← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

📗 Chapter 226

“ရှောင်ရှောင့်အတွက်တော့ စိတ်မပူပါနဲ့ ညီမမြောင်၊ သူ့ကို ကျွန်မတို့ သမီးလေးအရင်းလို စောင့်ရှောက်ပေးမှာပါ၊ ကျွန်မလည်း အရင်တုန်းက သမီးမိန်းကလေးတွေကို အရမ်းချစ်တာ၊ သမီးလေးတွေက အရမ်း ချစ်ဖို့ ကောင်းတယ်လေ”

ယွင်ချန်းရှို့က လှိုက်လှိုက်လှဲလှဲ အာမခံလိုက်ပါသည်။

“ကျွန်မ စိတ်ချပြီးသားပါရှင်”

လုမိသားစုနှင့် အမှန်တကယ် တွေ့ဆုံလိုက်ရသောအခါ မြောင်စွေ့ဖန်း၏ စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။

လုမိသားစုသည် ရှောင်ရှောင့်အပေါ် အလွန်ကောင်းမွန်ကြပါသည်။ ထို့အပြင် လုမိသားစုဝင်များအားလုံးက အကျင့်စာရိတ္တကောင်းမွန်ကြသူများဖြစ်၍ ရှောင်ရှောင် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ပူပန်စရာမလိုအပ်‌ပေ။

ယဲ့ချန်းရှို့က ဂရုတစိုက် မေးလိုက်သည်။

“ညီမမြောင် ကျန်းမာရေး ကောင်းသွားပြီလား၊ လိုအပ်တာရှိရင် ကျွန်မတို့ကို ပြောနော်၊ ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ကျွန်မတို့အသိတွေရှိတယ်၊ စီစဉ်စရာရှိတာ စီစဉ်ခိုင်းဖို့ လွယ်ပါတယ်”

မြောင်စွေ့ဖန်း “အခု လေ့ကျင့်ခန်းကို နေ့တိုင်း ပုံမှန်လုပ်နေလို့ ကျန်းမာရေးပြန်ကောင်းနေပါပြီ”

“ဝမ်းသာစရာပဲပေါ့ရှင်”

လုရှင်းကျိုးနှင့် ယဲ့ကျန်းကော်တို့ကမူ စစ်ဘက်ဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့ကြသည်။

တာဝန်ထမ်းဆောင်နေရင်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ကျန်းကော်တစ်ယောက် ယခုချိန်တွင် စစ်တပ်ထဲမှာသာ ရှိနေဦးမည်ဖြစ်ကြောင်း လုရှင်းကျိုး သိခဲ့ရသည်။

စုန့်ကွမ်းကျင့်သည် လုရှင်းကျိုးနှင့် အဘိုးလုတို့ဘေးတွင် ထိုင်နေပြီး သူတို့ အဘိုးကြီးနှစ်ဦးလည်း စကားလက်ဆုံ ကျနေကြပါသည်။

တစ်ဖက်တွင် အဘွားလုက ယဲ့ရှောင်ရှောင်အား မေးမြန်းလေသည်။

“ရှောင်ရှောင်၊ အိမ်ကို ဘာလို့ လာမလည်တာလဲ”

“ဆရာကြီးနဲ့ သမီးတို့ လူနာတစ်ယောက်ကို ကုသပေးနေတာလေ၊ ပိတ်ရက်တွေမှာတောင် မအားဘူး အဘွားရဲ့”

ယဲ့ရှောင်ရှောင် အနည်းငယ် ပိန်သွားသည်ဟုပင် အဘွားလု ခံစားရသည်။

“အဘွားတို့ဆီ လာလည်ပြီး အိမ်ကအဒေါ်ကြီးကို အရသာရှိတာတွေ ချက်ကျွေးခိုင်းနော်”

စုန့်ကွမ်းကျင့်က မခံချင်စိတ်ဖြင့် စိတ်ထဲမှတွေးလိုက်သည်။

‘ကျုပ်တို့အိမ်က အဒေါ်ရှုကလည်း အချက်အပြုတ်ကောင်းပါတယ်!’

