အခန်း ၄၅၉
Vol. 46 Ch. 459
အခန်း (၄၅၉) - ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဖွဲ့စည်းပုံနှင့် ဂိုဏ်းမျိုးဆက်၏ အခွင့်ထူးများ
ထောင်ရိရှန်းတစ်ယောက် ယွမ်ကျောက်တိုင်းပြည်၏ အစောင့်တာဝန် ပြီးဆုံးပြီးနောက် ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာခဲ့သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အံ့ဩစရာ ကောင်းသည်မှာ သူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းသို့ ပြန်ရန်အတွက် အလျင်စလို မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထျန်းလန်တောင်ပေါ်၌ ဂူဗိမာန်တစ်ခုငှားရမ်းကာ ရေရှည် နေထိုင်ခဲ့သည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်က လော့ချန်အား ပို၍ မရိုးမရွဖြစ်စေခဲ့သည်။ နှစ်ဦး၏ စကားဝိုင်းသည် ဆေးလုံးစိမ်းချိုင့်ဝှမ်းရှိ အဆင့်မြင့်ဆေးလုံးများအကြောင်း ရောက်သွားတိုင်း တစ်ဖက်လူက အမြဲ ရှောင်လွှဲကာ တစ်ခွန်းမျှ မဟခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဆေးဖော်ပညာအပေါ်တွင်မူ အလွန်အမင်း စိတ်အားထက်သန်မှုကို ဖော်ပြလေ့ရှိသည်။
လော့ချန်သည်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အလိုကို လိုက်လျောပေးခဲ့ပြီး ရက်အနည်းငယ်လျှင် တစ်ကြိမ် သူနှင့်အတူ ဆုံတွေ့ပြီးဆေးဖော် အတတ်ပညာကို အနည်းငယ် ဆွေးနွေးလေ့ရှိသည်။ သူသည်လည်း ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူ၏ ဆေးဖော် အတတ်ပညာမှာ သူထင်သလောက် ထက်မြက်နေခြင်း မရှိချေ။ ဒုတိယအဆင့် ဆေးဖော်ဆရာဟူသော ဘွဲ့အမည်မှာ အမည်ခံမျှသာ ဖြစ်သည်။ လော့ချန် ယခင်က သူ့အား အထင်ကြီးသွားခဲ့ရခြင်းမှာ ဆေးဖော်ဆိုင်ရာ သဘောတရားအမြောက်အမြားကို နားလည်ထားခြင်းကြောင့်သာ ဖြစ်ပေသည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်းဟူသည် ဆေးဖော်ဂိုဏ်းကြီးတစ်ခု ဖြစ်သဖြင့် ထောင်ရိရှန်းသည် ငယ်စဉ်ကတည်းက မြင်တွေ့ကြားသိခဲ့ရရာ နက်နဲလှသော သဘောတရားများကို သိရှိနေခြင်းမှာ မဆန်းလှပေ။
ယခုအခါ လော့ချန်နှင့် ဆွေးနွေးသည့် အခါတွင်မူ ထိုသဘောတရားအချို့ကို တဖြည်းဖြည်းနှင့် လက်တွေ့အသုံးချလာနိုင်ခဲ့သည်။ သို့သော် လော့ချန်ကမူ သူနှင့် လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ဖြစ်ပေသည်။ နက်နဲလှသော သဘောတရားများကိုမူ သူ များစွာ မပြောနိုင်ချေ။ သို့သော် လက်တွေ့လုပ်ဆောင်မှု အပိုင်းနှင့် ပတ်သက်လာလျှင်မူ နောက်ပြောင်နေခြင်း မဟုတ်ချေ။ အတိတ်ကာလများက လော့ထျန်းအဖွဲ့သည် လော့ချန် ဆေးလုံးများကို အရူးအမူး ဖော်စပ်ခဲ့ခြင်းကြောင့်သာ လက်ရှိအချိန်အထိ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းလှသော ဆေးဖော် အတွေ့အကြုံနှင့် ဆိုပါက ဂိုဏ်းတွင်းရှိ ဆေးဖော်ဆရာများထဲတွင် ထည့်သွင်းထားလျှင်ပင် သေချာပေါက် ထိပ်ဆုံးအဆင့်တွင် ရှိနေပေလိမ့်မည်။
ထောင်ရိရှန်းသည် ဤမျှပါးစပ်လုံသော လူမျိုး မဟုတ်ချေ။ သူ့အား ဤမျှလောက်အထိ နှုတ်လုံအောင် လုပ်ဆောင်နိုင်စေခဲ့သည်မှာ သေချာပေါက် အစ်မကြီးဖြစ်သူ ထောင်ဝမ်က အထပ်ထပ် မှာကြားထားခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် လော့ချန်သည် ထောင်ဝမ် မည်သည့်အကွက်ရွှေ့နေကြောင်း ပို၍သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ တစ်ဖက်လူက မပြောလျှင်ပင် သူ့တွင် နည်းလမ်းမရှိဟု မဆိုနိုင်ချေ။
….
