← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

📗 Chapter 231

ယဲ့ချန်းရှန့် ရောက်မလာသေးသဖြင့် သူငယ်ချင်းအချို့ထံ သွားရောက်လည်ပတ်ဖို့ ယဲ့ရှောင်ရှောင် အချိန်ရခဲ့ပါသည်။

သူမသည် ဝမ်ယင်၏ အိမ်သို့ ပထမဦးဆုံး ခြေဦးလှည့်ခဲ့သည်။ ဝမ်ယင် အခြားမြို့တစ်ခု၌ ပညာသင်ကြားနေလျှင်ပင် ကျောင်းပိတ်ရက်ဖြစ်၍ ယခုချိန်လောက်ဆိုလျှင် အိမ်သို့ ကျိန်းသေ‌ ပြန်ရောက်နေလောက်ပါပြီ။

ထင်မှတ်ထားသည့်အတိုင်းပင် အိမ်၌ ဝမ်ယင် အမှန်တကယ်ရှိနေခဲ့သည်။

ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသည်နှင့် ဝမ်ယင်တစ်ယောက် မျက်လုံးများ ဝိုင်းစက်သွားခဲ့ရသည်။

“ရှောင်ရှောင်! နင်… နင် ငါ့ဆီ လာလည်တာလား”

ယဲ့ရှောင်ရှောင်လည်း ဝမ်ယင်အား ပွေ့ဖက်နှုတ်ဆက်လိုက်ပါသည်။

“နင်အိမ်မှာ ရှိနေလား လာကြည့်တာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ”

ဝမ်ယင်က ယဲ့ရှောင်ရှောင်ကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။

“ပေ…ပေကျင်းမှာ နင်အဆင်ပြေရဲ့လား၊ ကျင့်ဟွာတက္ကသိုလ်က အရမ်းကောင်းမှာပဲနော်”

“အဆင်ပြေပါတယ်”

ထို့နောက် ယဲ့ရှောင်ရှောင် ပြန်မေးလိုက်သည်။

“နင်ကော၊ နင်လည်း ကျောင်းတက်နေတာမလား”

ဝမ်ယင်: “ဟုတ်… ဟုတ်တယ်၊ စာရင်းကိုင်မေဂျာနဲ့လေ”

ဝမ်ယင်သည် စကားပြောသည့်အခါ အနည်းငယ် ထစ်ငေါ့နေသေးသော်လည်း စိတ်မလှုပ်ရှားသည့်အခါနှင့် စကားကိုဖြည်းဖြည်း ပြောသည့်အခါတွင် မသိသာလှပေ။

စကားထစ်ခြင်းသည် မွေးရာပါ အခြေအနေတစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းကျင်အခြေအနေနှင့် အလေ့အထများကို ပြုပြင်ပြောင်းလဲပေးခြင်းက ဤပြဿနာကို သက်သာကောင်းမွန်လာစေရန် အထောက်အကူ ပြုနိုင်ပါသည်။

“ကောင်းတာပေါ့၊ နင်စကားပြောတာလည်း တိုးတက်လာတယ်နော်၊ နင် အပ်စိုက်ကုသမှု ခံယူချင်လား”

ယခင်က ယဲ့ရှောင်ရှောင်သည် အပ်စိုက်ကုသမှုတွင် ကျွမ်းကျင်မှု မရှိသေးသဖြင့် ဝမ်ယင်အား ကူညီပေးဖို့ မကမ်းလှမ်းနိုင်ခဲ့ဘဲ ဆေးညွှန်းရေးပေးရုံလောက်သာ တတ်နိုင်ခဲ့သည်။

ယခုမူ သူမသည် မိမိ၏ပညာအပေါ် ယုံကြည်မှု ပြည့်ဝနေပြီဖြစ်၍ ဝမ်ယင်အား ကူညီပေးနိုင်ပါသည်။

“အဲ့…အဲ့လို တကယ်ကုလို့ရတာလား”

