အခန်း ၄၅၈
Vol. 46 Ch. 458
အခန်း (၄၅၈) - မိတ်ဆွေလော့.... အဆင့်မြင့် ဆေးလုံးတွေအကြောင်း မေးချင်တာ မဟုတ်လား
ယီ - ၁၇ ဂူဗိမာန်အတွင်း၌ ဖြစ်သည်။
"မင်းရဲ့ လစာက မနည်းပါဘူး.... အဆင့်နိမ့် ဂူဗိမာန်ထဲမှာပဲ အောက်ကျို့ပြီး နေဖို့ မလိုပါဘူး.... ကျင့်ကြံခြင်း အရင်းအမြစ် ပိုင်းမှာလည်း ငါ ပေးထားတဲ့ ကျောက်စိမ်းနှင်းစက်ဆေးလုံး ရှိသလို မှော်လက်နက်နဲ့ မှော်ရတနာတွေ အတွက်လည်း စိုးရိမ်စရာ မလိုဘူး.... ငါအကြံပေးချင်တာကတော့ မင်း အချိန်ရရင် ရှီပေါ်ရင်းကို သွားရှာပြီး အဆင့်လတ် ဂူဗိမာန်တစ်ခု ငှားလိုက်ပါ"
လော့ချန်နှင့် စီမာဟွေ့နန်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြရင်း ချီစွမ်းအားများ ပြည့်နှက်နေသော နံနက်စာကို စားရင်း စကားပြောဆိုနေကြသည်။ လော့ချန်၏ အကြံပြုချက်ကို ကြားရသည့် အခါတွင်မူ စီမာဟွေ့နန် ညင်သာစွာ ပြုံးလိုက်သည်။
"ကျွန်မ.... စဉ်းစားကြည့်ပါဦးမယ်"
"မစဉ်းစားပါနဲ့တော့.... အမြန်ဆုံးပဲ လုပ်လိုက်ပါ"
သူမ၏ ဤကဲ့သို့သော ကျင့်ကြံခြင်းအပေါ် သိပ်စိတ်မပါလှသော ပုံစံကို ကြည့်ရင်း လော့ချန် အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်တိုသွားမိသည်။
"ဒီနှစ်ရက်အတွင်းမှာပဲ.... အဲ့ကိစ္စကို အပြီးသတ်လိုက်ပါ၊ ငါ့ရဲ့ ဂူဗိမာန်အောက် ပေတစ်ရာအကွာမှာ နေရာလွတ်တစ်ခု ရှိသေးတယ်.... မင်း အဲဒီနေရာမှာ ငှားလို့ရတာပဲ"
"ကောင်းပါပြီ၊ ကောင်းပါပြီ.... ရှင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
စီမာဟွေ့နန် မတတ်သာသည့်ဟန်ဖြင့် ပြောဆိုလိုက်ရတော့သည်။
"ကျွန်မ စားပြီးပြီမို့.... ဒန်ရှားတောင်ကို အရင်သွားတော့မယ်နော်.... ဒီနေ့ အလုပ်အရမ်းများလို့ အချိန်ဆွဲလို့ မရဘူး"
လော့ချန်လည်း ထမင်းဟင်းများကို အလျင်အမြန် စားသုံးလိုက်ပြီးနောက် သူမကို တံခါးအပြင်အထိ လိုက်လံ ပို့ဆောင်လိုက်သည်။ လှပပြီး နူးညံ့လှသော ထိုပုံရိပ်လေး တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်ကို ကြည့်ရင်း လော့ချန် ရွှီရန်သစ်ပင်အောက်တွင် ရပ်ကာ နှုတ်ခမ်းကို သပ်လိုက်မိသည်။ မိမိ၏ လက်ရှိပုံစံမှာ အိမ်ထောင်ရှင်မတစ်ယောက်က လင်ယောက်ျား အလုပ်သွားသည်ကို လိုက်လံ ပို့ဆောင်ပေးနေသည့် ပုံစံနှင့် ဆင်တူလှပေသည်။
လော့ချန် ရယ်မောလိုက်ရင်း ချက်ချင်းပင် ရွှီရန်သစ်ပင်အောက်၌ ထိုင်ချလိုက်သည်။ ထို့နောက်တွင်မူ ဆေးကျမ်းတစ်အုပ် ထုတ်ယူလိုက်ပြီး အသေအချာ ဖတ်ရှုတော့သည်။
