← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

📗 Chapter 222

ယဲ့ရှောင်ရှောင်က ခပ်ပါးပါး ပြုံးသည်။

“သူတို့ရဲ့ ပြဇာတ်ထဲမှာ တွဲဖက်သရုပ်ဆောင်ခိုင်းဖို့ ကျွန်မကို ဖိတ်ခဲ့တာ မဟုတ်ဘူးလား၊ ကျွန်မပြောခဲ့တာတွေ အကုန်လုံးကလည်း အမှန်တရားတွေချည့်ပဲလေ”

ဘေးမှ ပိုင်မုန့်အန်းကလည်း သံယောင်ဝင်လိုက်သည်။

“အမှန်ပဲ! လုပ်တုန်းကလုပ်ရဲပြီး ဝန်တော့မခံရဲကြဘူး! ဟောက်ယန်ယန် အဲ့လောက် ဉာဏ်နီဉာဏ်နက်များလိမ့်မယ်လို့ ထင်မထားဘူး၊ နင့်အဖေနဲ့ အမေကို နောက်ကွယ်မှာ ငွေသွားပေးခဲ့တယ်ဆိုပဲ၊ အဲ့တာ နင်အရင်က လုပ်ခဲ့တာကို အတုခိုးပြီး လုပ်တာ မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်: “…”

ပိုင်မုန့်အန်း “ဒါပေမယ့် နင့်အခြေအနေနဲ့တော့ မတူဘူးလေ၊ ဟောက်မိသားစုဘက်က နင့်ကို အရင်စွန့်ပစ်ခဲ့လို့သာ နင်က အဆက်အသွယ် သွားဖြတ်ခဲ့တာ”

ပိုင်မုန့်အန်း၏ တိုက်ခိုက်မှုများက ရန်သူသာမက မိတ်ဆွေကိုပါ ထိမှန်ပါသည်။ စိတ်ပျော့သူတစ်ယောက်ဆိုလျှင် ထိုစကားကိုကြားပြီး သူငယ်ချင်းသံယောဇဉ်ပါ ပြတ်တောက်သွားနိုင်သည်။

ယဲ့ရှောင်ရှောင်ကမူ စားပွဲပေါ်မှ ဖရုံစေ့လက်တစ်ဆုပ်စာယူလိုက်ပြီး ပိုင်မုန့်အန်း၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။

“နင့် ဖာသာနင် ဖရုံစေ့ခွာစားပြီး ပါးစပ်ပိတ်နေတာ ပိုကောင်းမယ်”

ခန်းမ၏အခြားတစ်ဖက်တွင်မူ ဟောက်ချန်းပင်တစ်ယောက် မျက်စိမျက်နှာပျက်စွာဖြင့် ဟယ်ချောင်းရှန့်ထံသို့ ပြန်လည်ရောက်ရှိလာပါသည်။

ဟယ်ချောင်းရှန့်သည် သူမ မိသားစုဘက်မှ ဆွေမျိုးများကို ဧည့်ခံရင်း အလုပ်များနေသဖြင့် ဟောက်ချန်းပင်က လှမ်းခေါ်နေသည်ကို မြင်သောအခါ မကျေမနပ် လျှောက်သွားခဲ့ရသည်။

“ဘာဖြစ်နေတာလဲ၊ ကျွန်မ မအားတာ မမြင်ဘူးလား”

ဟောက်ချန်းပင်က ဒေါသကို ချုပ်တည်းလျက် မေးလိုက်သည်။

“ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်း ယန်ယန်ကို ငွေတွေပေးပြီး ယဲ့မိသားစုနဲ့ အဆက်အသွယ် သွားဖြတ်ခိုင်းခဲ့တာလား”

ဟယ်ချောင်းရှန့်လည်း သူပြောနေသည့်အကြောင်းအရာများကို လုံးဝနားမလည်ပေ။

“အဲ့လို အခြေအမြစ်မရှိတဲ့ စကားတွေ ရှင်ဘယ်က ကြားလာပြန်တာလဲ၊ ဒါပေမယ့် ယန်ယန်သာ အဲ့လိုတကယ် လုပ်နိုင်စွမ်းရှိရင် ကျွန်မက ပိုတောင်ကျေနပ်ဦးမှာ၊ သူ့ကို ယဲ့မိသားစုနဲ့ မပတ်သတ်စေချင်တော့ဘူး၊ သူ့မှာ မိဘဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲ ရှိရမယ်”

