အခန်း ၂၂၈
Vol. 23 Ch. 228
📗 Chapter 228
နှစ်သစ်ကူးသို့ ရောက်ရှိရန် ၁၀ ရက်ခန့်လိုသေးပြီး ဆောင်း ရာသီပိတ်ရက်များကလည်း ရက် ၄၀ ကြာအောင် ရှည်လျားပါသည်။
ပေကျင်းမြို့သူမြို့သားများမှာလည်း နှစ်သစ်ကူးလက် ဆောင်များကို အပြိုင်အဆိုင် စတင်ဝယ်ယူနေကြပြီဖြစ်သည်။
ယဲ့ရှောင်ရှောင် ဈေးဝယ်ထွက်ဖို့ မကြံရသေးမီမှာပင် စုန့်ကွမ်းကျင့်နှင့် လုမိသားစုတို့မှ ပို့ဆောင်ပေးလိုက်သည့် တောင်လိုပုံနေသော လက်ဆောင်ပစ္စည်းများကို ရရှိခဲ့သည်။
ပစ္စည်းများမှာ အလွန်များပြားလွန်းသဖြင့် ကားထဲတွင်ပင် ထည့်၍ မဆံ့တော့ပေ။
အဘွားလုက ယဲ့ရှောင်ရှောင်အား ဖုန်းဆက်ကာ ပြောလိုက်သည်။
“အဘွားတို့အိမ်ကို လာခဲ့ဦးရှောင်ရှောင်! အိမ်မှာ ပင်လယ်ငါးရှဉ့် အကောင်အကြီးကြီးတွေ အများကြီးရထားတယ်၊ ဒီမှာ ညစာအတူလာစားပြီး နည်းနည်းလောက်ယူသွားကြ၊ သမီးမိဘတွေကိုပါ ခေါ်ခဲ့နော်၊ မလာရင် အဘွားစိတ်ဆိုးမှာ”
ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ လက်ခံလိုက်ရတော့သည်။
“ဟုတ်ကဲ့ပါ၊ အဖေနဲ့ အမေ့ကို ခေါ်ခဲ့ပါ့မယ်၊ ခဏတော့ စောင့်ပေးနော် အဘွား”
အဘွားလု အလွန်ပျော်ရွှင်သွားသည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အဘွားစောင့်နေမယ်နော်”
ယဲ့ရှောင်ရှောင်သည် မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကို အသိပေးလိုက်ပြီး စစ်တပ်ဝင်းထဲသို့ ခေါ်ဆောင်လာခဲ့ပါသည်။
သူမ၏ လိုင်စင်ပြားအား စာရင်းပေးသွင်းထားသဖြင့် စစ်တပ်ဝင်းထဲသို့ ဝင်ရောက်ဖို့ မခက်ပေ။
လုအိမ်တော်သို့ လာသည့်လမ်းတွင် ဟောက်ချန်းပင်နှင့် ယဲ့ရှောင်ရှောင် ဆုံခဲ့ပါသည်။ ယဲ့ရှောင်ရှောင်ကို တွေ့သောအခါ ဟောက်ချန်းပင်လည်း ရွေးချယ်စရာမရှိဘဲ နှုတ်ဆက်ဖို့အတွက် ကားကို ရပ်တန့်လိုက်ရသည်။
ယဲ့ရှောင်ရှောင် ဘာမှမပြောနိုင်ခင်မှာပင် ဟောက်ချန်းပင် သည် ကားထဲတွင်ရှိနေသည့် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို မြင်သွားခဲ့ပါသည်။
“အစ်… အစ်ကိုကြီးယဲ့”
ဟောက်ချန်းပင်တစ်ယောက် အလွန်အံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။
ယဲ့ကျန်းကော်သည်လည်း ဟောက်ချန်းပင်နှင့် မတွေ့ဆုံရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ယခုကဲ့သို့ ရုတ် တရက် ပြန်မြင်လိုက်ရသောအခါ ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်ဘဲ ခေတ္တ ကြက်သေသေသွားခဲ့ရသည်။
“ပင်ကျစ်… မင်းလား”
“ကျွန်တော်ပါ ကျွန်တော်ပါ အစ်ကိုကြီး!”
