အခန်း ၂၃၀
Vol. 23 Ch. 230
📗 Chapter 230
“ကျေးဇူးပါ”
ဤကဲ့သို့ အစစအရာရာ အသေးစိတ်ဂရုစိုက်ကာ စေတတနာထားပေးလွန်းခြင်းကြောင့်ပင် ယဲ့ရှောင်ရှောင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်ရခြင်းဖြစ်သည်။
လုဟန်ချွမ်သည် လမ်းခရီးတွင် သတိထားရမည့်အချက်များအား ထပ်ခါတလဲလဲ သေချာမှာကြားပြီးမှသာ သူတို့ကို စိတ်ချက်လက်ချ သွားခွင့်ပေးခဲ့ပါသည်။
ချန်းဖန်အမည်ရသော ထိုအစ်ကိုကြီးမှာ ကျွမ်းကျင်သိုင်းပညာရှင်တစ်ဦးလည်းဖြစ်၍ လမ်းခရီးတွင် ကျိန်းသေပေါက် ဘေးကင်းလုံခြုံကြပါလိမ့်မည်။
ချန်းဖန်သည် စကားနည်းသူဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးကို ရှေ့မှ ဦးဆောင်ပေးခဲ့သည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့အတွက် အစစအရာရာ ပိုမိုလွယ်ကူသွားပြီး သူ့ကားနောက်မှ လိုက်သွားဖို့သာ လိုအပ်ပါသည်။
ပိုင်ချွမ်ကောင်တီသို့ ရောက်ခါနီးတွင် ထင်မှတ်မထားသော အခြေအနေတစ်ခုနှင့် ကြုံခဲ့ရသည်။
ကားအက်ဆီးဒင့် မဖြစ်ခဲ့သော်လည်း လမ်းမပေါ်တွင် သံများချကာ ကားလုဖို့ ကြိုးစားသည့် လူရမ်းကားများနှင့် ကြုံတွေ့ခဲ့ရပါသည်။
ကံကောင်းစွာဖြင့် ချန်းဖန်မှာ အတွေ့အကြုံရှိသူဖြစ်ရာ ပြဿနာကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။
“လုဟန်ချွမ် စိတ်ပူလည်း ပူချင်စရာပဲ၊ ငါတို့မြို့နားမှာ ဘာလို့ ရာဇဝတ်ကောင်တွေ ဒီလောက်များနေကြတာလဲ”
ယဲ့ချန်းနင်သည် တောင်ပိုင်းတွင်လည်း ဤကဲ့သို့ အခြေအနေမျိုးနှင့် အကြိမ်ကြိမ် ကြုံခဲ့ဖူးပါသည်။ သို့သော် အရှေ့ မြောက်ပိုင်းကိုမူ မကြာခဏ ခရီးမနှင်ဖြစ်သဖြင့် ယခုကဲ့သို့ ရာဝတ်သားများနှင့် ထိပ်တိုက်တိုးခဲလှပေသည်။
ရွာတွင်တော့ သူကိုယ်တိုင်က မည်သူမှ လာမရှုပ်ရဲသည့် ဆရာတစ်ဆူဖြစ်ပေသည်။
ကောင်တီမြို့တွင်းသို့ ရောက်ရှိသွားသောအခါတွင်မူ အားလုံး ဘေးကင်းလုံခြုံသွားပြီဖြစ်၍ အသက်ဝဝ ရှူနိုင်ခဲ့ပါသည်။ ချန်းဖန်က အားလုံးကို နှုတ်ဆက်ကာ ပြန်ဖို့ ပြင်လိုက်သည်။
