← Chapters

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း (၄၆၀) - အဆင့်မြင့် ဝိညာဉ်ဆေးရည်နှင့် ထောင်ရိရှန်း၏ ကလေးဆန်သော ဝမ်းမြောက်မှု

"မဟုတ်ဘူး၊ မဟုတ်သေးဘူးဗျာ.... ခင်ဗျား ရေတံခွန်စိမ့်စမ်းလက်ကွက်ကို သုံးတာ လုံးဝ လွဲနေပြီ.... ဒီနည်းလမ်းက ရေဓာတ်စွမ်းအင်ရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို ပြုပြင်ဖို့အတွက်ပဲ.... သူ့ရဲ့ အနှစ်သာရက အပင်တွေထဲမှာရှိတဲ့ နူးညံ့တဲ့ ယင်ချီစွမ်းအင်ကို ဆွဲထုတ်ဖို့ပဲလေ....ဒါကို ဘယ်လိုထုတ်မလဲ.... အင်အားသုံးပြီး ဇွတ်ဆွဲထုတ်လို့ မရဘူးဗျ…. အသာလေး ချော့မြူပြီး ထုတ်ရတာ….. ကဲ.... ဘေးဖယ်ပြီး ကျွန်တော်လုပ်ပြတာကိုပဲ သေသေချာချာ ကြည့်ထား”

ယီ (၅) ဂူဗိမာန်အတွင်း၌ ထောင်ရိရှန်း အလွန် မကျေမနပ်ဖြင့် နေရာဖယ်ပေးခဲ့ရသည်။

ထို့နောက်တွင်မူ လော့ချန်တစ်ယောက် ဆေးအိုး၏ ဘေးတွင် ရပ်လိုက်ရင်း မီးကို ထိန်းညှိကာ ဆေးဝါးများကို ခွဲခြမ်းလိုက်ပြီး ဆေးဖက်ဝင် အာနိသင်ကို ဆွဲထုတ်နေသည်ကို သူ ငေးကြည့်နေမိတော့သည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်မျှသာ ရှိသေးသော်လည်း ဖော်စပ်ပြီး ဖြစ်သော ဆေးရည်များမှာ ထောင်ရိရှန်း၏ မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက အလွန် မကျေမနပ် ဖြစ်နေခဲ့သော ထောင်ရိရှန်းသည် ယခုအခါတွင်မူ ထိုဆေးရည်ကို ကြည့်ရင်း ချီးကျူးစကား မဆိုဘဲ မနေနိုင်တော့ချေ။

"တန်ချန်ဇီ ဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်ထားတဲ့ မိတ်ဆွေလော့.... တကယ့်ကို တော်တယ်ဗျာ.... ဆရာကြီးတစ်ဦး လက်လှုပ်လိုက်တာနဲ့ တကယ့်ကို ကွဲပြားခြားနားသွားတာပဲ.... မြစ်ကို ဖြတ်ကူးနေတဲ့ ငါးတွေလို ဆေးဖော်ဆရာတွေ များပြားလှတဲ့ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှာတောင်မှ ကျုပ် တစ်ခါမှ မမြင်ဖူးပါဘူး.... ခင်ဗျားလို အဆိပ်ပန်းတွေကို သက်တောင့်သက်သာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့သူကတော့ ရှားမှရှား.... ကျုပ်တို့ဂိုဏ်းက တတိယအဆင့် ဆေးဖော်ဆရာတချို့ တောင်မှ ဒီလိုမျိုး အဆင့်အထိ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး ထင်တယ်"

ချီးကျူးစကားများကို ငွေမကုန်တိုင်း ထုတ်ပြောနေသည့် ထောင်ရိရှန်းကြောင့် လော့ချန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ နှိမ့်ချစွာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ဆိုသည်။

"ဆရာကြီးလို့တော့ မပြောဝံ့ပါဘူးဗျာ.... ဗဟုသုတ နည်းနည်း ရှိရုံလောက်ပါ.... အရေးကြီးဆုံးကတော့ ခင်ဗျား အခုနတုန်းက ဘယ်လောက်အထိ သင်ယူမိသွားလဲ"

ထောင်ရိရှန်း သေသေချာချာ ပြန်လည် တွေးတောကြည့်လိုက်သည်။

"ကျုပ် အရင်က တကယ်ပဲ လက်ကွက် မမှန်ကန်ခဲ့ဘူး.... မိတ်ဆွေလော့ရဲ့ သရုပ်ပြမှုအရ ကျုပ် ချီစွမ်းအားကို ထိန်းချုပ်တဲ့ နေရာမှာ အနည်းဆုံးတော့ အမှားသုံးနေရာ ရှိနေခဲ့တယ်"