ဟောက်ချန်းပင်က ဝမ်းသာအားရ အတည်ပြုပေးလိုက်ပါသည်။
ယခင်စစ်တပ်တွင် ရှိခဲ့စဉ်က ယဲ့ကျန်းကော်သည် တပ်ဖွဲ့မှူးတစ်ဦးဖြစ်ခဲ့ပြီး ဟောက်ချန်းပင်မှာ သူ့လက်အောက်ရှိ တပ်သားတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။
ယဲ့ကျန်းကော်တပ်စုမှူးအဖြစ် ရာထူးတိုးခံရသောအခါ ဟောက်ချန်းပင်သည်လည်း တပ်ဖွဲ့မှူးအဖြစ် ရာထူးတိုးခံခဲ့ရသည်။
သူတို့နှစ်ဦးမှာ ညီအစ်ကိုအရင်းပမာ အလွန်ခင်ခင်မင်မင် ရှိခဲ့ကြပြီး စစ်ဆင်ရေးတစ်ခုတွင် ရန်သူများက အလစ်ဝင်တိုက် ခိုက်သောအခါ ဟောက်ချန်းပင်အား ကာကွယ်ရင်း ယဲ့ကျန်းကော် ဒဏ်ရာရရှိသွားခဲ့ပြီး စစ်တပ်မှအနားယူခဲ့ရသည်။
တစ်ဖက်တွင်မူ ဟောက်ချန်းပင်သည် ထိုစစ်ဆင်ရေးအောင် မြင်မှုကြောင့် တခမ်းတနားဂုဏ်ပြုခံခဲ့ရပြီး ထိုဂုဏ်ကြောင့်ပင် နောက်ပိုင်းတွင်လည်း ရာထူးအဆင့်များ အလွယ်တကူ တက်လှမ်းနိုင်ခဲ့ပါသည်။
သူတို့နှစ်ဦး၏လူနေမှု ပတ်ဝန်းကျင်ချင်း မတူညီခြင်းကြောင့် ယဲ့ကျန်းကော်သည် ဟောက်ချန်းပင်ထက် အသက်များစွာ ပိုကြီးသည်ဟု ထင်ရသည်။
သို့သော် ပေကျင်းမြို့တွင် ၆ လခန့် နေထိုင်ပြီးနောက် ယဲ့ကျန်းကော်၏ အသားအရေမှာ ယခင်ကထက်စာလျှင်တော့ ပိုမိုစိုပြေဝဖြိုးလာခဲ့ပါသည်။
ဟောက်ချန်းပင်က မေးဖို့ပြင်လိုက်သည်။
“အစ်ကိုကြီးတို့…”
“တို့တွေ ဗိုလ်မှူးလုအိမ်ကို သွားမလို့ပါ”
ယဲ့ကျန်းကော်၏ စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးနေပါသည်။
တစ်ဦးနှင့်တစ်ဦး မတွေ့ရသည်မှာ ဆယ်စုနှစ်တစ်စုကျော်ပင် ကြာပြီဖြစ်၍ သူတို့အကြားတွင် ပြောစရာမည်သည့် စကားမှ မရှိတော့သလို ခံစားရသည်။
ထို့အပြင် ယခင်တစ်ခေါက်က ဟောက်ယန်ယန်၏အပြုအမူများကို ကြည့်ခြင်းအားဖြင့် အဖေဖြစ်သူ ဟောက်ချန်းပင်၏ သဘောထားကိုလည်း ခန့်မှန်းရခက်လှပါသည်။
အခြေအနေမှာ အနေခက်စရာဖြစ်လာသည်ကိုမြင်ပြီး ယဲ့ရှောင်ရှောင်က ဝင်ပြောလိုက်ပါသည်။
“ဦးလေးဟောက်၊ သမီးတို့ သွားလိုက်ဦးမယ်နော်"
ဟောက်ချန်းပင်မှာ လေးလေးပင်ပင်သာ ခေါင်းညိတ်ပြနိုင်တော့သည်။
မြောင်စွေ့ဖန်းလည်း နောက်တွင်ကျန်ခဲ့သည့် ဟောက်ချန်းပင်ကို ကြည့်ရင်းရေရွတ်လိုက်ပါသည်။
“သူ့ပုံစံက အရင်တုန်းကနဲ့ တခြားစီပဲနော်”
