အခန်း ၂၂၁
Vol. 23 Ch. 221
📗 Chapter 221
ယဲ့ရှောင်ရှောင်ကမူ ဝမ်ကျောင်း၏ နှလုံးသားရေးရာ အလှည့်အပြောင်းကိစ္စများကို အထွေအထူး အာရုံသိပ်မထားဘဲ မိမိစာအုပ်များကို ရင်၌ပိုက်လျက် လှည့်ထွက်လာခဲ့ပါသည်။
ထို့အပြင် ခုတလော သူမ ခေါင်းမဖော်နိုင်အောင် အလွန်အလုပ်များနေရသည်။ ဟိုက်ဟဲဥယျာဉ်သို့ သွားရောက်ကာ ဗိုလ်ချုပ်ကျန်းခိုင်ယွမ်အား အပ်စိုက်ကုသပေးနေရသည့်အပြင် စက်ရုံကိစ္စများကိုလည်း စီမံရပါသေးသည်။
အမျိုးသမီးအလှကုန်ပစ္စည်းများစွာက ရောင်းအားအလွန်ကောင်းနေသဖြင့် လက်ရှိတွင် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတော့ပေ။
ထို့ကြောင့် စုန့်ရှောင်းကွမ်သည် ဟွာရုန် စက်ရုံ အမှတ် (၂) ဆောက်လုပ်ဖို့အတွက် မြေနေရာများကို စတင်ရှာဖွေနေပါပြီ။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးခဲ့ပြီး ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့၏ မင်္ဂလာပွဲနေ့ ရောက်ရှိဖို့လည်း လက်တစ်ကမ်းသာ လိုပါတော့သည်။
စစ်တပ်ဝင်းထဲမှ မင်္ဂလာပွဲတစ်ခုဖြစ်၍ ပုံမှန်အားဖြင့် ရင်းနှီးမှုသိပ်မရှိသည့် မိသားစုများပင်လျှင် ယဉ်ကျေးမှုအရ ဂုဏ်ပြုဆုတောင်း စကားများ လာရောက်ပြောကြားကြပါသည်။
ဟောက်ယန်ယန်မှာ မင်္ဂလာပွဲသို့ ယဲ့ရှောင်ရှောင် မတက်ရောက်မည်ကို အလွန်စိုးရိမ်ပူပန်နေပုံရပြီး သူမ၏တက္က သိုလ်သို့ ဖိတ်စာတစ်စောင် တကူးတက ပို့ခဲ့ပါသေးသည်။
မင်္ဂလာဧည့်ခံပွဲအား ပေကျင်းဂရန်းဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး ထိုနေ့တွင် ကြွရောက်လာမည့် ဧည့်သည်များကလည်း မနည်းမနောပင် ရှိလှသည်။
ထူးဆန်းသည်မှာ ထိုမင်္ဂလာပွဲကိစ္စကို ယဲ့ရှောင်ရှောင်မှအပ မည်သည့်ယဲ့မိသားစုဝင်မှ ကြားသိထားခြင်းမရှိပါ။
ယဲ့ရှောင်ရှောင်ကလည်း တက်ရောက်ဖို့ စိတ်ကူးရှိပါသည်။ ယခုဆိုလျှင် ဝတ္ထုဇာတ်ကြောင်းများက သတ်မှတ်ချိန်ထက် စောစီးစွာ ဖြစ်ပျက်နေပြီဖြစ်၍ မည်သည့်အပြောင်းအလဲများနှင့် ကြုံတွေ့လာရဦးမည်ကို သူမ စိတ်ဝင်စားသည်။