ဤဆေးကျမ်းမှာ ယခင်က ကျမ်းစာအုပ်များနှင့် မတူချေ။ ၎င်းမှာ သူ တန်ယွမ်ဇီ၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့သောအရာ ဖြစ်သည်။ မကြာသေးခင်ကမှ တန်ယွမ်ဇီ ချန်ထားခဲ့သော သိုလှောင်အိတ်ကို သူ ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရရှိမှုမှာ အလွန် များပြားလှပေသည်။ ဝိညာဉ်ကျောက်တုံးသက်သက်ပင် တစ်သိန်းခွဲခန့်အထိ ရှိနေခဲ့သည်။ အခြားသော ဆေးဖော်ကျမ်းများနှင့် ပစ္စည်းများမှာလည်း တန်ဖိုး ကြီးမားလှသည်။ ထို့တင်မက ၎င်းအတွင်း၌ ပထမအဆင့် ဆေးနည်းအချို့ ပါရှိနေခဲ့သလို သွေးအားဖြည့်ဆေး ဟုခေါ်သည့် ဒုတိယအဆင့် ဆေးနည်းတစ်ခုပင် ပါရှိနေသေးသည်။
တစ်ဖက်လူမှာ ဤသွေးအားဖြည့်ဆေးလုံးကို ကျွမ်းကျင်စွာ ဖော်စပ်နိုင်ခြင်းကြောင့်သာ ဒုတိယအဆင့် ဆေးဖော်ဆရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤဆေးနည်းနှင့် ပတ်သက်ပြီး လော့ချန် အကြမ်းဖျင်း လေ့လာဖူးသည်။ ဤအရာမှာ ကျင့်ကြံသူများ၏ သွေးနှင့် ချီစွမ်းအားကို တိုးမြင့်စေနိုင်သော ကျင့်ကြံခြင်းဆိုင်ရာ ဆေးလုံးတစ်မျိုး ဖြစ်သည်။
နှမြောစရာ ကောင်းသည်မှာ ချီစွမ်းအားကို တိုးမြင့်စေခြင်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှေကျောက်စိမ်းရည်ကဲ့သို့ပင် ခန္ဓာကိုယ်ကျင့်ကြံခြင်းဘက်သို့ ယိုင်နေသော ဆေးလုံးတစ်မျိုး ဖြစ်သည်။ အကယ်၍ သန့်စင်နိုင်မည် ဆိုပါက ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ကြီးမားလှသော အကျိုးကျေးဇူး ရှိပေလိမ့်မည်။
သို့သော် ၎င်းအတွင်းရှိ အဓိကပစ္စည်းများကမူ လော့ချန်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ ကျင့်ကြံသူများ၏ အနှစ်သာရသွေး၊ သားရဲများ၏ သွေးနှင့် ဝိညာဉ်သစ်ပင်တစ်မျိုး၏ သစ်စေး တို့ဖြစ်သည်။ ဤအဓိကပစ္စည်း သုံးမျိုးမှာ သွေးမိစ္ဆာဆေးလုံး၏ အဓိကပစ္စည်းများနှင့် အလွန် ဆင်တူလှပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သွေးအားဖြည့်ဆေးလုံးနှင့် သွေးမိစ္ဆာဆေးလုံးတို့မှာ မိစ္ဆာလမ်းစဉ်၏ ဆေးလုံးများအုပ်စုအတွင်း၌ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
"ဒါကြောင့်ပဲ.... တန်ယွမ်ဇီက သွေးအားဖြည့်ဆေးလုံးကို အတော်ကြာမှ တစ်ခါ ဖော်စပ်တာကိုး.... သွေးနဲ့ ချီစွမ်းအားကို တိုးမြင့်စေတာက ကျင့်ကြံသူတွေအတွက် သိပ်အသုံးမဝင်ဘူး.... ပြီးတော့ အဓိကပစ္စည်းတွေကို ရဖို့ကလည်း အန္တရာယ်တွေရှိနေသေးတယ်.... ဒါပေမဲ့ အစ်ကိုဝမ် ငါ့ကိုပေးထားတဲ့ ကျင့်ကြံသူတွေရဲ့ အနှစ်သာရသွေးက အရေအတွက် အတော်များတယ်.... သွေးမိစ္ဆာဆေးလုံးကို ဖော်စပ်ပြီးလို့ ကျန်ဦးမယ်ဆိုရင် ဒီဆေးနည်းကို ငါ စမ်းကြည့်လို့ရတယ်"
လော့ချန် နူးညံ့စွာ ပြုံးလိုက်ရင်း နောက်ထပ် စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။ ထိုအပေါ်ရှိ ဆန်းကြယ်လှသော စာလုံးများကို မြင်တွေ့ရသည့် အခါတွင်မူ သူ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့ရသည်။
"ဒါကြောင့်ပဲ.... ဖေယွမ်လက်ကွက်မှာ ဒီလို ဆန်းကြယ်တဲ့ အသုံးဝင်မှုမျိုး ရှိနေခဲ့တာကိုး...."
