← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

📗 Chapter 227

နောက်ဆုံးတွင်တော့ ယဲ့ရှောင်ရှောင်တို့အုပ်စု ရွေးချယ်စရာမရှိတော့ဘဲ လင်းယွဲ့ကိုပါ အတူ ခေါ်ဆောင်လာခဲ့ကြရတော့သည်။

ရှားလီက စပ်စပ်စုစုဖြင့် မေးသည်။

“စီနီယာအစ်မ၊ အစ်မ အခန်းဖော်တွေနဲ့ ဘာလို့အတူတူ သွားမစားတာလဲ”

လင်းယွဲ့က ညည်းတွားသည်။

“သူတို့အကုန်လုံး အိမ်ပြန်ကြတော့မှာလေ၊ ပြီးတော့… ငါ့ပြဿနာတွေကိုလည်း သူတို့ရှေ့မှာ ရင်မဖွင့်ချင်ပါဘူး”

ဤလင်းယွဲ့ဟူသည်မှာ ဒုတိယဝမ်ကျောင်းဖြစ်သည်ဟု ရှားလီခံစားမိပါသည်။ သို့သော် လင်းယွဲ့မှာ ဝမ်ကျောင်းထက်ပင် အကြွားပိုသန်ပြီး ဒရမ်မာပိုဆန်လေသည်။

‘ဧကန္တ သူ့အခန်းဖော်တွေလည်း သူ့ဒဏ်မခံနိုင်လို့ ရှောင်ပြေးသွားကြတာနေမှာ’

မကြာခဏ သွားလေ့ရှိသည့် စားသောက်ဆိုင်ငယ်လေးသို့ ရောက်ရှိသည်နှင့် လင်းယွဲ့က အရက် ၂ ပုလင်းကို ချက်ချင်း မှာလိုက်သည်။

သူမနှင့် အတူသောက်မည့်လူ တစ်ယောက်မှ မရှိသဖြင့် လင်းယွဲ့ တစ်ယောက်တည်းသာ သောက်ခဲ့ရပါသည်။

“အဲ့ဒီ တန့်ရွှယ်ဖုန်းဆိုတဲ့ကောင်က တကယ့် အောက်တန်း စားပဲ၊ လမ်းခွဲမယ်လို့ပြောပြီးတာနဲ့ တန်းပျောက်သွားတာ၊ သူ့ကို ဘယ်မှာသွားရှာရမလဲတောင် ငါ မသိတော့ဘူး၊ သောက်ကျင့်မကောင်းတဲ့ကောင်”

ရည်းစားနှင့် လမ်းခွဲသည့်ကိစ္စတွင် ဝမ်ကျောင်းနှင့် အတွေ့ အကြုံခြင်းတူညီသော်ငြား လင်းယွဲ့က အရက်သောက်ဖို့သာ အာရုံများနေသဖြင့် ဝမ်ကျောင်း စကားဝင်မပြောချင်တော့ပေ။

ထို့နောက် ယဲ့ရှောင်ရှောင်အား လင်းယွဲ့ လှည့်မေးလိုက်သည်။

“တန့်ရွှယ်ဖုန်း ဘယ်မှာနေလဲ နင်သိလား”

ယဲ့ရှောင်ရှောင် “မသိဘူး၊ သိရင်တောင် အစ်မ အိမ်ထဲဝင်ခွင့်ရမှာ မဟုတ်လောက်ဘူးနော်"

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်အား တီးတိုးပြောလိုက်သည်။

“သူ့ကို အဖက်လုပ်ပြီး ပြန်ပြောမနေနဲ့၊ အသည်းကွဲတိုင်း အမြဲအဲ့လိုပဲ၊ မကြာခင် ကောင်လေးနောက်တစ်ယောက် ရသွားလိမ့်မယ် ကြည့်နေ”

‘အဲ့တာဆိုရင်တော့ လိုက်လည်း လိုက်ဖက်ကြပါတယ်၊ အိုင်တွေ့တိုင်း ခြေဆေးတဲ့ကောင်နဲ့ အသည်းကွဲအရက်သမားနဲ့’