ယခင်ကဆိုလျှင် ဟောက်ချန်းပင်မှာ သူမတို့အိမ်၌ မကြာခဏ ထမင်းအလကား လာစားတတ်သည့် လူရိုးလူအေး တပ်သားလေးတစ်ဦးပင်။
ဟောက်ချန်းပင်၏ ခန္ဓာကိုယ်ပေါ်ရှိ စစ်ယူနီဖောင်းကို ကြည့်ရင်း ယဲ့ကျန်းကော် အနည်းငယ်မနာလိုအားကျဖြစ်မိသည်။
ထိုအချိန်က ဂုဏ်ပြုခံရထိုက်သူမှာ ဟောက်ချန်းပင်တစ်ဦးတည်း မဟုတ်ပေ။ သို့သော် သူ့ ဆုံးဖြတ်ချက်ကိုတော့ သူနောင်တမရခဲ့ပါ။
ယန်ယန်အတွက် နောက်ဆုံးလုပ်ပေးနိုင်သည့်အရာဟုသာ သဘောထားလိုက်ပြီး အတိတ်ရာဇဝင်များကို ပြန်မဖော်တော့ဘဲ အတိတ်တွင်သာ ချန်ထားခဲ့လိုက်ပါမည်။
ယဲ့ရှောင်ရှောင်သည် လုအိမ်တော်အတွင်းသို့ ကားဖြင့် ဝင်ရောက်လာခဲ့သည်။
အိမ်အကူအဒေါ်ကြီးမှာ မီးဖိုချောင်ထဲတွင် ဟင်းများချက် ပြုတ်ပြင်ဆင်နေပါပြီ။ ယဲ့ရှောင်ရှောင် အလည်လာတိုင်း အဘွားလုကလည်း အလွန်ပင် တက်ကြွနေတတ်သည်။
“ဝင်ခဲ့ ဝင်ခဲ့ ရှောင်ရှောင်! အဘွား ပင်လယ်ငါးရှဉ့်တွေ ပြမယ်!”
အဘွားလုမှာ ကလေးတစ်ဦးပမာ ယဲ့ရှောင်ရှောင်ကို မီးဖို ချောင်ထဲ ဆွဲခေါ်သွားခဲ့ပါသည်။ မီးဖိုချောင်ထဲတွင် ပင်လယ် ငါးရှဉ့် ၅ ကောင် ၆ ကောင်ခန့် ထည့်ထားသော ဧရာမဇလုံကြီးတစ်လုံး ရှိနေသည်။
ငါးရှဉ့်ကြီးများမှာ အလွန်အကောင်ကြီးပြီး အသက်ရှင်နေသေးသဖြင့် တဖျပ်ဖျပ် လူးလွန့်နေကြလေသည်။
ပေကျင်းမြို့မှာ ပင်လယ်နှင့် ဝေးကွာသဖြင့် ဤပင်လယ် ငါးရှဉ့်များကို ခက်ခက်ခဲခဲ သယ်ယူခဲ့ကြရပုံပေါ်ပါသည်။
အဘွားအိုက သူမကို မည်သည့်ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်လာကြောင်း ယဲ့ရှောင်ရှောင် သိသဖြင့် ကြောက်ချင်ယောင် ဆောင်ကာ ပြောလိုက်သည်။
“အဘွား၊ မြွေကြီးတွေနဲ့တူတယ်နော်”
အဘွားလုက ယဲ့ရှောင်ရှောင်၏ကျောလေးကို ပုတ်ပေးလျက် ချော့လိုက်သည်။
“မကြောက်ပါနဲ့ မကြောက်ပါနဲ့၊ အဲ့တာတွေက မြွေမဟုတ်ပါဘူး”
ယဲ့ရှောင်ရှောင်သည် အမှန်တကယ် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ အဘွားအိုပျော်ရွှင်စေရန်အတွက် သရုပ်ဆောင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။
အဘွားလုသည် ပင်လယ်ငါးရှဉ့်များကို ပုံစံနှစ်မျိုးဖြင့် ချက်ပြုတ်ဖို့ အိမ်အကူအဒေါ်ကြီးအား တာဝန်ပေးလိုက်လေသည်။
--- --- ---