မကြာမီမှာပင် လော့ချန်သည် စာအုပ်အတွင်းရှိ အကြောင်းအရာများထဲ၌ စိတ်နှစ်သွားခဲ့ရတော့သည်။ ထိုအခိုက် ကြည်လင်လှသော ခြေသံများ ထွက်ပေါ်လာရာ သူ စာအုပ်ထဲမှ အာရုံကို မလိုလားစွာဖြင့် ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
ခြေသံပိုင်ရှင်ကို သူ မော့ကြည့်လိုက်မိသည်။ ချက်ချင်းပင် လော့ချန်၏ မျက်နှာပေါ်တွင် အလွန်အမင်း တောက်ပလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျွန်တော့် မိတ်ဆွေကြီးထောင်.... ခင်ဗျား နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ"
လာရောက်သူမှာ အခြားသူ မဟုတ်ချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ထောင်ရိရှန်း ပင် ဖြစ်သည်။
ရွှီရန်သစ်ပင်အောက်၌ ထောင်ရိရှန်း ဝင်ထိုင်လိုက်ပြီး လော့ချန် ငှဲ့ပေးထားသော ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ သောက်သုံးလိုက်ရာ သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ချလိုက်မိသည်။
"နောက်ဆုံးတော့.... ယွမ်ကျောက်တိုင်းပြည်ရဲ့ ဆယ်နှစ်တာ အစောင့်တာဝန် ပြီးဆုံးသွားခဲ့ပြီ၊ ကျုပ်လည်း လောလောဆယ် ကျင့်ကြံတဲ့အပေါ်မှာပဲ စိတ်နှစ်ထားနိုင်တော့မယ်"
လော့ချန် သူ့ကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။
"မိတ်ဆွေထောင်တို့ ဂိုဏ်းသားတွေရဲ့ တာဝန်တွေက.... အဲ့လောက်တောင် များတာလား"
ထောင်ရိရှန်း ခေါင်းညိတ်လိုက်ပြီး ဒုက္ခများကို ရင်ဖွင့်သည့်အလား လော့ချန်အား ဂိုဏ်းတွင်း တာဝန်များနှင့် ပတ်သက်၍ အလုံးစုံ ပြောပြတော့သည်။ ချီသန့်စင်အဆင့် တပည့်များမှာ အကယ်၍ အခြေတည်အဆင့်သို့ မတက်လှမ်းနိုင်ပါက အပြင်စည်းဂိုဏ်းသို့ နှင်ထုတ်ခြင်း ခံရမည် ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ရေတွက်မရနိုင်သော အလုပ်ကြမ်းများကို လုပ်ဆောင်ရလေ့ရှိသည်။ အခြေတည်အဆင့်ဖြစ်လျှင်ပင် စိုးရိမ်စရာ မရှိဘဲ နေနိုင်သည်တော့ မဟုတ်ချေ။ သုံးနှစ်လျှင် တစ်ကြိမ် တာဝန်အသေးစားတစ်ခု၊ ဆယ်နှစ်လျှင် တစ်ကြိမ် တာဝန်ကြီးတစ်ခု ရှိတတ်သည်။ တာဝန်များမှာ အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ရှိသည်။ အတွင်းပိုင်းတွင်မူ များသောအားဖြင့် ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးခြင်း၊ ဝိညာဉ်သားရဲများကို မွေးမြူခြင်း၊ ဂိုဏ်းတွင်း အကြီးအကဲများ၏ ဆေးဖော်စပ်ခြင်းကို ကူညီပေးခြင်း စသည်တို့ ဖြစ်ကြသည်။ အပြင်ပိုင်း တာဝန်များမှာမူ ပိုမို၍ ခေါင်းခဲစရာ ကောင်းလှသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ရွှေအမြုတေ ဂိုဏ်းကြီးတစ်ခု ဖြစ်သဖြင့် အပြင် စီးပွားရေးလုပ်ငန်းများ အလွန် များပြားလှသည်။ သတ္တုတွင်းများ၊ ဝိညာဉ်ဆေးဥယျာဉ်များ၊ ဂိုဏ်းပိုင်ဆိုင်ကြီးများ၊ ကင်းတပ်စခန်းများ စသဖြင့် စုံလင်လှသည်။ ရှုပ်ထွေးလှသောအရာများ ဖြစ်ကြပြီး အပြင်တာဝန်များမှာ အမြဲတစေ ကြာမြင့်လှသလို ခက်ခဲလှပေသည်။