"မဟုတ်ဘူး"

လော့ချန် လက်ညှိုးကို ဝှေ့ယမ်းပြလိုက်ရင်း

"ခင်ဗျားမှာ အမှား ခုနစ်နေရာ ရှိတယ်"

ထောင်ရိရှန်း၏ မျက်လုံးများ ကျယ်ပြန့်သွားခဲ့ရသည်။ သူ အလွန် ကြိုးစားခဲ့ပြီး ဖြစ်သည့်တိုင် အမှား ခုနစ်နေရာအထိ ရှိနေခဲ့သည် ဆိုပါလား။ သူ မယုံကြည်နိုင် ဖြစ်နေစဉ်မှာပင် လော့ချန် ချက်ချင်းပင် ထိုအမှား ခုနစ်နေရာကို ထောက်ပြလိုက်သည်။

"မယုံကြည်ဘူး ဆိုရင်တော့.... ခင်ဗျား အခုပဲ သွားပြီးတော့ ဤဟွမ်းယန်ဆေးရည်ကို ဖော်စပ်ကြည့်လိုက်.... အာနိသင်က ဘယ်လိုလဲဆိုတာ သိရမှာပေါ့"

မှန်ပေသည်။ ထောင်ရိရှန်း ယခု ဖော်စပ်နေသောအရာမှာ ဆေးဘုရင်ဂိုဏ်း၏ အထူးထုတ်ကုန် ဖြစ်သော ပထမအဆင့် ဝိညာဉ်ဆေး ဟွမ်းယန်ဆေးရည်ပင် ဖြစ်ပေသည်။ သူ မည်သည့်နေရာမှ ဤဆေးနည်းကို ရရှိခဲ့မှန်း လော့ချန် မသိချေ။

ထောင်ရိရှန်း အနည်းငယ်မျှ အနားယူလိုက်ပြီးနောက် ထပ်မံ၍ လက်လှုပ်လိုက်တော့သည်။ လော့ချန် နောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ထောင်ရိရှန်း ဆေးဖော်နေသည်ကို အသေအချာ ကြည့်ရှုနေခဲ့သည်။ အကယ်၍ အပြင်လူတစ်ဦးသာ ဤနေရာတွင် ရှိနေခဲ့မည် ဆိုပါက အလွန်အမင်း အံ့အားသင့်သွားရပေလိမ့်မည်။

အကြောင်းမှာ များသောအားဖြင့် ဆေးဖော်သည့်အခါတွင် ဆေးဖော်ဆရာများသည် ဘေးလူများကို နှင်ထုတ်လေ့ရှိပြီး တစ်ဦးတည်းသာ လုပ်ဆောင်လေ့ရှိကြသည်။ အထူးသဖြင့် သူစိမ်းများကြားတွင် ဖြစ်ကြသည်။ လော့ချန်နှင့် ထောင်ရိရှန်းတို့မှာ သူစိမ်းဟု မဆိုနိုင်သော်လည်း၊ ဆရာတပည့် မဟုတ်သလို ဂိုဏ်းတူလည်း မဟုတ်ကြချေ။ သို့သော် ထောင်ရိရှန်းကမူ လော့ချန်အပေါ် အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိဘဲ လော့ချန် ရှေ့တွင်ပင် ဆေးဖော်နေခဲ့သည်။

လော့ချန်သည်လည်း သူ ကျရှုံးသည့် အခါတိုင်း ရံဖန်ရံခါ လမ်းညွှန်မှု စကားများကို ပြောဆိုလေ့ရှိသည်။ ထို့ထက်မက အချို့သော အချိန်များတွင် ကိုယ်တိုင်ပင် သရုပ်ပြပေးသေးသည်။ သူတို့နှစ်ဦး သဘာဝကျကျ စကားပြောဆိုနေကြပုံကို ကြည့်ရုံဖြင့် ဤအရာမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာလှပေသည်။

