← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

📗 Chapter 224

ကျန်းခိုင်ယွမ်ကို ပြုစုစောင့်ရှောက်ရသည့် အစောင့်တပ်သားများမှာ အလွန်တရာမှ အံ့အားသင့်ခဲ့ကြရသည်။

“ဒါဝမ်းသာစရာပဲ!”

ယခုဆိုလျှင် ထိုတပ်သားများသည် ယဲ့ရှောင်ရှောင်နှင့် စုန့်ကွမ်းကျင့်တို့ ဆရာတပည့်နှစ်ဦးအပေါ် မည်သည့် သံသယမှ မရှိတော့ဘဲ အလွန်လေးလေးစားစား ဆက်ဆံနေကြပါပြီ။

ကျန်းခိုင်ယွမ်၏ ဝေဒနာကို သက်သာအောင် ကုသပေးနိုင်ခဲ့ခြင်းကြောင့် သူတို့သည် ကျန်းခိုင်ယွမ်ထက်ပင် ပို၍ ပျော်ရွှင်နေကြပါသေးသည်။

ယဲ့ရှောင်ရှောင်က စုန့်ကွမ်းကျင့်အား လှည့်ပြောလိုက်သည်။

“ဆရာကြီး သန်ဘက်ခါ အားလားဟင်၊ လုဟန်ချွမ်နဲ့ သမီးတို့ နှစ်ဖက်မိဘတွေတွေ့ပြီး ညစာအတူတူစားဖို့ စီစဉ်ထားလို့လေ၊ အဲ့တာ ဆရာကြီးပါ လိုက်ခဲ့ပါလား”

ယဲ့ရှောင်ရှောင် အသိအမှတ်ပြုသည့် လူကြီးသူမဟူ၍ လူနည်းစုသာ ရှိပြီး စုန့်ကွမ်းကျင့်ကလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ စုန့်ကွမ်းကျင့်သည် သူမကို ပညာသင်ကြားပေးသည့်အပြင် သမီးအရင်းတစ်ယောက်ပမာ ပြုစုစောင့်ရှောက်ပေးခဲ့ပါသည်။

စုန့်ကွမ်းကျင့်က မျက်ခုံးပင့်လျက် မေးသည်။

“ဪ၊ နင်တို့ လက်ထပ်ကြတော့မှာလား”

ယဲ့ရှောင်ရှောင် မျက်နှာအုပ်လျက် ရှင်းပြလိုက်ပါသည်။

“မဟုတ်ပါဘူး ဆရာကြီးရယ်၊ သမီးအဖေနဲ့ အမေ ပေကျင်းကို ရောက်လက်စနဲ့ နှစ်ဖက်မိဘတွေကို တွေ့ပေးလိုက်ဖို့ စီစဉ်လိုက်ရတာပါ”

စုန့်ကွမ်းကျင့် ပြုံးသွားသည်။

“ဟုတ်ပါပြီ၊ နင့်ဆရာက ဘယ်အချိန်ဖြစ်ဖြစ် အားတယ်”

ယဲ့ရှောင်ရှောင် အိမ်သို့ ပြန်ရောက်ပြီး မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကိုပါ ထိုအကြောင်း အသိပေးလိုက်သောအခါ သူတို့နှစ်ဦး ချက်ချင်း စိုးရိမ်တုန်လှုပ်သွားကြလေသည်။

“ရှောင်ရှောင်၊ ဟိုရောက်ရင် အမေတို့ ဘာပြောရမှန်းမသိ ဖြစ်နေမှာစိုးတယ်…”

ယဲ့ရှောင်ရှောင်က နှစ်သိမ့်ပေးလိုက်သည်။

“ဒီတိုင်း ညစာအတူတူသွားစားတာပါ အမေရဲ့၊ ဘာမှထွေထွေထူးထူး ပြောစရာမလိုဘူး၊ ရွာမှာတုန်းကအတိုင်းပဲ သဘာဝကျကျနေပါ”