တစ်နှစ်ကြာပြီးနောက်....။
ယီ - ၁၇ ဂူဗိမာန်အတွင်း၌ ဖြစ်သည်။
"လော့ဝမ် ထောက်လှမ်းရေးအဖွဲ့ရဲ့ စုံစမ်းမှုအောက်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အခြေအနေကို အကြမ်းဖျင်းအားဖြင့် သိရှိသွားခဲ့ပါပြီ.... ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်းမှာ ရိုးရာဂိုဏ်းတွေလိုပဲ အခြေတည် ကျင့်ကြံသူတွေကို အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်၊ တပည့်ရင်းနဲ့ ဂိုဏ်းမျိုးဆက်ဆိုပြီး ခွဲခြားထားပါတယ်.... ချီသန့်စင်အဆင့် တပည့်တွေက အခြေတည်အဆင့် ရောက်တာနဲ့ အလိုအလျောက် အတွင်းစည်းတပည့်အဖြစ် သတ်မှတ် ခံရပါတယ်.... ဒါပေမဲ့ သူတို့ထဲက ထူးချွန်တဲ့သူတွေ၊ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်ရှိတဲ့ ပါရမီရှင်တွေကိုမှ တပည့်ရင်းအဖြစ် သတ်မှတ်တာပါ"
စီမာဟွေ့နန်သည် လော့ချန်၏ ရှေ့၌ သေသေချာချာ ရှင်းပြနေခဲ့သည်။ သူမ၏ စကားများမှတစ်ဆင့် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဖွဲ့စည်းပုံမှာ လော့ချန်၏ မျက်စိထဲ၌ ပိုမို၍ ရှင်းလင်းစွာ ပုံဖော်လာခဲ့သည်။ အတွင်းစည်းတပည့် အများစုမှာ နောက်ကျကျန်ခဲ့မည်ဆိုပါက ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ စွန့်ပစ်ခြင်းကို ခံရမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့အား အမျိုးမျိုးသော တာဝန်များကို ခွဲဝေပေးလေ့ရှိသည်။ သို့မဟုတ်ပါက တပည့်ရင်းများအား ကူညီပေးခြင်း၊ အပြင်စည်းကို အုပ်ချုပ်ခြင်း၊ အခြားနယ်မြေသို့ စေလွှတ်ခြင်းများ ပြုလုပ်တတ်သည်။ ယခင်က ကျောက်စိမ်းအိုးဓားဂိုဏ်း၏ မြောင်ဝမ်ကဲ့သို့ပင် အခြားနယ်မြေမှ ရှုပ်ထွေးလှသော စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိသည်။ သို့သော် တပည့်ရင်းများကမူ မတူချေ။ အရေးကြီးသော ကိစ္စရပ်များ မရှိပါက ကျင့်ကြံခြင်းအပေါ်တွင်သာ စိတ်နှစ်ထားနိုင်ကြသည်။
"အဲဒီလောက်အထိကတော့ နားလည်ရ လွယ်ကူပါတယ်.... ဒါပေမဲ့ ဂိုဏ်းမျိုးဆက်ကျတော့.... လုံးဝ ကွဲပြားသွားခဲ့ပါပြီ"
လော့ချန် စိတ်ဝင်စားသွားခဲ့ရပြီး သေသေချာချာ မေးမြန်းလိုက်သည်။
"ဘာတွေ ကွဲပြားလို့လဲ"
စီမာဟွေ့နန်က တည်ငြိမ်စွာဖြင့် ဆိုသည်။
"ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းမျိုးဆက် ဆိုတာ အနာဂတ်ရဲ့ ရွှေအမြုတေ ကျင့်ကြံသူအဖြစ် သတ်မှတ်ပြီး ပျိုးထောင်တာပါ.... မျိုးဆက်တစ်ခုစီမှာ တစ်ယောက်ပဲ ထွက်ပေါ်ခွင့် ရှိပါတယ်.... အဆင့်အတန်းကို အတည်ပြုပြီးတာနဲ့ ဂိုဏ်းတွင်း အရင်းအမြစ် အားလုံးက သူ့ဆီကိုပဲ တိုက်ရိုက် ရောက်သွားတာပါ…."