သို့သော် ယဲ့ရှောင်ရှောင်က လူမှုရေးအရ ကမ်းလှမ်းလိုက်သည်။
“အစ်ကိုချန်း၊ တစ်ခုခုစားပြီးမှ ပြန်ပါလား”
ကောင်တီမြို့ထိပင် ရောက်ရှိနေပြီဖြစ်၍ သူ့ကို ဤအတိုင်းပြန်လွှတ်လိုက်လျှင် အားနာစရာကောင်းပါလိမ့်မည်။ ချန်းဖန်ကလည်း သဘောတူသည်။
စားသောက်ဆိုင်တစ်ခုတွင် အတူတကွ စားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ချန်းဖန် လမ်းခရီးတွင် စားသောက်ဖို့အတွက် သစ်သီးများ၊ ပေါင်မုန့်များ၊ ရေများကို အလုံအလောက် ထည့်ပေးလိုက်သည်။
ယဲ့ရှောင်ရှောင်၏ စေတနာကို အသိအမှတ်ပြုကာ လက်ဆောင်များကို လက်ခံပြီးနောက်တွင်တော့ ချန်းဖန် အမှန်တကယ် ပြန်သွားလေတော့သည်။
ချန်းဖန်သည် ပေကျင်းမြို့ခံဖြစ်၍ ဤကဲ့သို့ ခရီးဝေးမောင်းရခြင်းမှာ ကြီးကြီးမားမား အခက်အခဲ မရှိနိုင်ပေ။ ထို့အပြင် လုဟန်ချွမ် ပေးအပ်ထားသည့် ပမာဏကလည်း မနည်းလှသဖြင့် သူ့အတွက် ငြိုငြင်စရာမရှိပါ။
ချန်းဖန်ကို နှုတ်ဆက်ပြီးနောက်တွင် ယဲ့ရှောင်ရှောင်သည် မိဘနှစ်ပါးအား ယဲ့ချန်းချင့်၏နေအိမ်သို့ ဦးစွာ ခေါ်ဆောင်လာခဲ့ပါသည်။
ဤအိမ်မှာ အငှားအိမ်ဝင်းတစ်ခုမျှသာ ဖြစ်သော်လည်း ကျယ်ကျယ်ဝန်းဝန်း ရှိလှသည့်အပြင် သန့်ရှင်းသပ်ရပ်လို့နေပါသည်။
“အဖေနဲ့ အမေ ပြန်လာပြီလား!”
ကျန်းရွှယ်သည် ကလေးနှစ်ယောက်နှင့်အတူ အိမ်ထဲမှ ထွက်ကြိုခဲ့သည်။
ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို မြင်သည်နှင့် ယဲ့ပေါင်ချန်းလေးက အပြေးအလွှား ရောက်ရှိလာပါသည်။
“ဘိုးဘိုးနဲ့ ဘွားဘွား! သားအရမ်းသတိရနေတာ!”
ကျန်းရွှယ်သည် အားလုံးကိုအိမ်ထဲ အမြန်ဝင်ဖို့ ခေါ်လိုက်သည်။
“အဖေ၊ အမေ၊ မောင်လေးနဲ့ ညီမလေးတို့ အိမ်ထဲမြန်မြန်ဝင်ကြ၊ ဝတ်ထားတာတွေက အရမ်းအထူကြီးတွေ မဟုတ်တော့ အပြင်မှာ အအေးမိနေပါဦးမယ်”
“ဘိုးဘိုးနဲ့ ဘွားဘွား အိမ်ထဲဝင်!”