ဟောက်ချန်းပင်သည် ဟယ်ချောင်းရှန့်အား သင်္ကာမကင်းကြည့်ကာ ထပ်မေးလိုက်သည်။

“တကယ် မင်း လက်ချက် မဟုတ်ဘူးလား၊ အဲ့တာဆို ယဲ့ကျန်းကော်နဲ့ မြောင်စွေ့ဖန်းတို့ လင်မယား အခုပေကျင်းကို ရောက်နေတယ်ဆိုတာကော မင်းသိလား”

ဟယ်ချောင်းရှန့်၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်းပျောက်ကွယ်သွားသည်။

“အဲ့တာ ဘာကိုဆိုလိုတာလဲ၊ သူတို့ကို မင်္ဂလာဆောင်ဖိတ်ဖို့ ရှင် ကြံနေတာလား၊ ဒါမှမဟုတ် ကျွန်မနောက်ကွယ်မှာ ဖိတ်တောင်ဖိတ်ပြီးသွားပြီလား”

ဟောက်ချန်းပင်သည် စောစောက ယဲ့ရှောင်ရှောင် ပြောခဲ့သည့် စကားများကို တစ်လုံးမကျန်ပြန်ပြော၍ မဖြစ်မှန်း နားလည်သဖြင့် ဇနီးဖြစ်သူအား သတိသာပေးခဲ့ပါသည်။

“ဘာပဲဖြစ်ဖြစ် ခဏနေရင် ရှောင်ရှောင်ကို‌ မင်း ကောင်း ကောင်းမွန်မွန် ဆက်ဆံနော်၊ ကြားလို့မကောင်းတဲ့ စကားတွေ ကြားရရင်တောင် ဒေါသထွက်မသွားနဲ့”

ဟယ်ချောင်းရှန့် စိတ်မရှည်လက်မရှည် ပြန်ပြောလိုက်သည်။

“ပြီးရော ပြီးရော၊ ကျွန်မ နားလည်တယ်၊ ကျွန်မ အဲ့လောက်မတုံးဘူး၊ ဒီနေ့က ကျွန်မသမီးရဲ့ မင်္ဂလာရက်မြတ်ပဲဥစ္စာ၊ ရှင်သာ ပွဲဖျက်မယ့်လူတွေ ခေါ်မလာဘူးဆိုရင် ကျွန်မဘက်ကလည်း ဘယ်သူနဲ့မှ ရန်ဖြစ်နေစရာအကြောင်း မရှိဘူး”

ဟောက်ချန်းပင် ရင်ထဲတွင် မတင်မကျ ဖြစ်နေသေးသော် လည်း လှည့်ထွက်လာရုံသာ ရှိပါသည်။ သူ့ရင်ထဲမှ သံသယများ ပျောက်ကွယ်မသွားသေးပါ။

ဇနီးဖြစ်သူက ကြိုးကိုင်ခဲ့ခြင်းမဟုတ်လျှင် ယန်ယန်၏ ကိုယ်ပိုင်အကြံအစည်သာ ဖြစ်နိုင်ပေမည်။ သို့သော် ယန်ယန်က အလွန်လိမ္မာယဉ်ကျေးသည့် ကလေးတစ်ယောက်ဖြစ်၍ ထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်နိုင်လိမ့်မည်ဟု ဟောက်ချန်းပင် မယုံကြည်ချင်ပေ။

မင်္ဂလာခန်းမထဲ ပျံ့နှံ့နေသည့် ကောလဟာလစကားသံများကို ဟယ်ချောင်းရှန့် မကြားမိသေးသော်လည်း ကျောက်ဟုံရှားကမူ ကြားခဲ့ရပါသည်။

