← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း (၂၆၀) - ကိုယ်စားလှယ် ဆုံးဖြတ်ခြင်း

နန်ကုန်းရိုရွှေ ၏ ဇာတ်လမ်းကို နားထောင်ရင်း သူတို့သည် အနည်းငယ် မနာလို ဖြစ်နေမိကြ၏။

အကယ်၍ သူတို့နှင့် နန်ကုန်းယွီ တို့ ဤကဲ့သို့ အတွေ့အကြုံမျိုး ရှိခဲ့မည်ဆိုလျှင် အဲ့ဒါက ပြောပြရကျိုးနပ်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် သေချာပေါက် ဖြစ်လိမ့်မည်။

နန်ကုန်းရိုရွှယ် အနည်းငယ် ပြုံးလိုက်သည်။ သူမက နန်ကုန်းယွီ ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူမနှင့် နန်ကုန်းယွီတို့က ခြောက်နှစ်ကြာ အတူနေခဲ့ပြီး အများကြီး အတူတူ ဖြတ်သန်းခဲ့ကြသည်။

မကြာမီ ချွန်းကျီ က အမြန် လျှောက်လာပြီး လူတိုင်းကို ထမင်းစားခန်း၌ အတူတကွ ညစာစားရန် ဖိတ်ခေါ်လိုက်ပေသည်။

နန်ကုန်းယွီ ကိုယ်တိုင် ချက်ပြုတ်ထားသလောက် အရသာမရှိသော်လည်း လူတိုင်းကတော့ ညစာကို အလွန်နှစ်သက်စွာ စားသုံးခဲ့ကြ၏။

အချိန်အတော်ကြာပြီးနောက်။

ညဘက် ရောက်လာချိန်၌ နန်ကုန်းယွီ က ကျူးကဲချင်းဟွေ့ နှင့် သူမ၏ သမီး၊ ထို့အပြင် ရှန်ကွမ်ယွင်ယောင် တို့ကို ပြန်လည်ပို့ဆောင်ရန် လူများကို စေလွှတ်လိုက်ပေသည်။

လူတစ်စု ခြံဝင်းထဲတွင် ထိုင်နေကြ၏။

နန်ကုန်းယွီ က ယဲ့ကျင်းလင် ကို ကြည့်လိုက်သည်။

"ကျင်းလင်... မင်းသားစံအိမ် ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုင်တွယ်တာ ဘယ်လိုနေလဲ"

"သခင်လေး... အကုန်လုံးနီးပါး ရှင်းလင်းပြီးပါပြီ... တော်ဝင် စံအိမ် နှစ်ခုပဲ ကျန်ပါတော့တယ်"

ယဲ့ကျင်းလင်က နန်ကုန်းယွီအား ပြန်ဖြေလိုက်၏။

"သခင်လေး ရဲ့ ညွှန်ကြားချက်အတိုင်း အားလုံးကို နေထိုင်စရိတ် အလုံအလောက်ပေးပြီး ကောင်းကောင်းမွန်မွန် နေရာချထားပေးပြီးပါပြီ"

နန်ကုန်းယွီ က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဖူကွမ်း မြို့တော် မှာရှိတဲ့ အိမ်တော်ကိုတော့ ဒီအတိုင်းပဲ ထားခဲ့ပြီး စောင့်ကြည့်ဖို့ လူတစ်ယောက် ထားလိုက်မယ်... အိမ်တော်ထဲက အလုပ်သမားတွေကိုလည်း အလုပ်ကနေ နားခိုင်းလို့ ရပြီ... ထူးခြားတာ ဘာမှ မဖြစ်ရင် နောက်တစ်လနေရင် သန့်စင်သောနယ်မြေ ကို သွားဖို့ စီစဉ်ထားတယ်"

"ဟုတ်ကဲ့ပါ သခင်လေး"