မူရင်းဝတ္ထုထဲတွင်မူ အခြားသော ဇာတ်ပို့မများစွာလည်း ပါရှိခြင်းကြောင့် ဇာတ်လိုက်မင်းသား၊ မင်းသမီးတို့ စုံတွဲ၏ အချစ်ရေးခရီးလမ်းမှာ မသာယာလှပေ။
ရာသီဥတုမှာ အလွန်အေးမြနေပြီဖြစ်၍ အပြင်ထွက်သည့်အခါ ဂွမ်းခံအနွေးထည်များ ဝတ်ဆင်နေကြရပါပြီ။ မင်္ဂလာခန်းမတွင် အနည်းငယ် နွေးထွေးသော်လည်း အနည်းဆုံးတော့ ဆွယ်တာတစ်ထည် ဝတ်ဆင်ဖို့ လိုအပ်ပါသည်။
ယဲ့ရှောင်ရှောင်အတွက် အနည်းငယ်ထူးဆန်းနေလေသည်။
“မင်္ဂလာပွဲကို ဆောင်းတွင်းကြီးမှာ ဘာလို့ကျင်းပကြတာလဲ မသိဘူးနော်”
လုဟန်ချွမ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“အလောတကြီး ကျင်းပလိုက်ရတဲံ့ အကြောင်းအရင်းတစ်ခုခု ရှိလို့နေမှာပေါ့”
ထို့နောက် ယဲ့ရှောင်ရှောင်အား လှည့်ကြည့်ကာ သူဆက်ပြောသည်။
“ကိုယ်တို့ မင်္ဂလာဆောင်တဲ့အခါကျရင်တော့ အေးအေးမြမြရှိတဲ့ ဆောင်းဦးရာသီနေ့လေးကိုပဲ ရွေးမယ်၊ ရာသီဥတုက အေးလည်း မအေးလွန်း၊ ပူလည်းမပူလွန်းတော့ အဆင်ပြေတယ်၊ ခန်းမတွင်းမှာ ဆောင်ချင်လည်းရတယ်၊ အပြင်ဘက်မှာ ဆောင်ချင်လည်း ရတယ်”
ယဲ့ရှောင်ရှောင်က သူ့ကို မော့ကြည့်လိုက်သည်။
“ရှင် အဝေးကြီးကို လျှောက်တွေးနေပြန်ပြီ”
လုဟန်ချွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“ဝေးတော့လို့လား၊ အခုတောင် ရှောင်ရှောင်က ဒုတိယနှစ်ဖြစ်နေပြီ”
ယဲ့ရှောင်ရှောင် အကြည့်ပြန်လွှဲလိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားသွားမိပုံရသည်။ သို့သော် လုဟန်ချွမ်အား ဘာမှ ပြန်မပြောတော့ပေ။
မကြာမီ သူတို့နှစ်ဦး ပေကျင်းဂရန်းဟိုတယ်ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ပါသည်။
ဤနေရာတွင် မင်္ဂလာပွဲကျင်းပနိုင်သူများမှာ အလွန်ချမ်းသာကြွယ်ဝကြသူများ၊ အာဏာရှိကြသူများသာ ဖြစ်ကြသည်။
ဝင်ပေါက်တွင် မင်္ဂလာသတို့သားနှင့် သတို့သမီးတို့၏အမည်ကို ရေးထွင်းထားသော ဧရာမ အနီရောင်ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေပါသည်။
ခန်းမထဲသို့ ရောက်ရှိသောအခါ လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ အခြားမည်သူ့ကိုမှ မတွေ့မီ ပိုင်မုန့်အန်းအား အရင် တွေ့သွားကြသည်။