ယဲ့ရှောင်ရှောင် ကတိပြုလိုက်ပါသည်။

“သမီးအားတာနဲ့ ကျိန်းသေလာခဲ့ပါ့မယ်”

ထိုအခါမှသာ အဘွားလု ကျေနပ်သွားတော့သည်။

မိသားစုနှစ်စုလုံးအတွက် ရိုးရိုးရှင်းရှင်း တွေ့ဆုံပွဲလေးတစ်ခုသာ ဖြစ်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က ပညာသင်ကြားနေဆဲဖြစ်မှန်း သိသဖြင့် လုရှင်းကျိုးတို့လင်မယားက လက်ထပ်ဖို့ကိစ္စကိုတွန်းအားမပေး ခဲ့ကြပေ။

မြေးချီချင်နေကြပြီ ဖြစ်သော်ငြား ဤကဲ့သို့ကိစ္စမျိုးကို လုဟန်ချွမ်ကိုယ်တိုင် ဆုံးဖြတ်ခြင်းက ပိုအဆင်ပြေလိမ့်မည်ဟု သူတို့ ယူဆထားကြသည်။

သားသမီးအပေါ် လုမိသားစု၏ ဆုံးမသင်ကြားမှုများမှာ လွန်စွာခေတ်မီပြီး လွတ်လပ်မှု ရှိပေသည်။

ယခင်က လူပျိုပေါက်အရွယ် ဂျစ်ကန်ကန်နိုင်သော လုဟန်ချွမ်အား စစ်တပ်ထဲသို့ အတင်းအကျပ် ထည့်သွင်းခဲ့ခြင်းမှအပ လုရှင်းကျိုးသည် အခြားသော ကိစ္စများတွင် ဝင်စွက်ဖက်ခြင်း မရှိသလောက် ရှားပါသည်။

စားသောက်ပြီးနောက် လုရှင်းကျိုးသည် လုမိသားစုဝင်များကို ကားဖြင့် ပြန်ခေါ်သွားခဲ့ပြီး လုဟန်ချွမ်ကိုမူ ရှောင်ရှောင်တို့ မိသားစုအား ပြန်လိုက်ပို့ပေးဖို့ ပြောခဲ့သည်။

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ကားသော့ကို ယူရင်း မေးလိုက်ပါသည်။

“ရှောင်ရှောင့်ကားနဲ့ ကိုယ်လိုက်ပို့ပေးမယ်၊ ခဏနေ ကျောင်းကိုပြန်ရဦးမှာမလား”

ယဲ့ရှောင်ရှောင်လည်း အမှန်တကယ် ကျောင်းသို့ ပြန်ဖို့လိုအပ်ပါသည်။ မိဘနှစ်ပါး၏ အိမ်တွင် ညအိပ်၍ ရနိုင်သော်ငြား နောက်တစ်နေ့မနက် အတန်းသွားတက်ဖို့ အစောကြီး ထရလိမ့်မည်။

“ရှင့်ကားကိုကော ဘယ်လိုလုပ်မလဲ”

“ထားခဲ့လိုက်ပါ၊ ခဏနေရင် အိမ်က တစ်ယောက်ယောက် လာယူသွားလိမ့်မယ်”

လုဟန်ချွမ်သည် ကားဘီးများ အခိုးခံရမည်ကိုပင် စိတ်ပူပုံမရဘဲ အေးအေးလူလူ‌ ပြောလိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် လုမိသားစု၏ကားနှင့် စုန့်ကွမ်းကျင့်တို့၏ကား ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးမှ မိဘနှစ်ပါးကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။

မြောင်စွေ့ဖန်းက သမီးဖြစ်သူအား ပြောလိုက်သည်။

“ဒီနေ့ည အမေတို့ဆီမှာပဲ အိပ်ပါလား”