ဝမ်ယင်က မယုံသင်္ကာမေးလိုက်သည်။

“ရတာပေါ့၊ အပ်စိုက်ကုသမှုတွေက ကြွက်သားတွေကို ပြေလျော့သွားစေတယ်၊ ဒါပေမယ့် နင့်ဖာသာနင်လည်း စကားကို မှန်ကန်အောင်ပြောဖို့ ကြိုးစားရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာ အကျိုးမယုတ်ပါဘူး”

ယဲ့ရှောင်ရှောင်သည် ကားပေါ်တွင် ဆေးသေတ္တာကို တစ်ခါတည်းယူဆောင်လာခဲ့သဖြင့် ဝမ်ယင်အား ယခုချက်ချင်း အပ်စိုက်ကုသပေးနိုင်ပါသည်။

လုပ်ငန်းစဉ်တစ်ခုလုံး ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ အပ်များကို ပြန်လည်ဖယ်ရှားပြီးသောအခါ ဝမ်ယင်သည် ထူးထူးခြားခြားခံစားချက်မျိုး မခံစားရသော်လည်း အလွန်သက်တောင့်သက်သာ ရှိသွားခဲ့ပါသည်။

စကားပြောရသည်မှာလည်း ယခင်ကလောက် မခက်ခဲတော့ပေ။

“တကယ်…. အလုပ်ဖြစ်တာပဲ”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“ကျောင်းတွေက ပြန်ဖွင့်မှာဆိုတော့ ငါအချိန်တိုင်း လာကုပေးနိုင်မှာ မဟုတ်ဘူး၊ ကျွမ်းကျင်တဲ့ တိုင်းရင်းဆေးဆရာတွေ ဘာတွေ ရှာနိုင်ရင် ပိုကောင်းတယ်၊ ဒါပေမယ့် တွေ့ကရာလူတွေကိုတော့ မယုံကြည်လိုက်နဲ့နော်၊ အပ်စိုက်ကုသမှုဆိုတာ အန္တရာယ်လည်းများတယ်”

ဝမ်ယင်: “ပေကျင်းမှာ ငါနင့်ကို လာတွေ့မယ်လေ၊ ဒီဆောင်းရာသီပိတ်ရက်မှာ အဆင်ပြေပါတယ်”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“အဲ့လိုလည်း ရတာပဲ၊ အဲ့ကျရင် ငါ့အိမ်မှာလာနေလို့ရတယ်၊ ပေကျင်းမှာ ငါအိမ်တစ်လုံးဝယ်ထားတယ်”

ဝမ်ယင်က မေးသည်။

“နင့်စတုတ္ထအစ်ကို… ပြန်လာပြီလား၊ လီပေါ်ဝမ်က… နင်နဲ့ နင့်အစ်ကိုတို့ကို တွေ့ချင်လို့တဲ့”

ယဲ့ရှောင်ရှောင်: “ရက်ပိုင်းလောက်ဆို ရောက်ပါပြီ၊ သူပြန်ရောက်ရင် ငါခေါ်လာခဲ့မယ်နော်”

“ဟုတ်ပြီ”

နောက်တစ်နေ့တွင် ယဲ့ချန်းရှန့် ပြန်ရောက်လာခဲ့သည်။

ပြန်ရောက်မည့်အချိန်အတိအကျကို မပြောနိုင်သဖြင့် အိမ်ကို ကြိုတင်အကြောင်းမကြားခဲ့ပေ။ မိသားစုဝင်များ သတိထားမိသောအခါ သူက အိမ်ရှေ့ပင် ရောက်ရှိနေပါပြီ။

“စတုတ္ထဦးလေးပြန်လာပြီ!”