“ရှောင်ရှောင်! ငါတို့ဒီမှာ…”
ပိုင်မုန့်အန်းတစ်ယောက် ယဲ့ရှောင်ရှောင်အား လက်ပြကာ ပျော်ပျော်မြူးမြူးခေါ်လိုက်သော်လည်း သူမဘေးတွင် ရှိနေသော လုဟန်ချွမ်ကို မြင်လိုက်သည်နှင့် မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသည်။
“နင်တို့ စောကြသားပဲ”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်နှင့်အတူ သူငယ်ချင်းများထံသို့ လျှောက်သွားလိုက်ပြီး မိတ်ဆက်ပေးလိုက်ပါသည်။
“ဒါငါ့ကောင်လေး လုဟန်ချွမ်လေ”
ပိုင်မုန့်အန်းက နှုတ်ဆက်သည်။
“တွေ့ရတာဝမ်းသာပါတယ်”
လုဟန်ချွမ်က ယဉ်ကျေးမှုဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
သူမတို့သည် ရှောင်ရှောင်၏ သူငယ်ချင်းများဖြစ်ကြပြီး မိန်းကလေးငယ်များသာဖြစ်သဖြင့် စစ်တပ်ဝင်းချင်း တူညီလျှင်ပင် လုဟန်ချွမ် မသိနိုင်ပါ။
သူတို့နှစ်ဦး စားပွဲတွင် ထိုင်လိုက်ကြသောအခါ ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်အား တီးတိုး ပြောလိုက်ပါသည်။
“နင် လုဟန်ချွမ်ကိုပါ တကယ်ကြီးခေါ်လာတာလား၊ ရှုမိသား စုအတွက် ဂုဏ်ယူစရာတွေ ဖြစ်ကုန်တော့မှာပဲ”
ယဲ့ရှောင်ရှောင် “သူ့သဘောနဲ့သူ လိုက်လာတာပါ”
ပိုင်မုန့်အန်းက မှတ်ချက်ပြုသည်။
“အဲ့တာဆို နင်တို့ရှုံးတာပေါ့၊ နှစ်ယောက်လာတော့ လက်ဖွဲ့ငွေ နှစ်ခါပေးရမှာ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“နင် အဲ့တာတွေတောင် တွေးနိုင်သေးတယ်ပေါ့ ဟုတ်လား”
ပိုင်မုန့်အန်းက ခန်းမထဲ ဝေ့ကြည့်ကာ ပြောလိုက်သည်။
“ဒါနဲ့ သတို့သမီးကို ဘာလို့မမြင်ရသေးတာပါလိမ့်၊ ခန်းမအပြင်အဆင်ကတော့ လှသားပဲ”
ယဲ့ရှောင်ရှောင်လည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး အနည်းငယ် နားလည်သွားပါသည်။
ဟောက်ယန်ယန်သည် ပြန်လည်မွေးဖွားလာသူဖြစ်သည်။ ယခင်ဘဝက ခေတ်မီလူနေမှုပုံစံများစွာကို ကြုံတွေ့ခဲ့ရသဖြင့် ၈၀ ခုနှစ်များတွင် ပြန်မွေးဖွားလာခဲ့သော်လည်း ခေတ် သစ်အမြင်များ ပါလာခဲ့ပါသည်။
ယခုမင်္ဂလာခန်းမကို တရုတ်ရိုးရာနှင့် အနောက်တိုင်းစတိုင်နှစ်ခု ပေါင်းစပ်ထားသည်။