လော့ချန် မျက်ခုံးပင့်လိုက်သည်။
"ကျင့်ကြံခြင်း အရင်းအမြစ်တွေလား"
"အဲ့ဒါတင်မကပါဘူး"
စီမာဟွေ့နန် သက်ပြင်းချလိုက်ရင်း ဆိုသည်။
"တခြား အရင်းအမြစ်တွေလည်း ပါပါသေးတယ်.... ဥပမာ လူသားအရင်းအမြစ်ပေါ့.... ဂိုဏ်းမျိုးဆက် ဖြစ်လာတာနဲ့တစ်ပြိုင်နက် ဂိုဏ်းထဲက ချီသန့်စင်အဆင့်နဲ့ အခြေတည် ကျင့်ကြံသူ အများစုက ဂိုဏ်းမျိုးဆက်ရဲ့ ဘေးနားမှာ စုစည်းလာကြပြီး သူ့ရဲ့ အမိန့်အောက် ရောက်သွားတာပါ.... ဂိုဏ်းမျိုးဆက်က ဂိုဏ်းထဲက ရွှေအမြုတေကျင့်ကြံသူပြီးရင် အာဏာအရှိဆုံးပါ.... ပြီးတော့ ရွှေအမြုတေ အကြီးအကဲတွေကလည်း အမြဲ အနီးကပ် လမ်းညွှန်ပေးနေတာပါ.... ရှိပါသေးတယ်.... တတိယအဆင့် ဂူဗိမာန်ကိုလည်း ထောက်ပံ့ပေးထားဦးမှာပါ.... ကျွန်မ ကြားသိရတာကတော့ ဂိုဏ်းမျိုးဆက် ရွှေအမြုတေအဆင့်မရောက်ခင်တည်းက သူ့အတွက် သက်စောင့်မှော်ရတနာကို ကြိုပြင်ဆင်ပေးထားကြတယ်တဲ့.... ရွှေအမြုတေဖွဲ့စည်းပြီးတာနဲ့ ချက်ချင်း ပိုင်ဆိုင်နိုင်မှာပါ...."
ဤအကြောင်းအရာများကို ကြားရပြီးနောက် တည်ငြိမ်လှသော လော့ချန်ပင်လျှင် တံတွေးတစ်ချက် မသိမသာ မျိုချလိုက်မိသည်။ ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းမျိုးဆက်သည် ဤမျှလောက် များပြားလှသော အခွင့်အရေးများကို ခံစားနိုင်သည် မဟုတ်လော။ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ဘဲ ရေတွက်မရနိုင်သော ကျင့်ကြံသူများက ကူညီပေးကြမည် ဖြစ်သလို၊ များပြားလှသော ဂိုဏ်းတွင်း အရင်းအမြစ်များ၊ တတိယအဆင့် ဝိညာဉ်ကြော နှင့် သက်စောင့်မှော်ရတနာကိုပင် ကြိုတင် ပြင်ဆင်ပေးထားသေးသည်။
‘ဒါက ဘယ်လိုတောင် တရားလွန် ဆက်ဆံမှုမျိုးလဲဗျာ’
သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရာ သူ ခါးသီးစွာ ပြုံးလိုက်မိသည်။ အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုများအောက် ရရှိလာသော အရာများမှာ တစ်ဖက်လူ၏ ဆံခြည်တစ်မျှင်လောက်ကိုပင် ယှဉ်နိုင်ခြင်း မရှိချေ။
လော့ချန် အလျင်အမြန် ခေါင်းခါရင်း မေးလိုက်သည်။
"ဆိုလိုတာက.... ထောင်ဝမ်က ဂိုဏ်းမျိုးဆက် နေရာကို လုယူချင်နေတာပေါ့"
စီမာဟွေ့နန် သူမ၏ ဆံနွယ်လေးများကို သပ်လိုက်ရင်း နီမြန်းလှသော နှုတ်ခမ်းလေးကို ဖွင့်ဟလိုက်သည်။
"အစကတော့ ကျွန်မ မသေချာခဲ့ပါဘူး.... ဘာဖြစ်လို့လဲဆိုတော့ အရင်က ရရှိခဲ့တဲ့ သတင်းတွေအရ ဒီနှစ်ပေါင်းတစ်ရာအတွင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက်ကို အတည်ပြုပြီးသား ဖြစ်နေလို့ပါ၊ သူကတော့ ဆေးဖော်စပ်ခြင်းနဲ့ ဓားသိုင်းပညာ နှစ်ခုစလုံးမှာ ထူးချွန်လှတဲ့ တန်ရန်ဇီ ပါပဲ"