ယဲ့ကျင်းလင် က ဤအရာကို မှတ်သားလိုက်၏။

နန်ကုန်းယွီ က ပိုင်ချီချီ ကို ကြည့်ကာ ပြုံးလိုက်သည်။

"တာအိုမိတ်ဆွေ ပိုင်... သန့်စင်သောနယ်မြေ ကလည်း အန္တရာယ်တွေ အပြည့်ပဲလို့ ပြောကြတယ်... တာအိုမိတ်ဆွေ အနေနဲ့ ဝမ်လင်း ကို လိုက်ခွင့်ပြုချင်သေးလား မသိဘူး"

ပိုင်ချီချီ က ပိုင်ဝမ်လင်း ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ ခံစားချက်များကို နားလည်သွားပေ၏။

သူမက နန်ကုန်းယွီ ကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။

"နန်ကုန်း တာအိုမိတ်ဆွေ... ချီချီ က သမီးဖြစ်သူကို ခေါ်လာပြီး ရှင့်ရဲ့ အကာအကွယ်ကို ရှာချင်ပါတယ်... သေချာတာပေါ့... ကျွန်မတို့ ရှင့်ဆီက အလကား အခွင့်အရေး မယူပါဘူး... ကျွန်မတို့ကို ရှင့်ရဲ့ လက်အောက်ငယ်သားတွေအဖြစ် သဘောထားပြီး သဘောကျသလို ခိုင်းစေနိုင်ပါတယ်"

"သဘောကျသလို ခိုင်းစေလို့ ရတယ်"

လူအုပ်ကြီးက သူတို့၏ မျက်လုံးများကို ကျဉ်းမြောင်းကာ သူတို့နှစ်ဦးကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ကြပေသည်။

ပိုင်ချီချီ က လူအုပ်ကြီး၏ စိုက်ကြည့်မှုများကို ဂရုမစိုက်ဘဲ အနည်းငယ် ပြုံးလိုက်၏။

ဤအချိန်အတိုင်းအတာတစ်ခုအထိ အတူတူ နေပြီးနောက် နန်ကုန်းယွီ သည် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူမ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။

သူမရဲ့ ဒီနေ့ ဆုံးဖြတ်ချက်က သူမကို စိတ်ပျက်စေမှာ မဟုတ်ပေ။

ထို့အပြင် ချွန်းကျီ နဲ့ တခြား အစေခံမလေး တွေ လုပ်နိုင်သေးရင် လက်အောက်ငယ်သား သက်သက်ဖြစ်တဲ့ သူတို့နှစ်ယောက်က ဘာလို့ မလုပ်နိုင်ရမှာလဲ။

"ဒီလိုဆိုရင် နေကြပါ"

နန်ကုန်းယွီ က သူတို့နှစ်ဦးကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သော်လည်း ငြင်းဆန်ခြင်း မရှိခဲ့ချေ။ သူက ပြုံး၍ ပြောလိုက်၏။

"ဒါပေမဲ့ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောပါရစေ...ကျွန်တော်တို့က သူငယ်ချင်းတွေပါ... ဒါပေမဲ့ တင်းကျပ်စွာ ပြောရရင် ခင်ဗျားတို့က ကျွန်တော့် လူတွေ မဟုတ်ပါဘူး... ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ကိုယ်တိုင် စဉ်းစားဖို့ လိုတယ်... ငွေရှာဖို့ ကျွန်တော့်ဆီမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်ပြီး ငွေရှာတာပဲဖြစ်ဖြစ်... အဲ့ဒါက ကျွန်တော့် တာဝန် မဟုတ်ဘူး"

ဤစကားကို ကြားချိန်၌ ပိုင်ချီချီ က အခြားသူများကို တစ်ချက်လှမ်းကြည့်လိုက်၏။ ဤအချိန်တွင် သူတို့နှစ်ဦးတည်းသာ အပြင်လူတွေ ဖြစ်နေပုံရသည်။