ယဲ့ပေါင်ချန်းလေးက မြောင်စွေ့ဖန်း၏ လက်ကိုကိုင်ကာ အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။
ယဲ့ချန်းနင်ကမူ အိမ်ထဲချက်ချင်း မဝင်သေးဘဲ ယဲ့ရှောင်ရှောင်အား မေးလိုက်ပါသည်။
“ကားပေါ်က ပစ္စည်းတွေ ချရဦးမလား”
ယဲ့ရှောင်ရှောင်: “အအေးဒဏ်ကြောင့် ပျက်စီးနိုင်တဲ့ ပစ္စည်းတွေကိုပဲ အိမ်ထဲယူခဲ့ပါ၊ ကျန်တာတွေတော့ ကားပေါ်မှာ ထားခဲ့လို့ရတယ်”
ဤအိမ်ဝင်းသို့ ယဲ့ရှောင်ရှောင် ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ကာ အိမ်ဝင်းထဲ အကဲခတ်ကြည့်ရှုရင်း ပြောလိုက်သည်။
“အိမ်ဝင်းက ကျယ်သားပဲနော်၊ ကားကို အထဲသွင်းလိုက်မယ်”
ယဲ့ချန်းနင်က ခေါင်းညိတ်သဘောတူသည်။
“ဟုတ်တယ်၊ သွင်းထားလိုက်”
သူတို့ ကားအကောင်းစားကြီးဖြင့် အိမ်ဝင်းထဲသို့ မောင်းဝင်လာသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများက လည်ပင်းတရှည်ရှည်ဖြင့် ချောင်းကြည့်ကြပါသည်။
အချို့သော ကလေးငယ်များဆိုလျှင် အုတ်တံတိုင်းများပေါ်သို့ ကျော်ခွ၍ အပြိုင်အဆိုင် ကြည့်ရှုနေကြလေသည်။
ယဲ့ချန်းနင်က မေးလိုက်သည်။
“ဒီကားကို ရွာအထိ မောင်းသွားမှာလား”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“ဒီတိုင်းထားခဲ့ရင် အခိုးခံရမှာပေါ့”
ယဲ့ချန်းနင် “နင်တို့ကလေ… နည်းနည်းလောက် ထပ်စောင့်လို့တောင် မရဘူးလား၊ နင့်အစ်ကို ပိုက်ဆံချမ်းသာလာတဲ့အထိ စောင့်သင့်တာပေါ့၊ တော်ကြာနေ ငါတို့ကို သူဌေးဖြစ်နေပြီအထင်နဲ့ ရွာထဲက ဆွေမျိုးတွေ အပေါင်းအသင်းတွေ ပိုက်ဆံအတင်း လာချေးကြရင် ဘယ်လိုလုပ်မလဲ”
မောင်နှမနှစ်ယောက် စကားကောင်းနေစဉ် ကျန်းရွှယ်က တံခါးဝမှ လှမ်းခေါ်သည်။
“ဟိုနှစ်ယောက် အိမ်ထဲဝင်ကြတော့လေ၊ အပြင်မှာ ဒီလောက်အေးနေတာကို”
ထိုအခါမှ ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့လည်း ယာယီစကားဖြတ်ကာ ပစ္စည်းများသယ်လျက် အိမ်ထဲ ဝင်လာကြတော့သည်။
ယဲ့ပေါင်ယွမ်လေးက မပီကလာ ပီကလာဖြင့် ခေါ်လိုက်သည်။
“ဦးဦး၊ ဒေါ်ဒေါ်”
ယဲ့ပေါင်ချန်းလေးကလည်း ယဲ့ချန်းနင်၏ ပေါင်ပေါ်တွင် တက်ထိုင်လိုက်လေသည်။
ယဲ့ချန်းနင်က ကျီစယ်သည်။
“ဝတုတ်လေး၊ မင်း တော်တော်လေးတာပဲ”
ယဲ့ပေါင်ချန်းလေးက နှုတ်ခမ်းစူလျက် ချေပလိုက်သည်။
“သားကမဝပါဘူး၊ ပြည့်တာ!”