မြောင်စွေ့ဖန်းက လက်မခံပေ။

“အဲ့လိုလုပ်လို့ဖြစ်မလား၊ တစ်ဖက်မိသားစုရှေ့မှ သမီးကို အရှက်ကွဲအောင်လုပ်လို့ မဖြစ်ဘူးလေ၊ လာခဲ့ အဘိုးကြီးယဲ့၊ အဝတ်အစား သွားရွေးကြရအောင်”

မြောင်စွေ့ဖန်းမှာ အမှန်တကယ် စိတ်ဖိစီးနေရှာသည်။ ယခင်က အဝတ်အစားလှလှပပ ဝတ်ဆင်ဖို့ စိတ်ဝင်စားသူ မဟုတ်သော်လည်း ယခုအခါတွင်မူ အဝတ်အစားကို သေသေချာချာ ရွေးချယ်ခဲ့ပါသည်။

ကံကောင်းစွာဖြင့် ကုန်တိုက်တွင် ဈေးဝယ်ထွက်စဉ်က သူမတို့ကို ယဲ့ရှောင်ရှောင် အဝတ်အစား အသစ်စက်စက်များ ဝယ်ယူပေးထားသဖြင့် သူမတို့ ပျာယာမခတ်ခဲ့ရပေ။

ယဲ့ကျန်းကော်လည်း စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် ဇနီးဖြစ်သူနောက်သို့ လိုက်သွားခဲ့ရပါသည်။

တစ်ဖက်တွင်လည်း ပေကျင်းဂရန်းဟိုတယ်၌ မင်္ဂလာပွဲကြီး အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

မင်္ဂလာပွဲမစတင်မီ ဖြစ်ပျက်ခဲ့သည့် ရန်ပွဲကြောင့် ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ ခန်းမထဲသို့ ခမ်းခမ်းနားနား ဝင်ရောက်လာချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ်ထူးခြားနေသည်ကို သတိပြုမိခဲ့သည်။

ဟောက်ယန်ယန်သည် ကိုယ်ပိုင်ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသော အဖြူရောင် သတို့သမီးဝတ်စုံလေးကို ဆင်မြန်းထားကာ ဤခေတ်ကာလတွင် တွေ့မြင်နေကျ အနီတောက်တောက် အဝတ်အစားများနှင့် လွန်စွာ ခြားနားနေပါသည်။

သို့သော် သတို့သားနှင့် သတို့သမီးတို့ မည်မျှပင် ကျော့ရှင်းလှပနေကြပါစေ၊ ဧည့်သည်တော်များတွင် ထိုအလှတရားကို ခံစားနိုင်မည့် စိတ်မျိုး မရှိကြတော့ချေ။

အဘိုးအဘွားများက အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ မလိုအပ်ဘဲ အားအင်မကုန်ဆုံးစေဖို့ အဘိုးရှုနှင့် အဘွားရှုတို့သည် မင်္ဂလာအခမ်းအနား စတင်သည့်အချိန်ကျမှ ရောက်ရှိလာခဲ့ကြပါသည်။

အဘွားရှုမှာ မင်္ဂလာပွဲသို့ ရောက်ရှိလာသည်နှင့် ရှုကျမ့်လီကို စတင် ရှာဖွေလေသည်။ ရှုမိသားစုကလည်း အမှန်အတိုင်း မပြောရဲဘဲ လုပ်ကြံဇာတ်လမ်းသာ ထွင်ခဲ့ကြရပါသည်။

ရှုရှားက အဘွားရှုအား ရှင်းပြလိုက်သည်။

“ကျမ့်လီက သူ့ဝမ်းကွဲညီအစ်ကိုတွေနဲ့ သွားပျော်ပါးကြတယ်လေ၊ သူလည်း ဒီမှာ နေ့တစ်ဝက်လောက် လာကူညီပေးခဲ့ရတာဆိုတော့ ငြီးငွေ့နေလောက်ပြီပေါ့၊ ပြီးတော့ ကလေးတွေက မဖြစ်မနေ ရှိနေစရာလည်း မလိုပါဘူး”

ထိုအခါမှသာ အဘွားရှုက လက်ခံသွားပြီး ဆက်မမေးတော့ချေ။

သို့သော် ကော်ဇောနီပေါ်သို့ ဟောက်ယန်ယန် လျှောက်လှမ်းလာသည့်အခါတွင်မူ အဘွားရှု မျက်မှောင်ကြုတ်သွားခဲ့ရသေးသည်။