"ကျုပ် ကျင့်ကြံအဆင့် တည်ငြိမ်အောင် လုပ်ပြီးတဲ့နောက်.... အတွင်းပိုင်းမှာတင် သက်တောင့်သက်သာရှိတဲ့ တာဝန်အသေးစားတစ်ခုကို ရွေးပြီး ဆေးဖော်ပညာကို လေ့လာချင်ခဲ့တာ.... ကျုပ်အစ်မက ဘာထဖောက်တာလည်းတော့ မသိဘူး.... သူက ကျုပ်ကို ယွမ်ကျောက်က အစောင့်တာဝန်ကို လက်ခံဖို့ အတင်းအကျပ် တိုက်တွန်းခဲ့တယ်.... ဒီလိုနဲ့ ထွက်သွားလိုက်ရတာ ဆယ်နှစ်တောင် ကြာသွားခဲ့တယ်.... ဆယ်နှစ်အပြည့်ပါပဲဗျာ.... ကျုပ်ရဲ့ ကျင့်ကြံနှုန်းကိုတောင် အများကြီး နှေးကွေးသွားစေခဲ့တယ်"
ထောင်ရိရှန်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရာ ကြည့်ရသည်မှာ ထိုအစောင့် တာဝန်ကို အလွန် မုန်းတီးနေခဲ့ပုံရသည်။ လော့ချန်လည်း ငြိမ်သက်စွာဖြင့် သူ၏ ရင်ဖွင့်မှုများကို နားထောင်ပေးနေခဲ့သည်။ သူသည် စိတ်ရှည်သည်းခံတတ်သော ရင်ဖွင့်ဖော်တစ်ဦး၏ အခန်းကဏ္ဍကို ပြီးပြည့်စုံစွာ သရုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ သူ ဤမျှလောက် စိတ်ရှည်နေရခြင်းမှာ မဆန်းချေ။ သူ ထောင်ရိရှန်းထံမှ တစ်စုံတစ်ရာကို လိုအပ်နေသောကြောင့် ဖြစ်သည်။ အတိအကျဆိုရလျှင် ဒုတိယအဆင့် အဆင့်မြင့်ဆေးလုံး ရရှိရေးအတွက် သော့ချက်ကို ထိုသူက ကိုင်ဆောင်ထားခြင်း ဖြစ်သည်။
စီမာဟွေ့နန်၏ အခြေတည် ဂုဏ်ပြုအခမ်းအနားတွင် လူအမြောက်အမြား ရှိနေခဲ့သလို ဧည့်ခံရမည့် ကိစ္စများလည်း များပြားလှသဖြင့် လော့ချန် ထောင်ရိရှန်းနှင့် သေသေချာချာ စကားမပြောနိုင်ခဲ့ချေ။ ထို့နောက်တွင်မူ ထောင်ရိရှန်းသည် သူ၏ တာဝန်ကို ပြီးစီးရန် ယွမ်ကျောက်သို့ ပြန်သွားခဲ့သဖြင့် အရာအားလုံး လအနည်းငယ်ခန့် ကြာမြင့်သွားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ကံကောင်းထောက်မစွာဖြင့် သူ၏ တာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ယနေ့ ချိန်းဆိုနိုင်ခဲ့ရာ လော့ချန် မည်သည့်နည်းနှင့်မျှ ဤအခွင့်အရေးကို လက်လွှတ်မည် မဟုတ်ချေ။
ထောင်ရိရှန်းသည်လည်း ဤနားထောင်သူကို အလွန် သဘောကျပုံရပြီး ဂိုဏ်းတွင်း အကြောင်းအရာများကို စကားဝိုင်းအဖြစ် သတ်မှတ်ကာ အလွန်အမင်း ပျော်ရွှင်စွာ ပြောဆိုနေခဲ့သည်။ ဂိုဏ်းတွင်းက စီစဉ်ပေးသော ရှုပ်ထွေးလှသော တာဝန်များနှင့် ပတ်သက်ပြီး မတရားမှုကို အော်ဟစ်နေခဲ့သော်လည်း သူ၏ စကားလုံးများအတွင်း၌မူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ တပည့်တစ်ဦး ဖြစ်ရခြင်းအပေါ်တွင် အလွန်အမင်း ဂုဏ်ယူနေခဲ့သည်။
လော့ချန်သည်လည်း သူ၏ စကားများမှတစ်ဆင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းသည် ကျောက်စိမ်းအိုးနယ်မြေ အတွင်း၌ မည်မျှ အင်အားကြီးမားကြောင်းကို သိရှိခဲ့ရသည်။ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူ မရှိလျှင်ပင် ဂိုဏ်းအတွင်းရှိ ရွှေအမြုတေကျင့်ကြံသူ အရေအတွက်နှင့် အခြေတည်ကျင့်ကြံသူ အရေအတွက်မှာ ကျောက်စိမ်းအိုးနယ်မြေရှိ အခြားသော ဂိုဏ်းကြီးငါးဂိုဏ်းထက် များစွာ ကျော်လွန်နေခဲ့သည်။
