အခန်း ၂၂၉
Vol. 23 Ch. 229
📗 Chapter 229
နောက်ဆုံးတွင် ဟောက်ချန်းပင်ကသာ စကားစခဲ့ရပါသည်။
“ဦးလေးနဲ့ ဒေါ်လေးတို့ဆီ လာလည်တာပါ”
အဘွားလုက ပြန်ပြောသည်။
“ရှားရှားပါးပါး ဧည့်သည်တွေပဲ၊ လာတာလာလို့ရပါတယ်၊ ဘာလို့လက်ဆောင်တွေ ယူလာတာတုန်း”
ဟယ်ချောင်းရှန့်က မျက်နှာချိုသွေးလျက် အပြုံးဖြင့် ဆိုသည်။
“အစ်ကိုကြီးယဲ့တို့ လင်မယား ရောက်နေတယ်ကြားလို့ လာခဲ့တာပါ၊ မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ ကျွန်မတို့ဘက်က အရမ်းသတိရနေတာလေ”
သူမ၏ စကားကြောင့် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ လင်မယားနှစ်ဦးကပဲ သူတို့အပေါ် သံယောဇဉ်မရှိ သတိမရခဲ့ကြသလို သဘောမျိုး သက်ရောက်စေပါသည်။
မြောင်စွေ့ဖန်းသည်လည်း ဟယ်ချောင်းရှန့်ကို တိတ်တဆိတ် အကဲခတ်နေပါသည်။
ဤအမျိုးသမီးမှာ ငယ်စဉ်ကထက်ပင် ပိုမိုလှပလာသေးသည်။ ယခုဆိုလျှင် သူဌေးကတော်တစ်ဦး၏ ရောင်ဝါမျိုး အမှန်တကယ် ထွက်နေပါပြီ။
လက်များက ဖြူဖွေးချောမွတ်နေပြီး သေသေချာချာ ဂရုတစိုက် ထိန်းသိမ်းထားမှန်း သိသာလှသည်။
အဘွားလုသည် သူတို့နှစ်ဦးကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး အိမ်အကူများအား လက်ဖက်ရည်နှစ်ခွက် ထပ်ယူလာဖို့ စေခိုင်းလိုက်သည်။
ထိုစဉ် ဟောက်ချန်းပင်က ယဲ့ကျန်းကော်နှင့် စကားပြောဖို့ ကြိုးစားသည်။
“အစ်ကိုကြီးယဲ့၊ ပေကျင်းမှာ ဘယ်လောက်ကြာကြာနေမှာလဲ၊ တစ်ရက်လောက်တွေ့ပြီး စကားအေးအေးဆေးဆေး ပြောကြရအောင်လေ”
ယခင်က ဟောက်ယန်ယန် ပြောခဲ့သည့်စကားများကို ပြန်အမှတ်ရကာ ယဲ့ကျန်းကော် ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆန်လိုက်ပါသည်။
“မကြာခင် အရှေ့မြောက်ပိုင်းကို ပြန်တော့မှာပါ”
ဟောက်ချန်းပင်က ထပ်မေးသည်။
“နှစ်သစ်ကူးပြန်မှာမလား၊ အဲ့တာဆို နှစ်သစ်ကူးပြီးရင် တွေ့နိုင်သေးတာပဲ”
ယဲ့ကျန်းကော် “နှစ်သစ်ကူးပြီးလည်း တို့တွေ ပေကျင်းကို ပြန်မလာဖြစ်လောက်တော့ဘူး”
ယဲ့ကျန်းကော်၏ စကားကိုကြားပြီး ဟယ်ချောင်းရှန့် စိတ်မကောင်းဖြစ်သွားသည့် ပုံစံပေါက်သော်လည်း ရင်ထဲတွင် အလွန်ပျော်ရွှင်သွားပါသည်။