"ဒါပေမဲ့ ဘာမှန်းမသိရတဲ့ အကြောင်းအရင်းကြောင့်.... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ရဲ့ ဂိုဏ်းမျိုးဆက် အဆင့်အတန်းက ရုတ်တရက် ရုပ်သိမ်း ခံခဲ့ရပြီး.... တပည့်ရင်း နေရာကို ကျဆင်းသွားခဲ့ရပါတယ်.... ဒီလိုမျိုး ဖြစ်သွားတာကြောင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ အတွင်းပိုင်း အုပ်စုတွေတောင် ရုတ်တရက် ဖရိုဖရဲဖြစ်သွားခဲ့ရပါတယ်.... ကောလာဟလတွေအရတော့.... ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဂိုဏ်းမျိုးဆက်ကို ပြန်လည် သတ်မှတ်တော့မယ်လို့ သိရပါတယ်"
‘ဘယ်လို....’
လော့ချန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားရသည်။ သူ ချက်ချင်းပင် ထောင်ရိရှန်း မောင်နှမနှစ်ဦးက မိမိကို အဘယ်ကြောင့် ဤမျှ အချိန်ဆွဲနေခဲ့ရသည်ကို ရိပ်မိသွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းမျိုးဆက် နေရာကြောင့် ဖြစ်သည်။
"ဒီသတင်းကလည်း.... မကြာသေးခင်ကမှ ကျွန်မ ရေခဲခံတပ်ရဲ့ ရှီပေါ်ရင်းနဲ့ စကားစမြည် ပြောဆိုနေရင်း.... မတော်တဆ သူ့ နှုတ်ကနေ ထွက်လာခဲ့တာပါ.... ခုနစ်ဆယ်ရာခိုင်နှုန်းလောက် မှန်နိုင်ချေ ရှိပါတယ်"
လော့ချန် စဉ်းစားရင်းဖြင့် မေးမြန်းလိုက်သည်။
"ဂိုဏ်းမျိုးဆက်ကို ပြန်လည် ရွေးချယ်မယ့် အချိန်အတိအကျကို သိရလား"
စီမာဟွေ့နန် မသေချာစွာဖြင့်
"ရှီပေါ်ရင်း ပြောတာကတော့.... တန်ရန်ဇီဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဂိုဏ်းမျိုးဆက် နေရာကနေ ဖယ်ရှားခြင်း ခံခဲ့ရတာ.... အဲ့ဒီအချိန်တုန်းက ဆေးလုံးစိမ်းချိုင့်ဝှမ်းက ပြောခဲ့တာကတော့ ဆယ်နှစ်ကြာပြီးနောက် ဂိုဏ်းမျိုးဆက်ကို ပြန်ရွေးချယ်မယ်လို့ ဆိုပါတယ်.... အချိန်ကို တွက်ကြည့်မယ် ဆိုရင်တော့ နောက်ထပ် သုံးလေးနှစ် ကြာပြီးရင်ပေါ့"
‘သုံးလေးနှစ်....’
လော့ချန် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ထို့နောက် သူ ဆက်မေးလိုက်သည်။
"ဒါဆိုရင်.... ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဂိုဏ်းမျိုးဆက်ကို ရွေးချယ်တဲ့ နေရာမှာ ဘယ်လိုမျိုး နည်းလမ်းကို သုံးလဲဆိုတာ မင်း သိလား.... ဒါကတော့ လူတိုင်း သိကြတဲ့အရာပါပဲ"
စီမာဟွေ့နန် ညင်သာစွာ ပြုံးလိုက်သည်။
"ဟင်...."
"ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းမျိုးဆက်ကို ရွေးချယ်တဲ့ အခါတိုင်း ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဂိုဏ်းနဲ့ ရင်းနှီးတဲ့ ကျင့်ကြံသူတချို့ကို လာရောက် ကြည့်ရှုဖို့အတွက် ဖိတ်ကြားလေ့ရှိလို့ပါ.... ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်.... အင်အား ပြနိုင်သလို ဂိုဏ်းမျိုးဆက်အတွက် ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ပေါ့.... ဒီလိုနဲ့ ရွေးချယ်တဲ့ နည်းလမ်းတွေက လူသိများလာခဲ့တာပါ"
လော့ချန်၏ စိတ်ဝင်စားမှုအောက်တွင် စီမာဟွေ့နန်က တိကျလှသော ရွေးချယ်မှု နည်းလမ်းကို ပြောပြတော့သည်။ အခြားသော ဂိုဏ်းကြီးများ၏ ပုံမှန် တပည့်ရင်းများ၏ တိုက်ပွဲနှင့် ဆင်တူသော်လည်း အပိုဆောင်း စည်းကမ်းတစ်ခု ပါဝင်နေသေးသည်။ ၎င်းမှာ အခြားမဟုတ်ချေ။ ဆေးဖော်စပ်ခြင်းပင် ဖြစ်ပေသည်။
"တကယ်တော့ အပိုဆောင်း စည်းကမ်းလို့လည်း မဆိုနိုင်ပါဘူး.... ဂိုဏ်းတော်တော်များများမှာလည်း အပိုဆောင်း ရွေးချယ် နည်းလမ်းတွေ ရှိတတ်ကြပါတယ်.... တိမ်ပြိုဂိုဏ်း ဆိုရင်လည်း ကျော်ကြားလှတဲ့ ရုပ်သေးပြိုင်ပွဲ ရှိသလို၊ မီးလျှံမဟာမိတ်ဆိုရင်လည်း လက်နက်သွန်းလုပ် ပြိုင်ပွဲ ရှိတတ်ကြပါတယ်"
"သေချာတာပေါ့.... ကျင့်ကြံခြင်းအပေါ်မှာပဲ စိတ်နှစ်ထားပြီး အပြင်အရာတွေကို မတတ်ကျွမ်းတဲ့ တပည့်ရင်းတချို့ကိုလည်း ထည့်သွင်းစဉ်းစားပေးတဲ့ အနေနဲ့.... ဒီဂိုဏ်းတွေက စည်းကမ်းတွေကို လျှော့ပေါ့ပေးထားပြီး၊ ဂိုဏ်းမျိုးဆက် နေရာကို လုယူမယ့် တပည့်ရင်းတွေကို…. ပြင်ပ အကူအညီတောင်းခံခွင့်ပြုပေးထားပါတယ်"
စကားလုံးများ ဤနေရာသို့ ရောက်ရှိလာသည့် အခါတွင်မူ လော့ချန်သည် ထောင်ဝမ် မောင်နှမနှစ်ဦးက မိမိထံမှ မည်သည့်အရာကို လိုချင်နေကြောင်းကို လုံးဝ ဥဿုံ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူတို့က မိမိ၏ ဆေးဖော် အတတ်ပညာကို သဘောကျနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အဘယ်ကြောင့် တိုက်ရိုက် မပြောဆိုကြလေသလော။
လော့ချန် မျက်မှောင်ကြုတ်သွားခဲ့ရပြီး စဉ်းစားခန်း ဝင်သွားခဲ့သည်။ စီမာဟွေ့နန်သည်လည်း ဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေခဲ့ပြီး စာနာနားလည်စွာဖြင့် မနှောင့်ယှက်တော့ချေ။ သတင်းများကို စုဆောင်းပြီး တင်ပြရန်မှာ သူမ၏ တာဝန် ဖြစ်ပေသည်။ အတွင်းရေးများကို ခွဲခြမ်းစိတ်ဖြာရန်အတွက်မူ လော့ချန်ဟူသော ကာယကံရှင် ကိုယ်တိုင်မှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အချိန်အတော်ကြာမှသာ လော့ချန် တစ်ခုခုကို နားလည်သွားပုံရသည်။ ထောင်ဝမ်ကဲ့သို့သော