အမှန်စင်စစ် ရေခဲခံတပ်ကိုလည်း အင်အားကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ရွှေအမြုတေ ကျင့်ကြံသူ ကိုးဦးအထိ ရှိနေခဲ့သည်။ သို့သော် ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့်မူ ယှဉ်မရချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင်မူ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၁၅ ဦးအထိ ရှိနေခဲ့သောကြောင့် ဖြစ်သည် ရွှေအမြုတေနှောင်းပိုင်းအဆင့်ရှိသော ကျင့်ကြံသူကြီးများမှာမူ သုံးဦးအထိပင် ရှိနေခဲ့သည်။ ဤမျှလောက် လူအင်အားကို အသစ်တက်လှမ်းလာခဲ့သော တိမ်ပြိုဂိုဏ်းပင် နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။ ယေဘုယျအင်အားအရ ကျောက်စိမ်းအိုးဓားဂိုဏ်းထက် လူအနည်းငယ်ခန့် နည်းပါးရုံမျှသာ ရှိတော့သည်။ ဆေးဖော် ဂိုဏ်းကြီးဟူသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။ ဥပမာအားဖြင့် ရွှေအမြုတေကျင့်ကြံသူ ငါးဦးသာရှိသော အိုင်လောင်တောင်၊ ရွှေအမြုတေ သုံးဦးသာရှိသော ဘုရင်မပန်းဂိုဏ်းတို့မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် လုံးဝ နှိုင်းယှဉ်နိုင်ခြင်း မရှိကြချေ။
ထိုမျှမကသေး ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေတည် ကျင့်ကြံသူ အရေအတွက်မှာလည်း လူကို ကြောင်အသွားစေလောက်သည်။ သူတို့၏ အရေအတွက်မှာ ထောင်ဂဏန်းအထိပင် ရှိနေခဲ့သည်။ ဤအရေအတွက်မှာ တစ်ချိန်က ကျောက်စိမ်းအိုးဓားဂိုဏ်းကိုပင် ကျော်လွန်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ မကြာသေးခင် နှစ်များအတွင်းမှသာ ကျောက်စိမ်းအိုးဓားဂိုဏ်းက ကျောက်စိမ်းအိုးနယ်မြေမှ အရင်းအမြစ်များကို အားကိုးပြီး ဆေးလုံးစိမ်းချိုင့်ဝှမ်းကို ကျော်လွန်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤသို့ ဖြစ်လျှင်ပင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေတည်နှင့် ရွှေအမြုတေ ကျင့်ကြံသူ အရေအတွက်မှာ ကျောက်စိမ်းအိုးနယ်မြေအတွင်း၌ ထိပ်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အင်အားကို သိရှိပြီးနောက် လော့ချန်သည် ထောင်ရိရှန်း အဘယ်ကြောင့် ဤမျှ ဂုဏ်ယူနေသည်ကို နားလည်သွားတော့သည်။ ထို့အပြင် အဘယ်ကြောင့် ထောင်ဝမ်၌ မွေးရာပါ မောက်မာသောဟန်ပန်မျိုး ရှိနေကြောင်းကိုလည်း နားလည်ခဲ့ရသည်။ သူမသည် ဂိုဏ်းကြီးမှ ဆင်းသက်လာသည့် အထက်တန်းလွှာတစ်ဦး မဟုတ်လော။
ဤကဲ့သို့သော ဂုဏ်ယူမာနထောင်လွှားမှုအပေါ်တွင် လော့ချန် အနည်းငယ်မျှပင် မုန်းတီးခြင်း မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ပို၍ ပျော်ရွှင်နေခဲ့သည်။ ဂိုဏ်းကြီး ဖြစ်လေလေ သူ ပိုမို သဘောကျလေလေ ဖြစ်သည်။ အကြောင်းအရင်းမှာ ဤသို့ ဖြစ်မှသာ သူ တစ်ဖက်လူထံမှ လိုချင်သည်ကို ညှစ်ထုတ်နိုင်မည့် အခွင့်အရေး ရှိနေမည် ဖြစ်သောကြောင့်ပင်။
ကြည့်ရသည်မှာ လမ်းစဉ်တူသူတစ်ဦးနှင့် ဤမျှလောက် စကားမပြောဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပုံရသည်။ ထောင်ရိရှန်းသည် ကိစ္စအမြောက်အမြားကို တရစပ် ပြောဆိုခဲ့ပြီး အချိန်အတော်ကြာမှသာ ရပ်တန့်လိုက်တော့သည်။ သူ လက်ဖက်ရည်ခွက်ကို မလိုက်ရင်း ရှက်ကိုးရှက်ကန်းဖြင့်
“ဒီလောက်အများကြီး ပြောမိသွားတာ.... အားနာပါတယ် မိတ်ဆွေလော့”