ဆိုလိုသည်မှာ ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦး ပေကျင်းမြို့တွင် ရေရှည်နေဖို့ အစီအစဉ်မရှိသဖြင့် သူတို့ကြောင့် သူမတို့ မိသားစု စိတ်အနှောင့်အယှက်ဖြစ်ရမည်ကို စိတ်ပူစရာမလိုတော့ပေ။
မြောင်စွေ့ဖန်းကို မြင်သောအခါတွင်လည်း ဟယ်ချောင်းရှန့်စိတ်ထဲ အနည်းငယ်ကျေနပ်သွားပါသည်။
ငယ်စဉ်က ဟယ်ချောင်းရှန့်သည် မြောင်စွေ့ဖန်းလောက် မလှပခဲ့ပေ။ သို့သော် ယခုအခါတွင်မူ သူမထက် အဆပေါင်းများစွာ ပိုသာနေပါပြီ။
နာမကျန်းဖြစ်၍ ခွဲစိတ်ကုသခံထားရသည့်အပြင် နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့ရသဖြင့် မြောင်စွေ့ဖန်းမှာ အတော်လေး အိုမင်းရင့်ရော်နေလေသည်။
ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသဖြင့် နောက်ဆုံးတော့ မိမိကိုယ် မိမိ ပိုမိုမြင့်မြတ်သာလွန်သည်ဟူသော အထက်စီးဆန်သည့် စိတ်ကျေနပ်မှုကို ဟယ်ချောင်းရှန့် အပြည့်အဝ ခံစားလိုက်ရလေတော့သည်။
မကြာမီအရှေ့မြောက်ပိုင်းသို့ ပြန်ကြတော့မည်ဟုလည်း ကြားသိရသဖြင့် ပိုစိတ်အေးချမ်းရပါသေးသည်။
“ဟိုတလောက အစ်ကိုကြီးတို့ဆီကို ယန်ယန် ရောက်လာသေးတယ်ဆို၊ နားလည်မှုလွဲစရာလေးတွေ ရှိမှာစိုးလို့ပါ၊ သူက စိတ်ထားကောင်းတဲ့ ကလေးမို့လို့ အစ်ကိုကြီးတို့ကို အဆင်ပြေစေချင်တဲ့ စေတနာနဲ့ အဲ့ပိုက်ဆံကို ယူလာပေးခဲ့တာပါ”
ဟယ်ချောင်းရှန့်သည် မည်သူမှ အစဖော်စရာမလိုဘဲ ထိုကိစ္စကို ကိုယ်တိုင်ပင် ထုတ်ဖော်ပြောကြားလိုက်သည်။
အပေါ်ယံတွင် နားလည်မှုလွဲမည်စိုး၍ ရှင်းပြသည်ဟု ထင်ရသော်လည်း အမှန်တွင်မူ ဆင်ခြေတစ်ခုသာဖြစ်သည်။
ယဲ့ကျန်းကော်က လက်ယမ်းပြလျက် ဆက်မပြောတော့ဖို့ တားလိုက်သည်။
“ယန်ယန်က သူ့အစွမ်းအစနဲ့သူ ငွေရှာနိုင်လို့ ကျေးဇူးဆပ်ချင်တာဆိုရင်တော့ ငါတို့ ငြင်းမှာမဟုတ်ဘူး၊ ဒါပေမယ့် သူက အခုချိန်မှာ ငွေရှာနိုင်စွမ်းလည်း မရှိသေးဘူး၊ အဲ့တာကြောင့် ငါတို့ကို ငွေလာပေးရင်တောင် လက်မခံနိုင်ပါဘူး”
ထိုစကားလုံးများက အလွန်ပွင့်လင်းလှသည်။ အဆက်အ သွယ်ဖြတ်ဖို့ လာရောက်ပေးကမ်းသည့် ငွေများအား စေတနာဖြင့် လာပေးသည်ဟု လိမ်ညာနေခြင်းမှာ ရယ်ချင်စရာကောင်းလှသည်။