သို့သော် ယခု လင်းယွဲ့၏ပုံစံမှာ အလွန်အသည်းကွဲနေပုံရသဖြင့် ယခင်ကထက် အခြေအနေဆိုးလောက်မည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။

ထန်ရှို့ရှို့က ထပ်ပြောသည်။

“ငါလည်း လင်းယွဲ့ကို ဒီလောက်ဆိုးဆိုးရွားရွား ပုံစံနဲ့ ပထမဆုံးမြင်ဖူးတာပဲ၊ ပုံမှန်ဆိုရင် သူ့ဘက်က အရင်လမ်းခွဲတတ်တာလေ”

အစားအသောက်များ မှာယူနေရင်း ဝမ်ကျောင်းက သတိပေးလိုက်သည်။

“သူ အသည်းကွဲတာ မကွဲတာ ဝင်စိတ်ပူပေးမနေကြနဲ့၊ သူမှာထားတဲ့ အရက် ၂ ပုလင်းကို ကြည့်ပါဦး၊ ငါတို့တောင် ဘာမှ မစားရသေးဘူး သူမူးနေပြီ၊ အဲ့ဒီအရက်ဖိုးတွေ ဘယ်သူရှင်းမှာလဲ”

လင်းယွဲ့ မှာယူထားသည့် အရက် ၂ ပုလင်းမှာ တစ်ဝိုင်းလုံးထက် ဈေးပိုကြီးနေလေသည်။

ထန်ရှို့ရှို့ နဖူးပေါ်လက်တင်ရင်း ပြောလိုက်ပါသည်။

“ငါပဲ ရှင်းလိုက်မယ်”

ဝမ်ကျောင်း “နင်က ဘာဆိုင်လို့လဲ”

ထန်ရှို့ရှို့ “ငါ ကံဆိုးလွန်းတာလို့ သဘောထားလိုက်ပါ့မယ်”

ဤကဲ့သို့ အိမ်နီးချင်းမျိုး ရရှိထားခြင်းမှာ သူမအတွက် အမှန်တကယ် ကံဆိုးလွန်းပါသည်။ ယနေ့ည သူမကို အိမ်ပင် ပြန်တွဲပို့ပေးရလောက်သည်။

မှာယူထားသည့် အစားအသောက်များ ရောက်ရှိလာသော် လည်း လင်းယွဲ့မှာ အရက်သောက်ပြီးလျှင် ငြိမ်သွားတတ်သည့် အမျိုးအစားထဲ မပါပေ။

မူးရူးပြီး သောင်းကျန်းနေသဖြင့် ယဲ့ရှောင်ရှောင်တို့ အုပ်စုသာမက ဆိုင်တွင်းရှိ အခြားသူများပါ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။

ထန်ရှို့ရှို့မှာ မနေသာတော့ဘဲ မတ်တပ်ထရပ်လိုက်သည်။

“ငါအိမ်ကို ဖုန်းဆက်အကြောင်းကြားလိုက်မယ်၊ နင်တို့ သူ့ကို ခဏစောင့်ကြည့်ထားဦး”

အခြားသူများ လင်းယွဲ့ကို ဖမ်းချုပ်ထားကြစဉ် စားသောက် ဆိုင်ထဲရှိ ဧည့်သည်များက ထူးထူးဆန်းဆန်း အကြည့်များဖြင့် ဝိုင်းကြည့်နေကြပါသည်။

ကံကောင်းစွာဖြင့် ဤစားသောက်ဆိုင်တွင် စားသောက်နေသူများမှာ များသောအားဖြင့် ကျောင်းမှကျောင်းသားများသာ ဖြစ်ပြီး အပြင်လူသူစိမ်းဟူ၍ ရှားသည်။

မူးရူးနေသည့် လူတစ်ဦးကိုမြင်လျှင်ပင် မည်သူကမှ ပြဿနာ လာရှာကြမည် မဟုတ်ပေ။

နာရီဝက်ခန့်ကြာသောအခါ လူတစ်ယောက် ရောက်ရှိလာပြီး လင်းယွဲ့အား ခေါ်ဆောင်သွားခဲ့သည်။

“အဲ့တာ ဘယ်သူကြီးလဲ”

