← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

📗 Chapter 223

ရှုကျမ့်လီနှင့် ဟွမ်ကျစ်တို့နှစ်ဦး နေရာမှာပင် စတင် လုံးထွေးသတ်ပုတ်ကြတော့သည်။ မည်သည့်ဘက်ကမှ အလျှော့ပေးမည့်ပုံလည်း မပေါ်ပေ။

ရန်ပွဲကို ဝင်တားဖို့ ကြိုးစားနေသူများမှအပ မင်္ဂလာပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များမှာ ထိုအဖြစ်ကို အံ့အားသင့်စွာ ရပ်ကြည့်နေမိကြပါသည်။

ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်နေသော ထိုရန်ပွဲမှာ မင်္ဂလာခန်းမတစ်ခုလုံး၌ မျက်စိကျစရာအကောင်းဆုံး မြင်ကွင်းဖြစ်သွားခဲ့လေတော့သည်။

ယဲ့ရှောင်ရှောင်ပင် ဆူညံသံများဘက်သို့ လှည့်ကြည့်လိုက်မိသည်။

“ဘယ်သူတွေ ရန်ဖြစ်နေတာလဲ”

သူတစ်ပါး၏ မင်္ဂလာဆောင်၌ ရန်လာဖြစ်ပြီး မိသားစုပေါင်းများစွာကို စော်စော်ကားကားပြုရဲခြင်းမှာ ဦးနှောက်မဲ့သူတစ်ဦး၏ လုပ်ရပ်သာဖြစ်နိုင်သည်။

ဟွမ်ကျစ်သည် ရှုကျမ့်လီကို အပေါ်စီးမှ ဖိချုပ်ထားပြီး လည်ပင်းကိုလည်း ညှစ်ထားသည်။

“မင်း ရူးနေလား! မင်း အစ်ကိုတောင် ငါ့ကို ရန်လာမစရဲဘူးကွ!”

ရှုကျမ့်လီကလည်း မကြောက်မရွံ့ စူးစူးဝါးဝါး ပြန်စိုက်ကြည့်နေပြီး သူ့အသက်ရှူသံများ မြန်ဆန်လာကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။

အမှန်တွင်မူ လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ဟွမ်ကျစ်တစ်ယောက် ပေကျင်းမြို့မှ ထွက်ခွာခဲ့ရခြင်းမှာ အလုပ်တာ ဝန်ကြောင့်မဟုတ်ဘဲ ရန်ဖြစ်၍ ပြဿနာတက်ပြီး အရေးယူခံရမည့်ဘေးမှ တိမ်းရှောင်နေခဲ့ရခြင်းသာ ဖြစ်ပါသည်။

ယခုချိန်ထိ သူ့လုပ်ရပ်များကိုသူ နောင်တမရသေးဘဲ ရိုင်းစိုင်းနေဆဲဖြစ်လိမ့်မည်ဟု အပေါင်းအသင်းများကပင် ထင်မထားခဲ့ကြပါ။

တန့်ရွှယ်ဖုန်းနှင့် အခြားသော သူငယ်ချင်းများက ရန်ပွဲကို အမြန်ဝင်တားကြသည်။

တန့်ရွှယ်ဖုန်းက ဟွမ်ကျစ်၏လက်ကို ရှုကျမ့်လီ ကိုယ်ပေါ်မှ ဆွဲခွာကာ သတိပေးလိုက်သည်။

“ဒီမှာ စိတ်ရူးလာမဖောက်နဲ့ကွ! မင်း ရောက်နေတာ ဘယ်နေရာထင်လို့လဲ!”