တစ်ဦးနှင့်တစ်ဦးမတွေ့ဆုံရသည်မှာ ဆယ်စုနှစ်တစ်စုကျော်ကြာပြီဖြစ်၍ ပြောစရာစကား များများစားစားမရှိဘဲ အလွန်အနေခက်စရာကောင်းပါသည်။
ဟောက်ချန်းပင်က ယဲ့ကျန်းကော်၏လိပ်စာကို တောင်းယူလိုက်သည်။
“အရင်က ရဲဘော်ရဲဘက်ဟောင်းတွေ တွေ့ဆုံတဲ့အခါကျရင် အစ်ကိုကြီးယဲ့ကို ဖိတ်ကြားလိုက်ပါ့မယ်”
ထိုကဲ့သို့ တွေ့ဆုံပွဲမျိုးကိုတော့ ယဲ့ကျန်းကော် မငြင်းဆန်နိုင်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တွေ့ဆုံခဲ့ရသည့် ရဲဘော်ရဲဘက်များအား သူလည်း အလွန်သတိရမိပါသည်။
ယဲ့ကျန်းကော်: “ဟုတ်ပြီ”
ဟယ်ချောင်းရှန့်ကလည်း မြောင်စွေ့ဖန်းအား ပြောလိုက်သည်။
“အစ်မလည်း လိုအပ်တာရှိရင် ကျွန်မကိုသာပြောနော်၊ ကူညီနိုင်တာမှန်သမျှ ကျွန်မ ကူညီပေးမယ်”
ယခုချိန်တွင် မည်သူ့ထံမှ၊ မည်သည့်အကူအညီမှ မလိုအပ်ကြောင်း မြောင်စွေ့ဖန်း တွေးလိုက်မိသည်။
ကလေးနှစ်ယောက်က ကြားထဲတွင် ရှိနေသဖြင့် သူတို့မိသားစုနှစ်စုမှာ အပြီးအပြတ် ကင်းကင်းကွာကွာ နေနိုင်မည် မဟုတ်သော်ငြား မိသားစုတစ်စုပမာ ရင်းနှီးကျွမ်းဝင်သွားဖို့ကလည်း မဖြစ်နိုင်ပေ။
“အခုလောလောဆယ်တော့ ကျွန်မတို့မိသားစုမှာ အခက်အခဲမရှိသေးပါဘူး”
ထိုစဉ် အဘွားလုကလည်း ဝင်ပြောလိုက်သည်။
“ရှောင်ရှောင်တို့ မိသားစု ပြဿနာတစ်ခုခုရှိရင် ငါတို့ကူညီပေးမှာပေါ့၊ သူစိမ်းတွေ ဝင်ပါစရာမလိုပါဘူး”
ဟယ်ချောင်းရှန့်: “…”
အခြေအနေမှာ အနေခက်စရာဖြစ်ခဲ့ရပြန်သည်။
ယဲ့ကျန်းကော်နှင့် စကားအနည်းငယ်ဆက်ပြောပြီးနောက် ဟောက်ချန်းပင်တို့လင်မယား ပြန်ဖို့ ပြင်ကြပါသည်။
ဟောက်ချန်းပင်သည် ယဲ့ရှောင်ရှောင်အား မေးခွန်းအနည်း ငယ် မေးမြန်းခဲ့သော်လည်း ဟယ်ချောင်းရှန့်ကမူ စကားတစ်ခွန်းပင် ဝင်မပြောဘဲ အေးတိအေးစက်သာ နေခဲ့သည်။
ယဲ့ရှောင်ရှောင်တို့ သားအမိသားအဖ သုံးဦးလည်း ပြန်ဖို့ ပြင်လိုက်ကြသည်။
“သမီးတို့ ပြန်လိုက်ပါဦးမယ် အဘိုးနဲ့ အဘွား၊ နှစ်သစ်ကူးပြီးရင် ထပ်လာလည်ဦးမယ်နော်”
အဘိုးလုက မှာကြားသည်။
“လမ်းမှာ ဖြည်းဖြည်းမောင်းနော်”