ယဲ့ရှောင်ရှောင် “မအိပ်တော့ဘူး အဖေနဲ့ အမေ၊ မနက်ဖြန် အစောကြီးမထရအောင် ကျောင်းကိုပဲ ပြန်လိုက်မယ်”

မြောင်စွေ့ဖန်းလည်း ကလေးနှစ်ယောက်ကို ဂရုတစိုက် သွားကြဖို့သာ မှာကြားရင်း နှုတ်ဆက်ခဲ့ရတော့သည်။

လုဟန်ချွမ် ယနေ့ အရက်သောက်မထားသော်လည်း ပျော်ရွှင်မူဖြင့် ယစ်မူးနေပုံရသည်။

ယနေ့ နှစ်ဖက်မိဘများ တွေ့ဆုံပြီးနောက် သူနှင့် ရှောင်ရှောင်တို့၏ ဆက်ဆံရေးမှာ အလွန်ကြီးမားသည့် အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည်ဟု ခံစားရသဖြင့် အလွန်ပျော်ရွှင်နေရပါသည်။

တက္ကသိုလ်အနီးရှိ တိုက်ခန်းအတွင်းသို့ ရောက်သည်နှင့် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နမ်းရှိုက်လေတော့သည်။

ယဲ့ရှောင်ရှောင်ကလည်း မတွန်းလှန်ခဲ့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်ကာ အထိအတွေ့အား ခံစားခဲ့သည်။

“ရှင် အရက်လည်း မသောက်ထားဘဲ မူးနေသလိုပဲနော်’

နှုတ်ခမ်းချင်း ပြန်ခွာပြီးနောက် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အား ရီဝေနေသော မျက်ဝန်းများဖြင့် ကြည့်ကာ မေးလိုက်သည်။

လုဟန်ချွမ်က တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။

“ဒီတိုင်း အရမ်းပျော်နေလို့ပါ”

ယဲ့ရှောင်ရှောင်က အနားထပ်ကပ်လာပြီး ခြေဖျားထောက်ကာ သူ့လည်ပင်းကို သိုင်းဖက်လျက် မေးလိုက်သည်။

“အဲ့တာဆို ဒီ့ထက်ပိုပျော်စရာကောင်းတာတစ်ခုခု လုပ်ချင်လား”

လုဟန်ချွမ်သည် သူမ၏ ခါးလေးကို ဆုပ်ကိုင်ပြီး အနောက်သို့ တွန်းခွာလိုက်ပါသည်။ သူ့မျက်ဝန်းများထဲ စိတ်ရိုင်းအချို့ ထင်ဟပ်နေပြီး လေးပင်နေသော အသံဖြင့် ပြောလိုက်သည်။

“စိန်လာမခေါ်နဲ့နော်”

ယဲ့ရှောင်ရှောင်အား လွှတ်ပေးပြီးနောက် လုဟန်ချွမ်တစ်ယောက် ရေမိုးချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားတော့သည်။

ယဲ့ရှောင်ရှောင်မှာ အလွန်ရှက်သွေးဖြာသွားပြီး မျက်နှာကို လက်ဖြင့်အုပ်လျက် တစ်ယောက်တည်း ကျန်ခဲ့လေတော့ သည်။

‘ဟူး… ကျောင်းမပြီးခင် ကြိုလက်ထပ်ထားလိုက်တာ ပိုကောင်းမလား’

ထိုအတွေးပေါ်လာသည်နှင့် ယဲ့ရှောင်ရှောင်သည် လက်နှစ်ဖက်ကို မျက်နှာပေါ်မှပြန်ခွာကာ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကိုယူလျက် ဖတ်ရှုနေလိုက်တော့သည်။

မိနစ် ၂၀ ကြာ၍ လုဟန်ချွမ် ပြန်ထွက်လာချိန်တွင် ယဲ့ရှောင်ရှောင်တစ်ယောက် လောကီအာရုံများကင်းဝေးလျက် စာပေပညာထဲတွင်သာ ဈာန်ဝင်နေလေတော့သည်။