ယနေ့ လူကြီးသူမများစွာ ရောက်ျရှိနေသဖြင့် စစ်တပ်ဝင်းမှ ကလေးများမှာ အရှိန်အဝါရှိကြသည်ဆိုသော်ငြား ထိုလူကြီး သူမများ၏ ရှေ့တွင်တော့ မဆင်မခြင်မပြုမူရဲကြပါ။

ဟွမ်ကျစ်လည်း အနည်းငယ် စိတ်လျှော့လိုက်သည်။

သူသည် အစကတည်းက ပြဿနာအကြီးအကျယ်ရှာဖို့ အစီအစဉ်မရှိခဲ့ဘဲ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့်သာ လက်တုံ့ ပြန်မိခဲ့ခြင်းဖြစ်သည်။

ရှုကျမ့်လီကို သူပြန်လွှတ်ပေးလိုက်သော်လည်း ရှုကျမ့်လီမှာ အသက်ဝဝမရှူနိုင်တော့သည့် ပုံစံမျိုး ပေါက်နေလေသည်။

ဟွမ်ကျစ်မျက်နှာ ဖြူဖပ်သွားသည်။

တန့်ရွှယ်ဖုန်းလည်း ကြောက်လန့်တကြား အော်မေးလိုက်ပါသည်။

“ကျမ့်လီ! ကျမ့်လီ! မင်း ဆေးယူလာလား”

“လခွီးပဲ၊ သူ့ကို ဆေးရုံအမြန်ပို့ကြရအောင်!”

ရပ်ကျပ်ရောဂါပြင်းပြင်းထန်ထန် ခံစားနေရသည့် လူနာတစ်ယောက်ကို လက်လွတ်စပါယ် လှုပ်ရှားလိုက်၍ မရပေ။

ယခုဆိုလျှင် ထိုပြဿနာကို ခန်းမထဲရှိ လူအားလုံး သတိပြုမိသွားကြပြီဖြစ်ရာ ကျောက်ဟုံရှားလည်း အသည်းအသန် ပြေးလွှားလာခဲ့ပါသည်။

“ကျမ့်လီ! သား ဘာဖြစ်တာလဲ!”

ကျောက်ဟုံရှားသည် ပုံမှန်ဆိုလျှင် ရှုကျမ့်လီကို သွားလေရာ ရှူဆေးဘူး ယူဆောင်သွားဖို့ မှာကြားတတ်သော်လည်း ယနေ့မနက်က မင်္ဂလာကိစ္စများကြောင့် အလုပ်များနေခဲ့သဖြင့် သတိပေးဖို့ မေ့လျော့သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ ရောက်ရှိလာသောအခါ ဗြောင်းဆန်နေသည့် မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။ ဝိုင်းကြည့်နေသည့် ဧည့်သည်တော်များက များပြားလွန်းသဖြင့် အထဲသို့ တိုးဝင်ဖို့ပင် အလွန်ခက်ခဲနေပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ အဝတ်အစားများကို စမ်းကြည့်လိုက်သည်။ ယနေ့တွင် မင်္ဂလာပွဲတက်ရန် လှလှပပသာ ဝတ်ဆင်လာခဲ့ခြင်းကြောင့် မည်သည့် ဆေးပစ္စည်းကိုမှ ယူဆောင်မလာခဲ့မိပါ။

သို့သော် မင်္ဂလာပွဲပြီးလျှင် ဟိုက်ဟဲဥယျာဉ်သို့ သွားရောက်ရဦးမည်ဖြစ်၍ သူမ၏ဆေးသေတ္တာငယ်လေးကိုတော့ လုဟန်ချွမ် ကားပေါ်တွင် ထားခဲ့ပါသည်။

ယဲ့ရှောင်ရှောင် အော်ပြောလိုက်သည်။

“မဆိုင်တဲ့လူတွေ ဘေးဖယ်ပေးကြ! လူတွေအများကြီး ဝိုင်းအုံနေရင် လေဝင်လေထွက်မရှိဘဲ လူနာ အသက်ရှူပိုကျပ်သွားလိမ့်မယ်”

လက်ရှိတွင် အ‌ခြေအနေကို မည်သူကမှ ဦးဆောင်ခြင်းမရှိသဖြင့် ယဲ့ရှောင်ရှောင်၏စကားကို ကြားသောအခါ အားလုံး အလိုက်တသင့် နောက်ဆုတ်ပေးလိုက်ကြပါသည်။