ကျောက်ဟုံရှား၏ ယောင်းမအကြီးဆုံး (ရှုကျမ့်ဝမ်၏ ဒေါ်လေး)သည် ကျောက်ဟုံရှားအား လူကွယ်ရာသို့ ဆွဲခေါ်ရင်း ပြောလိုက်သည်။

“ကျမ့်ဝမ်အတွက် နင် ရွေးထားတဲ့ ချွေးမက စိတ်ကောချရရဲ့လားဟင်၊ သူ့ မွေးစားမိဘတွေကို မင်္ဂလာပွဲမတက်အောင် ငွေပေးပြီး တားခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ငါ ကြားနေရတယ်နော်၊ နင်လည်း အစကတည်းက ဟောက်မိသားစုမှ ဟောက်မိသားစု ဖြစ်မနေခဲ့သင့်ဘူး၊ ကျမ့်ဝမ်ဘေးမှာလည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ၊ ဘာလို့ သူတို့မိသားစုရဲ့ သမီးကိုမှ မျက်စိကျနေတာလဲ”

ကျောက်ဟုံရှားသည်လည်း ဆွေမျိုးများကို ဧည့်ခံရင်း အလုပ်များနေပါသည်။

သတို့သား၏မိခင်ဖြစ်သည့်အလျောက် တောက်တောက်ပပ အပြုံးတစ်ခုကို ပန်ဆင်ထားပြီး ယောင်းမဖြစ်သူ စကားကို ကြားသည့်အခါမှာပင် ဒေါသမထွက်ခဲ့ပါ။

“အစ်မကလည်း အခုမှ ပြဿနာရှာမနေပါနဲ့တော့ အစော ကြီးကတည်းက ပြောခဲ့ရင် တစ်မျိုးပေါ့၊ အခုက ကလေးနှစ်ယောက်က လက်ထပ်စာချုပ်တောင် ချုပ်ပြီးသွားကြပြီလေ”

ထိုစကားကိုကြားသောအခါ ရှုရှားအနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“ငါက စေတနာနဲ့ သတိပေးတာပါ၊ လူငယ်တွေရဲ့ ပြဿနာက ကိစ္စမရှိပေမယ့် သူတို့ကြောင့် ငါတို့မိသားစု ဂုဏ်သိက္ခာပါ ကျဆင်းမယ့်အဖြစ်မျိုးကိုတော့ လက်မခံနိုင်ဘူး”

ကျောက်ဟုံရှားက မေးသည်။

“မကျပါဘူးရှင်၊ ဘာဂုဏ်သိက္ခာမှ မကျစေရပါဘူး၊ ဒါနဲ့ အဲ့ဒီစကားတွေကို ဘယ်ကကြားခဲ့တာလဲ”

ရှုရှား “ဟောက်ချန်းပင်ကို ရှောင်ရှောင်ကိုယ်တိုင် ပြောခဲ့တာလေ၊ အဲ့တာ အလိမ်အညာဖြစ်မလား”

ရှုရှားသာ စိတ်ရင်းအတိုင်းပြောရမည်ဆိုလျှင် ယန်ယန်ထက် ရှောင်ရှောင့်ကိုသာ ပိုသဘောကျပါသေးသည်။

ထိုကောင်မလေးက အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် အလွန်လည်းလှပသည်။ နောင်တစ်ချိန် သူမ မွေးဖွားပေးမည့် ကလေးများကလည်း ကျိန်းသေပေါက် လှပကြပါလိမ့်မည်။

မူလက ဤပြဿနာကို ကျောက်ဟုံရှား စိတ်ထဲမထားခဲ့သော် လည်း မင်္ဂလာပွဲသို့ ယဲ့ရှောင်ရှောင် တက်ရောက်လာသည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း မျက်နှာပျက်သွားသည်။

“သူက ဘာလာလုပ်တာလဲ၊ တမင်သက်သက် ပွဲလာဖျက်တာတော့ မဟုတ်လောက်ပါဘူးနော်၊ ကျွန်မတို့ မိသားစုဘက်ကတော့ သူ့ကို ကျိန်းသေပေါက် ဖိတ်မထားဘူး”