မင်္ဂလာအခမ်းအနား အစီအစဉ်များကလည်း ခေတ်သစ်၏ အစီအစဉ်များနှင့် အနည်းငယ် ဆင်တူမှုရှိပါလိမ့်မည်။ သို့သော် ဤခေတ်အခါက မင်္ဂလာဇနီးမောင်နှံတို့ သစ္စာဆိုခြင်း၊ ကတိပြုခြင်းတို့မှာ ခေတ်မစားသေးသဖြင့် ထိုအစီ အစဉ်များကိုတော့ ထည့်သွင်းထားမည် မဟုတ်လောက်ပေ။
ဟောက်ယန်ယန်ကို မတွေ့ရသေးသော်လည်း ဟောက်ချန်းပင်နှင့် ဟယ်ချောင်းရှန့်တို့မှာမူ ဧည့်သည်များကို ဧည့်ခံရင်း အလုပ်များနေကြပါသည်။
ဟယ်ချောင်းရှန့်က ယဲ့ရှောင်ရှောင်၏ စားပွဲထံသို့ လာချင်ပုံ မပေါ်သဖြင့် ဟောက်ချန်းပင်တစ်ယောက်တည်းသာ လာခဲ့ရသည်။
စစ်တပ်ဝင်းထဲမှ လူအတော်များများသည် ယဲ့ရှောင်ရှောင်နှင့် ဟောက်မိသားစု၏ရာဇဝင်ကို သိရှိထားကြပါသည်။
ယနေ့ ယဲ့ရှောင်ရှောင်ပေါ်လာသည်ကိုမြင်သောအခါ အချို့က စတင်ခန့်မှန်းသုံးသပ်ကြသည်။ မိသားစုနှစ်စုအကြားက ပဋိပက္ခမှာ ကောလဟာလများကဆိုသလောက် ဆိုးရွားလိမ့်မည်မဟုတ်ဟု ထင်သွားခဲ့ကြသည်။
ယနေ့ ယဲ့ရှောင်ရှောင် ရောက်ရှိလာသည်ကို ကြည့်ခြင်းအား ဖြင့် သူမကို ပြုစုပျိုးထောင်ပေးခဲ့သည့် ဟောက်မိသားစု၏ ကျေးဇူးကို မမေ့လျော့သေးသည့် သဘောပင်။
ထို့အပြင် လုဟန်ချွမ်ပါ ပါလာသဖြင့် ရှုကျမ့်ဝမ်အား ယဲ့ရှောင်ရှောင် လုံးဝ စိတ်မဝင်စားတော့သည်မှာ သိသာပေသည်။
ဟောက်ချန်းပင်တစ်ယောက် စကားပြောဖို့ ရောက်လာသည်ကိုမြင်သောအခါ အနီးနား စားပွဲရှိ ဧည့်သည်များက နားရွက်ထောင်ကာ နားစွင့်နေလိုက်ကြပါသည်။
“ရှောင်ရှောင်၊ သမီးရောက်လာတာ ဦးလေးတို့ ဝမ်းသာပါတယ်ကွယ်”
ဟောက်ချန်းပင် ဝမ်းမြောက်ဝမ်းသာ ပြောလိုက်သည်။
“သမီး မိဘတွေကို ယန်ယန် မဖိတ်နိုင်ခဲ့တာတော့ စိတ်မကောင်းစရာပဲ၊ သမီးအဖေနဲ့ ဦးလေးတို့ မတွေ့ရတာ နှစ်တွေ တော်တော်ကြာပြီ”
ယဲ့ရှောင်ရှောင် နားမလည်နိုင်သည့် လေသံဖြင့် မေးလိုက်သည်။
“ဦးလေးဟောက် တစ်ခုခုမှားနေတာများလား၊ ဟောက်ယန်ယန်က သမီးမိဘတွေကို လာတွေ့ခဲ့တာတော့ မှန်ပေမယ့် မင်္ဂလာဆောင်ဖိတ်ဖို့တော့ စိတ်ကူးရှိပုံမပေါ်ဘူးနော်၊ တကယ်တော့ သမီးတို့မိသားစုနဲ့ ရာသက်ပန် အဆက်အ သွယ်ပါ ဖြတ်သွားခဲ့တာ၊ သမီးလည်း အဲ့တာကြောင့် သိချင်နေတာလေ၊ ဟောက်ယန်ယန်က ယဲ့မိသားစုကို မလာစေချင်ပေမယ့် သမီးကိုကျတော့ ဘာလို့ လာစေချင်တာလဲဆိုတာ…”