လွန်ခဲ့သော သုံးလခန့်ကတည်းက ဖြစ်သည်။ ဆေးဖော် သဘောတရားကို ဆွေးနွေးပြီးနောက်တွင်မူ လော့ချန် ဆေးတစ်မျိုးဖော်စပ်ကြည့်ရန် ထောင်ရိရှန်းအား ဆွပေးခဲ့သည်။ ထိုအချိန်ကတည်းကစပြီး ဤကဲ့သို့သော မြင်ကွင်းမျိုးက မကြာခဏ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

တစ်ဦးက ဖော်စပ်ပြီး အခြားတစ်ဦးက လမ်းညွှန်ပေးခြင်း ဖြစ်သည်။ လော့ချန်သည် သူ၏ အစွမ်းထက်လှသော ဆေးဖော် အတတ်ပညာကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ပြသခဲ့သည်။ အကြိမ်တိုင်းလိုလိုပင် ထောင်ရိရှန်းသည် လော့ချန်၏ ကျွမ်းကျင်လှသော အမျိုးမျိုးသော ဆေးဖော်အတတ်ပညာများကြောင့် အံ့အားသင့်သွားရလေ့ရှိပြီး ထို့နောက်တွင်မူ အညံ့ခံသွားရလေ့ရှိသည်။

မူလက ကျမ်းစာအုပ်များပေါ်တွင်သာ တည်ရှိနေခဲ့သော သဘောတရားအချို့မှာလည်း လက်တွေ့နှင့် ပေါင်းစပ်လိုက်သည့် အခြေအနေမျိုးတွင် မတူညီလှသော ရလဒ်များကို ပြသလာနိုင်ခဲ့သည်။

‘ငါ့လို အရည်အချင်းမျိုးရှိတဲ့ ဒုတိယအဆင့် ဆေးဖော်ဆရာတော့ နောက်တစ်ယောက် ရှိမှာမဟုတ်ဘူး ထင်တယ်’

ထောင်ရိရှန်း ဆေးဖော်နေသည်ကို စောင့်ကြည့်ရင်း လော့ချန်၏ စိတ်ထဲတွင် ယုံကြည်ချက်အပြည့်ဖြင့် တွေးတောလိုက်မိသည်။

အကြမ်းဖျင်းအားဖြင့် တစ်နာရီခန့် ကြာမြင့်သွားပြီးနောက် ထောင်ရိရှန်းတစ်ယောက် ဟွမ်းယန်ဆေးရည်ကို ရရှိခဲ့သည်။ အဆင့်ကမူ အဆင့်မြင့် ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင် သူ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရတော့သည်။ လော့ချန်၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ရင်း ရယ်မော ခုန်ပေါက်နေခဲ့ရာ အခြေတည် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါမျိုး လုံးဝ မရှိတော့ချေ။

သို့သော် ဤကဲ့သို့သော ကလေးဆန်လှသည့် မြင်ကွင်းအပေါ်တွင်မူ လော့ချန် အနည်းငယ်မျှပင် စိတ်ခုခြင်း မရှိချေ။ လူဟူသည်မှာ သူတို့ မြတ်နိုးတန်ဖိုးထားသောအရာနှင့် ပတ်သက်လာလျှင် ထူးခြားသော အသွင်အပြင်ကို အမြဲ ထုတ်ပြတတ်ကြသည်။

"မိတ်ဆွေလော့.... ကျေးဇူးတင်တယ်ကွာ.... တကယ်ပဲ ကျေးဇူးတင်ပါတယ်"

ဝမ်းမြောက်မှုများ ပြီးဆုံးသွားပြီးနောက် ထောင်ရိရှန်းက နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်သည်။

"ကျုပ်ကို တခြားလူတွေက ဒုတိယအဆင့် ဆေးဖော်ဆရာလို့ ခေါ်ကြပေမဲ့.... အမှန်တကယ်တော့ ကျုပ်က မိသားစုရဲ့ လျှို့ဝှက် အတတ်ပညာကို သုံးပြီးတော့၊ ကံကောင်းထောက်မစွာနဲ့ ဆေးလုံးတစ်လုံးရဲ့ အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့လို့သာ.... ဒုတိယအဆင့် ဆေးဖော်ဆရာဆိုပြီး သတ်မှတ်ခံခဲ့ရတာပါ....အခု ကျုပ် ပထမအဆင့် အဆင့်မြင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ.... ဒုတိယအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ဖို့ကလည်း သိပ်ပြီး မဝေးတော့ပါဘူး.... ဒီအရာအားလုံးက မင်းရဲ့ လမ်းညွှန်မှုကြောင့်ပဲ"