“ဒီကလေးက ဘာလို့ အဖြူရောင်တွေဝတ်ထားတာလဲ၊ မင်္ဂလာရှိတဲ့ပုံစံလည်း မပေါက်ဘူး”

ရှုရှားကမူ အရေးမကြီးသလို သဘောထားကာ ပြောလိုက်သည်။

“ခုခေတ်လူငယ်တွေက အဲ့လိုပုံစံမျိုးကို သဘောကျကြတယ်လေ၊ မင်္ဂလာသတို့သမီးဝတ်စုံလို့ ပြောတာပဲ”

အဘွားရှုသည် အနည်းငယ် ဘဝင်မကျဖြစ်နေသေးသော်လည်း ဘာမှ ဆက်မပြောခဲ့တော့ပေ။

မင်္ဂလာအခမ်းအနား အစီအစဉ်အဝဝ ပြီးဆုံးသွားသည့် အခါတွင်တော့ ဇနီးမောင်နှံတို့ ဧည့်သည်တော်များအား သွားရောက်ဧည့်ခံရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပါသည်။

ဟောက်ယန်ယန်သည် အခမ်းအနားတစ်ခုလုံးကို ဝေ့ကြည့်လိုက်သော်လည်း ယဲ့ရှောင်ရှောင်ကို မတွေ့မိသဖြင့် သူမ ရောက်မလာခဲ့ခြင်းဖြစ်မည်ဟုသာ ထင်မှတ်လိုက်ပါသည်။

ဟယ်ချောင်းရှန့်အား သူမ တီးတိုး မေးမြန်းလိုက်သည်။

“အမေ၊ ရှောင်ရှောင်မလာဘူးလား”

ဟယ်ချောင်းရှန့်က ပြုံးလျက် ပြန်ဖြေသည်။

“လာသားပဲ၊ နင့်အဖေနဲ့တောင် စကားပြောခဲ့သေးတယ်”

ဟောက်ယန်ယန် အနည်းငယ် စိတ်အေးသွားသည်။

ယဲ့ရှောင်ရှောင်နှင့် မျက်နှာချင်းဆိုင် စကားမပြောခဲ့ရသော်ငြား သူမ ရောက်ရှိလာခဲ့ခြင်းကြောင့် ဘေးလူများ၏ အမြင်တွင်တော့ သူမတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားကြပြီဟု ထင်သွားနိုင်ပေသည်။

ဟယ်ချောင်းရှန့်သည် စောစောက ရန်ပွဲအကြောင်း ကြားခဲ့ရသော်လည်း အသေးစိတ်အကြောင်းအရာများကိုတော့ မသိရှိခဲ့ပေ။

ရှုမိသားစုဘက်မှ လူမှုရေးညံ့ဖျင်းပြီး စရိုက်ဆန်သည်ဟုသာ သူမ တွေးမိပါသည်။ ထိုပြဿနာကို အလျင်အမြန် မဖြေရှင်းနိုင်ခဲ့ပါက မင်္ဂလာပွဲပင် ပျက်သွားနိုင်လောက်သည်။

ဟယ်ချောင်းရှန့်က မေးသည်။

“ယဲ့မိသားစုကို နင်ပိုက်ဆံတွေသွားပေးတယ်လို့ နင့်အဖေ ပြောတယ်၊ တကယ် အဲ့လိုလုပ်ခဲ့တာလား”

ဟောက်ယန်ယန်၏ မျက်နှာ ချက်ချင်းဆိုသလိုပင် ဖြူရော်သွားတော့သည်။ ထိုကိစ္စကို ယဲ့ရှောင်ရှောင် အမှန်တကယ် ဖော်ထုတ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

‘ဒါဆို တခြားကိစ္စတွေကော… ယဲ့ရှောင်ရှောင်က အားလုံး သိထားတာလား’

ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့သည် အပြင်တွင် အတင်းအဖျင်း လိုက်လံပြောဆိုကြမည့်လူများ မဟုတ်ကြောင်း ဟောက်ယန်ယန် ယုံကြည်သော်လည်း ယဲ့ချန်းနင်ကမူ ခြားနားသည်။