ယဲ့ချန်းနင် အားရပါးရ ရယ်မောလိုက်ပါသည်။
“စကားနည်းနည်းတတ်တာနဲ့ ပေါက်ကရတွေပြောတော့တာပဲ ဟုတ်လား”
ထို့နောက် ကျန်းရွှယ်အား ယဲ့ချန်းနင် လှည့်မေးလိုက်သည်။
“စတုတ္ထညီ ပြန်မလာသေးဘူးလား”
ကျန်းရွှယ်: “ဒီရက်ပိုင်းထဲ ရောက်လောက်မှာပါ၊ မနေ့တစ်နေ့ကမှ ကြေးနန်းစာပို့ထားတယ်လေ”
ထို့နောက် မြောင်စွေ့ဖန်းအား ကျန်းရွှယ်လှည့်ပြောလိုက်သည်။
“ပေကျင်းမှာနေတာကြာလို့လားမသိဘူး အမေ့ကြည့်ရတာ အရင်ကထက်စာရင် အားအင်တွေ ပိုပြည့်ဝလာသလိုပဲနော်”
မြောင်စွေ့ဖန်းသည် သူမ၏ ဆံပင်တိုတိုကို ထိကိုင်လျက် ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“အရင်ကလို ဆံပင်တွေမရှိတော့ နည်းနည်းနေရခက်ပါတယ်အေ”
ကျန်းရွှယ်က အားပေးလိုက်သည်။
“ဒီတိုင်းလည်း ကြည့်ကောင်းပါတယ် အမေရဲ့၊ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျတာပေါ့”
ပေကျင်းမြို့တွင်ရှိစဉ်က မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့သည် လက်ဖက်ကြက်ဥများ ရောင်းချရုံတင်မကဘဲ ပေကျင်းမြို့ရှိ လည်ပတ်စရာနေရာပေါင်းစုံကိုလည်း သွားရောက်ခဲ့ပါသေးသည်။
တစ်ခါတရံ ယဲ့ရှောင်ရှောင်သည် မိဘနှစ်ပါးကို ရုပ်ရှင်ရုံများသို့ ပို့ဆောင်ပေးသဖြင့် သူတို့၏ နေ့ရက်များမှာ ငြီးငွေ့စရာ မကောင်းခဲ့ပေ။
မြောင်စွေ့ဖန်းက ကျန်းရွှယ်အား ပြောလိုက်သည်။
“သမီးနဲ့ သားကြီးတို့လည်း အမြင်ကျယ်အောင် နောင်တစ်ချိန်ကျရင် ပေကျင်းကို တစ်ခေါက်လောက်တော့ သွားလည်သင့်တယ်”
ယဲ့ရှောင်ရှောင်က ကြားဖြတ်ဝင်ပြောသည်။
“နောင်တစ်ချိန်ထိ ဘာလို့ စောင့်နေမှာလဲ၊ သမီးဒီတစ်ခေါက်ပြန်တဲ့အခါကျရင် အစ်ကိုကြီး၊ ယောက်မ၊ ပေါင်ချန်းနဲ့ ပေါင်ယွမ်လေးတို့အားလုံး လိုက်ခဲ့လို့ရတာပဲ”
ထိုစကားကိုကြားသည်နှင့် ကျန်းရွှယ် အမြန်ခေါင်းခါယမ်းလိုက်ပါသည်။
သူမတို့ တစ်မိသားစုလုံး ရှောင်ရှောင်၏အိမ်တွင် သွားရောက်စုပြုံနေထိုင်ကြဖို့ မည်သို့မှ မသင့်တော်နိုင်ပေ။
ရှောင်ရှောင်တစ်ယောက်တည်းပင် ပေကျင်းမြို့၌ နေထိုင်ရသည်မှာ မလွယ်ကူနိုင်သဖြင့် သူမတို့ အနှောင့်အယှက် မပေးသင့်ပါ။
“အိမ်က အလုပ်တွေကို ဒီတိုင်း ပစ်ထားခဲ့လို့ မဖြစ်ဘူးလေ၊ နင့်အစ်ကိုကြီးကလည်း သတ္တုတွင်းမှာ မရှိမဖြစ်ပဲ၊ ငါလည်း ဒီကလေးနှစ်ယောက်နဲ့ ဘယ်မှသွားလို့ရဦးမှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်က သတိပေးသည်။
