အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) - အနှောင့်အယှက် မပေးဘဲ နေမလား
နန်ကုန်းရိုရွှေ က သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ဟလျက် တိုးညှင်းစွာ ပြောလိုက်၏။
"ဒီလိုဆိုရင် ငါတို့ ဘယ်မှမသွားဘဲ ဒီနေရာမှာပဲ လျှို့ဝှက်နယ်မြေ တံခါးဖွင့်မယ့်အချိန်ကို စောင့်နေကြတာပေါ့"
"အင်း"
နန်ကုန်းယွီ က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး လက်ချင်းတွဲကာ လိုဏ်ဂူထဲသို့ ပြန်ဝင်၍ ဆက်လက် ကျင့်ကြံ လိုက်ကြပေသည်။
...
လျှို့ဝှက်နယ်မြေ ၏ ဗဟိုချက်။
ကောင်းကင်ထောက် တောင်ထွတ် ၏ တည်နေရာတွင် လျှို့ဝှက်နယ်မြေ ၏ တုန်လှုပ်မှုကို ခံစားလိုက်ရချိန်၌ ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် မတ်တတ်ထရပ်လိုက်ကြပြီး ကောင်းကင်ထောက် တောင်ထွတ် ဆီသို့ မျှော်လင့်ချက်များ အပြည့်ဖြင့် လှမ်းကြည့်လိုက်ကြပေ၏။
မကြာမီပင်။
တောင်ခါးပန်းတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားမှုနှင့် ဝိုးတဝါးဖြစ်မှုတို့က တစ်ခုခုကို ဖုံးကွယ်နေသည်ဟု ထင်မှတ်ရစေသည်။
နန်းတော်အဆောက်အအုံများသည် ရှေးဟောင်းပုံစံပေါက်နေပြီး နံရံများတွင် ခမ်းနားသော ပန်းချီကားများကို ရေးဆွဲထားပေ၏။ နန်းတော်တစ်ခုလုံးက ရွှေရောင်ဖြစ်ပြီး ပြောင်လက်နေသော ရွှေရောင်ခေါင်မိုးများသည် နေရောင်အောက်တွင် တောက်ပနေကာ ကျက်သရေကို မပျောက်ကွယ်စေဘဲ မွန်မြတ်ခြင်းနှင့် ဇိမ်ကျကျ နေထိုင်ခြင်းတို့ကို ထုတ်ဖော်ပြသနေသည်။
နန်းတော်အဆောက်အအုံများက အစီအရီနှင့် စနစ်တကျ တည်ဆောက်ထားပြီး နန်းတော်တစ်ခုစီက အခြားတစ်ခုကို ဖြည့်ဆည်းပေးကာ လိုက်ဖက်ညီသော နေရာတစ်ခုတည်းအဖြစ် ဖွဲ့စည်းထားပေ၏။
ဤအရာကို မြင်ချိန်၌ ကျင့်ကြံသူ အများအပြား၏ မျက်လုံးများက အနည်းငယ် လင်းလက်လာကြပြီး ထိုနေရာသို့ ပျံသန်းသွားကြတော့သည်။
ရွှမ်ယွမ်ကျင်းဟုန် သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သော်လည်း လူကို မတွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားလေသည်။
‘သူ မလာဘူးလား။’
‘ဒါမှမဟုတ် သူ့အတွက် နောက်ကျသွားစေမယ့် ကိစ္စတစ်ခုခုများ ဖြစ်သွားလို့လား။’
သူမက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူမနောက်မှ လူခုနစ်ယောက်ကို တစ်ချက်လှမ်းကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။