လော့ချန် ပြုံးလိုက်ရင်း ခေါင်းခါပြလိုက်သည်။
"မိတ်ဆွေထောင်တို့ဂိုဏ်းက.... တကယ့်ကို ဆေးဖော် ဂိုဏ်းကြီးပဲဗျာ.... ဒီလောက် ကျင့်ကြံခြင်းအဆင့် နက်နဲလှတဲ့သူတွေ ရှိနေတာကို ကြည့်ရင်.... ပုံမှန် ကျင့်ကြံ ဆေးလုံးတွေကလည်း ကန့်သတ်ချက်မရှိဘဲ ထောက်ပံ့ပေးနေမှာပေါ့နော်"
သို့သော် မမျှော်လင့်ဘဲ ထောင်ရိရှန်းက နှုတ်ခမ်းကို သပ်လိုက်သည်။
"ဆေးလုံးထောက်ပံ့တာကတော့ မနည်းပါဘူး.... ဒါပေမဲ့ ကန့်သတ်ချက်မရှိဘူး ဆိုတာကတော့.... အဲ့လောက်အထိ မဟုတ်ပါဘူး"
လော့ချန် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
"အို"
"ရိုးရိုးလေးပါ.... ဆေးလုံးက ကောင်းလှပေမဲ့.... အရမ်း မလောဘကြီးသင့်ပါဘူး.... မိတ်ဆွေလော့ကလည်း ဆေးဖော်ဆရာ ဖြစ်တာမို့.... သိမှာပါ"
ထောင်ရိရှန်းက ပွင့်လင်းစွာ ပြောဆိုလိုက်ပြီး နောက်ထပ် စကားတစ်ခွန်းကို ထပ်မံ ဖြည့်စွက်လိုက်သည်။
"ပြီးတော့ ဆေးလုံးစိမ်းချိုင့်ဝှမ်းထဲကို ဝင်ရောက်နိုင်တဲ့သူတွေက.... အနည်းဆုံးတော့ ဝိညာဉ်အမြစ်နှစ်ခုအထက် ရှိတဲ့သူတွေချည်းပဲ.... ရံဖန်ရံခါ ဝိညာဉ်အမြစ်သုံးခု၊ လေးခုရှိတဲ့ ကျင့်ကြံသူတချို့ကို လက်ခံတာကလည်း သူတို့မှာ ထူးခြားတဲ့ ခန္ဓာကိုယ် ရှိနေလို့ပဲ.... ဒီလိုလူတွေရဲ့ အရည်အချင်းက မဆိုးလှပါဘူး.... ဒုတိယအဆင့် ဝိညာဉ်ကြောနဲ့ ပေါင်းစပ်လိုက်ရင် ကျင့်ကြံနှုန်းက ဘယ်လိုလုပ် နှေးကွေးနိုင်မှာလဲ"
လော့ချန် နားမလည်နိုင်သေးချေ။
"ဒါပေမဲ့ ခင်ဗျားတို့ဂိုဏ်းမှာ ဒီလောက် များပြားလှတဲ့ ကျင့်ကြံသူကြီးတွေ ရှိနေတာက အကုန်လုံးက ကျင့်ကြံခြင်းအပေါ်မှာပဲ အားကိုးထားကြတာလား"
လော့ချန် ထပ်တလဲလဲ မေးမြန်းနေသလို အကြောင်းအရာမှာလည်း အမြဲ ဆေးလုံးဘက်သို့ ယိုင်နေခဲ့သည်။ ထောင်ရိရှန်းလည်း နောက်ဆုံးတွင် သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။ သူသည် အတိတ်က အစ်မဖြစ်သူ ထောင်ဝမ်က မိမိအား ပြောပြခဲ့ဖူးသော ထိုအကြောင်းအရာကို သတိရမိလိုက်သဖြင့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မိတ်ဆွေလော့.... အဆင့်မြင့် ဆေးလုံးတွေအကြောင်း မေးချင်တာ မဟုတ်လား"
လော့ချန် ရိုးသားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤမျှလောက် စကားလမ်းကြောင်း ခင်းကျင်းခဲ့ပြီးနောက် ထောင်ရိရှန်းလည်း ရိပ်မိလောက်ပြီ ဖြစ်သည်။ ထပ်မံ၍ ဝေ့ဝိုက်နေစရာ မလိုအပ်တော့ချေ။
ထောင်ရိရှန်း ပြုံးလိုက်ရင်း ဆိုသည်။
“ကျုပ်တို့လို တပည့်တွေ ဆိုရင် နှစ်စဉ် နှစ်တိုင်း အဆင့်မြင့် နဂါးပျံဆေးလုံး တစ်ပုလင်း ထောက်ပံ့ပေးတာမျိုး ရှိတယ်၊ ဒါပေမဲ့ တစ်ပုလင်းပဲ ကန့်သတ်ထားတာ.... နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးတွေကျမှသာ.... နဂါးပျံဆေးလုံးကို လိုသလောက် ထောက်ပံ့ပေးတာမျိုး ရှိမယ်.... ဒါပေမဲ့ ကိုယ့်ဖို့ လုံလောက်ရုံပါပဲ"