“စတုတ္ထဦးဦး ပြန်လာပြီ…”

သူ့ကို ပထမဦးဆုံး မြင်သွားသူများက ကလေးနှစ်ယောက်ပင်ဖြစ်ကြသည်။ ကလေးများ၏ အသံကြားခါမှ ကျန်းရွှယ် အိမ်ပြင်ထွက်လာခဲ့ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းက နှင်းအနည်းငယ်ကျထားသဖြင့် အိမ်ဝင်းထဲ နှင်းများပုံလာခဲ့လေပြီ။ ကလေးနှစ်ယောက်က အပြင်တွင် ဆီးနှင်းများဖြင့် ကစားနေပြီး အအေးရှိန်ကြောင့် လက်ကလေးများ နီရဲနေပါသည်။

ယဲ့ချန်းရှန့်က ဆိုသည်။

“ကျွန်တော့်ကို ထွက်ကြိုစရာမလိုပါဘူး မရီးရဲ့၊ ကလေးနှစ်ယောက်ကို အိမ်ထဲ ခေါ်လာခဲ့မယ်နော်”

ကျန်းရွှယ်: “သူတို့က အပြင်မှာကစားရတာကို ကြိုက်ကြတာ၊ အအေးလည်း ခံနိုင်နေကြပြီလေ”

ယဲ့ရှောင်ရှောင်လည်း အိမ်ထဲမှ ပြေးထွက်လာသည်။

“စတုတ္ထအစ်ကို ရောက်ခါနီးတာကို ဘာလို့ကြိုမပြောတာလဲ”

ယဲ့ချန်းရှန့်သည် အိမ်ဝင်းထဲတွင် ရပ်ထားသည့် ကားကို ကြည့်ရင်း မေးလိုက်ပါသည်။

“နင်တို့ ဒီကားနဲ့ ပြန်လာကြတာာလား”

“ဟုတ်တယ်၊ ကားနဲ့ဆိုတော့ အိမ်ပြန်ရတာ အများကြီး ပိုအဆင်ပြေတယ်လေ”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်၏ အထုပ်အပိုးများကို ကူသယ်ပေးဖို့ ကြိုးစားသော်လည်း ယဲ့ချန်းရှန့်က ငြင်းဆန်ကာ သူကိုယ်တိုင် အိမ်ထဲ သယ်ဆောင်လာခဲ့ပါသည်။

ကိုယ်ပေါ်တွင်လည်း အဝတ်အစားအထူကြီးများ ဝတ်ဆင်မထားသဖြင့် အိမ်ထဲရှိနွေးထွေးလှသော အပူပေး ကုတင်ပေါ်တွင် ထိုင်လိုက်ရမှသာ တစ်ကိုယ်လုံး အအေးဒဏ်ပြေလျော့သွားခဲ့တော့သည်။

ပေကျင်းမြို့တွင် မြောင်စွေ့ဖန်း ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့်အကြောင်း မသိသူဟူ၍ မိသားစုထဲတွင် ယဲ့ချန်းရှန့် တစ်ဦးတည်းသာ ရှိပါတော့သည်။

ယဲ့ချန်းရှန့် ပြန်ရောက်ခါစဖြစ်၍ ယဲ့ရှောင်ရှောင်နှင့် ကျန်းရွှယ်တို့ကလည်း ထိုအကြောင်းကို ထုတ်မပြောကြသေးပေ။

ခေတ္တအနားယူပြီးနောက် ယဲ့ချန်းရှန့်က မေးသည်။

“တတိယအစ်ကိုကို မတွေ့မိပါလား”

“တတိယအစ်ကိုက သတ္တုတွင်းမှာ အစ်ကိုကြီးကို သွားရှာတယ်”

ယဲ့ရှောင်ရှောင်ကမူ အအေးကြောက်၍ အိမ်တွင်သာ နေခဲ့ပါသည်။

ယဲ့ချန်းရှန့် ခေတ္တအနားထပ်ယူပြီးနောက် ယဲ့ရှောင်ရှောင်က လီပေါ်ဝမ်နှင့် ဝမ်ယင်တို့အား တွေ့ဆုံဖို့ သူ့ကို ခေါ်သွားခဲ့သည်။