"စီနီယာ အစ်မတို့... ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ ရဲ့ အမွေအနှစ်နေရာမှာ အခွင့်အရေး သုံးခု ရှိတယ်"
"ပထမ အခွင့်အရေး ကတော့ ဉာဏ်ပညာရှိသူတွေရဲ့ အမွေအနှစ်ပဲ... ကိုယ့်ဗီဇကို လိုက်ပြီး ဝင်ဖို့ အသင့်တော်ဆုံး နန်းတော်ကို ရွေးချယ်ပြီး စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ရမယ်... အဲ့ဒီအခါကျရင် ကိုယ်နဲ့ကိုက်ညီတဲ့ အမွေအနှစ်ကို ရနိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ်"
"ဒုတိယ အခွင့်အရေး က အမွေအနှစ်ရဲ့ ဗဟိုချက်မှာ ရှိတယ်... အဲ့ဒီမှာ အမွေအနှစ် ကျောက်တိုင် တစ်ခု ရှိတယ်... ကျောက်တိုင်ကို နားလည်သဘောပေါက်ရင် ကျင့်စဉ် ဒါမှမဟုတ် ဝိညာဉ်သိုင်းပညာ အမွေအနှစ်ကို ရနိုင်တယ်"
"တတိယ အခွင့်အရေး ကတော့ နောက်ဆုံး သုံးရက်မှာ ပွင့်လိမ့်မယ်... အဲ့ဒီအချိန်ကျရင် အမွေအနှစ်ရဲ့ ကောင်းကင်ယံမှာ လက်နက်မြစ် တစ်စင်း ပေါ်လာလိမ့်မယ်... တကယ်လို့ လက်နက်တစ်ခုရဲ့ သဘောတူညီချက်ကို ရခဲ့ရင် အဲ့ဒီလက်နက်ကို သစ္စာခံခိုင်းဖို့ မင်း ရွေးချယ်နိုင်တယ်"
"ဒီအရာတွေထဲက တချို့ကို အားလုံး သိပြီးသားဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါကြောင့် အသေးစိတ် မပြောတော့ပါဘူး... သတိပေးချင်တာလေးတစ်ခုကတော့ အမွေအနှစ် နန်းတော်ထဲကို ဝင်တဲ့အခါ သတိထားပါ... အထဲမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိတယ်"
"ပြီးတော့ အမွေအနှစ် ကျောက်တိုင် ကနေလည်း လေ့လာလို့ ရတယ်... ဒါပေမဲ့ အချိန်ကို သတိထားပါ... လက်နက်မြစ် ကို မလွတ်စေနဲ့နော်"
ဤစကားကို ကြားချိန်၌ သူတို့ ခုနစ်ယောက်က ဦးညွှတ်ကာ ပြောလိုက်ကြပေ၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး/စီနီယာအစ်မ... အထဲကို မြန်မြန် ဝင်သွားကြရအောင်"
"ကောင်းပါပြီ"
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး မတ်တတ်ရပ်ကာ အမွေအနှစ် ဆီသို့ ပျံသန်းသွားကြပြီး နန်းတော်အသီးသီးကြားတွင် လှည့်လည်သွားလာနေကြပေသည်။
ဤနန်းတော်များသည် အများအားဖြင့် တူညီကြသော်လည်း ကွဲပြားသော အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ အကယ်၍ ဖြတ်သွားသော သူတစ်ဦးသည် နန်းတော်အတွင်းရှိ အမွေအနှစ်နှင့် ကိုက်ညီပါက သူ သို့မဟုတ် သူမသည် ဆက်စပ်နေသော ဆက်သွယ်မှုကို ခံစားရလိမ့်မည် ဖြစ်သည်။