ယဲ့ရှောင်ရှောင်တို့ ထွက်သွားသောအခါ အဘိုးလုက ဇနီးဖြစ်သူကို မေးမြန်းလိုက်ပါသည်။
“ဟောက်ချန်းပင်တို့ လင်မယားက ဘာလာလုပ်တာတုန်း”
အဘွားလု “ဘယ်သိမလဲ၊ လမ်းမှာ တည့်တည့်တိုးတိုးပြီးမှ လာမနှုတ်ဆက်ရင် သူတို့ ရိုင်းရာကျမှာစိုးလို့ နေမှာပေါ့”
အဘိုးလုမှာ ထိုလင်မယားကို အယုံအကြည်သိပ်မရှိသဖြင့် ခေါင်းသာခါမိတော့သည်။
ထိုစဉ် ယဲ့ကျန်းကော်တို့လင်မယားသည်လည်း ဟောက်ချန်းပင်နှင့် ဟယ်ချောင်းရှန့်တို့ ရောက်ရှိလာခြင်းကြောင့် မည်သည့်ခံစားချက်မှ အထူးတလည် မခံစားခဲ့ရပေ။
ငယ်ဘဝအကြောင်းအရာအချို့ကို ပြန်အမှတ်ရရုံသာ ရှိပါသည်။
နှစ်သစ်ကူးလက်ဆောင်များ ဝယ်ယူဖို့ မလိုအပ်ခြင်းကြောင့် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်ရင်း စက်ရုံကိစ္စများကိုသာ စီမံနေတော့သည်။
မန်နေဂျာရမ်ကျားရှင်းအပြင် ဟွာရုန်ကုမ္ပဏီမှ ဝန်ထမ်းအသစ်များစွာကို ခေါ်ယူထားပါသေးသည်။
ယဲ့ရှောင်ရှောင်သည် ထိုဝန်ထမ်းများကို သွားရောက်တွေ့ဆုံခဲ့သော်လည်း ကုမ္ပဏီ၏ နေ့စဉ် စီမံခန့်ခွဲရေးများတွင် ဝင်ရောက်စွက်ဖက်ဖို့တော့ စိတ်ကူးမရှိပေ။
ဆေးပညာသင်ယူဖို့ကိုသာ သူမ အာရုံအပြည့်အဝ စိုက်ထားချင်ပါသည်။
ဤကမ္ဘာသို့ ထူးခြားသည့် ပါရမီတစ်ခုဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ငွေရှာရသည်မှာ သူမအတွက် အလွန် လွယ်ကူလွန်းသည်။
အိမ်များကို ဝယ်ယူနိုင်သည်၊ မြေများကို ဝယ်ယူနိုင်သည်၊ နောင်လာမည့်အနာဂတ်တွင် စတော့ရှယ်ယာများကိုပါ ရင်းနှီးမြှုပ်နှံနိုင်ပါလိမ့်မည်။
ထို့ကြောင့် လက်ရှိတွင် ငွေကြေးပြဿနာကို ယာယီဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ သူမအနှစ်သက်ဆုံး အလုပ်ကိုသာ ဆက်လုပ်လိုပါတော့သည်။
နွေဦးပွဲတော်မတိုင်မီ ၁၀ ရက်အလိုတွင် ပေကျင်းမြို့သို့ ယဲ့ချန်းနင် ရောက်ရှိလာခဲ့သည်။
“ငါ ကြာကြာနေနိုင်မှာမဟုတ်ဘူးနော်၊ ၂ ရက်နေ့လောက်ထိပဲ အိမ်မှာနေလို့ရလိမ့်မယ်”
ကားထဲသို့ရောက်သည်နှင့် ယဲ့ရှောင်ရှောင်အား ယဲ့ချန်းနင် အသိပေးလိုက်သည်။