လော့ချန် ပြုံးလိုက်ရင်း

"ဒါကလည်း မိတ်ဆွေထောင်ရဲ့ ပါရမီက ထူးချွန်လို့ပါဗျာ"

"မဟုတ်ဘူး.... မဟုတ်ဘူး.... မဟုတ်ဘူး"

ထောင်ရိရှန်း ခေါင်းကို ဗိုင်းငင်သလို ခါယမ်းပြလိုက်သည်။

"ဘာအဖြူလဲ ဘာအမဲလဲ ဆိုတာ ကျုပ် သေချာ ခွဲခြားနိုင်ပါတယ်.... ဒီအဆင့်မြင့် ဟွမ်းယန်ဆေးရည်ကို ကျုပ် မိတ်ဆွေလော့ကို လက်ဆောင်ပေးပါ့မယ်"

လော့ချန် ငြင်းပယ်ခြင်း မရှိဘဲ လက်ခံလိုက်သည်။ ဤကဲ့သို့သော ဝိညာဉ်ဆေးဝါးမှာ ထောင်ရိရှန်းအတွက်မူ ဘာမှ မဟုတ်ချေ။ သူသည်လည်း ပြန်လည် ယူဆောင်သွားနိုင်ပြီး လော့ထျန်းအဖွဲ့၏ ကျင့်ကြံသူများကို အခြေတည်အဆင့်အတွက အသုံးပြုစေနိုင်သည်။ အမှန်စင်စစ် ဤရက်ပိုင်းအတွင်း သူ၏ လက်ထဲတွင်လည်း အဆင့်လတ် ဟွမ်းယန်ဆေးရည် အမြောက်အမြား စုဆောင်းမိနေခဲ့ပြီ ဖြစ်သည်။

"ဒီနေ့ နည်းနည်း ပင်ပန်းသွားပြီမို့.... ကျွန်တော် အရင် ပြန်လိုက်ဦးမယ်"

လော့ချန် လက်ကို ဝှေ့ယမ်းပြလိုက်ရင်း နှုတ်ဆက်လိုက်တော့သည်။

သူ ဂူဗိမာန်အပြင်သို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ထောင်ရိရှန်း လှမ်းခေါ်လိုက်သည်။

"မိတ်ဆွေလော့…."

လော့ချန် ခေါင်းကို ပြန်လှည့်ကြည့်လိုက်ရင်း နားမလည်နိုင်စွာဖြင့်

"တခြား ကိစ္စ ရှိသေးလို့လားဗျ"

ထောင်ရိရှန်း ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ

"ကိစ္စကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မကြာခင် ကျုပ် တံခါးပိတ်ပြီး ကျင့်ကြံမလို့ပါ၊ နောက်တစ်ကြိမ် ဆေးဖော်တာကိုတော့.... နောက်ထပ် နှစ်လကြာပြီးမှ လုပ်ကြတာပေါ့ဗျာ"

လော့ချန် ပုခုံးတွန့်ပြလိုက်သည်။

"ရပါတယ်.... မိတ်ဆွေထောင် အားတဲ့အချိန်ပေါ့"

ပြောပြီးသည်နှင့် သူ ယီ - ၅ ဂူဗိမာန်ထဲမှ ထွက်ခွာသွားခဲ့တော့သည်။

အတွင်းပိုင်းတွင် ကျန်ရှိနေခဲ့သော ထောင်ရိရှန်း၏ မျက်နှာပေါ်တွင်မူ အလွန်အမင်း တွေဝေပြီး ရှုပ်ထွေးလှသော မျက်နှာအမူအရာတစ်ခု ရှိနေခဲ့သည်။

....

ဂူဗိမာန်ထဲမှ ထွက်လာခဲ့ပြီးနောက် လော့ချန် အိမ်သို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်မူ အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူသည် အဆင့်မြင့် ဆေးလုံးများနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ထုတ်မပြောခဲ့ပေ။ သူ၏ ဆေးဖော်စပ်ခြင်း အရည်အချင်းကိုသာ အကန့်အသတ်မရှိ ထုတ်ပြခဲ့ပြီး သေချာသည်မှာ ထိုအရာ၏ အကျိုးသက်ရောက်မှုက လုံးဝ ထူးခြားခဲ့သည်။

တစ်စုံတစ်ခုကို အသည်းအသန် လိုချင်လာပါက အလွန်အမင်း သိသာအောင် ထုတ်မပြသင့်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လော့ချန် လက်ရှိ လုပ်ဆောင်နေသော ပုံစံမျိုးက ပိုမိုထိရောက်ပေသည်။