အခြေတည်အဆင့် (၉) ရှိသော ကျင့်ကြံသူကြီးတွင်မူ အဆက်အသွယ် သေချာပေါက် ကျယ်ပြန့်လှပေလိမ့်မည်။ သိရှိထားသော ထူးချွန်လှသည့် ဆေးဖော်ဆရာများမှာလည်း သေချာပေါက် မနည်းချေ။ အထူးသဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းဟူသော ဆေးဖော် ဂိုဏ်းကြီးတစ်ခုတွင် ရှိနေသေးသည်မဟုတ်လော။ ဤသို့ ဆိုပါက ထူးချွန်လှသော ဆေးဖော်ဆရာ တစ်ဦးနှစ်ဦးကို ရှာဖွေရန်မှာ ခက်ခဲခြင်း မရှိချေ။
အခြားအရာများကို မဆိုထားနှင့်၊ သူမ၏ မောင်ဖြစ်သူ ထောင်ရိရှန်းသည်ပင် ဤတစ်နှစ်အတွင်းတွင် ဆေးဖော်ဗဟုသုတများကို လက်တွေ့အသုံးချလာနိုင်ပြီး စစ်မှန်သော ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦး ဖြစ်လာရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တွေးတောကြည့်နိုင်သည်မှာ သူမ၏ ဘေးနားတွင် သေချာပေါက် ထူးချွန်လှသော ဆေးဖော်ဆရာ အမြောက်အမြား ဝိုင်းရံနေခဲ့ခြင်း ဖြစ်သည်။ ဤသို့ ဆိုပါက မိမိသည် တစ်ခုတည်းသော ရွေးချယ်မှု မဟုတ်ချေ။
‘ထောင်ရိရှန်းက ဒီကာလအတွင်းမှာ ငါ့ဆီ အမြဲ လာပြီး ဆေးဖော်ပညာကို ဆွေးနွေးနေတာက သူ့ကိုယ်သူ မြှင့်တင်နေပုံရပေမဲ့.... တကယ်တော့ ငါ့ရဲ့ ဆေးဖော် အတတ်ပညာကို အကဲခတ်နေတာပဲ.... ငါ့ရဲ့ ဆေးဖော် အတတ်ပညာက လုံလောက်အောင် အစွမ်းထက်တယ်လို့ အတည်ပြုနိုင်မှသာ သူ့ရဲ့ အစ်မက ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒါမှမဟုတ်ရင် စည်းကမ်းချက်တွေကို ဆွေးနွေးဖို့ လာလိမ့်မယ်"
ဤအချက်ကို နားလည်သွားပြီးနောက်တွင်မူ ယခင်က ရှိနေခဲ့သော သံသယများ အားလုံးမှာ ချက်ချင်းပင် ရှင်းလင်းသွားခဲ့ရတော့သည်။
‘ဒါဆိုရင်.... ငါ အရင်က လုပ်ဆောင်ခဲ့တာတွေက နည်းနည်းတော့ ရှေးရိုးဆန်လွန်းသွားခဲ့တာပဲ’
လော့ချန် နှုတ်ခမ်းကို သပ်လိုက်ရင်း ဤတစ်နှစ်အတွင်းက ဆေးဖော်အတွေ့အကြုံ ဖလှယ်မှုများကို တွေးတောမိလိုက်သည်။ သူ သေချာပေါက် အလွယ်တကူဖြင့် အရာအားလုံး ထုတ်ပြလိမ့်မည် မဟုတ်ချေ။ ဤအရာမှာ လူသားတို့၏ သဘာဝ ဖြစ်သည်။ သို့သော် အကယ်၍ တစ်ဖက်လူက မိမိကို အလေးအနက်ထားစေချင်ပါက သေချာပေါက် ပိုမို၍ ပြသရန် လိုအပ်ပေသည်။
‘နောက်ပိုင်းကျရင်.... ငါ့ရဲ့ ဆေးဖော်အစွမ်းကို နည်းနည်း ပိုပြီး ထုတ်ပြရတော့မယ်’
တဖြည်းဖြည်းနှင့် လော့ချန်တွင် နောက်ထပ် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းလှသော အစီအစဉ်တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။ လော့ချန်၏ မျက်နှာပေါ်ရှိ မျက်မှောင်ကြုတ်နေမှုများ တဖြည်းဖြည်းနှင့် ပြေလျော့သွားသည်ကို မြင်တွေ့ရသည့် အခါတွင်မူ လူကဲခတ် အလွန် တော်လှသော စီမာဟွေ့နန်သည် မိမိတို့၏ အဖွဲ့ခေါင်းဆောင်ကြီးတွင် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ ဤအရာမှာ မသိစိတ်ထဲက ယုံကြည်မှုတစ်မျိုး ဖြစ်ပေသည်။ သူမ၏ မျက်စိထဲတွင်မူ ဤလောကတွင် လော့ချန်မဖြေရှင်းနိုင်သော အရာဟူ၍ မရှိချေ။