“လင်းယွဲ့ရဲ့ အစ်ကိုအကြီးဆုံးလေ၊ တခြားသူတွေကိုတော့ လာမကြိုခိုင်းရဲပါဘူး၊ သူသာ တစ်ခုခုဖြစ်သွားရင် ငါပါ အမှုပတ်နေလိမ့်မယ်”

ဝမ်ကျောင်းက ပွစိပွစိ ပြောလိုက်သည်။

“နောက်ဆုံးတော့ ပြန်သွားပြီပေါ့၊ ငါတို့မှာ အေးအေးချမ်းချမ်းတောင် မစားရဘူး”

“မြန်မြန်စားပြီး သွားကြရအောင်၊ ကျောင်းပြန်ဖွင့်မှ ပြန်တွေ့ကြမယ်”

ထန်ရှို့ရှို့ ငွေသွားရှင်းလိုက်ပြီး ယနေ့ အားလုံး အပျော်ပျက်သွားမှန်း သိ၍ ထပ်ပြောလိုက်သည်။

“ကျောင်းပြန်ဖွင့်တဲ့အခါ ငါထပ်ကျွေးပါ့မယ်”

ဟယ်ကျင်း “ရပါတယ်၊ အခုလည်း အများကြီး စားခဲ့ရတာပဲ”

သူမတို့ အဆောင်မှ စောစီးစွာ ထွက်လာခဲ့ခြင်းကြောင့် စားသောက်ပြီးကြသောအခါ မိုးပင်မချုပ်သေးပါ။

ပေကျင်းတွင် နေထိုင်ကြသူများက အိမ်သို့ တန်းပြန်ခဲ့ကြပြီး အခြားသူများကမူ အဆောင်သို့ အရင်ပြန်ကာ မနက်ဖြန် ရထားလက်မှတ်သွားဖြတ်ဖို့ စီစဉ်ကြပါသည်။

ယခုလိုကာလမျိုးတွင် ရထားလက်မှတ်များ ဝယ်ယူဖို့ အလွန်ခက်ခဲသဖြင့် အချို့ဆိုလျှင် အိမ်ပြန်ဖို့ ရက်ပေါင်းများစွာ နောက်ကျခဲ့ရသည်။

ဆောင်းရာသီကျောင်းပိတ်ရက်များ စတင်သောအခါ ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းတို့၏ တိုက်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။

သို့သော် သာမန်နေ့များတွင် အိမ်၌ အချိန်များများမပေးနိုင်ဘဲ အလုပ်ကိစ္စဖြင့် အပြင်ထွက်နေရသည်က များသည်။

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ လင်မယားနှစ်ယောက် ငွေများ ထိုင်ရေတွက်နေကြသည်။ ပေကျင်းမြို့သို့ ရောက်ရှိလာပြီးနောက် လက်ဖက်ကြက်ဥများ ရောင်းချခြင်းဖြင့် သူတို့ ငွေအတော်များများ စုမိခဲ့ကြပါသည်။

ယဲ့ကျန်းကော်က အကြံပြုသည်။

“ဒီငွေတွေကို ရှောင်ရှောင့်ကို ပေးကြရအောင်၊ အရင်က ဆေးရုံစရိတ်တွေကို သူပဲ ရှင်းပေးထားတာ”

မြောင်စွေ့ဖန်း “ကျွန်မကကော ပေးဖို့မကြိုးစားဘဲ နေပါ့မလား၊ ရှောင်ရှောင့်ကို ပိုက်ဆံပေးဖို့လုပ်တိုင်း သူက အဲ့ပိုက်ဆံတွေနဲ့ ကျွန်မတို့လိုတဲ့ ပစ္စည်းတွေကို ပြန်ပြန်ဝယ်ပေးနေတာ ရှင်လည်း မသိတာ မဟုတ်ဘဲနဲ့”