သူမက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"တာအိုမိတ်ဆွေ... ကျွန်မတို့ နားလည်ပါတယ်"

သူမက သဘောတူကြောင်း ခေါင်းညိတ်လိုက်သော်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်လာရန်နှင့် အဖွဲ့နှင့် မည်သို့ ပေါင်းစည်းရမည်ကို စဉ်းစားနေမိပေ၏။

အစေခံမလေး လား။

ဒါမှမဟုတ် အမျိုးသမီး တစ်ယောက်လား။

ပိုင်ချီချီ ၏ အတွေးများ ပြေးလွှားနေစဉ် ပိုင်ဝမ်လင်း ၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေပေသည်။

နန်ကုန်းရိုရွှယ် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။

"ရှောင်ယွီ... ချင်းလင် တို့ချည်းပဲတင် လူ ၁၂ ယောက် ရှိနေပြီ... တာအိုမိတ်ဆွေ ပိုင် ကိုပါ ထည့်လိုက်ရင် လူအများကြီးပဲ... နင် ဒီလောက် အများကြီး ခေါ်သွားနိုင်မယ်ဆိုတာ သေချာလို့လား"

"ဘာမှ မဖြစ်ပါဘူး"

နန်ကုန်းယွီ က ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။

"ဝမ်းကွဲအစ်မ နှစ်ယောက်... ခင်ဗျားတို့ဘက်ကရော ခေါ်သွားဖို့ လိုတဲ့သူ ရှိသေးလား"

နန်ကုန်းရိုရွှေ က ဖူရုံ ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဖူရုံ... နင် ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ပေမဲ့ နင့်ရဲ့ ဝိညာဉ်အမြစ် က အလယ်အလတ်အဆင့် မှာပဲ ရှိပြီး နင့်ရဲ့ ကျင့်စဉ် ကန့်သတ်ချက်က သတ်မှတ်ပြီးသား ဖြစ်နေပြီ... သန့်စင်သောနယ်မြေ က အန္တရာယ်တွေ အပြည့်ပဲ... နင် သွားချင်လား"

"နင် မသွားဖို့ ရွေးချယ်လို့ ရတယ်... နန်းတော်မှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ငါ စီစဉ်ပေးမယ်... ဒါမှမဟုတ် နင့်ကို ငွေတချို့ ပေးခဲ့မယ်... သေမျိုးနယ်ပယ် မှာ နင် အရမ်းကောင်းကောင်းမွန်မွန် နေလို့ ရပါတယ်"

ဤစကားကို ကြားချိန်၌ ဖူရုံ က ဒူးထောက်ချလိုက်၏။

"အရှင်မ... အစေခံမ က အရှင်မ ရဲ့ အစေခံမလေး ဖြစ်လာကတည်းက အမြဲတမ်း အရှင်မ ရဲ့ အစေခံမလေး ဖြစ်နေမှာပါ... အစေခံမ ကို စွန့်ပစ်မထားပါနဲ့"

"နင် သေသွားလိမ့်မယ်"

နန်ကုန်းရိုရွှေ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။

"လူတိုင်း တစ်နေ့နေ့တော့ သေရမှာပါပဲ... အစေခံမ သေရမယ်ဆိုရင်တောင် မင်းသမီး အရှင်မ နဲ့ နီးနီးကပ်ကပ် ရှိနေချင်ပါတယ်"

ဖူရုံ က မျက်လုံးများ အနည်းငယ် မော့ကာ ခိုင်မာစွာ ပြောလိုက်၏။

"ထပါ"

နန်ကုန်းရိုရွှေ က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီးနောက် နန်ကုန်းယွီ ဘက်သို့ လှည့်လိုက်သည်။

"ရှောင်ယွီ... ငါ့အပါအဝင် ဒီမှာ နှစ်ယောက် ရှိတယ်... နင် ငါတို့ကို ခေါ်သွားလို့ ရမလား"

"ပြဿနာမရှိပါဘူး"