ရှုကျမ့်လီ၏ ဘေးတွင် ရှုကျမ့်ဝမ် ဆွေမျိုးများအပြင် ရန်ပွဲကိုစတင်ခဲ့သည့် ဟွမ်ကျစ်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ ကြက်သေသေနေပါသည်။

ယဲ့ရှောင်ရှောင် လျှောက်လာသည်ကိုမြင်ပြီး ဟွမ်ကျစ်က လှမ်းငေါက်သည်။

“မင်းက ဘယ်သူ…”

သူ့စကားမဆုံးမီမှာပင် အင်္ကျီကော်လံမှ ဆွဲမ,ခြင်းခံလိုက်ရကာ ဘေးဘက်သို့ ကိုင်ပေါက်လွှင့်ပစ်ခံလိုက်ရပါသည်။

လုဟန်ချွမ် အေးစက်စွာ သတိပေးလိုက်သည်။

“ပြဿနာ လာမရှာနဲ့”

ဟွမ်ကျစ်တစ်ယောက် ဆဲဆိုတုံ့ပြန်ဖို့ ပြင်လိုက်သော်လည်း တစ်ဖက်လူမှာ လုဟန်ချွမ်ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ပါးစပ်ပိတ်သွားခဲ့သည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ကောင်လေးဖြစ်မှန်းပင် သူ မသိသေးပါ။ မဟုတ်ပါက ယခုလောက်ဆို ဒူးထောက်တောင်းပန်နေရလောက်ပါပြီ။

ဘေးလူများ ရှင်းလင်းသွားသည်နှင့် ရှုကျမ့်လီ၏ဘေးနားတွင် ယဲ့ရှောင်ရှောင် ဒူးထောက်ထိုင်ချလိုက်သည်။

ယခုလောလောဆယ် သူမနှင့်အတူ အပ်များ ယူဆောင်လာခြင်းမရှိသဖြင့် ရှုကျမ့်လီ၏ အကြောမှတ်များကို လက်ဖြင့်သာ အားပါပါ ဖိထားလိုက်ရပါသည်။

မကြာမီ ရှုကျမ့်လီ၏အသက်ရှူသံများ တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီး မျက်လုံးများလည်း ပြန်ပွင့်လာခဲ့သည်။

ယဲ့ရှောင်ရှောင် လုဟန်ချွမ်အားလှည့်ပြောလိုက်သည်။

“ကားပေါ်မှာ ကျွန်မ ဆေးသေတ္တာသွားယူပေးပါဦး”

လုဟန်ချွမ် ခေါင်းညိတ်ကာ လှည့်ထွက်သွားလေသည်။

ဟွမ်ကျစ်တစ်ယောက် ရီဝေနေဆဲဖြစ်ပြီး စောစောက ရောက်ရှိလာသည့် ကောင်မလေးမှာ ယဲ့ရှောင်ရှောင်ဖြစ်မှန်း ယခုမှ သတိထားမိသွားခဲ့ပါသည်။

၂ နှစ်ကျော်ကြာအောင် မတွေ့ခဲ့ရခြင်းကြောင့်သာ မသိသော် လည်း သူမ ယခင်ကထက်ပင် ပိုလှလာသည်ဟု ခံစားမိ သည်။ ငယ်စဉ်ကလေးဘဝကထက် ဆွဲဆောင်မှုများစွာပိုရှိလာပါသည်။

သို့သော် သူမနှင့် လုဟန်ချွမ်တို့၏စကားပြောဆိုဆက်ဆံပုံများကို ကြည့်ရင်း ဟွမ်ကျစ် အလွန်မှင်သက်သွားရသည်။

တန့်ရွှယ်ဖုန်းက ဟွမ်ကျစ်အား ဘေးမှစောင်းကြည့်ကာ ပြောလိုက်သည်။

“မင်းတော့ ပွဲသိမ်းပြီ”

ရှုကျမ့်လီ မျက်လုံးများ ပြန်ပွင့်လာသည်ကိုမြင်ပြီး ကျောက်ဟုံရှားက အသည်းအသန် လှုပ်ခေါ်လိုက်ပါသည်။