ထို့နောက် ကျောက်ဟုံရှားသည် ယဲ့ရှောင်ရှောင်အား ချက် ချင်းသွားရင်ဆိုင်ဖို့ ခြေလှမ်းပြင်လိုက်သည်။

သို့သော် ရှုရှားက သူမကို အမြန်လှမ်းဆွဲထားလိုက်ပါသည်။

“နင် ပြဿနာ သွားရှာမလို့လား၊ နင်တို့ဖိတ်ထားတာ မဟုတ်ရင် ဟောက်မိသားစုဘက်က ဖိတ်ထားတာ နေမှာပေါ့၊ ဖိတ်စာမရှိဘဲ ဒီထဲကို ဝင်လို့ရတာမှ မဟုတ်တာ၊ ပြီးတော့ ရှောင်ရှောင်တစ်ယောက်တည်းလာတာ မဟုတ်ဘူး၊ လုမိသားစုက ကောင်လေးလည်း သူနဲ့အတူ ပါလာတယ်၊ နင်အခု ပြဿနာသွားရှာရင် နင်တို့ပဲ မျက်နှာပျက်ရမှာ”

ကျောက်ဟုံရှားက မကျေမနပ်ပြောသည်။

“ဒါပေမယ့် သူ မဟုတ်တဲ့ကောလဟာလတွေ လျှောက်လွှင့်နေတာကို ဒီတိုင်း ကြည့်နေလို့ဖြစ်မလား”

ရှုရှားက ယောင်းမဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်သည်။

“သူပြောနေတာတွေက ကောလဟာလမဟုတ်ဘဲ အမှန်တရား ဖြစ်နေရင်ကော”

သူတို့နှစ်ဦး၏အသံမှာ အနည်းငယ်ကျယ်လောင်လာသဖြင့် ရှုကျမ့်လီတစ်ယောက် နားစွန်နားဖျား ကြားသွားခဲ့သည်။

“အမေနဲ့ ဒေါ်လေးတို့ ဘာတွေဖြစ်နေကြတာလဲ”

ကျောက်ဟုံရှားသည် သားငယ်ဖြစ်သူကို လှည့်ကြည့်ရင်း အကြံရသွားသည်။

“နင်‌ ယဲ့ရှောင်ရှောင်တို့ စားပွဲမှာ သွားထိုင်နေစမ်း၊ သူ့ကို သေချာစောင့်ကြည့်ထား၊ မဟုတ်တဲ့စကားတွေ မပြောစေနဲ့”

ရှုကျမ့်လီ၏မျက်နှာ တောက်ပသွားသည်။

“အစ်မရှောင်ရှောင် ရောက်နေတယ်ပေါ့!”

ကျောက်ဟုံရှားက ခက်ခက်ထန်ထန် သတိပေးလိုက်ပါသည်။

“ဒီနေ့က နင့်အစ်ကိုရဲ့ မင်္ဂလာရက်မြတ်နော်၊ ဘာပြဿနာပဲဖြစ်ဖြစ် သူစိမ်းတစ်ယောက်ဘက်ကနေ ဝင်မပါနဲ့!”

ရှုကျမ့်လီ ချေပသည်။

“အစ်မရှောင်ရှောင်က အဲ့လိုလူမျိုး မဟုတ်ပါဘူး”

ကျောက်ဟုံရှား ငေါက်လိုက်သည်။

“ငါက သွားဆိုရင် သွားလိုက်! အရင်တုန်းကတော့ သူ့ဆီသွားဖို့ တစ်ပိုင်းသေနေတာ မဟုတ်ဘူးလား၊ အခုကျ ဘာလို့ အချိန်ဆွဲနေတာလဲ”

အမေဖြစ်သူက မည်သို့ပင် ကြံစည်နေပါစေ ရှုကျမ့်လီကမူ ယဲ့ရှောင်ရှောင်ကို တွေ့ရတော့မည်ဟူသည့် အတွေးဖြင့် ပျော်ရွှင်သွားပြီး သူတို့၏စားပွဲထံသို့ ပြေးသွားခဲ့ပါသည်။