ယဲ့ကျန်းကော်က စဉ်းစားသုံးသပ်ကာ ပြောလိုက်သည်။

“အဲ့တာဆိုရင်တော့ တို့တွေပဲ စုထားလိုက်ရအောင်၊ ရှောင်ရှောင် မင်္ဂလာဆောင်တဲ့အခါကျမှ သူ့ခန်းဝင်ပစ္စည်းထဲ ပေါင်းထည့်ပေးကြတာပေါ့၊ လုမိသားစုက ပြည့်စုံတယ်ဆိုပေမယ့် တို့တွေဘက်က အခွင့်အရေးယူလို့ မဖြစ်ဘူးလေ”

မြောင်စွေ့ဖန်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“အဲ့တာတော့ ဟုတ်တယ်၊ ဒါနဲ့ ကျွန်မတို့ လက်ဖက်ကြက်ဥတွေ ဆက်မရောင်းဖြစ်တော့တဲ့အကြောင်း အစ်မကြီးကို အသိသွားပေးရအောင်၊ ဒီကာလအတွင်း ကျွန်မတို့ကို ကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရမယ်”

ယဲ့ကျန်းကော် “ငါတို့အိမ်ကိုခေါ်ပြီး ညစာကျွေးလိုက်ပါလား”

မြောင်စွေ့ဖန်း သဘောတူလိုက်သည်။

“အဲ့အကြံကောင်းတယ်၊ ကျွန်မ သူ့ကို သွားပြောလိုက်မယ်”

မြောင်စွေ့ဖန်းတို့ လင်မယားနှစ်ဦး ဇာတိမြေသို့ ပြန်တော့မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ အဒေါ်လီ စိတ်မကောင်း ဖြစ်သွားပါသည်။

“ရှင်တို့ ပေကျင်းကို ထပ်လာဖြစ်ခဲ့ရင် ကျွန်မဆီ လာလည်ဦးနော်၊ အခုပြန်သွားပြီးရင် ဘယ်အချိန်ကျမှ ပြန်လာဖြစ်မလဲ မသိနိုင်ဘူး၊ ရှင်တို့ကလေးတွေက ပေကျင်းမှာမဟုတ်ဘူးလား၊ ပေကျင်းမှာ စီးပွားရေးလုပ်ရတာ ကောင်းတယ်နော်”

မြောင်စွေ့ဖန်းက ကတိပေးလိုက်သည်။

“စိတ်ချပါ အစ်မရဲ့၊ ကျွန်မတို့ ပြန်လာဖြစ်ခဲ့ရင် ကျိန်းသေလာလည်ပါ့မယ်၊ ဒီမှာရှိနေတဲ့တောအတွင်း ကျွန်မတို့ကို ကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီနေ့ ကျွန်မတို့အိမ်မှာ ညစာလာစားနော်”

အဒေါ်လီက တွန့်ဆုတ်သွားသည်။

“ကျွန်မ လာလို့ သင့်တော်ပါ့မလား၊ အိမ်ကကလေးတွေ စိတ်တော့မဆိုးလောက်ပါဘူးနော်”

မြောင်စွေ့ဖန်းက ပြုံးသည်။

“မဆိုးပါဘူး၊ အိမ်မှာ ကျွန်မ သမီးအငယ်ဆုံးလေးပဲ ရှိတယ်၊ သူက နေ့ဘက်ဆို အလုပ်သွားရလို့ ညနေပိုင်းလောက်မှ ပြန်ရောက်တာလေ”

အဒေါ်လီသည် ယခင်က မြောင်စွေ့ဖန်း၏ကလေးများကို သိတတ်လိမ္မာမှုမရှိသော ကလေးများဟု ထင်ခဲ့ဖူးပါသည်။ ထို့ကြောင့်လည်း မြောင်စွေ့ဖန်းတို့လင်မယားနှစ်ယောက် အလုပ်ထွက်လုပ်နေရခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။