ဤစကား ထွက်ပေါ်လာသည်နှင့်အမျှ လော့ချန်၏ စိတ်အခြေအနေမှာ အောက်ဆုံးအထိ ထိုးဆင်းသွားခဲ့ရတော့သည်။ သူ ဤမျှလောက် ထောင်ရိရှန်းနှင့် မိတ်ဆွေဖွဲ့ရခြင်းမှာ ထိုမောင်နှမနှစ်ဦးထံမှ လုံလောက်လှသော အဆင့်မြင့်ဆေးလုံးများကို ရရှိရန်အတွက် ဖြစ်သည်။ သို့သော် တစ်ဖက်လူ၏ စကားအတွင်းရှိ အဓိပ္ပာယ်မှာမူ ထောင်ဝမ်ကဲ့သို့သော အခြေတည်နှောင်းပိုင်း ကျင့်ကြံသူကြီးအတွက်ပင် အဆင့်မြင့်ဆေးလုံး အရေအတွက်မှာ ကန့်သတ်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိအတွက် ပိုလျှံနေသော အရေအတွက် ဘယ်မှာ ရှိနိုင်ပါဦးမည်နည်း။ သူသာဆိုပါကလည်း သေချာပေါက် ကိုယ့်ဝမ်းကိုယ်သာ အရင်ဖြည့်မည် မဟုတ်လော။
လော့ချန်၏ မျက်နှာအမူအရာ သိပ်မကောင်းသည်ကို မြင်တွေ့ရသော်လည်း ထောင်ရိရှန်း ဂရုမစိုက်ချေ။ သူ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့.... အဆင့်မြင့်ဆေးလုံး အများကြီး ရနိုင်မယ့် နည်းလမ်းကတော့.... မရှိတာ မဟုတ်ပါဘူး"
"ဒီစကားက ဘယ်လို အဓိပ္ပာယ်လဲဗျာ"
လော့ချန်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့ရသည်။
သို့သော် ထောင်ရိရှန်းကမူ ထိုအကြောင်းအရာကို ဆက် မပြောတော့ဘဲ အခြားသော အကြောင်းအရာတစ်ခုကို ပြောင်းလဲ ပြောဆိုလိုက်တော့သည်။
"မိတ်ဆွေလော့နဲ့ အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးတာမို့.... ဆေးဖော်လမ်းစဉ်အပေါ်မှာ နားလည်မှုက အတော် နက်နဲတာကို သိပါတယ်.... အချိန်ရရင် နည်းနည်းလောက် လမ်းညွှန်ပေးစေချင်ပါတယ်.... မိတ်ဆွေလော့အနေနဲ့ လမ်းညွှန်ပေးဖို့ ဝန်မလေးဘူး မဟုတ်လား"
လော့ချန် သူ့အား စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူ၏ ဆေးဖော် အတတ်ပညာကို လမ်းညွှန်ပေးခြင်းက အဆင့်မြင့်ဆေးလုံး ရရှိနိုင်မည့် အခြေအနေ ဖြစ်နေခဲ့သည်လော။ သူ နှုတ်ခမ်းကို သပ်လိုက်ရင်း တောက်ပစွာ ပြုံးပြလိုက်သည်။
"လမ်းညွှန်တယ်လို့တော့ မပြောဝံ့ပါဘူးဗျာ.... မိတ်ဆွေက ဆေးဖော်ဂိုဏ်းကြီးရဲ့ တပည့်ဖြစ်တာမို့ သေချာပေါက် နက်နဲလှတဲ့ ဗဟုသုတတွေ ရှိမှာပါ.... ကျွန်တော်တို့ နှစ်ယောက် အပြန်အလှန် ဆွေးနွေးပြီး၊ အပြန်အလှန် တိုးတက်အောင် လုပ်ဆောင်ကြတာပေါ့"
ထောင်ရိရှန်း လက်ခုပ်တီးကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"သိပ်ကောင်းတယ်ဗျာ...."
....
ညနက်ပိုင်း အချိန်တွင် လော့ချန် ဂူဗိမာန်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့် မူလက ပြုံးရွှင်နေသော မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရတော့သည်။
ဤသည်မှာ ထောင်မောင်နှမနှစ်ဦးအပေါ် မကျေနပ်ခြင်းကြောင့် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူက လိုအပ်သော အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးမျိုး ဆွဲဆန့်နေခဲ့ကာ တိုက်ရိုက်လည်း မပြောဆိုခြင်းကြောင့် ဖြစ်သည်။ ဤအရာက လော့ချန်ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်မူ သူသည် အရာရာကို တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ လုပ်ဆောင်ချင်သည်။ မဟုတ်ပါက ကြာမြင့်သွားမည့် အချိန်မှာ သူ့အတွက်မူ အလွန် အဖိုးတန်လှပေသည်။ သူ အချိန်မဆွဲနိုင်ချေ။
"သခင်.... ထမင်းစားလို့ ရပါပြီ...."