ထိုအခါက သူရုတ်တရက်ပေါ်လာခဲ့ခြင်းကြောင့် ဟောက်ယန်ယန် အလွန်အံ့အားသင့်ခဲ့ရသည်။ ယခုကဲ့သို့ ဖြစ်လာရခြင်းမှာလည်း သူ့ကြောင့်သာဖြစ်မည်ဟု သူမ တွေးမိပါသည်။

ဟောက်ယန်ယန် ပျာယာခတ်သွားသည်ကိုမြင်သောအခါ ဟယ်ချောင်းရှန့် ဖိအား ဆက်မပေးတော့ပေ။

“ကဲပါ အိမ်ပြန်ရောက်မှ အဲ့အကြောင်း ဆက်ပြောကြမယ်၊ အခုတော့ လူကြီးတွေကို သွားဧည့်ခံလိုက်ဦး”

ဟောက်ယန်ယန်သည် ဟောက်မိသားစုနှင့် ကျောက်မိသားစုတို့မှ ဆွေမျိုးများကို များများစားစား မတွေ့ဖူးသဖြင့် ဟယ်ချောင်းရှန့်ကသာ ဦးဆောင်လျက် မိတ်ဆက်ပေးခဲ့ရပါသည်။

“ဒါက ယန်ယန်ပေါ့ဟုတ်လား၊ ရှင့်သမီးအရင်းကို ပြန်ရလိုက်ပြီဆိုတော့ မိသားစုအတွက် ဝမ်းသာစရာပဲပေါ့၊ ကလေးကိုတော့ သေသေချာချာ ဆုံးမရမယ်နော်၊ ကျေးဇူးမသိတတ်တဲ့ လုပ်ရပ်မျိုးတွေ လုံးဝ မလုပ်ခိုင်းနဲ့”

ဟယ်ချောင်းရှန့်၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။

“ယောက်မ၊ ကိုယ့်သားသမီးအတွက်ပဲကိုယ် တွေးပူစမ်းပါ၊ ရှင့်အိမ်က ကျင်းရွှမ်နဲ့ ကျင်းဟုံတို့ကကော ဘယ်လောက် သိတတ်လိမ္မာနေလို့လဲ”

ယောက်မဖြစ်သူမှာ ချက်ချင်း ခံပြင်းသွားကာ ပြန်ပြောလိုက်သည်။

“ဟင်း၊ ကျွန်မအိမ်က ကလေးတွေက သိပ်မသိတတ်ပေမယ့် အကျင့်စာရိတ္တတော့ ကောင်းကြတယ်၊ မွေးစားမိဘတွေ ရှိနေမှန်းသိလျက်နဲ့ မင်္ဂလာပွဲကို မဖိတ်တဲ့လုပ်ရပ်မျိုး လုံးဝ လုပ်မှာမဟုတ်ဘူး”

ယောက်မဖြစ်သူ၏ အတောမသတ်နိုင်သော စကားသံများအကြား ဟောက်ယန်ယန်၏ မျက်နှာပေါ်မှ အပြုံးမှာ လုံးဝ ပျောက်ကွယ်သွားရတော့သည်။

ထိုနေရာသို့ ရှုကျမ့်ဝမ် ရောက်ရှိလာသည့်အခါမှသာ ထိုအမျိုးသမီး ပါးစပ်ပိတ်သွားလေသည်။

ကျောက်ဟုံရှား၏ အစ်ကိုအကြီးဆုံးက မိမိ၏ ဇနီးဖြစ်သူအား ဟန်ဆောင်ပန်ဆောင် အနည်းငယ် ဆူငေါက်လိုက်သော်လည်း သူ့လေသံတွင် စိတ်သိပ်မပါလှချေ။

ဟယ်ချောင်းရှန့် အလွန်မကျေမနပ်ဖြစ်သွားပြီး အခမ်းအနားပြီးဆုံးသည့်တိုင်အောင် မျက်လုံးများ ပြူးကျယ်နေခဲ့ပါသည်။ ထိုမိသားစုထဲမှ လူတိုင်းက မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်ကြသူများဖြစ်မှန်း သိသာလှသည်။