မြောင်စွေ့ဖန်း၏ ဖိတ်ကြားမှုကို ကြားသောအခါ အဒေါ်လီ သေသေချာချာ စဉ်းစားလိုက်ပြီး သဘောတူခဲ့ပါသည်။

“ကောင်းပါပြီရှင်၊ အဲ့တာဆို ကျွန်မ ဒီညနေ လာခဲ့မယ်နော်”

ထို့ကြောင့် ယဲ့ရှောင်ရှောင် အိမ်ပြန်လာသည့်အခါ အိမ်ထဲတွင် မမြင်ဖူးသည့် အဒေါ်ကြီးတစ်ဦးကို မြင်လိုက်ရသည်။

“အမေ သူက…”

“ပြန်လာပြီလား ရှောင်ရှောင်! ဒီမှာ ခဏလောက်လာထိုင်ဦး၊ ညစာအသင့်ဖြစ်တော့မယ်”

မြောင်စွေ့ဖန်းသည် မီးဖိုချောင်တံခါးဝမှနေ၍ လှမ်းမိတ်ဆက်ပေးလိုက်သည်။

“အဲ့တာ အမေပြောဖူးတဲ့ အစ်မလီဆိုတာလေ၊ အမေတို့ကို ကြက်ဥတွေ ဝယ်လို့ရအောင် ကူညီပေးခဲ့တဲ့သူ”

ယဲ့ရှောင်ရှောင်က ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သည်။

“တွေ့ရတာဝမ်းသာပါတယ် ဒေါ်လေးလီ”

အဒေါ်လီမှာ ယဲ့ရှောင်ရှောင်ကို မျက်တောင်မခတ်စိုက်ကြည့်နေမိသည်။

“ဒါ ရှင့်သမီးလေးလား၊ တော်တော်လှတာပဲ”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး၊ ထိုင်ဦးနော်”

“သမီး ဘာကူညီပေးရဦးမလဲ အမေ”

မြောင်စွေ့ဖန်း “မလိုဘူး မလိုဘူး၊ သမီးအဖေ ကူညီပေးနေတယ်”

သူမတို့ လင်မယားနှစ်ဦး ပေကျင်းသို့ ရောက်ရှိလာစဉ်က ဂတ်စ်အိုးများကို အသုံးမပြုတတ်ခဲ့သော်လည်း ယခုတွင်မူ အလွန် အသားကျနေပါပြီ။

“တို့ရွာမှာလည်း ဒီလို ဓာတ်စ်အိုးတွေ သုံးလို့ရရင် ကောင်းမှာပဲ”

ယဲ့ရှောင်ရှောင်က ဆိုသည်။

“သုံးလို့တော့ ရပါတယ်၊ ဒါပေမယ့် သမီးတို့ရွာက ချောင်ကျတော့ ပြန်ဖြည့်ဖို့ ခက်လိမ့်မယ်၊ အမေတို့နှစ်ယောက် ပေကျင်းမှာပဲနေတာ ပိုသက်သာမယ်ထင်တယ်နော်”

မြို့ပြရှုခင်းများက လှပသော်လည်း ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကမူ သူတို့၏ ကျေးလက်တောရွာ ပတ်ဝန်းကျင်လေးကိုသာ ပိုမိုနှစ်သက်တွယ်တာကြပါသည်။

“သမီးအဘိုးနဲ့ အဘွားတို့က ရွာမှာပဲ ရှိသေးတာလေ၊ အမေတို့ စိတ်အေးလက်အေး ဘယ်လိုလုပ်နေနိုင်မှာလဲ၊ သမီးဒီမှာ အိမ်ထောင်ပြုပြီး အခြေကျတော့မှ အမေနဲ့ အဖေတို့ လာလည်မှာပေါ့”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“အဲ့တာဆိုလည်း အဘိုး၊ အဘွား၊ ဦးလေးနဲ့ ဒေါ်လေးတို့ မိသားစုတွေကိုပါ ခေါ်လာခဲ့လေ၊ သမီးတို့ တစ်မိသားစုလုံး ပေကျင်းမှာ နေလို့ရတာပဲ”