သူတို့နှစ်ဦး နေရပ်သို့ ပြန်လာစဉ်က အနွေးထည်အပါးများကိုသာ ဝတ်ဆင်လာခဲ့ကြသော်လည်း ယခု ဇာတိမြေသို့ ရောက်ရှိချိန်တွင်တော့ အအေးဒဏ်ကို အံတုနိုင်ရန်အတွက် ခေါင်းအစခြေအဆုံး လုံခြုံသော ဂွမ်းအနွေးထည် အထူကြီးများကိုသာ ဝတ်ဆင်ထားကြတော့သည်။

ယဲ့ရှောင်ရှောင်က ကားဖြင့်ထွက်လာခဲ့ပြီး ဝမ်ယင်နှင့် လီပေါ်ဝမ်တို့ကို ခေါ်ဆောင်ကာ မြို့ထဲရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ သွားရောက်ခဲ့ပါသည်။

ဝမ်ယင် အနည်းငယ် အံ့အားသင့်သွားသည်။

“ရှောင်ရှောင်၊ နင့်ကားက…”

ယဲ့ရှောင်ရှောင်: “စိတ်မပူပါနဲ့၊ ငါတို့ ရုတ်တရက်ကြီး သူဌေးဖြစ်သွားတာ မဟုတ်ဘူး”

ဝမ်ယင်က ယဲ့ရှောင်ရှောင်ကို ပွေ့ဖက်လိုက်သည်။

“နင်က တစ်နေ့ကျရင် ကျိန်းသေပေါက် သူဌေးဖြစ်လာမှာ”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”

သူတို့အဖွဲ့ စားသောက်ဆိုင်ထဲတွင် ဝင်ထိုင်လိုက်ကြပြီး အစားအသောက်များ ရောက်ရှိလာမည့်အချိန်ကိုစောင့်မျှော်ရင်း စကားပြောဖြစ်ကြသည်။

လေးဦးစလုံးက ကျောင်းသားများဖြစ်ကြသဖြင့် တစ်နေ့တာ ဘဝများက ဆင်တူညီမှုရှိကြပါသည်။ များသောအားဖြင့် အတန်းတက်ရခြင်း၊ စာကြည့်ရခြင်းနှင့် ရံဖန်ရံခါ ဒေသတွင်းရှိ ဈေးဝယ်စင်တာများ သို့မဟုတ် လည်ပတ်စရာ နေရာများသို့ သွားရောက်ခြင်း စသည်တို့သာ ရှိခဲ့သည်။

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ဟွာနန်တက္ကသိုလ်က ငါတို့ဇာတိမြို့နဲ့ တော်တော်ဝေးတယ်မလား”

လီပေါ်ဝမ်က ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် အိမ်ကို ရထားနဲ့ ပြန်လာရင်တော့ အဆင်ပြေပါတယ်၊ မြို့ကြီးပြကြီးကို ရောက်ခါမှ ငါတခြားသူတွေနဲ့ ယှဉ်လိုက်ရင် ဘယ်လောက်နောက်ကျကျန်နေခဲ့လဲဆိုတာ နားလည်ခဲ့ရတာ၊ ငါ့အဆောင် အခန်းဖော်တစ်ယောက်ဆိုရင် ပညာသင်ရင်းတန်းလန်းနဲ့ ကျောင်းဝင်းထဲမှာ အဝတ်အစားတွေပါ ရောင်းတာလေ”

ဝမ်ယင်က ဝင်ပြောသည်။

“အဲ့တာဆို နင်… နင်လည်း သူနဲ့ စီးပွားရေးအတူတူ လုပ်ကြည့်ပေါ့”

လီပေါ်ဝမ်: “ငါက အဲ့လောက် အားမရှိပါဘူး၊ ပိတ်ရက်တွေမှာ အလုပ်နည်းနည်း လုပ်လို့ရတယ်ဆိုပေမယ့် ပိတ်ရက်တွေက များမှမများတာ”

ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

“တောင်ပိုင်းမှာ အဝတ်အထည်လုပ်ငန်းလုပ်တဲ့လူတွေ တကယ်များတာပဲနော်”

လီပေါ်ဝမ်က ယဲ့ချန်းရှန့်အား လှည့်မေးလိုက်သည်။

“မင်းကော ကျောင်းမှာ အခြေအနေဘယ်လိုရှိလဲ”