“သား! အဆင်ပြေရဲ့လား”

ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

“လူနာကို အရမ်းမလှုပ်ပါနဲ့”

ကျောက်ဟုံရှား: “…”

သူမ ပြန်ငေါက်ချင်မိသော်လည်း ယခုလိုအချိန်မျိုးတွင် မငေါက်ရဲခဲ့ပေ။

ရှုကျမ့်လီ သတိပြန်လည်လာပြီဖြစ်သော်လည်း တစ်ကိုယ်လုံး အင်အားချည့်နဲ့နေခဲ့သည်။

“အစ်မရှောင်ရှောင်…”

“စကားမပြောနဲ့ဦး၊ ခဏနားလိုက်”

လုဟန်ချွမ် ဆေးသေတ္တာယူပြီး ပြန်ရောက်လာသည့်အခါ ယဲ့ရှောင်ရှောင်သည် အပ်စိုက်ကုသမှုကို စတင်ခဲ့ပါသည်။ ရှုကျမ့်လီ စိတ်ချရသည့်အခြေအနေကို ရောက်ရှိသည်နှင့် သူမ အကြံပြုလိုက်သည်။

“သူ့ကို ဆေးရုံခေါ်သွားတာ အကောင်းဆုံးပဲ”

ကျောက်ဟုံရှားနှင့် ခင်ပွန်းဖြစ်သူတို့ကတော့ မင်္ဂလာပွဲမှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။ ထို့အပြင် ရှုမိသားစု၏ အဘိုးအဘွားများလည်း ရောက်ရှိမလာကြသေးပါ။

မြေးဖြစ်သူ ယခုလိုဖြစ်ပျက်နေသည်ကို အဘိုးအဘွားများသာ မြင်သွားကြလျှင် ဆေးရုံသို့ ချက်ချင်းလိုက်ပို့ပေးကြမည်မှာ သေချာသည်။

ရှုရှားက သူမ သားဖြစ်သူကိုသာ တာဝန်ပေးလိုက်ပါသည်။

“ကျမ့်လီကို ဆေးရုံလိုက်ပို့ပေးလိုက်”

ရှုကျမ့်လီ၏သားက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ကားသွားပြင်ခဲ့သည်။ အခြားဝမ်းကွဲအစ်ကိုတစ်ဦးကလည်း ရှုကျမ့်လီကို တွဲကာ အောက်ထပ်သို့ ခေါ်သွားပေးလိုက်ပါသည်။

ဆေးရုံသွားဖို့ ယဲ့ရှောင်ရှောင် အကြံပြုရခြင်းမှာ အဓိကအား ဖြင့် တစ်ဖက်မိသားစုများ စိတ်ချရစေဖို့အတွက်သာ ဖြစ်ပါသည်။

သူမ၏ အပ်စိုက်ကုသမှုတစ်ခုတည်းနှင့်ပင် ရှုကျမ့်လီ ဘေးကင်းလုံခြုံသွားပြီ ဖြစ်သော်လည်း ရှုမိသားစုက သူမ၏ ဆေးပညာစွမ်းရည်ကို အယုံအကြည် ရှိမည်မထင်ပါ။

နောက်နောင် ပြဿနာတစ်စုံတရာတက်လာခဲ့လျှင် သူမကို အပြစ်ပုံချမှာ စိုးရိမ်ရပါသည်။

ရှုကျမ့်လီ ထွက်ခွာသွားသော်လည်း ဤဖြစ်ရပ်ကြောင့် မကြာသေးမီက ဟောက်မိသားစုအကြောင်း အတင်းပြောနေကြသည့် လူအုပ်ကြီးမှာ ရန်ပွဲအကြောင်းကို ပြောင်းလဲပြောဆိုကြတော့သည်။