“အဲ့လိုဆိုလည်း မဆိုးပါဘူး၊ အနည်းဆုံးတော့ နှစ်သစ်ကူးမှာ အိမ်ပြန်လို့ရတာပဲ၊ အစ်ကို့စက်ရုံကော အခြေအနေ ဘယ်လိုရှိလဲ”
ယဲ့ချန်းနင် “အဆင်ပြေပါတယ်၊ တစ်ရက်ပြီးတစ်ရက် အော်ဒါတွေတက်နေတယ်၊ နင်ပြောတဲ့ ကော်လံတွေကို ထုတ်တော့ထုတ်ပြီးသွားပြီ၊ ဒါပေမယ့် နွေရာသီရောက်မှ ဈေးကွက်ထဲ မိတ်ဆက်လိုက်တာ ပိုကောင်းမလားလို့”
ယဲ့ရှောင်ရှောင်ကလည်း ထောက်ခံသည်။
“ကောင်းတယ်အစ်ကို၊ နွေရာသီမှာဆို နာမည်ပိုကြီးလိမ့်မယ်”
အိမ်သို့ ရောက်သောအခါ ယဲ့ချန်းနင်သည် ပစ္စည်းများကို အရင်သိမ်းဆည်းလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် လုမိသားစုနှင့် စုန့်ကွမ်းကျင့်တို့ ပေးထားသည့် လက်ဆောင်များနှင့်ပင် တောင်လိုပုံနေပြီဖြစ်၍ ကားပေါ်တွင် သယ်ယူဖို့ မဆံ့တော့သဖြင့် ယဲ့ချန်းနင်ကို ပစ္စည်းအများကြီး ယူဆောင်မလာဖို့ ကြိုမှာထားပါသည်။ ထို့ကြောင့် ယဲ့ချန်းနင်တွင် ခရီးဆောင်အိတ်တစ်လုံးတည်းသာ ပါလာသည်။
ယဲ့ချန်းနင်က မေးသည်။
“ငါတို့ တကယ်ကြီးဘာမှ ဝယ်သွားစရာမလိုဘူးလား”
ယဲ့ရှောင်ရှောင်က ဧည့်ခန်းနှင့် မီးဖိုချောင်အတွင်းရှိလက် ဆောင်ပစ္စည်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ဟိုမှာသွားကြည့်လိုက်ဦး တတိယအစ်ကို၊ သမီးတို့ဘာမှ မလိုလောက်ဘူးထင်တာပဲ၊ ဦးလေးတို့မိသားစုကိုတော့ လိုအပ်တာ ပြင်ဆင်ထားရအောင်လို့ ငွေနည်းနည်း ပို့ပေးထားလိုက်ရင် ကောင်းမလားလို့”
ယဲ့ချန်းနင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ၊ ခဏနေ ငါ သွားလုပ်လိုက်မယ်”
“ဒါဆို ဒီနေ့ညကောင်းကောင်း နားကြနော်၊ မနက်ဖြန် မနက်စာစားပြီးတာနဲ့ သမီးတို့ စထွက်ကြမယ်”
အိမ်နှင့်ဝေးကွာနေသည်မှာ ကြာပြီဖြစ်ရာ ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ အိမ်ပြန်ဖို့ စိတ်အားထက်သန်နေကြပါပြီ။ မနက်ဖြန်စထွက်မည်ဟု ကြားလိုက်ရသဖြင့် အထုပ်အပိုးများ ချက်ချင်းစပြင်လေတော့သည်။
ယဲ့ချန်းနင် အနားယူပြီးသောအခါ ယဲ့ရှောင်ရှောင်နှင့်အတူ လမ်းကြောင်းများ စတင်ရှာဖွေကြသည်။ အိမ်သို့ ကားဖြင့် ပြန်ဖူးသည်မှာ သူတို့နှစ်ဦးစလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်၍ လမ်းများကို ကျွမ်းကျင်မှု သိပ်မရှိကြသေးပေ။