ဤတိုက်ခန်း၌ နှစ်ဦးစလုံး၏ အဝတ်အစားအပိုများ ထားရှိတတ်သဖြင့် လုဟန်ချွမ် အဝတ်အစားလဲပြီးနောက် ယဲ့ရှောင်ရှောင်ဘေးတွင် ဝင်ထိုင်လိုက်ပါသည်။

“နေ့တိုင်း စာအုပ်တွေဖတ်နေရတာ မပင်ပန်းဘူးလား”

ယဲ့ရှောင်ရှောင် “ကျွန်မလို ပညာရေးအားသန်တဲ့ ကျောင်းသူတစ်ယောက်က မပင်ပန်းတတ်ဘူး”

လုဟန်ချွမ်: “…”

ပညာရေးနှင့် ပတ်သက်လာလျှင် သူ့တွင် ပြောရေးဆိုခွင့်မရှိပေ။

သူတို့၏ တိုက်ခန်းလေးမှာ အလွန်နွေးထွေးနေဆဲဖြစ်သည်။ သူတို့နှစ်ဦး အတူတူပူးကပ်လျက် ခေတ္တ အချိန်ဖြုန်းခဲ့ကြပြီး မိုးချုပ်ခါနီးတွင် ဟော့ပေါ့ထွက်စားကာ အိမ်ပြန်လာခဲ့ကြပါသည်။

လုဟန်ချွမ်က မပြန်မီ အသိပေးလိုက်သည်။

“နှစ်သစ်ကူးမှ ကိုယ် ခွင့်ထပ်ရတော့မှာ၊ အဲ့တာတောင် စစ်ဆင်ရေးတာဝန်တွေ မရှိဦးမှ”

ယဲ့ရှောင်ရှောင် “ဒီနှစ် နှစ်သစ်ကူးမှာ အဖေနဲ့ အမေကို ပိုင်ချွမ်ရွာဆီ ပြန်လိုက်ပို့ပေးမလို့၊ တတိယအစ်ကိုလည်း ကျွန်မနဲ့အတူ ပြန်လိမ့်မယ်ထင်တယ်၊ ဒီနှစ်တော့ ဘာရထားလက် မှတ်မှ ဝယ်စရာမလိုဘူး၊ ကျွန်မ ကားနဲ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီ”

လုဟန်ချွမ်ကမူ လက်မခံချင်ပေ။

“ခရီးကဝေးတယ်လေ၊ တစ်ယောက်တည်းမောင်းရင် ပင်ပန်းမှာပေါ့”

ယဲ့ရှောင်ရှောင် “တတိယအစ်ကိုနဲ့ ကျွန်မနဲ့ တစ်လှည့်စီမောင်းမှာပါ”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ မျက်နှာလေးကို အသာအယာ ပွတ်သပ်ကာ ပြောလိုက်သည်။

“သွားမယ့်နေ့ကျ ကိုယ်လာနှုတ်ဆက်မယ်နော်”

ယဲ့ရှောင်ရှောင်လည်း အားတက်သရော ခေါင်းညိတ်ပြလိုက်ပါသည်။

နှစ်သစ်ကူးဖို့ နီးကပ်လာသည်နှင့်အမျှ ယဲ့ရှောင်ရှောင် အရေးကြီးကိစ္စတစ်ခုကို သတိရသွားခဲ့သည်။

သူမ ပိုင်ချွမ်ရွာသို့ ပြန်သွားလျှင် ဗိုလ်ချုပ်ကျန်းခိုင်ယွမ်အား အပ်စိုက်ကုသပေးမည့်ကိစ္စကို မည်သို့ စီစဉ်ရမည်နည်း။