ယဲ့ရှောင်ရှောင်လည်း ဤမင်္ဂလာပွဲတွင် ဆက်နေချင်စိတ်မရှိတော့ပေ။

မပြန်မီ သူမနှင့်ပတ်သက်နေသည့် ကောလဟာလများကိုလည်း ကြားခဲ့ရသည်။ ရှုကျမ့်လီ ရန်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဟွမ်ကျစ်ဟူသည့်လူက သူမအကြောင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေခြင်းကြောင့်ဖြစ်သည်ဟု ကြားသိခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်ကမူ ဒေါသပင် မထွက်ချေ။

‘ဟွမ်ကျစ်ဆိုတာ ဘယ်သူကြီးလဲ’

လုဟန်ချွမ်သည် စောစောက သူကိုင်ပေါက်ခဲ့သည့်နေရာသို့ လှည့်ကြည့်လိုက်သော်လည်း ဟွမ်ကျစ်ကို မတွေ့ရတော့ပေ။

‘ဒီ‌ကောင် သက်သာသွားတယ်’

ဟွမ်ကျစ်သည် ယခင်ကလည်း ပြဿနာကြီးကြီးမားမားတက်ကာ ပေကျင်းမြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။

သူ၏မိသားစုက ငွေကြေး၊ အာဏာသုံး၍ ပြဿနာကို ဖြေရှင်းပေးခဲ့သဖြင့် ယခုချိန်ထိ ရမ်းကားပြီး သောင်းကျန်းနေဆဲဖြစ်ရာ ယခင်အကြွေးဟောင်းများကို ပြန်လည်ရှင်းလင်းရမည့်အချိန် ရောက်ပြီထင်ပါသည်။

လုဟန်ချွမ်သည် မင်္ဂလာခန်းမ အပြင်ဘက်သို့ ရောက်သည့်တိုင်အောင် စကားတစ်ခွန်းမှ မဆိုခဲ့သော်လည်း ဟွမ်ကျစ်ကိုမူ သူ့စိတ်ထဲ မြဲမြဲ မှတ်သားထားလိုက်ပြီဖြစ်သည်။

ယဲ့ရှောင်ရှောင် ပြန်တော့မည်ဖြစ်ကြောင်း သိရသောအခါ ပိုင်မုန့်အန်းလည်း အတူတူမတ်တပ်ရပ်လိုက်ပါသည်။

ယနေ့ ယဲ့ရှောင်ရှောင် ရောက်လာခြင်းကြောင့်သာမဟုတ်လျှင် သူမလည်း လက်ဖွဲ့ပေးပြီး ချက်ချင်း ပြန်သွားခဲ့မည် ဖြစ်သည်။

“ဟူး… ရှုံးလိုက်တာဟေ့၊ အစောကြီးကတည်းက ကြိုသိခဲ့ရင် ငါ့အမေကိုပဲ လွှတ်လိုက်ပါတယ်”

ပိုင်မုန့်အန်းသည် မင်္ဂလာပွဲသို့ မတက်ရောက်ချင်ခဲ့သော် လည်း မစားမသောက်ရဘဲ ပြန်ရသည်ကိုတော့ အရှုံးကြီး ရှုံးသည်ဟု ခံစားမိပါသည်။

“ရှောင်ရှောင် နင် အခု ဘယ်သွားမှာလဲ”

ယဲ့ရှောင်ရှောင်: “ဟိုက်ဟဲဥယျာဉ်ကို သွားရမှာ၊ အဲ့မှာ ငါ့ဆရာကြီးရှိလို့”

ဟိုက်ဟဲဥယျာဉ်ဟူသည်မှာ အလွန်ကျယ်ဝန်းလှသော အိမ်ရာကြီးတစ်ခုဖြစ်သည်။

ထိုနေရသည် သာမန်ကားများအား ပေးမဝင်ဘဲ ၂ မိနစ်ထက် ပိုရပ်ထားလျှင်ပင် ချက်ချင်းမောင်းထုတ်ခြင်းခံရသည့် ထိပ်တန်းအိမ်ရာကြီးဖြစ်မှန်း ပိုင်မုန့်အန်း မသိခဲ့ပေ။