သားငယ်ဖြစ်သူအတွက် အလွန်စိတ်ပူနေရသဖြင့် မင်္ဂလာအခမ်းအနားတစ်ခုလုံးတွင် ကျောက်ဟုံရှားတစ်ယောက် စိတ်နှင့်လူနှင့်မကပ်ဖြစ်နေခဲ့ရသည်။

ရှုကျမ့်ဝမ်လည်း ဟွမ်ကျစ်နဲ့ ရှုကျမ့်လီတို့ ရန်ဖြစ်ခဲ့ကြပြီး ညီဖြစ်သူအား ဆေးရုံပို့လိုက်ရသည်ဟူသည့်အကြောင်းကို မကြာသေးခင်ကမှ ကြားသိခဲ့ရသဖြင့် မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ သိသိသာသာ ထင်ပေါ်နေခဲ့ပါသည်။

ထိုကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် ဟောက်ယန်ယန်၏ အပြုံးမှာလည်း တောင့်တင်းခြောက်သွေ့နေခဲ့ရသည်။

ဓာတ်ပုံဆရာရောက်ရှိလာ၍ မိသားစုဓာတ်ပုံ ရိုက်ရာတွင် အားလုံးကို ပြုံးထားဖို့ ပြောသော်ငြား ထွက်လာသည့် ဓာတ်ပုံများက စိတ်ကျေနပ်စရာ မကောင်းလှပေ။

မသိလျှင် ဇနီးမောင်နှံများက လက်ထပ်ချင်စိတ်မရှိကြဘဲ မိဘများကလည်း သဘောမတူသည့်ပုံစံမျိုးပင် ပေါက်နေပါသည်။

မင်္ဂလာပွဲအဆုံးသတ်သည်အထိ အောင့်အီးသည်းခံပြီးသည့်နောက်တွင် ကျောက်ဟုံရှားနှင့် ရှုကောချန့်တို့ လင်မယားနှစ်ယောက် ဆေးရုံသို့ အမြန်ပြေးကြရပါသည်။

ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့ကမူ ဧည့်သည်များကို နှုတ်ဆက်ဖို့ နေခဲ့ရသော်လည်း စိတ်နှင့်လူနှင့် မကပ်ကြတော့ပေ။

ဟောက်ယန်ယန်က တိုးညှင်းစွာ မေးလိုက်သည်။

“ကျမ့်လီ အဆင်ပြေရဲ့လားဟင်”

ရှုကျမ့်ဝမ်: “ပြေပါတယ်၊ သူက ရင်ကျပ်ရောဂါအခံရှိတယ်၊ အခုလည်း ဟွမ်ကျစ်နဲ့ ရန်ဖြစ်ပြီး စိတ်ခံစားချက် ပြင်းထန်သွားလို့ ရောဂါပြန်ထလာတာ၊ ရှောင်ရှောင်ရှိနေလို့ ကံကောင်းသွားတယ်၊ အမေဆို ဘာလုပ်ရဘာကိုင်မှန်း မသိဘဲ ပျာယာခတ်နေမှာ”

ဟောက်ယန်ယန် နှုတ်ခမ်းကိုက်ကာ မေးလိုက်သည်။

“ရှောင်ရှောင်က ဘာလို့အစောကြီး ပြန်သွားတာလဲ မသိဘူနော်၊ ကျွန်မတို့ကို ဂုဏ်ပြုဆုတောင်းစကား မပြောချင်လို့လား မသိဘူး”

ရှုကျမ့်ဝမ်ကမူ တဲ့တိုးပင် ပြောလိုက်သည်။

“မင်္ဂလာဆောင်မှာ ဒီလို ပြဿနာတွေတက်လို့ ပြန်သွားတဲ့လူတွေ အများကြီးပဲလေ၊ ပြီးတော့ ရှောင်ရှောင်က ဆေးသေတ္တာပါ ယူလာတာဆိုတော့ တခြားတာဝန်တွေ ရှိသေးလို့နေမှာပေါ့”