ထို့ကြောင့် စုန့်ကွမ်းကျင့်အား သူမ မေးမြန်းခဲ့ပါသည်။

“ကိစ္စမရှိပါဘူး၊ အပ်စိုက်ကုသတာကို ခဏလောက် ရပ်နားထားပြီး နေ့စဉ် ဆေးရည်စိမ်တာလောက်ပဲ လုပ်ခိုင်းလိုက်မယ်၊ နင်ပြန်လာမှ နောက်တစ်ဆင့် စကြတာပေါ့”

ထိုစကားကြားခါမှ ယဲ့ရှောင်ရှောင် စိတ်အေးသွားပါသည်။ သူမ အမှန်တကယ် ပြန်ဖို့ မဖြစ်နိုင်လျှင် ပေကျင်း၌သာ နေခဲ့ရလိမ့်မည်။

“သမီး ၁၀ ရက်ပဲ သွားမှာပါ၊ အမြန်ဆုံး ပြန်လာခဲ့မယ်နော်”

ခရီးက ဝေးလွန်းခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်အား သူမ၏ ဇာတိမြေသို့ လိုက်ခဲ့ဖို့ ဖိတ်ကြားမိမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ခရီးလမ်းမှာ အလွန်ဝေးကွာသည့်အပြင် ပိုင်ချွမ်ရွာတွင် ရာသီဥတုကလည်း အလွန်အေးသဖြင့် ပေကျင်းလောက် သက်တောင့်သက်သာ ရှိနိုင်မည် မဟုတ်ပါ။

လာမည့် နွေရာသီတွင်တော့ ဆရာကြီးအား ရအောင် ဖိတ်ကြားမည်ဟု ယဲ့ရှောင်ရှောင် ဆုံးဖြတ်ချက် ချခဲ့ပါသည်။

ကျောင်းတွင် စာမေးပွဲများ ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင် အပြည့်အဝ အနားယူနိုင်ခဲ့ပါပြီ။

နောက်ဆုံစားမေးပွဲနေ့၌ ယဲ့ရှောင်ရှောင်တို့ အဆောင်အခန်းဖော်များအားလုံး အစဉ်အလာမပျက် အပြင်တွင် တစ်ခုခု သွားစားဖို့ လူစုကြသည်။

ဟယ်ကျင်းက လီမိန့်ရူအား မေးမြန်းလိုက်ပါသည်။

“နင် အိမ်မပြန်သေးဘူးလား”

လီမိန့်ရူ “ငါ့မှာ ပြန်စရာ အိမ်မှ မရှိတော့တာ၊ အခုလောလော ဆယ် ငါ့အိမ်ထောင်စုစာရင်း မှတ်တမ်းတွေ ဘယ်တော့ထုတ်လို့ရမလဲ စဉ်းစားနေတာ”

ဟယ်ကျင်းက အကြံပြုသည်။

“အဲ့တာဆို နင်ကြိုးစားမှဖြစ်မယ်၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းဖို့ဆိုရင် ပေကျင်းမှာ အလုပ်အကိုင်ရှိမှ ဖြစ်မှာ”

လီမိန့်ရူ “ပေကျင်းမဟုတ်လည်း ရပါတယ်၊ အဲ့ဒီအိမ်ကို ပြန်မယ့်အစား အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းခွင့်ပေးတဲ့ တခြားနေရာတစ်ခုခုမှာ အလုပ်ရအောင်ပဲ ကြိုးစားမယ်”

ထန်ရှို့ရှို့ “နင့်အကြံက ကောင်းပါတယ်၊ လက်တွေ့ဆန်တယ်၊ တကယ်လည်း ဖြစ်လာနိုင်တယ်”

“နင်တို့ ထုပ်ပိုးပြီးကြပြီလား၊ သွားကြမယ်လေ”

ယဲ့ရှောင်ရှောင်သည် သူမ၏ ကျောပိုးအိတ်ကို ပြင်ဆင်ပြီးပြီဖြစ်ကာ သွားဖို့အချိန်ကျပြီဖြစ်ကြောင်း သူငယ်ချင်းများအား အသိပေးလိုက်ပါသည်။

ယခုတစ်ခါတွင်မူ ကောင်လေးများကို ခေါ်မလာဘဲ မိန်းက လေးများသာ အတူတူ သွားစားကြမည်ဖြစ်သည်။

“ပြီးသွားပြီ! သွားကြစို့!”