ဟောက်အိမ်တော်တွင်…
ဟောက်ချန်းပင်တစ်ယောက် ဧည့်ခန်းအတွင်း ဂနာမငြိမ်ဖြစ်နေမိသည်။
စောစောက သူ့လုပ်ရပ်များကို အမှန်တကယ် နောင်တရမိပါသည်။ အစ်ကိုကြီးယဲ့နှင့် မရီးတို့ကို အိမ်သို့ ဖိတ်ကြားခဲ့သင့်သည်။
သို့သော် သူစကားတစ်ခွန်းမှ မဟနိုင်ခဲ့ပေ။
ဤသည်မှာ မိသားစုနှစ်စုအကြားမှ နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး အခွင့်အရေးဖြစ်ရာ အကောင်းဆုံး အသုံးချသင့်ပါသည်။
ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော ခင်ပွန်းဖြစ်သူကို ကြည့်ရင်း ဟယ်ချောင်းရှန့် မေးလိုက်သည်။
“ရှင် ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား”
ဟောက်ချန်းပင်က ပြန်မေးသည်။
“ငါ ဘယ်သူနဲ့ တွေ့ခဲ့လဲသိလား”
ဟယ်ချောင်းရှန့်က ရွဲ့သလိုဖြင့် ပြောသည်။
“ဘယ်သူလဲ ရှင့်ရဲ့ သမီးအလိမ္မာလေးနဲ့ တွေ့ခဲ့တာတော့ မဟုတ်ဘူးမလား”
သူမ ယဲ့ရှောင်ရှောင်ကို ရည်ရွယ်ကာ အရွဲ့တိုက်ပြောဆိုနေခြင်းပင်။
“ရှောင်ရှောင်နဲ့ တွေ့ခဲ့ရုံတင်မဟုတ်ဘူး အစ်ကိုကြီးယဲ့တို့ လင်မယားကိုလည်း တွေ့ခဲ့သေးတယ်”
ဟောက်ချန်းပင်၏စကားဆုံးသည်နှင့် ဟယ်ချောင်းရှန့် ကြက်သေသေသွားသည်။
“သူတို့က ဒီမှာ ဘာလုပ်နေကြတာလဲ”
ဟောက်ချန်းပင် “လုမိသားစုဆီ သွားလည်ကြတာပေါ့ကွ၊ ငါတို့ ယန်ယန်လေးတောင် လက်ထပ်ပြီးပြီပဲဥစ္စာ၊ ရှောင်ရှောင်နဲ့ လုဟန်ချွမ်တို့လည်း မကြာခင် လက်ထပ်ကြတော့မယ်ထင်တယ်”
ဟယ်ချောင်းရှန့် “လုမိသားစုလို အဆင့်အတန်းမျိုးနဲ့ အဲ့လိုလူတွေကို လက်ခံတာ အံ့ဩတယ်”
ဟောက်ချန်းပင် သည်းမခံနိုင်တော့ဘဲ ဇနီးဖြစ်သူကို ငေါက်လိုက်သည်။
“အခုက ဘယ်ခေတ်ရောက်နေပြီလဲ၊ ရှေးကျတဲ့ မင်းရဲ့အတွေးအခေါ်တွေကို အခုထိ မဖျောက်နိုင်သေးဘူးလား၊ လူသားတိုင်းက တန်းတူညီမျှပဲဆိုတာ နားမလည်ဘူးလား”
ဟယ်ချောင်းရှန့် မျက်စပစ်လျက် ပြောလိုက်သည်။
“ရှင်ကတော့ ဆောင်ပုဒ်တွေ လာအော်ပြဖို့ပဲ သိတယ်၊ ‘လူသားတိုင်းက တန်းတူညီမျှပဲ’ ဟုတ်လား၊ အဲ့တာဆို ကျွန်မတို့ အိတ်ကပ်ထဲက ပိုက်ဆံတွေကိုကော တန်းတူညီမျှ လိုက်ဝေပေးရဦးမှာလား”
“အဲ့ဒီစကားတွေကို မင်းဖာသာမင်း အိမ်မှာတစ်ယောက် တည်းပြော၊ အပြင်မှာ လျှောက်ပြောမနေနဲ့!”