မင်္ဂလာခန်းမကြီးတစ်ခုလုံးတွင် စားပွဲ အလုံး ၃၀ ကျော်ရှိပြီး အလယ်တည့်တည့်တွင် ကော်ဇောနီကြီးတစ်ချပ်ကို ခင်းထားသဖြင့် စားပွဲများက နှစ်ပိုင်းခြားနေသည်။

ယဲ့ရှောင်ရှောင်ထံသို့ ရှုကျမ့်လီ ထွက်လာစဉ် လမ်းတွင် ရှုကျမ့်ဝမ်၏ သူငယ်ချင်းအချို့နှင့် တိုးခဲ့ရသည်။

“ကျမ့်လီ၊ ဒီနေ့က မင်းအစ်ကိုကြီးရဲ့ မင်္ဂလာဆောင်ပဲ၊ ငါတို့နဲ့ နည်းနည်းပါးပါး လာသောက်စမ်းပါဦး”

လူတစ်ဦးက ရှုကျမ့်လီကို အတင်းလှမ်းဆွဲခေါ်ကာ ပြောလိုက်သည်။

ရှုကျမ့်လီသည် ကျန်းမာရေးအခြေအနေကြောင့် အိမ်တွင် အရက်ကို ထိပင်မထိရပါ။ ထို့ကြောင့် တစ်ဖက်လူ၏ကမ်း လှမ်းချက်ကို မဆိုင်းမတွ ငြင်းဆန်လိုက်သည်။

“မင်္ဂလာဆောင်တာ ငါ့အစ်ကိုလေ၊ ငါမှ မဟုတ်တာ၊ ခဏနေရင် သူနဲ့ပဲ အတူတူ သောက်လိုက်ကြ”

“မင်း အသက်က ဘယ်လောက်တောင်ရှိနေပြီလဲ၊ အခုထိ မသောက်တတ်သေးဘူးလား၊ အဲ့တာဆို ဆေးလိပ်သောက်မလား၊ ယောက်ျားတစ်ယောက်က ဘဝမှာ ဆေးလိပ်တစ်ခါတော့ သောက်ဖူးသင့်တယ်”

မင်္ဂလာပွဲတွင် အဓိက ကျွေးမွေးဧည့်ခံခြင်းများ မစတင်သေးသဖြင့် စားပွဲများတွင် ဝိုင်ပုလင်းများ၊ စီးကရက်များနှင့် သကြားလုံးများသာ ရှိပါသေးသည်။

ထိုလူက ခွက်ထဲမှ စီးကရက်တစ်လိပ်ကို ဆွဲယူကာ ရှုကျမ့်လီအား ပေးလိုက်သည်။

“ငါ ဆေးလိပ်မသောက်တတ်ဘူး”

ထိုလူ့ကို ရှုကျမ့်လီ အလွန်အာရုံနောက်နေပါပြီ။

သို့သော် ဟွမ်ကျစ်ဟူသော ထိုလူသည် သူ့အစ်ကို၏ ငယ်သူငယ်ချင်းဖြစ်ကာ မိသားစုများကလည်း အတော်လေး ရင်းနှီးသဖြင့် ရှုကျမ့်လီ ဆဲမလွှတ်သေးခြင်းဖြစ်သည်။

ရှုကျမ့်လီတစ်ယောက် စိတ်ရှုပ်ထွေးနေသည်ကို မြင်သော အခါ တန့်ရွှယ်ဖုန်းက ပြုံးလျက် ဟွမ်ကျစ်အား လှည့်ပြောလိုက်သည်။

“မင်း ပြန်မလာတာကြာလို့ အပြင်မှာတစ်ယောက်တည်း ငြီးငွေ့နေတာ ငါနားလည်ပါတယ်ကွာ၊ ဒါပေမယ့် ကလေးတစ်ယောက်ကိုတော့ အနိုင်မကျင့်စမ်းပါနဲ့၊ ခဏနေမှ သတို့သားနဲ့ သွားသောက်ကြမယ်”