“အစ်ကိုကြီးကိုလည်း သတ္တုတွင်းမှာ အစစအရာရာ သတိထားခိုင်းပါဦးနော်”
ယဲ့မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော်လည်း ယဲ့ချန်းချင့်တစ်ယောက် သတ္တုတွင်းများဆီသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားမိခဲ့ချေ။
ကျန်းရွှယ်က အာမခံလိုက်သည်။
“လုံခြုံရေးစံနှုန်းတွေ ချိုးဖောက်ထားတဲ့ တခြားသတ္တုတွင်းတွေလိုမဟုတ်ဘဲ အဲ့ဒီသတ္တုတွင်းကို နင့်အစ်ကိုကြီးကိုယ်တိုင် စီမံကြီးကြပ်ထားတာ၊ ဘာပြဿနာမှ မဖြစ်နိုင်ဘူး”
ယဲ့ရှောင်ရှောင်: “အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့၊ အစ်ကိုကြီး အလုပ်မှာ အဆင်ပြေမှာပါ”
ကျန်းရွှယ်က ဆက်ပြောသည်။
“နင့်အစ်ကိုကြီးက နှစ်ကုန်မှ အလုပ်ပြီးလောက်တယ်၊ တို့တွေပဲ ရွာအရင်ပြန်နှင့်ကြရအောင်”
မြောင်စွေ့ဖန်းက ဆိုသည်။
“ငါတော့ အခုချက်ချင်း ပြန်ချင်နေပြီ၊ အိမ်အခြေအနေ ဘယ်လိုရှိလဲ မြင်ချင်လို့”
ယဲ့ကျန်းကော်က ဝင်ပြောသည်။
“အိမ်က ဘယ်မှ ပျံမပြေးပါဘူးဟ”
မြောင်စွေ့ဖန်း: “လူမနေတာကြာပြီဆိုတော့ ဘယ်လိုအခြေအနေရှိနေလဲ ဘယ်ပြောလို့ရမလဲ၊ အိမ်တစ်အိမ်ရဲ့ နွေးထွေးတဲ့ အငွေ့အသက်တွေလည်း မရှိလောက်တော့ဘူး”
ယဲ့ကျန်းကော် “တို့တွေ ပြန်ရောက်တာနဲ့ ပြန်နွေးထွေးသွားမှာပေါ့ကွာ”
ယဲ့ရှောင်ရှောင်က သတင်းပါးလိုက်သည်။
“ဒုတိယအစ်ကိုလည်း နှစ်သစ်ကူးပြန်လာမှာနော်၊ ကြည့်ရတာ သမီးရဲ့ ယောင်းမလောင်းကိုပါ ခေါ်လာမယ် ထင်တယ်”
မြောင်စွေ့ဖန်း ချက်ချင်း ခေါင်းထောင်သွားသည်။
“ဟုတ်လား၊ အမေတို့ကိုတော့ သူဘာမှမပြောဘူး၊ အဲ့တာဆိုရင် အိမ်ပြန်ပြီး သန့်ရှင်းရေး သေသေချာချာ လုပ်ထားရဦးမယ်”
ကျန်းရွှယ်က အကြံပြုသည်။
“အဖေနဲ့ အမေတို့ အရင်နားကြပါဦး၊ ချန်းရှန့်ကို စောင့်လက်စနဲ့ပေါ့”
မြောင်စွေ့ဖန်း “အဲ့တာဆို သူ့ကို တစ်ရက်လောက်ပဲ ထပ်စောင့်မယ်၊ မနက်ဖြန်မှ ပြန်မလာသေးဘူးဆိုရင်တော့ နင့်အဖေနဲ့ ငါနဲ့ အရင်ပြန်နှင့်မယ်၊ အိမ်နဲ့ ဘယ်လောက်မှ ဝေးတော့တာမှ မဟုတ်တာ၊ နင်တို့လုပ်စရာရှိတာလုပ်ရင်း ကျန်ခဲ့ကြ၊ ငါတို့ နွားလှည်းတစ်စီးငှားပြီး ပြန်လိုက်မယ်”
သူတို့မောင်းနှင်လာသည့် ကားကို ကျန်းရွှယ်သတိပြုမိသဖြင့် မေးကြည့်လိုက်သည်။
“ဒါနဲ့ အဲ့တာဘယ်သူ့ကားလဲဟင်”
ယဲ့ချန်းနင်က ကျီစယ်သည်။
“အဲ့ဒီ လုမိသားစုကကောင် တို့ရှောင်ရှောင်ကို တင်တောင်းထားတာလေ”