ဟောက်ချန်းပင် အလွန်ဒေါသထွက်မိပါသည်။ ဇနီးဖြစ်သူ၏ စကားများကို အပြင်လူများသာ ကြားသွားကြလျှင် သူ့အတွက်ကော၊ မိသားစုအတွက်ပါ မကောင်းနိုင်ပေ။
“ကျွန်မ ငတုံးမဟုတ်ဘူး”
ဟယ်ချောင်းရှန့်သည် သူနှင့် စကားဆက်မများချင်တော့သဖြင့် ဒေါသကိုထိန်းကာ မေးလိုက်ပါသည်။
“ရှင့်ကိုမြင်တော့ ယဲ့ကျန်းကော်နဲ့ မြောင်စွေ့ဖန်းတို့က ဘယ်လိုတုံ့ပြန်လဲ”
ဟောက်ချန်းပင်က ဆိုဖာတွင် ဝင်ထိုင်လျက် ပြောလိုက်သည်။
“ဘယ်လိုမှ မတုံ့ပြန်ပါဘူး၊ ဒီတိုင်း တည်တည်ငြိမ်ငြိမ်ပဲ”
ဟယ်ချောင်းရှန့်က ထပ်မေးသည်။
“မြောင်စွေ့ဖန်းကိုကော တွေ့ခဲ့သေးလား၊ သူနေမကောင်းဘူးလို့ကြားတယ်၊ အခုဘယ်လိုပုံစံ ဖြစ်နေပြီလဲ”
သူမစကား၏နောက်ကွယ်မှ အဓိပ္ပာယ်ကို ဟောက်ချန်းပင် နားမလည်ခဲ့ပေ။
“ကားထဲမှာ ထိုင်နေတာဆိုတော့ သေချာမမြင်လိုက်ရဘူး”
ဟယ်ချောင်းရှန့်က သူမ၏ဆံနွယ်များကို အသာအယာသပ်ကာ ပြောလိုက်သည်။
“အခုလောလောဆယ် စစ်တပ်ဝင်းထဲကလူတွေပြောနေကြာတာ ကျွန်မတို့က မွေးစားသမီးကို အတင်းအဓမ္မ နှင်ထုတ်ခဲ့ရုံတင်မကဘူး ကျေးဇူးမသိတတ်တဲ့ သမီးကိုပါ မွေးထားတာတဲ့၊ ရှင် ယဲ့မိသားစုနဲ့ တကယ် ပတ်သက်ချင်သေးတယ်ဆိုရင် ခဏနေ လုအိမ်တော်ကိုသွားပြီး ပြေပြေလည်လည်စကားသွားပြောကြတာပေါ့”
ဟောက်ချန်းပင် အံ့အားသင့်သွားသည်။
“မင်း ဘာအကြံအစည်ရှိလို့ အဲ့လောက် သဘောကောင်းနေတာလဲ”
ဟယ်ချောင်းရှန့် “ကျွန်မ ဒီလိုတွေလုပ်နေတာ ဘယ်သူ့အတွက်လို့ ထင်လို့လဲ၊ ရှင်နဲ့ ရှင့်သမီးအတွက်ပဲ မဟုတ်ဘူးလား၊ ရှင်တို့တွေ အေးအေးချမ်းချမ်းနေနိုင်မယ်ဆိုရင် ကျွန်မဘက်က နည်းနည်းလောက် ခေါင်းငုံ့ပေးဖို့ ဝန်မလေးဘူး”
ဟောက်ချန်းပင်သည် ဟယ်ချောင်းရှန့်၏ စကားလုံးများနောက်ကွယ်မှ လျှို့ဝှက်အဓိပ္ပာယ်ကို မသိနိုင်သော်လည်း သူ့ဇနီး၏နှုတ်မှ ထိုစကားမျိုး ပြောထွက်ခြင်းကပင် အံ့အား သင့်စရာကောင်းနေပါပြီ။
“အဲ့တာဆိုလည်း ခဏနေ လုမိသားစုဆီ သွားကြတာပေါ့”
ဟောက်ချန်းပင်တွင် ယဲ့ကျန်းကော်ကို ပြောချင်သည့် စကားများစွာ ရှိနေပါသည်။
တစ်ဖက်မိသားစု ဘဝတွင် အခက်အခဲများ ကြုံလာရလျှင် သူတတ်နိုင်သမျှ ကူညီပေးနိုင်သည်။