ယဲ့ရှောင်ရှောင်၏စကားအဆုံးသတ်သွားသည်နှင့် ဟောက်ချန်းပင်သာမက ဘေးမှနားစွင့်နေသော ဧည့်သည်များပါကြက် သေသေသွားကြသည်။
စိတ်ထဲတွင် မည်သို့တွေးနေကြသည်ကို မသိနိုင်သော်လည်း အတင်းပြောတတ်သည့် အမျိုးသမီးတစ်စုသည့် ခေါင်းများကိုဖြည်းညှင်းစွာ လှည့်လိုက်ကြပါသည်။
ကျယ်ကျယ်လောင်လောင်ထုတ်ပြောဖို့ မသင့်တော်သဖြင့် အချင်းချင်းအဓိပ္ပာယ်ပါသော မျက်လုံးများဖြင့်သာ ဆက်သွယ်လိုက်ကြသည်။
အခြေအနေကို နားလည်သွားသောအခါ ဟောက်ချန်းပင် ချက်ချင်းပြောလိုက်သည်။
“ဒါ… အဲ့ဒီကိစ္စ ဘယ်တုန်းက ဖြစ်သွားတာလဲ ရှောင်ရှောင်၊ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့် သမီး စိတ်မကောင်းဖြစ်နေမှာ နားလည်ပေမယ့် မဟုတ်မမှန်တာတွေတော့ မပြောသင့်ပါဘူး”
ထင်မှတ်ထားသည့်အတိုင်းပင် ဟောက်ချန်းပင်သည်လည်း သမီးအရင်းနှင့် သူ့ဂုဏ်သိက္ခာတို့ကို တန်ဖိုးထားပါသေးသည်။
ယဲ့ရှောင်ရှောင်က ချေပသည်။
“သမီး မဟုတ်တာတွေ ပြောနေတာ မဟုတ်ဘူး၊ သမီးအမေ ဟိုတလောက ခွဲစိတ်ကုသမှု ခံယူထားရတယ်၊ အဲ့တာကြောင့် အဖေနဲ့ အမေနှစ်ယောက်စလုံး ပေကျင်းမှာ ယာယီလာနေနေကြတာ၊ သမီးအမေက သူ့သမီးကိုသတိရပေမယ့် ဘယ်တုန်း ကမှ သွားမနှောင့်ယှက်ရဲခဲ့ဘူး၊ ဒါပေမယ့် ဟောက်ယန်ယန်က သမီးမိဘတွေရှိတဲ့နေရာကို ခြေရာခံစုံစမ်းပြီး ရောက်ချလာတာကတော့ နည်းနည်းထူးဆန်းတယ်၊ ဧကန္တ မင်္ဂလာပွဲကို သမီးမိဘတွေ မပြောမဆိုဘဲ ရောက်လာမှာစိုးလို့ ငွေလာပေးပြီး ကြိုတင်ကာကွယ်ခဲ့တဲ့ သဘောဖြစ်နေမလားနော်”
ယဲ့ရှောင်ရှောင်၏လေသံမှာ ရန်လိုမှုကင်းပြီး အလွန်အပြစ်ကင်းစင်သော်လည်း အသံကတော့ မတိုးလှပေ။ ထိုစကားကို ဟောက်ချန်းပင်သာမက ဘေးနားတွင် ထိုင်နေကြသူများပါ ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရပါသည်။
ပိုင်မုန့်ချန်းလည်း အာပြဲကြီးနှင့် ဝင်ပြောသည်။
“လခွမ်း! အဲ့ဒီပိုက်ဆံက ဟောက်ယန်ယန်ကို ဦးလေးဟောက်တို့ ပေးလိုက်တဲ့ပိုက်ဆံလား!”