ကျင့်ကြံသူ တစ်ဦးသည် အမွေအနှစ်နှင့် နီးကပ်လေလေ ဤဆက်သွယ်မှုက ပိုမို အားကောင်းလာလေလေ ဖြစ်ပေ၏။ ထို့ကြောင့် ဤ ကျင့်ကြံသူ များသည် အသင့်တော်ဆုံးကို ရွေးချယ်ရန် ပတ်ပတ်လည်တွင် အရင်ဆုံး လှည့်လည်သွားလာကြလိမ့်မည် ဖြစ်သည်။
ရွှမ်ယွမ်ကျင်းဟုန် သည် တစ်ခဏမျှ တုံ့ဆိုင်းနေသော်လည်း တစ်ယောက်တည်း မလှုပ်ရှားခဲ့ချေ။ သူမသည် လူခုနစ်ယောက်နှင့်အတူ လျှောက်သွားခဲ့၏။ ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် သူမသည် အများကြီး ပိုမို ဂရုစိုက်လာခဲ့ပေသည်။
အမွေအနှစ် ဒေသတွင် နန်းတော် ၃၆၅ ခု ရှိပြီး တစ်ရက်ထဲတွင် ကျင့်ကြံသူ များအားလုံး နီးပါး နန်းတော်တစ်ခုစီသို့ ဝင်ရောက်သွားကြသည်။
ဤအခိုက်အတန့်တွင် ရွှမ်ယွမ်ကျင်းဟုန် သည်လည်း အသင့်တော်ဆုံး နန်းတော်ကို ရွေးချယ်ပြီး အတွင်းသို့ ပြတ်ပြတ်သားသား ဝင်ရောက်သွားခဲ့ပေ၏။
သူမ ဝင်ရောက်သွားသည်နှင့် သူမနောက်က တံခါးက ‘ဝုန်း!’ခနဲ ပိတ်သွားပြီး နန်းတော်အတွင်း မြူခိုးထူထပ်စွာ ပြည့်နှက်သွားသည်။
မြူခိုးများထဲတွင် ဝိုးတဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်တစ်ခုနှင့် တူသော်လည်း လုံးဝမဟုတ်ပေ။ သို့သော် နတ်ဘုရားအာရုံ ဖြင့် မခံစားနိုင်ချေ။
ရွှမ်ယွမ်ကျင်းဟုန် လန့်သွားသော်လည်း အမြန် တည်ငြိမ်သွားပြီး သူမ၏ လက်ထဲရှိ ဝိညာဉ်ဓား ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပေသည်။
ထိုအခိုက်အတန့်တွင် နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်း အမွေအနှစ် ကို ရချင်တယ်ဆိုရင် ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ရမယ်"
ရွှမ်ယွမ်ကျင်းဟုန် က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီလေးများ အနည်းငယ် ပွင့်ဟသွားကာ ပြန်ဖြေလိုက်သည်။
"ဘယ်လို စမ်းသပ်မှုမျိုးလဲ"
"မင်းရှေ့က ထင်ယောင်ထင်မှားကို အနိုင်ယူလိုက်"
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် မြူခိုးများထဲမှ ဝိုးတဝါး ပုံရိပ်သုံးခု ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး တစ်ခုစီတိုင်းက ဝိညာဉ်ဘုရင်အဆင့် အထွတ်အထိပ် ၏ စွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေပေ၏။
ဝိညာဉ်ဘုရင်အဆင့် အထွတ်အထိပ် သုံးခုလား။
ရွှမ်ယွမ်ကျင်းဟုန် အံ့အားသင့်သွားသော်လည်း ပုံရိပ်သုံးခုက သူမဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူမ အံကြိတ်ကာ ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။
...