မိသားစုနှစ်စု ပြန်လည် သင့်မြတ်နိုင်လျှင် အကောင်းဆုံးဖြစ်ကာ၊ ထိုအခါ သူ့ရင်ထဲမှ အပြစ်ရှိစိတ်များလည်း တဖြည်း ဖြည်း ပျောက်ကွယ်သွားရပါလိမ့်မည်။
ထိုစဉ် လုအိမ်တော်၌ ယဲ့ရှောင်ရှောင်တို့အားလုံး ညစာစားပြီး၍ လက်ဖက်ရည်သောက်ကာ စကားပြောဆိုနေကြသည်။
ဟယ်ချောင်းရှန့်နှင့် ဟောက်ချန်းပင်တို့နှစ်ယောက် လက် ဆောင်အနည်းငယ် ယူဆောင်၍ လုအိမ်တော်သို့ ရောက်ရှိလာခဲ့ပါသည်။
ဧည့်သည်များ ရောက်ရှိလာကြောင်း အိမ်အကူက လာရောက်အသိပေးသောအခါ ဧည့်ခန်းထဲတွင် လက်ဖက်ရည်သောက်ကာ စကားပြောနေကြသူအားလုံး အံ့အားသင့်သွားခဲ့ရသည်။
“ဘယ်သူလာတာတုန်း”
“တပ်ရင်းမှူးဟောက်နဲ့ သူ့ဇနီးတို့ ရောက်လာတာပါ”
အဘွားလု ချက်ချင်းပင် နှုတ်ခမ်းစူသွားသည်။
“သူတို့က ဘာလာလုပ်တာလဲ၊ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”
အဘိုးလု ချောင်းနှစ်ချက်ခန့်ဟန့်လျက် ဝင်ပြောလိုက်သည်။
“အဟမ်း၊ ဝင်ခိုင်းလိုက်ပါ၊ အိမ်ရှေ့တောင် ရောက်နေမှတော့ ပြန်လွှတ်လိုက်လို့ မကောင်းဘူးလေ”
အဘွားလုက ရှောင်ရှောင်အား လှည့်မေးလိုက်သည်။
“သူတို့နဲ့ တွေ့ချင်လား ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် “ခုနက ဒီကိုလာရင်းနဲ့ လမ်းမှာလည်း ဦးလေးဟောက်နဲ့ တွေ့ခဲ့သေးတယ်”
အဘွားလု နားလည်သွားခဲ့သည်။
“အဲ့တာကြောင့်ကိုး၊ ကဲပါ ဝင်ခိုင်းလိုက် ဝင်ခိုင်းလိုက်၊ မဟုတ်ရင် ငါတို့ဘက်က ရိုင်းရာကျမယ်”
ဟောက်ချန်းပင်သည် ယခင်က လုအိမ်တော်သို့ မကြာခဏ လာလည်လေ့ မရှိပေ။
နှစ်သစ်ကူးကာလများတွင် ဂါဝရပြုဖို့ လာတတ်သော်လည်း ထိုအချိန်များတွင် အိမ်ထဲ၌ ဧည့်သည်များဖြင့် ပြည့်နှက်နေတတ်သဖြင့် အဘိုးလုတို့နှင့်စကားကောင်းကောင်းပြောဖို့ အခွင့်အရေး သိပ်မရခဲ့ချေ။
ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့နှစ်ဦး အိမ်တံခါးမကြီးအား မျက်တောင်မခတ်တမ်း ငေးကြည့်နေမိကြသည်။
ဟောက်ချန်းပင်နှင့် ဟယ်ချောင်းရှန့်တို့ အိမ်ထဲဝင်ရောက် လာကြသည်ကို မြင်တွေ့ရသည်နှင့် သူတို့၏စိတ်ခံစားချက်များ အလွန်ရှုပ်ထွေးသွားခဲ့တော့သည်။