ထိုအခါမှ ဟွမ်ကျစ်သည် ရှုကျမ့်လီကို လွှတ်ပေးလိုက်ပြီး စီးကရက်ကို ကိုယ်တိုင်မီးညှိကာ တစ်ရှိုက်ဖွာလိုက်သည်။

သူမှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့များကြောင့် ရှုကျမ့်လီ အသက်ရှူကျပ်သွားပြီး အနောက်သို့ ဆုတ်လိုက်မိပါသည်။

“မင်း အစ်ကိုနဲ့ အရင်က စေ့စပ်ဖူးတဲ့ ကောင်မလေးက နတ်သမီးလေးလိုပဲနော်၊ ငါမြင်သလောက်တော့ ဒီနေ့ သတို့ သမီးက အဲ့ဒီကောင်မလေးမဟုတ်ဘူးလား၊ သတို့သမီးက ပိုလှနေသင့်တာကိုကွာ…”

ဟွမ်ကျစ်သည် အလုပ်တာဝန်ဖြင့် မြို့ပြင်သို့ရောက်ရှိနေ သည်မှာ ၂ နှစ်ပင် ကြာပြီဖြစ်၍ စစ်တပ်ဝင်းတွင် ဖြစ်ပျက်ခဲ့သည့် ပြဿနာများကို မသိခဲ့ပေ။ ထို့ကြောင့် ဤကဲ့သို့ အဆင်အခြင်မဲ့စွာ ပြောဆိုနေခြင်း ဖြစ်ပါသည်။

ရှုကျမ့်လီ ဘာမှပြန်မပြောသည်ကိုမြင်ပြီး ဟွမ်ကျစ် ဆက်ပြောလိုက်သည်။

“မင်းအစ်ကိုကတော့ ဝိုင်းဝိုင်းလည်နေတာပဲနော်၊ ဒါပေမယ့်လည်း သူမကြိုက်တဲ့လူ တစ်ယောက်တလေရှိရင် သူ့ညီ အစ်ကိုတွေနဲ့ မိတ်ဆက်ပေးသင့်တာ‌ပေါ့၊ တစ်ယောက်တည်း အကုန်မောင်ပိုင်စီးထားတာမျိုးတော့ မဖြစ်သင့်ပါဘူး”

ရှုကျမ့်လီ၏မျက်နှာ တဖြည်းဖြည်း အေးစက်လာသည်။ ဟွမ်ကျစ်က စနောက်ကျီစယ်နေခြင်းဆိုလျှင်ပင် သူ၏ စကား လုံးများက အလွန်ရိုင်းစိုင်းလွန်းပါသည်။

တန့်ရွှယ်ဖုန်းလည်း မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်သည်။

“ဟွမ်ကျစ်၊ မင်း သောက်တောင် မသောက်ရသေးဘဲ မူးနေပြီလား”

ဟွမ်ကျစ်က ရယ်မောလိုက်သည်။

“မမူးပါဘူးကွာ၊ အဲ့ဒီကောင်မလေးကို မျက်လုံးထဲက မထုတ်နိုင်ဘူးဖြစ်နေတာ၊ ကျမ့်ဝမ်က သူ့ကို ဂရုမစိုက်တော့ဘူးဆိုတော့ ငါ နည်းနည်းလောက် ကစားကြည့်…”

“အရှက်မရှိတဲ့ ခွေးမသား!”

ဟွမ်ကျစ်၏စကားမဆုံးမီမှာပင် ရှုကျမ့်လီသည် သူ့မျက်နှာတည့်တည့်သို့ အားအပြည့်ဖြင့် ထိုးနှက်ပစ်လိုက်ပါသည်။

မကြာသေးမီကမှ လူကြီးလူကောင်းပုံစံဖမ်းနေသော ဟွမ်ကျစ်မှာ အနောက်သို့ ယိမ်းယိုင်သွားပြီး မျက်နှာကို လက်ဖြင့် နာနာကျင်ကျင် အုပ်လျက် အော်ဆဲလိုက်သည်။

“မအေဘေး! မင်း ငါ့ကို ထိုးတယ်ပေါ့!”

All Chapters