နဂါးပုံစံတောင်ကြား အနီးတွင်။
လိုဏ်ဂူထဲတွင် နန်ကုန်းယွီ က နန်ကုန်းရိုရွှေ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ထောက် တောင်ထွတ် ဘက်သို့ လှမ်းကြည့်လိုက်၏။
"တောင်ထိပ်မှာလည်း အမွေအနှစ် နန်းတော်တစ်ခု ရှိတယ်... ဒါပေမဲ့ မြူခိုးတွေ လွှမ်းခြုံထားပုံရတယ်... ပြီးတော့ လျှို့ဝှက်နယ်မြေ ထဲက ဖိအားက အထက်ကို တက်လေလေ ပိုများလေလေပဲဆိုတော့ ဘယ်သူမှ အဲ့ဒီကို မရောက်နိုင်ဘူး... အဲ့ဒါကြောင့် ဘယ်သူမှ မသိတာ"
နန်ကုန်းယွီ က တိုးတိုးလေး ရေရွတ်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာပေသည်။
"အဲ့ဒီ နန်းတော်က တစ်ခုခု ထူးခြားနေပုံရတယ်... သွားကြည့်သင့်လား"
နန်ကုန်းယွီ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။
ထို့နောက် သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ရောက်နေပြီဆိုမှတော့ သွားကြည့်ကြတာပေါ့"
သူက တစ်ခုခုကို တိုးတိုးလေး ရေရွတ်လိုက်ပြီး သာမန် နတ်ဘုရားအရိပ် တမန်တော် နှစ်ယောက်ကို နန်ကုန်းရိုရွှေ အား ကာကွယ်ရန် ညွှန်ကြားလိုက်ပေ၏။
တနည်းအားဖြင့် သူမ နိုးလာပါက သူမကို ဆက်လက် ကျင့်ကြံ စေရန် ထင်ယောင်ထင်မှားများကို အသုံးပြုနိုင်ပေသည်။
ထို့နောက် သူက သူ့နောက်သို့ တိတ်တဆိတ် လိုက်လာသော ယင်မေ့ ကို တစ်ချက်ကြည့်လိုက်ပြီး ခြေလှမ်းတစ်လှမ်း လှမ်းကာ လိုဏ်ဂူထဲမှ ပျောက်ကွယ်သွားတော့၏။
နန်ကုန်းယွီ ပြန်လည်ထွက်ပေါ်လာချိန်တွင် ကောင်းကင်ထောက် တောင်ထွတ် ၏ ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဤနေရာတွင် ဝေ့ဝဲနေသော တိမ်များနှင့် မြူခိုးများကြားတွင် ခရမ်းရွှေရောင် နန်းတော်တစ်ခုက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး သက်တန့်ရောင်အလင်းတန်းများ တောက်ပနေ၏။
နန်းတော်ရှေ့တွင် ကျောက်တိုင်တစ်ခု ရှိပြီး အောက်ပါ စာလုံးများ ရေးထိုးထားပေသည်။
‘ရွှမ်ယွမ် နတ်ဘုရား နန်းတော်- ခွင့်ပြုချက်မရှိသူများ မဝင်ရ။’
နန်ကုန်းယွီ က ကျောက်တိုင်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားပေ၏။ ရွှမ်ယွမ် လျှို့ဝှက်နယ်မြေ က အမွေအနှစ် ဖြစ်ပါလျက်နဲ့ လူတွေ ဘာလို့ ဝင်ခွင့်မရှိရတာလဲ။
ဒါမှမဟုတ် ဤနေရာမှာ တကယ်ပဲ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေတာလား။
အများကြီး မစဉ်းစားတော့ဘဲ နန်ကုန်းယွီ သည် ကျောက်တိုင်ကို ကျော်ဖြတ်ကာ နန်းတော်ဆီသို့ ဦးတည်သွားလိုက်ပေသည်။
ထိုအခိုက်အတန့်တွင် သူစိမ်းများ ချဉ်းကပ်လာသည်ကို ခံစားမိသည့်အလား နန်းတော်နှင့် ကျောက်တိုင်တို့က အလင်းဖျော့ဖျော့လေး တစ်ချိန်တည်း ထုတ်လွှတ်လိုက်ပြီး တာအိုအဆင့် ဝင်္ကပါ နှစ်ခုက တစ်ပြိုင်နက် အသက်ဝင်လာ၏။