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း စီမာဟွေ့နန်ကို ကြည့်လိုက်သည်။
"မကြာသေးခင်က အဖွဲ့တွင်း အခြေအနေရော ဘယ်လိုလဲ"
စီမာဟွေ့နန် ညင်သာစွာ ပြုံးလိုက်ရင်း
"ရှင် ခန့်မှန်းထားခဲ့သလိုပါပဲ၊ အခြေတည် ဂုဏ်ပြုအခမ်းအနား ပြီးဆုံးသွားပြီးနောက်.... ကျွန်မတို့ရဲ့ စီးပွားရေးတွေက အဟန့်အတားမျှ မရှိဘဲ လည်ပတ်နေပါတယ်.... စီးပွားရေး အသစ်အချို့ကလည်း တဖြည်းဖြည်းနှင့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ.... ဒီအတိုင်း ဆက်တိုးတက်သွားမယ် ဆိုရင်တော ပိုပြီးတော့ ကြီးမားလာမှာပါ.... အဖွဲ့ချုပ်ခေါင်းဆောင် အနေနဲ့ နောင် အနာဂတ်မှာ ကိုယ်တိုင် ဆေးမဖော်တော့ရင်တောင် လော့ထျန်းအဖွဲ့အတွက် အဟန့်အတားရှိမှာ မဟုတ်တော့ပါဘူး"
သူမ၏ စကားများကြောင့် လော့ချန် မပြုံးဘဲ မနေနိုင်တော့ချေ။ သူ၏ ဂရုတစိုက် အကွက်ချစီစဉ်မှုများအားလုံးသည် အလဟဿ မဖြစ်ခဲ့ပေ။ အဖွဲ့အစည်းတစ်ခုသည် လူတစ်ဦးတည်းအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေ၍ မရနိုင်ပေ။ ယခင်လော့ထျန်း၏ပုံစံဟောင်းမှာ ရေရှည်မတည်တံ့နိုင်ခဲ့ပေ။ ယခုပုံစံကသာ စစ်မှန်သော တိုးတက်မှု ဖြစ်သည်။
"နှမြောစရာ ကောင်းတာတစ်ခုက.... နန်းဆောင်သခင်ဘီယန်ကျန်း အခြေတည်အဆင့်တက်တာ ကျရှုံးသွားခဲ့တာပါပဲ"
စီမာဟွေ့နန် သက်ပြင်းချလိုက်ရင်း
"အခြေတည်ဆေးလုံး တစ်လုံးကို ဖြုန်းတီးပစ်လိုက်ရတာ.... အရမ်း နှမြောဖို့ ကောင်းပါတယ်"
ဘီယန်ကျန်း အခြေတည်အဆင့် ကျရှုံးခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး လော့ချန်လည်း ကြားသိပြီး ဖြစ်သည်။
သူ ခေါင်းခါပြလိုက်ရင်း
"ကျင့်ကြံခြင်း လမ်းစဉ်မှာ ဒါတွေက ပုံမှန်ပါပဲ.... လူ အသက်ရှင်နေသေးသရွေ့ တော်တော် ကံကောင်းလှပါပြီ"
လော့ထျန်းအဖွဲ့ဝင်များအဖို့ အခြေတည်အဆင့်တက်လှမ်းခြင်းနှင့် ပတ်သက်သည့် အမျိုးမျိုးသော အတွေ့အကြုံများကို အတော်လေး စုဆောင်းမိနေခဲ့ပြီ ဖြစ်သည်။ ကျရှုံးခဲ့လျှင်ပင် အကယ်၍ ခေါင်းမမာခဲ့ပါက သက်ဆိုင်ရာ ဝိညာဉ်ဆေးဝါးများ၏ ကာကွယ်မှုအောက်တွင် အသက်တစ်ချောင်းကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ဖြုန်းတီးပစ်လိုက်ရသော ထိုအခြေတည်ဆေးလုံးနှင့် ပတ်သက်၍မူ လော့ချန်တွင် မည်သည့် ခံစားချက်မျှ မရှိချေ။ သူတို့ကဲ့သို့သော အခြေတည် အောင်မြင်ပြီးသား ကျင့်ကြံသူများအတွက်မူ အခြေတည်ဆေးလုံးကို ထိုမျှ ဂရုမစိုက်တော့ချေ။ သူကိုယ်တိုင်ပင်လျှင် ဆင်တူလှသော အာနိသင်ရှိသည့် နတ်ဒေဝါပျားရည်ကို ဖော်စပ်နိုင်သေးသည် မဟုတ်လော။