ပိုင်မေလင်း၏ အသံက စကားတစ်ဝက်၌ပင် တိမ်ဝင်သွားသည်။ သူမသည် လော့ချန်၏ မည်းမှောင်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် စိတ်အခြေအနေ သိပ်မကောင်းကြောင်း သိသွားခဲ့သည်။ ထို့ကြောင့်ပင် တံခါးဝတွင် ဂရုတစိုက်ဖြင့် ရပ်တန့်နေခဲ့ပြီး အနီးသို့ မချဉ်းကပ်ဝံ့ချေ။
ရှောင်လင်းအား လန့်သွားစေခဲ့သည်ကို သတိပြုမိသွားသဖြင့် လော့ချန် အပြုံးတစ်ခုကို အတင်းအကျပ် ညှစ်ထုတ်လိုက်သည်။
"ငါ လက်သွားဆေးလိုက်ဦးမယ်.... ချက်ချင်းပဲ လာစားပါ့မယ်"
‘ကျင့်ကြံသူတွေကလည်း.... လက်ဆေးဖို့ လိုအပ်သေးတာလား’
ပိုင်မေလင်း ခေါင်းလေးကို စောင်းလိုက်ရင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
ဂူဗိမာန်အတွင်းရှိ ထိုဝိညာဉ်စမ်းရေတွင်း၏ ဘေးသို့ ရောက်ရှိလာသည့် အခါတွင်မူ လော့ချန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်နှာသစ်လိုက်သည်။ အေးမြလှသော ရေစင်များ မျက်နှာပေါ်သို့ စီးကျလာသည့် အခါတွင်မူ စိတ်အခြေအနေပင် ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီရက်ပိုင်း စီးပွားရေးတွေ အောင်မြင်နေပြီး.... မိန်းမလှလေးကလည်း ရင်ခွင်ထဲမှာ ရှိနေခဲ့လို့ နည်းနည်း ဘဝင်မြင့်သွားခဲ့မိတာလား.... အဆင့်မြင့်ဆေးလုံးတွေက အစတည်းက ဒီလောက် လွယ်ကူတာမှ မဟုတ်တာ.... ငါ ဒီလောက် မလောသင့်ပါဘူး"
တည်ငြိမ်သွားပြီးနောက်တွင်မူ လော့ချန် ထမင်းစားပွဲရှေ့သို့ ပြန် ရောက်ရှိလာခဲ့သည်။ နေ့ခင်းဘက်က စကားဝိုင်းကို တွေးတောမိရင်း သူ ပြင်းထန်စွာ ခေါင်းခါလိုက်မိသည်။ သူ၏ မျက်လုံးများထဲတွင် နောင်တတရား အရိပ်အယောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။ သူ သိပ်အလောတကြီးဖြစ်ကာ ဖိအားပေးလွန်းခဲ့သည်။ သူ၏ လေသံနှင့် အမူအရာများပင်လျှင် ဆိုးရွားစွာ ထွက်ပေါ်သွားခဲ့နိုင်လောက်သည်။ ဤအရာမှာ မဖြစ်သင့်သောအရာပင်။
‘ကျင့်ကြံခြင်း လမ်းခရီးဆိုတာ.... အစတည်းက ရှည်လျားလှတယ်၊ နေ့ညမပြတ် ကြိုးစားနိုင်ပေမယ့် အလျင်စလို လုပ်ဆောင်ရင် ပန်းတိုင်ကို ရောက်ဖို့ခက်လိမ့်မယ်.... သူ အငြင်းဘဲ အချိန်ဆွဲနေတာကို ကြည့်ရင် တခြားတစ်ခုခုကို တောင်းဆိုချင်နေလို့ပဲ.... မလောနဲ့.... မလောနဲ့.... သူတို့ကို အချိန်ပေးလိုက်မယ်....’
လော့ချန် အသက်ပြင်းပြင်းရှူကာ လောနေခဲ့သော စိတ်အခြေအနေများကို လုံးဝ ဖယ်ရှားပစ်လိုက်တော့သည်။ လည်ပင်းတွင် ဆင်မြန်းထားသော ရေခဲနတ်ဘုရားကျောက်စိမ်း ထံမှလည်း ရံဖန်ရံခါ အေးမြလှသော အရှိန်အဝါတစ်ခု စီးဆင်းလာခဲ့သဖြင့် သူ့အား တဖြည်းဖြည်းနှင့် ပိုမို တည်ငြိမ်လာစေခဲ့သည်။
အရသာရှိလှသော ထမင်းဟင်းများကို စားသုံးနေရင်း တစ်ဖက်တွင်လည်း ထောင်ရိရှန်း ပြောဆိုခဲ့သော ထိုစကားများကို တွေးတောနေခဲ့သည်။
"မင်းတို့မောင်နှမ ဘယ်အကွက်တွေ ရွှေ့နေလဲဆိုတာ.... ငါ သေချာပေါက် ကြည့်ရသေးတာပေါ့"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