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်၏ ပခုံးကို တံတောင်ဖြင့် တွတ်ကာ ယောက်မဖြစ်သူအား ရှင်းပြလိုက်သည်။
“သူ ပေါက်ကရတွေပြောနေတာ နားမထောင်နဲ့အစ်မ၊ လုဟန်ချွမ် ဝယ်ပေးထားတာမှန်ပေမယ့် တင်တောင်းတဲ့ သဘောမျိုး မဟုတ်ပါဘူး”
ဤကားဖြင့် တင်တောင်းခြင်းသာဆိုလျှင် သူမက ၁၉၈၀ ခုနှစ်များတွင် တန်ဖိုးအကြီးမားဆုံး မိန်းကလေး ဖြစ်သွားလောက်သည်။
အရှေ့မြောက်ပိုင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မိသားစုတစ်စုလုံး အပူပေးကုတင်ပေါ်တွင် အတူတူထိုင်ကာ စကားပြောဆိုခဲ့ကြပြီး ညနေခင်းတွင်လည်း ညစာကို အတူ တူဝိုင်းဖွဲ့ကာ သိုက်သိုက်မြိုက်မြိုက် စားသောက်ခဲ့ကြသည်။
နှင်းများ ကျမလာသေးသော်လည်း ကျန်းရွှယ်က ငန်းတစ်ကောင်ကို ချက်ပြုတ်ပေးခဲ့ပါသည်။
“ဆောင်းတွင်းကျရင် ငန်းတွေက ဥ,ဥတော့မှာ မဟုတ်လို့ အခုကတည်းက ရှင်းထားလိုက်တာ ပိုကောင်းတယ်”
မိသားစုဝင်များအားလုံး ညစာကို မြိန်ရေရှက်ရေ စားသောက်ခဲ့ကြသည်။
ကျောင်းတွင်ဆိုလျှင် ယဲ့ရှောင်ရှောင်သည် ကျောင်းကန်တင်း သို့မဟုတ် အပြင်ဘက်ဆိုင်များတွင်သာ ဝယ်စားလေ့ရှိပြီး အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်လေ့မရှိပေ။
ညစာစားသောက်ပြီးကြသောအခါ ကျန်းရွှယ်သည် အားလုံးအတွက် အိပ်ခန်းများ စီစဉ်ပေးပါသည်။
ကောင်းကင်ကြီး မှောင်အတိကျ၍ ဇာတိမြေ၏ ဆောင်းလေညင်းများ တဟူးဟူး တိုက်ခတ်လာသောအခါ အိမ်သို့ ပြန်လည်ရောက်ရှိပြီဟူသော လွမ်းမောစရာ ခံစားချက်မျိုးကို အားလုံး ခံစားခဲ့ကြရသည်။
ယဲ့ရှောင်ရှောင်သည် ဤနေရာအပေါ် သံယောဇဉ်ကြီးကြီးမားမား မရှိလှသော်လည်း အိပ်ခန်းထဲရှိ အပူပေးကုတင်မှာ အလွန်ပင် သက်တောင့်သက်သာ ရှိလှပါသည်။ ထိုကဲ့သို့ အပူပေး ကုတင်မျိုးနှင့် မအိပ်စက်ရသည်မှာလည်း ကြာခဲ့ပြီ ဖြစ်သည်။
ညဘက်တွင် ရေများများ ထသောက်ဖို့တော့ လိုအပ်ပါသည်။ မဟုတ်ပါက မနက်မိုးလင်းလျှင် နှုတ်ခမ်းများ ခြောက်သွေ့ အက်ကွဲနေတတ်သည်။
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့နှစ်ဦးမှာ အိမ်ကို အလောတကြီး ပြန်ချင်နေကြသဖြင့် ယဲ့ရှောင်ရှောင်က ကားဖြင့် လိုက်ပို့ပေးဖို့ စဉ်းစားပါသေးသည်။
သို့သော် အထုပ်အပိုး များများစားစား မပါသဖြင့် နွားလှည်းတစ်စီးသာ ငှားရမ်း၍ ပြန်မည်ဟု လင်မယားနှစ်ယောက် ဆုံးဖြတ်ခဲ့ကြသည်။