ပိုင်မုန့်အန်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး သူငယ်ချင်းဖြစ်သူအား နှုတ်သာဆက်နိုင်တော့သည်။

“ဟုတ်ပါပြီ၊ အဲ့တာဆိုလည်း ဂရုတစိုက် သွားကြဦး”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

ကားထဲရောက်သောအခါ လုဟန်ချွမ် မေးမြန်းလိုက်ပါသည်။

“သတို့သားနဲ့ သတို့သမီးတို့ ရောက်လာတဲ့အချိန်ထိ စောင့်ပြီးမှ ပြန်မယ်ထင်ထားတာ”

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်နားသို့ ကပ်ကာ မျက်တောင်တဖျပ်ဖျပ် ခတ်လျက် မေးလိုက်သည်။

“ကျွန်မ စောစောပြန်တာ မကောင်းဘူးလား၊ သတို့သားကို မြင်ချင်စိတ်မှမရှိတာ”

စောစောက ပြဿနာများကြောင့် ထွက်ခွာသွားကြသည့် အခြားဧည့်သည်များလည်း အလွန်များပြားပါသည်။

ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ ရောက်ရှိလာသောအခါ သူတို့၏ မင်္ဂလာဧည့်ခံပွဲကြီးမှာ ထင်မှတ်ထားသလောက် မစည် ကားတော့သည်ကို တွေ့မြင်ကြရလိမ့်မည်။

လုဟန်ချွမ် ပြုံးသွားသည်။

“ဟိုက်ဟဲဥယျာဉ်ကို သွားမလို့ ဟုတ်လား”

“ဟုတ်တယ်၊ ကျွန်မဆရာကြီးရဲ့ လူနာတစ်ယောက်က အဲ့မှာရှိတာ၊ အဲ့တာကြောင့် ဆေးသေတ္တာ ယူလာခဲ့တာလေ”

လုဟန်ချွမ်လည်း သဘောပေါက်နားလည်သွားပြီး ဆက်မမေးတော့ဘဲ ထိုနေရာသို့ လိုက်ပို့ပေးခဲ့တော့သည်။

ထိုအိမ်ရာမှာ လုံခြုံရေးအလွန်တင်းကျပ်သဖြင့် ကြိုတင်စာရင်းသွင်းထားခြင်းမရှိသည့် ကားများကို ဝင်ခွင့်ပင် မပေး ချေ။ လုဟန်ချွမ်၏ကားက မည်မျှပင် တန်ဖိုးကြီးမားနေပါ စေ ဂရုမစိုက်ကြပါ။

ထို့ကြောင့် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ဝင်ပေါက်တွင်သာ ချပေးခဲ့ပြီး ယဲ့ရှောင်ရှောင်ကမူ လုံခြုံရေးကတ်ကို အသုံးပြုလိုက်သည်။

တာဝန်ကျသည့် လုံခြုံရေးအစောင့်က ယဲ့ရှောင်ရှောင်၏ ID အား အတည်ပြုရန်အတွက် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းပြီးမှသာ ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အား လက်လှမ်းပြကာနှုတ် ဆက်လိုက်သည်။ သန်ဘက်ခါကျလျှင် နှစ်ဖက်မိသားစုတွေ့ဆုံ၍ ညစာအတူတူ စားကြမည်ဟု သူတို့ သဘောတူထားကြပါသည်။

အိမ်ရာထဲသို့ ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင်သည် ဗိုလ်ချုပ်ကျန်းခိုင်ယွမ်ထံသို့ တန်းတန်းမတ်မတ် သွားရောက်ကာ အပ်စိုက်ကုသမှုကို စတင်ခဲ့သည်။

ယခင်က သိသာထင်ရှားသည့် တိုးတက်မှုကို မြင်ရဖို့ ၃ လခန့်ကြာနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါတွင်မူ ၁ လပင် မပြည့်သေးချိန်တွင် ကျန်းခိုင်ယွမ်၏ခြေထောက်များ အနည်းငယ် ပြန်လည်လှုပ်ရှားလာခဲ့ပါပြီ။

All Chapters