရှန့်နဲ့ ဦးလေးချင်တို့က အသက်ခြောက်ဆယ်ကို ကျော်လွန်နေကြပြီ.... ပြီးတော့ ဒေါ်လေးကလည်း အခြေတည်အဆင့် တစ်ကြိမ် ကျရှုံးခဲ့ဖူးတယ်.... တကယ်လို့ ခင်ဗျားတို့ကို ဆေးအာနိသင် ပြင်းထန်လှတဲ့ အခြေတည်ဆေးလုံးကို ပေးမယ် ဆိုရင် အောင်မြင်ရင်တော့ အဆင်ပြေပေမဲ့၊ တစ်ခါ ကျရှုံးသွားခဲ့ရင် ပေးဆပ်ရမယ့် တန်ဖိုးက သိပ် ကြီးမားလိမ့်မယ်"
မုရုံချင်းလျန် ထိုအချက်ကို အလွန် နားလည်သည်။ ထိုစဉ်က အခြေတည်အဆင့်တက်ရန်ကျရှုံးမှုမှာ သူမ၏ အသက်ထက်ဝက်ခန့်ကို နှုတ်ယူသွားလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ လော့ချန်သာ အချိန်မီ ကူညီပေးခြင်း မရှိဘဲ ကုသခြင်းမှော်အတတ်များကို ဆက်တိုက် အသုံးမပြုခဲ့ပါက၊ သူမ၏ ကျင့်ကြံခြင်းအုတ်မြစ်တစ်ခုလုံး ပျက်စီးသွားခဲ့ရပေလိမ့်မည်။ နောက်ထပ် တစ်နှစ်တာ ကာလအတွင်း၌ ခင်ပွန်းဖြစ်သူ ချင်လျန်ချန်း၏ အသေးစိတ် ဂရုစိုက်မှုအောက်တွင်မှ သူမ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမကို နောက်ထပ် တစ်ကြိမ် အခြေတည်ဆေးလုံးကို အသုံးပြုပြီး စမ်းသပ်ခိုင်းမည် ဆိုပါက အောင်မြင်လျှင် အဆင်ပြေသည်။ သို့သော် ကျရှုံးသွားခဲ့မည် ဆိုပါက လော့ချန်အနေဖြင့်ပင် သူမကို သေမင်း၏ လက်ထဲမှ ပြန်လည် ကယ်တင်နိုင်ရန် ခက်ခဲလှပေလိမ့်မည်။
အရှေ့ရှိ အစိမ်းရောင် ဗူးသီးခြောက် သုံးဘူးကို ညွှန်ပြရင်း လော့ချန် ပွင့်လင်းစွာ ပြောဆိုလိုက်သည်။
"ဒါက အခြေတည် ဝိညာဉ်ဆေးရည်တွေပါ.... ဆေးအာနိသင်က အခြေတည်ဆေးလုံးထက် နည်းနည်း နိမ့်ပေမဲ့ အခြေတည်အောင်မြင်မှုနှုန်းကို တိုးမြင့်စေတဲ့ အကျိုးသက်ရောက်မှုလည်း ရှိတယ်.... အဓိက အချက်ကတော့ ဆေးအာနိသင်က အင်မတန် နူးညံ့တယ်.... အခြေတည်အဆင့်တက်လှမ်းတာ မအောင်မြင်ခဲ့ရင်တောင်မှ အသက်အန္တရာယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာ မဟုတ်ဘူး"
ဤစကား ထွက်ပေါ်လာသည်နှင့်အမျှ လူသုံးဦးစလုံး တစ်ပြိုင်နက်တည်း အံ့ဩသွားခဲ့ရသည်။ လောကတွင် ဤမျှလောက် ဆန်းကြယ်လှသော ဆေးဝါးမျိုး ရှိနေသေးသည်လော။ အံ့ဩပြီးနောက်တွင်မူ ထိန်းချုပ်မရနိုင်သော တောင့်တမှုများ ထွက်ပေါ်လာခဲ့သည်။ အခြေတည် စိတ်ဆန္ဒ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သော ချင်လျန်ချန်းပင်လျှင် ယခုအချိန်တွင် စိတ်လှုပ်ရှားလာခဲ့ရသည်။ ကျရှုံးခဲ့လျှင်ပင် အသက်ကို ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်ပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်သည်။ အကယ်၍ ကံကောင်းထောက်မစွာဖြင့် အောင်မြင်ခဲ့မည် ဆိုပါက အလွန် ကောင်းမွန်လှပေလိမ့်မည်။