နန်ကုန်းယွီ မျက်ခုံးပင့်လိုက်ပြီး ဝင်္ကပါ နှစ်ခုကို ကြည့်လိုက်ရာ နန်းတော်ကို ကာကွယ်ထားသော ဝင်္ကပါ တစ်ခုမှာ တာအိုအဆင့် ကာကွယ်ရေး ဝင်္ကပါ ဖြစ်ပုံရသည်ကို တွေ့လိုက်ရပေသည်။
သို့သော် သူ့ကို လွှမ်းခြုံထားသော အခြား ဝင်္ကပါ တစ်ခုကတော့ ချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေပြီး ကျူးကျော်သူကို တိုက်ရိုက် ဖိနှိပ်ရန် ရည်ရွယ်ထားပုံရ၏။
နန်ကုန်းယွီ မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ် ကို ဖွင့်ကာ ပုံဖျက်ရန် ကြိုးစားလျက် သတ်ဖြတ်ခြင်း ဝင်္ကပါ ကို အမြန် စတင် လေ့လာနားလည်လိုက်ပေသည်။
သို့သော် အချိန်က အကန့်အသတ်ရှိနေပြီး ပျက်စီးစေလောက်သော တိုက်ခိုက်မှုများ သူ့အပေါ် မကျရောက်မီ ဝင်္ကပါ ကို သူ မဖျက်ဆီးနိုင်သေးချေ။
နန်ကုန်းယွီမှာ အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ ထို့နောက် သူ၏ ပုံရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ဝင်္ကပါ ထဲမှ ချက်ချင်း ပျောက်ကွယ်သွားကာ နန်းတော်နှင့် ကျောက်တိုင်တို့မှ ဝေးရာသို့ ရွှေ့ပြောင်းသွားပေသည်။
သူက သတ်ဖြတ်ခြင်း ဝင်္ကပါ ၏ အနှစ်သာရကို သူ၏ စိတ်ထဲတွင် အမြန် ဆုပ်ကိုင်လိုက်၏။ နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ် ၏ ကောင်းချီးဖြင့် သူသည် သတ်ဖြတ်ခြင်း ဝင်္ကပါ ၏ အခြေခံများကို မကြာမီ နားလည်သွားပြီး ဝင်္ကပါ ထဲသို့ တစ်ဖန် ပြန်ဝင်သွားပေသည်။
ဤတစ်ကြိမ်တွင် သူသည် ဝင်္ကပါ ထဲမှ အေးအေးလူလူ လျှောက်ထွက်လာပြီး သတ်ဖြတ်ခြင်း ဝင်္ကပါ ကို ယာယီ ပိတ်ပစ်လိုက်၏။
ထို့နောက် သူသည် နန်းတော်ကို လွှမ်းခြုံထားသော ကာကွယ်ရေး ဝင်္ကပါ ကို ဆက်လက် လေ့လာနားလည်ခဲ့ပေသည်။
မကြာမီ သူသည် ကာကွယ်ရေး ဝင်္ကပါ ၏ အခြေခံများကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ယာယီ ပိတ်ပစ်လိုက်၏။
ထို့နောက် နန်ကုန်းယွီ သည် သူ၏ရှေ့မှ နန်းတော်ကို ကြည့်လိုက်ရာ ဆိုင်းဘုတ်တွင် ရွှေချည်ထိုးထားသော စာလုံးကြီး လေးလုံး ရှိသည်ကို တွေ့လိုက်ရပေသည်။ "ရွှမ်ယွမ် နတ်ဘုရား နန်းတော်" တဲ့။
သူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး နန်းတော်တံခါးကို တွန်းဖွင့်ကာ နန်းတော်ထဲသို့ ဝင်သွားလိုက်၏။
သို့သော် ဝင်သွားချိန်တွင် သူမြင်လိုက်ရသည့် အရာက သူ၏ သူငယ်အိမ်များကို အနည်းငယ် ကျဉ်းမြောင်းသွားစေပြီး အနည်းငယ် အံ့အားသင့်သွားသလို ခံစားလိုက်ရပေသည်။