နောက်တစ်နေ့မနက်စောစောတွင် လုဟန်ချွမ် ရောက်ရှိလာပြီး မနက်စာအတူတူ စားခဲ့ကြသည်။ သူလည်း ယဲ့ရှောင်ရှောင်တို့ မောင်နှမနှစ်ယောက်ကို စိတ်မချနိုင်ဖြစ်နေရသည်။
“ယုံကြည်ရတဲ့လူတစ်ယောက်ယောက်ကို ကားမောင်းပြီး လိုက်ပို့ပေးခိုင်းလိုက်ရမလား၊ ရှောင်ရှောင်တို့ ရွာရောက်ရင် သူ့ဖာသာ သူ ပြန်လာလို့ရတာပဲ”
ယဲ့ရှောင်ရှောင် “ရပါတယ်၊ ခရီးက အဲ့လောက်မကြာပါဘူး”
သို့သော် လမ်းတွင်မရပ်နားဘဲ ဆက်တိုက်မောင်းသွားဖို့ဟူသည်မှာ မဖြစ်နိုင်လှပေ။
ညပိုင်းတွင် ကားမောင်းခြင်းက ဘေးကင်းလုံခြုံမှုမရှိဘဲ ဤခေတ်အခါက လမ်းမီးတိုင်များလည်း ပေါပေါများများ မရှိသေးသဖြင့် အမှောင်ထဲ ကားမောင်းသွားလျှင် လမ်းဘေးမြောင်းထဲ ထိုးကျနိုင်ခြေများပါသည်။
သို့သော် လုဟန်ချွမ်က ယာဉ်မောင်းတစ်ယောက် စီစဉ်ပေးမည်ဟု ကမ်းလှမ်းသည့်အခါ ယဲ့ရှောင်ရှောင် ကန့်ကွက်ခဲ့သည်။
မကြာမီ နှစ်သစ်ကူးတော့မည်ဖြစ်၍ မည်သူကမှ ခရီးဝေးသို့ လိုက်ပို့ပေးချင်ကြမည် မဟုတ်ပေ။ စုန့်စန်းကိုလည်း မနေ့တစ်နေ့ကမှ နှစ်သစ်ကူးပိတ်ရက်အဖြစ် အနားယူခွင့် ပေးခဲ့ခြင်းဖြစ်သည်။
မနက်စာစားပြီးသောအခါ လုဟန်ချွမ်သည် အောက်သို့ ခေတ္တ ဆင်းသွားခဲ့ပါသည်။
သူလုပ်စရာရှိ၍ ဆင်းသွားခြင်းဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ထင်ခဲ့သော်လည်း သူပြန်လာသည့်အခါတွင်မူ အောက်ထပ်၌ ကားအသစ်တစ်စီး ဆိုက်ရောက်နေလေသည်။
ကားထဲမှ ကြံ့ကြံ့ခိုင်ခိုင် ကောင်လေးတစ်ယောက်လည်း ထွက်လာပါသည်။ ကတုံးဆံပင်ပေါက်ကေနှင့် မျက်နှာကလည်း အနည်းငယ် ခက်ထန်မည့်ပုံစံပေါ်သည်။
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ ဘေးနားသို့ လျှောက်သွားကာ မေးမြန်းလိုက်သည်။
“သူက…”
“သူ့ကို ချန်းဖန်လို့ ခေါ်တယ်၊ ရှောင်ရှောင်တို့ကို ကောင်တီမြို့ထိရောက်အောင် လိုက်ပို့ပေးလိမ့်မယ်”
ထို့နောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ပခုံးလေးကိုဖက်ကာ မှာကြားလိုက်သည်။
“လမ်းမှာ ဂရုစိုက်နော်”