မြောင်စွေ့ဖန်းက သဘောကျစွာ ရယ်မောလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အခွင့်အရေးရရင်တော့ တို့တွေအားလုံး ပေကျင်းမှာ အတူတူနေကြတာပေါ့”

ယဲ့ရှောင်ရှောင်နှင့် မြောင်စွေ့ဖန်းတို့၏ စကားပြောဆို ဆက်ဆံပုံများကို ကြည့်ရင်း ယခင်က သူမထင်ထားခဲ့သည့် အထင်အမြင်များ လုံးဝလွဲချော်နေကြောင်း အဒေါ်လီ နားလည်ခဲ့ရသည်။

မြောင်စွေ့ဖန်း၏သမီးလေးမှာ မိဘအပေါ် အလွန်သိတတ်ပုံရပါသည်။ သားများက‌ကော ထိုနည်းလည်းကောင်း လိမ္မာကြမလား သူမ သိချင်မိသည်။

အဒေါ်လီ ပြန်သွားသောအခါ ယဲ့ကျန်းကော်က ပန်းကန်များ ဆေးကြောခဲ့သည်။

ယဲ့ရှောင်ရှောင်ကမူ ယဲ့ချန်းနင်အား ဖုန်းဆက်လိုက်ပါသည်။

“တတိယအစ်ကို ဘယ်တော့ပြန်လာမှာလဲ၊ သမီးတို့ ဆောင်း ရာသီကျောင်းပိတ်ရက် စနေပြီနော်”

“ငါ ရထားလက်မှတ် ဝယ်လို့ရတာနဲ့ လာခဲ့ပါ့မယ်၊ အိမ်ပြန်ရောက်ရင်လည်း အကြာကြီးနေလို့ရမယ်မထင်ဘူး၊ ဒီမှာ အော်ဒါတွေအရမ်းများလို့ စက်ရုံကို စောင့်ကြည့်ထားရတယ်”

ထို့အပြင် ယဲ့ချန်းနင်တွင် ယုံကြည်ရသူဟူ၍ နည်းပါးသည်။ သူ့တွင် အားကိုးရသည့် ဝန်ထမ်းများသာ ရှိနေပါက ဤမျှ အပင်ပန်းခံရမည် မဟုတ်ချေ။

“တတိယအစ်ကို အရမ်းအလုပ်များနေရင် အဖေနဲ့ အမေကို သမီးပဲ ပြန်ခေါ်သွားလိုက်မယ်လေ”

ယဲ့ချန်းနင်က ကန့်ကွက်သည်။

“အဲ့လိုတော့ ဘယ်ဖြစ်ပါ့မလဲ၊ ဘာပဲဖြစ်ဖြစ် ငါအိမ်တော့ ရအောင်ပြန်ရမယ်၊ တစ်ရက်နှစ်ရက်လောက်သာ စောင့်ပေး”

“ဟုတ်ကဲ့ပါ”

နောက်တစ်နေ့တွင် ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကို ဆေးရုံသို့ ထပ်မံခေါ်ဆောင်သွားပြီး ကျန်းမာရေး စစ်ဆေးပေးခဲ့ပါသည်။

မြောင်စွေ့ဖန်းသာမက ယဲ့ကျန်းကော်လည်း စစ်ဆေးခဲ့ရသည်။

ရလဒ်များကလည်း စိတ်ကျေနပ်စရာကောင်းသည်။ နှစ်ပေါင်းများစွာ အလုပ်ကြမ်း လုပ်ကိုင်ခဲ့ကြသူများအနက် သူတို့နှစ်ဦးမှာ အလွန် ကျန်းမာသန်းစွမ်းသည့် အဆင့်တွင် ရှိနေသည်ဟု ဆိုနိုင်ပါသည်။

အလုပ်ပင်ပန်းခြင်းကြောင့် ခန္ဓာကိုယ်တွင် ဒဏ်အချို့ရှိနိုင်သော်လည်း စိုးရိမ်ရသည့် ရောဂါများတော့ မဟုတ်ကြချေ။

All Chapters