နန်ကုန်းယွီ က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် နန်ကုန်းရိုရွှယ် ကို ကြည့်လိုက်၏။

"အစ်မ ရွှယ်... ခင်ဗျားကရော"

နန်ကုန်းရိုရွှယ် က ချက်ချင်း မတုံ့ပြန်ဘဲ လင်လန်ကို အာရုံစိုက်လိုက်ပေသည်။

ဤအခိုက်အတန့်တွင် လင်လန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီ ဖြစ်၏။

"သခင်မ... အစေခံမ လည်း ဖူရုံ လိုပဲ တွေးပါတယ်... အစေခံမ ကို စွန့်ပစ်မထားပါနဲ့"

နန်ကုန်းရိုရွှယ် က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သဘောတူညီမှု အရိပ်အယောင်တစ်ခု ရှိနေပေသည်။

"ထပါ... ငါ နားလည်ပါပြီ"

ချက်ချင်းပင် သူမက နန်ကုန်းယွီ ကို ကြည့်ကာ ပြောလိုက်၏။

"ရိုရွှေ လိုပဲ ငါ့မှာလည်း အမေ ရှိတယ်... သေချာတာပေါ့... အမေနဲ့ ငါက အခု ဝိညာဉ်အရှင်မြတ်အဆင့် အလယ်အလတ်အဆင့် တွေဆိုတော့ တိုက်ရိုက် လိုက်သွားလို့ ရပြီလေ"

နန်ကုန်းယွီ က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ... ဒါဆို သွားမယ့် လူတွေကို ဆုံးဖြတ်လိုက်ပြီ... အားလုံးပဲ ပြင်ဆင်ထားကြ... ထူးခြားတာ ဘာမှ မဖြစ်ရင် နောက်တစ်လနေရင် ကျွန်တော်တို့ ထွက်ခွာကြမယ်"

"ကောင်းပါပြီ"

လူတိုင်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြ၏။

...

ညနက်သွားပြီ။

နန်ကုန်းယွီ က စူးရှင်းမုန်း ကို အသားတချို့ စားရန် အပြင်ခေါ်သွားပြီးနောက် သူမကို ပွေ့ဖက်ကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိပေသည်။

‘အခု အရာအားလုံး အဆင်သင့်ဖြစ်နေပြီဆိုပေမဲ့ ဖြေရှင်းဖို့ လိုနေသေးတဲ့ ကိစ္စလေး နှစ်ခု ရှိသေးတယ်။’

‘ဒါပေမဲ့ ဒါတွေက သေးငယ်တဲ့ ကိစ္စတွေပါ... မနက်ဖြန်ကျမှ ပြောကြတာပေါ့။’

ဤအကြောင်းကို တွေးမိပြီး နန်ကုန်းယွီ က သူ၏ ရင်ခွင်ထဲရှိ လှပသော အမျိုးသမီးကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ဖြည်းညင်းစွာ အိပ်ပျော်သွားတော့၏။

...

နောက်တစ်နေ့ နံနက်စောစော။

နန်ကုန်းယွီ သည် စူးရှင်းမုန်း၊ ချင်းလင် နှင့် နန်ကုန်းရိုရွှယ် တို့နှင့်အတူ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။

လမ်းတွင် နန်ကုန်းရိုရွှယ် က အနားသို့ တိုးလာပြီး နန်ကုန်းယွီ ကို ပြုံးတစ်ဝက်ဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။

"ရှောင်ယွီ... ရိုရွှေ ရဲ့ နှုတ်ခမ်းနီနီလေးတွေက ခံစားရတာ ကောင်းရဲ့လား"

နန်ကုန်းယွီ ၏ အမူအရာ တောင့်တင်းသွားပြီး နန်ကုန်းရိုရွှေ ကို အရိပ်အယောင်မပြဘဲ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤကောင်မလေးက အကုန်လုံး လိုက်ပြောနေတာလား။