ဟောက်ယန်ယန်တစ်ယောက် နှုတ်ခမ်းများစည်းတင်းသွားပြီး ဟန်ဆောင်အပြုံးသာ ပြုံးလိုက်ပါသည်။

သူမ မည်သို့ရှင်းပြရမည်ကို ကြိုတင်စဉ်းစားထားသော်လည်း ရှုကျမ့်ဝမ်ကမူ ယနေ့ကောလဟာလများနှင့် ပတ်သက်၍ မည်သည့်မေးခွန်းကိုမှ မမေးမြန်းခဲ့ပေ။

ဟောက်ယန်ယန်သည် အရာရာကို ပြတ်ပြတ်သားသား ဖြေရှင်းဖို့ ရည်ရွယ်ထားသော်လည်း မည်သူကမှ လာမမေးကြသဖြင့် လျှို့ဝှက်ချက်များကို ဆက်လက်ဖုံးကွယ်ထားရုံသာ ရှိတော့သည်။

ထိုခံစားချက်မှာ မည်သည့်အချိန်တွင် ထပေါက်မည်မှန်းမသိနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးအား ကိုင်ဆောင်ထားရသလိုပင်။

ဟိုတယ်ဝင်ပေါက်တွင် တန့်ရွှယ်ဖုန်းက ရှုကျမ့်ဝမ်အား နှုတ်ဆက်လိုက်သည်။

“ကျမ့်ဝမ်၊ ဒီနေ့ဖြစ်ခဲ့တဲ့ ပြဿနာအတွက် ငါတောင်းပန်ပါတယ်၊ ဟွမ်ကျစ်က ပေါက်ကရတွေပြောနေလို့ ကျမ့်လီ ဒေါသထွက်သွားပြီး အခုလိုဖြစ်ရတာ”

တန့်ရွှယ်ဖုန်းသည် ခြေရှုပ်တတ်သူဖြစ်သော်ငြား အခြားသော လူယုတ်မာများနှင့် နှိုင်းယှဉ်လျှင်မူ စဉ်းစားဆင်ခြင်ဉာဏ် အနည်းငယ်ပိုရှိသည်ဟု ဆိုနိုင်ပါသည်။

ရှုကျမ့်ဝမ်က တိုးညှင်းစွာ မေးသည်။

“ဟွမ်ကျစ် အခုဘယ်မှာလဲ”

တန့်ရွှယ်ဖုန်း: “သူဒီမှာ ဆက်နေရဲပါဦးမလား၊ မနက်ဖြန်ကျမှ မင်းတို့အိမ်ကို လာတောင်းပန်ရင် လာတောင်းပန်မှာပေါ့”

သို့သော်လည်း ရှုကျမ့်ဝမ်သည် ဟွမ်ကျစ်၏ တောင်းပန်စကားကို လွယ်လွယ်နှင့် လက်ခံနိုင်မည် မဟုတ်ပေ။

ဧည့်သည်များအားလုံးကို နှုတ်ဆက်ပြီးသည့်နောက်တွင် ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ ကားပေါ်တက်ကာ အိမ်သို့ ပြန်လာခဲ့ကြပါသည်။

အိမ်သို့ ပြန်ရောက်သောအခါ ပျော်ရွှင်ကြည်နူးဖို့ပင် အားအင်များ မရှိကြတော့ဘဲ အလွန်ခြေကုန်လက်ပန်းကျနေကြသဖြင့် ကုတင်ပေါ် လှဲလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားခဲ့ကြတော့သည်။

နောက်တစ်နေ့တွင် ရှုကျမ့်လီထံသို့ သူတို့နှစ်ယောက် သွားရောက်ကြည့်ရှုခဲ့ကြသည်။

မနေ့က ရှုကျမ့်လီ ဆေးရုံသို့ ရောက်ရှိသွားချိန်တွင် အကောင်းပကတိ ပြန်ဖြစ်နေပြီဖြစ်၍ ဆရာဝန်များက ပန်းနာရင်ကျပ်ဆေးအချို့ကိုသာ ညွှန်းပေးခဲ့ပြီး အိမ်ပြန်နားဖို့ အကြံပြုခဲ့ပါသည်။

All Chapters