စီမာဟွေ့နန်၏ အမြင်ကမူ ထိုသို့ မဟုတ်ချေ။ သူမသည် အင်အားစုတစ်ခု၏ ခေါင်းဆောင်နေရာတွင် ရှိနေသဖြင့် အခြေတည်ဆေးလုံး ဖြစ်စေ၊ လူ ဖြစ်စေ သူမ၏ မျက်စိထဲတွင်မူ လော့ထျန်းအဖွဲ့၏ အရင်းအမြစ်များ ဖြစ်ကြသည်။ ကျရှုံးသွားသော တက်လှမ်းမှုတစ်ခုသည် ဆေးလုံးတစ်လုံးကို အလဟဿ ဖြစ်စေရုံသာမက ၎င်းမှာ အလားအလာရှိသော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဆုံးရှုံးသွားခြင်းကိုလည်း ဆိုလိုသည်။ ဤအရာက သူမအား အလွန် နှမြောစရာ ကောင်းလှသည်ဟု ခံစားရစေသည်။
"နောက်ထပ်.... မင်း ဘယ်သူ့ကို အဆင့်တက်လှမ်းခိုင်းဖို့ စီစဉ်ထားလဲ"
လော့ချန် မေးမြန်းလိုက်သည်။
စီမာဟွေ့နန် တွေဝေခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ကျွန်မ ရောင်နီနန်းဆောင်သခင် ချင်လျန်ချန်းနဲ့ တိုက်ခိုက်ရေးနန်းဆောင်သခင် စီမာရှန့် တို့ထဲကနေ တစ်ယောက်ကို ရွေးဖို့ ပြင်ထားပါတယ်.... အဖွဲ့ခေါင်းဆောင်.... ရှင့်အနေနဲ့ ဘယ်သူ့ကို အရင်ဆုံး လွှတ်လိုက်ချင်လဲ"
လော့ချန် အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ပြောဆိုလိုက်သည်။
"နှစ်ယောက်စလုံးရဲ့ အသက်အရွယ်က ၆၀ ကျော်လွန်ခဲ့ပြီ ဆိုတော့ စောတာ နောက်ကျတာကို ဂရုစိုက်နေဖို့ မလိုတော့ပါဘူး.... အခု လော့ထျန်းအဖွဲ့က လူအင်အား လိုအပ်နေတဲ့ အချိန် ဖြစ်သလို ရောင်နီနန်းဆောင်က အပြင်စည်းအဖွဲ့ တည်ရှိရာ နေရာ ဖြစ်တာမို့ လတ်တလော လူ မရှိလို့ မဖြစ်ဘူး.... ဆန့်ကျင်ဘက်အနေဖြင့် တိုက်ခိုက်ရေးနန်းဆောင်မှာတော့ လောလောဆယ် တိုက်ပွဲကြီးကြီးမားမား ရှိလာဦးမှာ မဟုတ်ဘူး.... မင်းရဲ့ အစ်ကိုကြီးကို အရင်ဆုံး လွှတ်လိုက်ပါ"
စီမာဟွေ့နန်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့ရသည်။
"ကောင်းပါပြီ.... ဒါဆိုရင် ကျွန်မ အဖွဲ့ခေါင်းဆောင်ရဲ့ စကားအတိုင်း လုပ်ပါ့မယ်"
သူမ၏ ဤကဲ့သို့သော ပုံစံကို ကြည့်ရင်း လော့ချန် ပြုံးကာ ခေါင်းခါပြလိုက်သည်။
"လိုအပ်တဲ့ အရင်းအမြစ်တွေကို မင်း ကြည့်ပြီး စီစဉ်လိုက်ပါ.... ဒီနှစ်တွေမှာ မင်းရဲ့ အစ်ကိုကြီးကလည်း ငါ့ကို အများကြီး ကူညီပေးခဲ့တာမို့ လျစ်လျူရှုထားလို့ မဖြစ်ဘူး"
"ဟုတ်ကဲ့.... ကျွန်မ သိပါတယ်.... သူတင်မကပါဘူး.... နောက်ပိုင်းမှာ နန်းဆောင်သခင် ချင်လျန်ချန်းနဲ့ မုရုံချင်းလျန်တို့ကိုလည်း ကျွန်မ သေချာ စီစဉ်ပေးသွားမှာပါ"
စီမာဟွေ့နန် တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်လေးမှာမူ မသိမသာဖြင့် လော့ချန်၏ ပေါင်ပေါ်တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