သူ ခေါင်းခါချင်သော်လည်း သူ၏ သြတ္တပ္ပစိတ်ကို ဤကဲ့သို့ မလွန်ဆန်နိုင်ချေ။ သူ ခေါင်းညိတ်ချင်သော်လည်း မသင့်တော်ဘူးဟု ခံစားရပေ၏။

သူက အကူအညီမဲ့စွာဖြင့် အသံလွှင့်လိုက်သည်။

"အစ်မ ရွှယ်... ကျွန်တော် သိပ်နားမလည်ဘူး... ဒုတိယ ဝမ်းကွဲအစ်မတော် က ခင်ဗျားကို ဘာပြောလိုက်လို့လဲ"

နန်ကုန်းရိုရွှယ် က သူ့ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။

နန်ကုန်းယွီ ၏ နှုတ်ခမ်းများတွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ အစ်မ ရွှယ် က အသက်ကြီးလာတာများလား။

သို့သော် အချိန်အခါ မသင့်တော်သဖြင့် သူ အများကြီး မရှင်းပြဘဲ နောက်မှ ပြောမည်ဟုသာ ဆိုလိုက်ပေသည်။

သူတို့ သုံးယောက် ရှင်းကိုယ်လုပ်တော် (ချင်အန်းလန်) ကို သွားရောက် နှုတ်ဆက်ပြီးနောက် နန်ကုန်းယွီ က နန်ကုန်းကျင်းချီ ကို တစ်ယောက်တည်း သွားရှာလိုက်၏။

ဖုန်းရှန်း ခန်းမဆောင် ထဲတွင်။

နန်ကုန်းယွီ ဝင်လာသည်ကို မြင်ချိန်၌ နန်ကုန်းကျင်းချီ က ပြုံး၍ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"ရှောင်ယွီ... မင်း ပြန်လာပြီလား"

"အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်"

နန်ကုန်းယွီ က နှုတ်ဆက်ရန် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံး၍ မေးလိုက်၏။

"အရှင်မင်းကြီး... မကြာသေးခင်က အလုပ်များနေလား"

"အရမ်း အလုပ်များတာပေါ့"

နန်ကုန်းကျင်းချီ က ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

"ဖြေရှင်းစရာတွေက အမြဲတမ်း အများကြီးပဲ... အဲ့ဒါက ကျင့်ကြံ ခြင်းကို တကယ် ထိခိုက်စေတယ်"

နန်ကုန်းယွီ က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဘေးတွင် ထိုင်လိုက်၏။

ထို့နောက် သူက ပေါ့ပေါ့ပါးပါး အကြံပြုလိုက်သည်။

"အရှင်မင်းကြီး က သေးငယ်တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ယုံကြည်ရတဲ့ ဝန်ကြီးတချို့ကို ဘာလို့ မရွေးချယ်တာလဲ... ပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကိုပဲ အရှင်မင်းကြီး ကို တာဝန်ပေးမယ်ဆိုရင် ပိုမကောင်းဘူးလား"

နန်ကုန်းကျင်းချီ ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသော်လည်း သူက ခေါင်းခါယမ်းလိုက်ပြန်၏။

"ဒီနည်းလမ်းက ဖြစ်နိုင်ခြေ ရှိပုံရတယ်... ဒါပေမဲ့ သူတို့ အာဏာရသွားတဲ့အခါ သူတို့ရဲ့ အထက်လူကြီးတွေကို လှည့်စားပြီး ကိစ္စတွေကို ဖုံးကွယ်ထားမှာကို ငါ စိုးရိမ်တယ်"

"အထက်လူကြီးတွေကို လှည့်စားပြီး အမှန်တရားကို ဖုံးကွယ်ထားမယ်"

နန်ကုန်းယွီ က အနည်းငယ် မျက်တောင်ခတ်လိုက်သော်လည်း ခေါင်းခါယမ်းကာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။

All Chapters