ယဲ့ချန်းရှန့်: “အဆင်ပြေပါတယ်၊ ဒါပေမယ့် ငါက ငါ့မေဂျာကိုပဲ အဓိ အာရုံစိုက်ထားတာ၊ ငါတို့ပါမောက္ခက အနောက်မြောက်ပိုင်းမှာ ပရောဂျက်တစ်ခုရှိတယ်လေ၊ နောက်နှစ်ကျရင် အဲ့ဒီကို လွှတ်ဖို့ ကျောင်းသားတွေ ရွေးလောက်တယ်”

လီပေါ်ဝမ် အံ့အားသင့်သွားသည်။

“မင်းက ဒုတိယနှစ်ပဲ ရှိသေးတာကို ပါမောက္ခတွေနဲ့ ပရောဂျက်အတူတူ လုပ်နေရပြီလား၊ အဲ့တာမျိုးတွေက ပုံမှန်ဆိုရင် ဘွဲ့ရကျောင်းသားတွေပဲ အခွင့်အရေးရတာမဟုတ်ူဘးလား”

ယဲ့ချန်းရှန့်: “ပါမောက္ခက ငါ့ကို သူ့ဘွဲလွန်ကျောင်းသားအဖြစ် ခေါ်ချင်နေတဲ့ပုံပဲ”

လီပေါ်ဝမ် အလွန်အားကျသွားသည်။

“အဲ့တာဆို မင်းဘာမှ ပူစရာမလိုတော့ဘူးပေါ့”

ယဲ့ချန်းရှန့်: “ဒါပေမယ့် ငါဘွဲ့လွန်ဆက်တက်ရမလား မတက်ရဘူးလားဆိုတာ အခုထိ စဉ်းစားနေရတုန်းပဲ”

ယဲ့ရှောင်ရှောင်က ဝင်ပြောသည်။

“တက်သင့်တာပေါ့! သမီးလည်း ဆက်တက်ဖို့ စဉ်းစားထားတယ်၊ျ ပြီးတော့ သမီးတို့မိသားစုက အစ်ကို့ကို ချက်ချင်းကြီး အလုပ်ထွက်လုပ်ပြီး ပိုက်ဆံရှာခိုင်းဖို့လိုတဲ့ အခြေအနေမှ မဟုတ်တော့တာ၊ စတုတ္ထအစ်ကို ဘာမှ စိတ်မပူဘဲ ပညာရေးကို ဆုံးခန်းတိုင်အောင် ဆက်လျှောက်ပါ”

မိသားစုတစ်စုတွင် အချို့က ငွေရှာဖို့ အာရုံစိုက်ရပြီး အချို့ကမူ ပညာရေးကိုသာ အာရုံစိုက်ထားရပါသည်။ မိသားစုဝင်တိုင်း ပိုက်ဆံထွက်ရှာနေဖို့ မသင့်တော်ပေ။

လီပေါ်ဝမ်လည်း ပြောင်းလဲမှုအချို့ကို မြင်နိုင်သည်။

ယခင်ကဆိုလျှင် ယဲ့ချန်းရှန့်သည် နွမ်းနွမ်းပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်တတ်သူဖြစ်ကာ ၂ နှစ်ဟူသည့် အချိန်အတွင်း သူ့အသွင်အပြင်က သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။

ယဲ့မိသားစုလည်း ခေတ်ရေစီးကြောင်းနှင့်အညီ တိုးတက်ပြောင်းလဲလာပြီး သူတို့၏ ရွာထဲတွင် သူဌေးမိသားစုတစ်စု ဖြစ်လာခဲ့ပြီ ထင်သည်။

သူငယ်ချင်းဟောင်းများနှင့် ပြန်လည်တွေ့ဆုံခြင်းက ဤညစာစားပွဲလေးအား ပိုမိုအရသာရှိစေသည်။ တွေ့ဆုံရသည့် အချိန်က တိုတောင်းသော်လည်း အလွန်အဖိုးတန်လှပေသည်။