ဟောက်ချန်းပင်ကမူ ထိုကိစ္စကို လုံးဝမသိရှိခဲ့ပါ။ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ ပေကျင်းသို့ ရောက်နေမှန်းပင် သူ မသိပေ။
“မုန့်အန်း၊ ပေါက်ကရတွေ မပြောပါနဲ့၊ နားလည်မှုတစ်ခုခုလွဲနေတာ ဖြစ်မှာပါ”
ဟောက်ချန်းပင် အမြန်ကာကွယ်ပြောဆိုလိုက်သည်။
“အစ်ကိုကြီးနဲ့ မရီးတို့အတွက် အားရှိမယ့် အစားအသောက်တွေဝယ်ပြီး ကျန်းမာရေးကောင်းစေချင်တဲ့ စေတနာနဲ့ ယန်ယန်က ငွေပေးခဲ့တာ နေမှာပါ”
ဟောက်ချန်းပင်၏ ပထမဆုံးအတွေးမှာ ထိုကိစ္စက ဟယ်ချောင်းရှန့် လက်ချက်ဖြစ်နိုင်သည်ဟူ၍ပင်။
ယဲ့လင်မယားကို သဘောမကျသူဟူ၍ သူမတစ်ယောက် တည်းသာ ရှိသည်။ ထို့ကြောင့် သူကာကွယ်ပြောဆိုပေးဖို့ ကြိုးစားသော်လည်း ဆင်ခြေက အလွန်ညံ့ဖျင်းလွန်းသဖြင့် အများအမြင်တွင် ပိုကြည့်ရဆိုးသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က ဆက်လက်မငြင်းခုံတော့ဘဲ ခေါင်းသာညိတ်ပြလိုက်ပါသည်။
“ဪ အဲ့လိုလား၊ ဒါပေမယ့် စိတ်ချပါဦးလေး၊ သမီးမိဘတွေက အဲ့ဒီငွေတွေကို လက်မခံခဲ့ပါဘူး၊ သမီးတို့ ယဲ့မိသားစုက အဲ့လောက် မဆင်းရဲဘူး”
အနီးနားစားပွဲဝိုင်းများမှ တီးတိုးစကားပြောသံများ ထွက်ပေါ်လာခဲ့သည်။
“ဟောက်မိသားစုက နည်းနည်းတရားလွန်တယ်နော်၊ ကလေးကို ပြုစုပျိုးထောင်ပေးခဲ့တယ်ဆိုပြီး မွေးစားမိဘတွေ ရောက်လာမှာစိုးလို့ ကြိုတားခဲ့တာလား”
“ဖြစ်နိုင်တယ်၊ ယဲ့မိသားစုက ကျေးလက်တောရွာမှာ နေတာဆိုပေမယ့် ယဲ့ရှောင်ရှောင်ကို ကြည့်ပါဦး၊ လုမိသားစုက ကောင်လေးနဲ့တောင် တွဲနေကြပြီ၊ အဲ့လောက် ငွေရှားပါ့မလား”
“စကားကိုတိုးတိုးပြောကြစမ်း! ဟယ်ချောင်းရှန့်က စာရိတ္တမကောင်းဘူး ဆိုရင်တောင် ဟောက်ချန်းပင်ရဲ့မျက်နှာကို ထောက်ပါဦး!”
“…”
ဧည့်သည်တော်များ၏ စကားက အလွန်တိုးညှင်းပြီး ကြားဖို့ ခဲယဉ်းသော်လည်း ဟောက်ချန်းပင်သည် လူတိုင်းက သူ့အကြောင်း အတင်းပြောဆိုနေကြသည်ဟု ခံစားလာရသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ကို တောင့်တောင့် တင်းတင်းပြုံးပြကာ သူနှုတ်ဆက်လိုက်ပါသည်။
“အေးအေးဆေးဆေး နေကြဦးနော်၊ ဦးလေး တခြားဧည့် သည်တွေကို သွားနှုတ်ဆက်လိုက်ဦးမယ်”
ဤသို့ဖြင့် ဟယ်ချောင်းရှန့်ထံသို့ သူပြန်လှည့်သွားလေတော့သည်။
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။
“အဲ့တာ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာလား”
စကားလုံး အနည်းငယ်မျှသာဖြစ်သော်လည်း ဟောက်မိသား စု၏ အရှိုက်ကို တည့်တည့် ထိမှန်သွားစေမည့် စကားလုံးများဖြစ်ကြသည်။
ဟောက်ချန်းပင်နှင့် ဟယ်ချောင်းရှန့်တို့ကဲ့သို့ အရှက်နှင့် ဂုဏ်သိက္ခာကို အသက်ပမာ တန်ဖိုးထားသည့်လူများအဖို့ ဖြေမဆည်နိုင်အောင် ဒေါသပေါက်ကွဲသွားကြမည်မှာ မလွဲဧကန်ပင်။