သူတို့ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ရင်း လော့ချန် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီလို ရတနာမျိုးက.... သေချာပေါက် ဂိုဏ်းကြီးတွေကို ဆွဲဆောင်မိလိမ့်မယ်.... တစ်ခါ ပေါက်ကြားသွားခဲ့ရင် လော့ထျန်းအဖွဲ့တင်မဟုတ်ဘူး ကျွန်တော်ပါ ဘေးဒုက္ခကြုံရလိမ့်မယ်"
သူတို့ စကားကို မစောင့်ဆိုင်းတော့ဘဲ လော့ချန် လေးနက်စွာ ပြောလိုက်သည်။
"ဒါကြောင့်.... ကျွန်တော် ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ နည်းလမ်းတချို့ကို သုံးဖို့ လိုအပ်တယ်.... ဒီဆေး တည်ရှိမှုကို အပြင် မပေါက်ကြားစေဖို့ပါ.... ဒါ ခင်ဗျားတို့ရဲ့ သစ္စာရှိမှုကို မယုံကြည်တာ မဟုတ်ပါဘူး.... ဒါပေမဲ့ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတချို့က ကျွန်တော်တို့ စိတ်ကူးလို့ရတဲ့ အရာ မဟုတ်ဘူး.... နှိပ်စက်ပြီး စစ်ဆေးတာက အခြေခံပဲ ရှိသေးတယ်၊ တကယ်လို့ စိတ်ညှို့နည်း၊ စိတ်ယောင်မှားနည်း၊ ဝိညာဉ်ရှာဖွေနည်းမျိုး ရှိနေမယ် ဆိုရင် ခင်ဗျားတို့ ဘယ်လောက်ပဲ ကြံ့ကြံ့ခံနိုင်ပါစေ အမှန်ကို ပြောပြမိသွားလိမ့်မယ်....”
“ဒီလို ဆိုရင်ရော ခင်ဗျားတို့ ဒီအခြေတည်ဝိညာဉ်ဆေးရည်ကို လိုချင်ကြသေးရဲ့လား"
စည်းကမ်းချက်များကို ပြောပြီးနောက်တွင်မူ သူ ထပ်မံ၍ စကားမဆိုတော့ချေ။ လျှို့ဝှက်ခန်းအတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်ခြင်းက လွှမ်းခြုံသွားသည်။ သူတို့ တစ်ဦးချင်းစီ၏ အမူအရာများကို လော့ချန် စောင့်ကြည့်နေခဲ့သည်။
ပထမဆုံး စကားပြောလိုက်သူမှာ စီမာရှန့် ဖြစ်သည်။
"ကျွန်တော် လိုချင်ပါတယ်"
သူ၏ လေသံမှာ ပြတ်သားနေပြီး လော့ချန် သူ့အပေါ် မည်သည့်နည်းကိုပင် အသုံးပြုစေကာမူ စိတ်ထဲမထားကြောင်း ပြသနေသည်။
ချင်လျန်ချန်းသည် မုရုံချင်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်
"တကယ်လို့ ဒီအခြေတည်ဝိညာဉ်ဆေးရည်ကို စွန့်လွှတ်မယ် ဆိုရင်ရော…."
လော့ချန်က တည်ငြိမ်စွာဖြင့်
"ကျွန်တော် အတတ်ပညာတစ်ခုနဲ့ မှတ်ဉာဏ်ဖျောက်ဆေးလုံးကို သုံးပြီး ဒီနေ့နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်မှာပါ.... အဲဒါက ဦးလေးတို့ကို ထိခိုက်စေမှာ မဟုတ်ပါဘူး"
ထိုအာမခံချက်ကြောင့် ချင်လျန်ချန်း လုံးဝ စိတ်အေးသွားခဲ့ရသည်။ သူ နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ မုရုံချင်းလျန်၏ လက်ကို ဆွဲကိုင်လိုက်ရင်း ဆိုသည်။
"ဦးလေးတို့လည်း ယူမယ်"
လော့ချန် ပြုံးလိုက်သည်။ ချက်ချင်းပင် ကျောက်စိမ်းပြား သုံးခု သူ၏ သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။
"အရင် သစ္စာဆိုကြတာပေါ့"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