သူမက နောက်ဆုံးမဟုတ်မှန်း သက်သေပြဖို့ ရှားလီ အပြင်သို့ အရင်ဆုံးပြေးထွက်သွားပါသည်။

ဝမ်ကျောင်းကမူ မှန်ကြည့်၍ပင် မပြီးသေးသဖြင့် လှမ်းအော်လိုက်သည်။

“ငါ့ကို မထားခဲ့နဲ့လေ! ခဏစောင့်ကြပါဦးဟဲ့!”

ဟယ်ကျင်းက ဝမ်ကျောင်းအား လှည့်မေးလိုက်သည်။

“နင်စာမေးပွဲဖြေနိုင်လား၊ အောင်တော့ အောင်နိုင်တယ်မလား”

ဝမ်ကျောင်းက ညည်းတွားသည်။

“ဘာလို့အဲ့တာတွေလာမေးနေတာလဲ၊ စာမေးပွဲက ပြီးတောင် ပြီးသွားပြီကို…”

ဝမ်ကျောင်းသည် ခုတလော စာသိပ်မလုပ်ဖြစ်ခဲ့သော်လည်း အခြေခံပိုင်နိုင်သဖြင့် အောက်ဆုံးထိတော့ ချက်ချင်းထိုးကျသွားမည်မဟုတ်ချေ။

သာမန်စာမေးပွဲများကိုတော့ ကျိန်းသေ အောင်မြင်နိုင်ပါသည်။

သူမတို့အဖွဲ့ အခန်းပြင်ရောက်သောအခါ ဟယ်ကျင်းက သော့ထုတ်လျက် အခန်းကို သော့ခတ်လိုက်သည်။

ထိုစဉ် တစ်စုံတစ်ယောက်က သူမတို့ကို လာရောက်နှုတ်ဆက်ခဲ့ပါသည်။

“နင်တို့ဘယ်သွားကြမလို့လဲ၊ ရှို့ရှို့လည်းပါတာလား၊ ငါလေ… ငါ့ကောင်လေးနဲ့ ဟိုတလောကမှ ပြတ်သွားတာဟာ”

ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသဖြင့် ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်ရာ ထင်မှတ်ထားသည့်အတိုင်းပင် လင်းယွဲ့အား မြင်လိုက်ရပါသည်။

လင်းယွဲ့က ချက်ချင်းပင် ထန်ရှို့ရှို့၏ပခုံးကို ဆွဲဖက်လိုက်သည်။

ထန်ရှို့ရှို့ “ကျွန်မတို့ အခန်းဖော်တွေစုပြီး တစ်ခုခုသွားစားကြမလို့”

လင်းယွဲ့က ပြောသည်။

“အဲ့တာဆို ငါလည်းလိုက်ခဲ့မယ်လေ”

ထန်ရှို့ရှို့က ပြောင်ပြောင်တင်းတင်းပင် မေးသည်။

“ဒါအခန်းဖော်တွေပဲ သီးသန့် သွားကြမှာဆိုတော့ အစ်မလိုက်လာရင် ကောင်းပါ့မလား”

လင်းယွဲ့က ပိုပိုကဲကဲ အော်ပြောလိုက်သည်။

“ရှို့ရှို့၊ ငါတစ်ယောက်တည်း ဝမ်းနည်းပက်လက်ဖြစ်နေတာကို ဒီတိုင်း ထားခဲ့ရက်တယ်ပေါ့၊ နင်တို့အားလုံးကပါ ငါ့ကို ပစ်ပယ်ထားကြတော့မှာလား”

ထန်ရှို့ရှို့: “…”

All Chapters