ဝမ်ယင်က ယဲ့ရှောင်ရှောင်ကို အသိပေးလိုက်သည်။

“ငါ့ကို လိပ်စာပေးထား၊ ပေကျင်းကို ရောက်ရင် ငါလာတွေ့မယ်”

ယဲ့ရှောင်ရှောင်သည် တက္ကသိုလ်အနီးရှိ တိုက်ခန်း၏ လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို‌ ပေးလိုက်ပါသည်။

“ငါအတန်းတက်နေတဲ့အချိန်တွေမှာတော့ ဖုန်းကိုင်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် များသောအားဖြင့် ဒီလိပ်စာမှာ နေတယ်”

ဝမ်ယင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ… ငါ… ငါလာဖြစ်ခဲ့ရင် နင့်ကို ကျိန်းသေလာတွေ့မယ်နော်”

“နင့်ကို ငါ့အိမ်က အချိန်မရွေးကြိုဆိုပါတယ်”

သူငယ်ချင်းဖြစ်သူအား ယဲ့ရှောင်ရှောင် နွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်ပါသည်။

ညစာစားပြီးနောက် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ အိမ်ပြန်လာခဲ့ကြသည်။ ၂ နှစ်ဟူသည့် အချိန်ကာလအတွင်းမှာပင် လူတိုင်းက အလွန်ပြောင်းလဲသွားခဲ့ကြပါသည်။

အိမ်ပြန်ရောက်သောအခါ အစ်ကိုကြီးနှင့် တတိယအစ်ကိုတို့လည်း ပြန်ရောက်နေကြလေပြီ။

“အစ်ကိုကြီးနဲ့ တတိယအစ်ကိုတို့!”

ယဲ့ချန်းရှန့်က အစ်ကိုနှစ်ယောက်ကို ပြေးဖက်လိုက်သည်။

ယဲ့ချန်းချင့်နှင့် ယဲ့ချန်းနင်တို့ နှစ်ဦးစလုံး အသားများ ပိုညိုလာသော်လည်း အလွန်ကျန်းမာသန်စွမ်းသည့်ပုံစံ ပေါက်နေကြပါသည်။

ညီအစ်ကိုသုံးဦး အတူတူထိုင်လိုက်ကြသောအခါ ပြောစရာစကားများက အဆုံးမရှိနိုင်အောင် ထွက်ပေါ်လာတော့သည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“ရွာကို ဒီနေ့ပြန်ကြမလား မနက်ဖြန်ကျမှ ပြန်ကြမလား”

ယခု လူစုံတက်စုံ ပြန်ရောက်လာပြီဖြစ်၍ အချိန်မရွေး ပြန်နိုင်ပါသည်။

ယဲ့ချန်းနင်က အကြံပြုသည်။

“ရှောင်ရှောင် ကားမောင်းမယ်ဆိုရင် လမ်းမကြီးအတိုင်း သွားတာ ပိုမြန်လိမ့်မယ်၊ ဒါပေမယ့် အဲ့မှာ လမ်းတွေဘာတွေ ချော်တတ်လား၊ လမ်းတွေ ရေခဲပြီး ချောနေရင် နွားလှည်းငှားသွားတာ ပိုကောင်းမယ်ထင်တယ်နော်”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို ကားကို ဒီမှာပဲ ထားခဲ့ရမှာပေါ့”

ယဲ့ချန်းချင့်က ဆိုသည်။

“ရွာထဲကို ယူမသွားတာ ပိုကောင်းလိမ့်မယ်၊ ဒီမှာ ဘေးကင်းကင်းနဲ့ အပ်ထားခဲ့လို့ရမယ့် နေရာတစ်ခု ငါရှာပေးပါ့မယ်”

ယဲ့ရှောင်ရှောင်သည် ကားသော့များကို ယဲ့ချန်းချင့်လက်ထဲ ယုံယုံကြည်ကြည် အပ်နှံလိုက်သည်။

“အားကိုးပါတယ် အစ်ကိုကြီး”

All Chapters