လော့ချန် ခန့်မှန်းနိုင်သလောက် ထောင်ရိရှန်း သည်းမခံနိုင်တော့ချေ။ သူ သည်းမခံနိုင်သည် ဆိုခြင်းက သူ၏အစ်မဖြစ်သူ ထောင်ဝမ်လည်း မကြာခင် ထွက်ပေါ်လာတော့မည်မှာ သေချာသလောက်ပင်။ ထောင်မြင်ရာစွန့် ဟူသည်မှာ ဤသဘောပင် ဖြစ်၏။

"မင်းတို့မောင်နှမ ဘယ်လောက်အထိ သည်းခံနိုင်ဦးမလဲဆိုတာ.... ငါ စောင့်ကြည့်ချင်သေးတယ်"

လော့ချန် ရယ်မောလိုက်ရင်း ယီ - ၁၇ ဂူဗိမာန်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ငြိမ်သက်လှသော အခန်းတွင်း၌ ချီစွမ်းအား၏ ထုထည်ကို အနည်းငယ်မျှ အာရုံခံကြည့်လိုက်ပြီးနောက် လော့ချန် မျက်မှောင်ကြုတ်သွားခဲ့ရသည်။ သူ ရှာဖွေတွေ့ရှိခဲ့သည်မှာ ထောင်ရိရှန်း၏ ယီ - ၅ ဂူဗိမာန်က သူ၏ လက်ရှိဂူဗိမာန်ထက် ချီစွမ်းအား အနည်းငယ်မျှ ပိုမို၍ မြင့်မားနေခဲ့ပုံရသည်။ အားလုံးမှာ အဆင့်မြင့် ဂူဗိမာန်များ ဖြစ်ကြသည်မဟုတ်လော။ ရှေ့ဘက်သို့ ရောက်လေလေ ချီစွမ်းအား ပိုမို ကောင်းမွန်လေလေ ဖြစ်နေသည်လော။

"နှမြောစရာပဲ.... ထျန်းလန်တောင်ပေါ်က ရှေ့ဆုံး ဂူဗိမာန် ခုနစ်ခုကို ကျောက်စိမ်းအိုးဂိုဏ်း ခုနစ်ဂိုဏ်းက သိမ်းပိုက်ထားကြတာ.... ငါ့အလှည့်ကို လုံးဝ ရောက်လာမှာ မဟုတ်ဘူး"

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်ကို ပြန်လည် စုစည်းလိုက်သည်။ ထောင်ရိရှန်းပင်လျှင် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ သူသည်လည်း ကိုယ်ပိုင်ကျင့်ကြံခြင်းကို နှောင့်နှေးနေရန် အကြောင်းမရှိပေ။ ဤတစ်နှစ်ကျော် ကာလအတွင်း သူသည် ဆယ့်ငါးရက်လျှင် တစ်ကြိမ် သွေးမိစ္ဆာဆေးလုံးကို အသုံးပြုပြီး သွေးကြောများကို ဖွင့်ခဲ့သည်။ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်၏ ချီစွမ်းအင်အခြေခံ သွေးကြောကျင့်စဉ်နှင့်အတူ နောက်ဆုံး လျှို့ဝှက်သွေးကြောကို ဖွင့်ရန် နီးကပ်လာပြီ ဖြစ်သည်။

“ငါ့ရဲ့ သွေးကြောအကုန် ပွင့်သွားတဲ့အခါ ချီစွမ်းအင်တွေက လွတ်လပ်စွာ စီးဆင်းနိုင်လိမ့်မယ်.... လှုပ်ရှားမှုတိုင်းက အစီအစဉ်တကျ ဖြစ်လာပြီး အသက်ရှူချက်တိုင်းကလည်း ဟန်ချက်ညီလာလိမ့်မယ်.... အဲဒါကပဲ အခြေခံအုတ်မြစ် ဖြစ်လာမှာ.... ရလဒ်တွေက ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ”

လော့ချန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အဆင့်မြင့် သွေးမိစ္ဆာဆေးလုံး တစ်လုံးကို သောက်သုံးလိုက်သည်။ ထူထပ်လှသော နီမြန်းလှသည့် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ ပျံ့နှံ့လာခဲ့ပြီး တဖြည်းဖြည်းနှင့် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တော့သည်။

All Chapters