← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

📗 Chapter 232

အလုပ်ကိစ္စအချို့ ကျန်ရှိနေသေးသည့် ယဲ့ချန်းချင့်မှအပ ယဲ့ရှောင်ရှောင်နှင့် အခြားမိသားစုဝင်အားလုံး ထိုနေ့ မွန်းလွဲပိုင်းတွင် ရွာသို့ ပြန်ဖို့ ပြင်ဆင်ကြသည်။

နွားလှည်းငှားမည်ဖြစ်၍ မိုးမချုပ်မီ အိမ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။

“ဒီလောက်ပစ္စည်းတွေ အများကြီးနဲ့ နွားလှည်း ၂ စီးလောက် လိုမယ်ထင်တယ်နော်”

ယဲ့ချန်းနင်တစ်ယောက် ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်လေလေ သယ်စရာပစ္စည်းအသစ်များက ထပ်မံထွက်ပေါ်လာလေလေ ဖြစ်နေတော့သည်။

နောက်ဆုံးတွင် လူစီးရန်တစ်စီး၊ ပစ္စည်းများသယ်ဆာင်ရန်တစ်စီးဖြင့် နွားလှည်း ၂ စီး ငှားခဲ့ရတော့သည်။

လူအင်အားက တောင့်တင်းလှသဖြင့် ရွာသို့ရောက်ရှိသောအခါ လှည်းပေါ်မှ ပစ္စည်းများကို ပြန်ချရသည်မှာလည်း မပင်ပန်းလှပေ။

“မင်းတို့ရွာဘက်ကလမ်းတွေက သွားရလာရတာ တော်တော်ခက်ခဲတာပဲ”

နွားလှည်းဆရာကြီးက အိမ်ရှေ့ထိရောက်အောင် လိုက်ပို့ပေးရင်း ညည်းတွားလိုက်ပါသည်။

“လှည်းဆရာက ငါဖြစ်နေလို့ မင်းတို့ကို ဒီအထိရောက်အောင် ပို့ပေးနိုင်တာပေါ့၊ တခြားသူတွေသာဆိုရင် လမ်းမှာ လှည်းပါ မှောက်သွားလောက်တယ်”

ယဲ့ရှောင်ရှောင်က ယဲ့ချန်းနင်အား တီးတိုး မေးမြန်းလိုက်သည်။

“သူပိုက်ဆံ ပိုလိုချင်လို့လား”

ယဲ့ချန်းနင်: “ငါသွားပြောလိုက်မယ်”

အဘိုးအိုက ငွေအနည်းငယ် ပိုလိုချင်ရုံသာဖြစ်ပြီး ပမာဏကလည်း သင့်တင့်သဖြင့် ယဲ့ချန်းနင် အသာတကြည် ထုတ်ပေးခဲ့လိုက်ပါသည်။

ယဲ့ရှောင်ရှောင် လှည်းပေါ်မှ ပစ္စည်းများကို ကူချပေးနေစဉ် အနောက်ဘက်တောင်ကုန်းမှ ဆင်းလာပြီး ယဲ့မိသားစုအိမ်ရှေ့မှ ဖြတ်သွားသည့် လူတစ်ဦးကို မြင်လိုက်ရသည်။

ယဲ့မိသားစုဝင်များကို အစုလိုက်အပြုံလိုက် မြင်လိုက်ရသောအခါ ထိုလူသည် တစ်ကိုယ်လုံး တုန်လှုပ်ကာ အလွန် သွေးပျက်သွားတော့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”

လီသဲ့ရှု အလွန်မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။

ပြန်လည်မွေးဖွားလာပြီးနောက် ရင်ဆိုင်နေရသည့် သူ့ဘဝမှာ ယခင်ဘဝထက်ပင် ပိုမိုဆိုးရွားနေပါသေးသည်။

သူ့မိသားစု မွဲပြာကျသွားခဲ့သည့်အပြင် သူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက်ပင် မသန်တော့ချေ။ ထို့အပြင် သူလက်ထပ်ထားသည့် မိန်းမကလည်း ယဲ့ယန်ယန်မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေပါသည်။

ခုတလော ရွာထဲတွင် လိုက်လံမေးမြန်းကြည့်သောအခါ ယခင်ဘဝနှင့် အကြီးအကျယ် ခြားနားနေသည်မှာ သူ့မိသားစု တစ်စုတည်းသာ မဟုတ်ဘဲ ယဲ့မိသားစုလည်း ပါဝင်ကြောင်း သိခဲ့ရပါသည်။

ထိုမိန်းမ ယဲ့ယန်ယန် ပိုင်ချွမ်ရွာမှ ထွက်ခွာသွားသည်မှာ အလွန်ကြာခဲ့လေပြီ။

ယခုချိန်တွင် သူ့အတွက်တစ်ခုတည်းသော ဖြေသိမ့်စရာဟူ၍ လက်ရှိမိန်းမမှာလည်း အလွန်လှပနေခြင်းပင်။ သို့သော် ထိုမိန်းမက မိသားစုအိမ်တွင်သာ သွားရောက်နေထိုင်နေပြီး သူနှင့် ကွာရှင်းမည်ဟုလည်း ထပ်ခါတလဲလဲ ပြောဆိုနေပါသည်။

‘ကွာရှင်းမယ်တဲ့လား… ဒီခေတ်ကြီးထဲမှာ ဘယ်မိန်းမက ကွာရှင်းရဲလို့လဲ၊ ကွာရှင်းပြီးရင်ကော ဒင်းလို တစ်ခုလပ်မကို ဘယ်ယောက်ျားက ယူချင်ဦးမှာလဲ!’

အခြားသူများထံမှ သတင်းကြိုကြားထားသော်လည်း ယဲ့မိသားစုဝင်များ ယခုကဲ့သို့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ လီသဲ့ရှု အလွန် တုန်လှုပ်ချောက်ချားသွားမိပါသည်။

သူ့အာရုံထဲ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။

‘ဘာတွေဖြစ်ခဲ့တာလဲ၊ ယဲ့ယန်ယန်ကြောင့်လား၊ အဲ့ဒီမိန်းမလည်း ငါ့လိုပဲ ပြန်မွေးဖွားလာတာလား’

ယခင်ဘဝက သူတို့နှစ်ဦးစလုံး အတူတူ သေဆုံးခဲ့ကြခြင်း မဟုတ်ပါလား။

“လီသဲ့ရှု မင်းဘာလာလုပ်တာလဲ၊ ငါတို့အိမ်ရှေ့က မြန်မြန်လစ်လိုက်တော့နော်၊ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့”

ယဲ့ချန်းနင်က စက်ဆုပ်ရွံရှာစွာ သတိပေးလိုက်သည်။

ရန်လိုနေသည့် ယဲ့ချန်းနင်ကြောင့် လီသဲ့ရှု ထိတ်လန့်သွားပါသည်။

“ဒေါ… ဒေါသမထွက်ပါနဲ့ကွာ၊ ငါဘာမှ မလုပ်ပါဘူး၊ မင်းတို့ နှစ်သစ်ကူး အိမ်ပြန်လာကြတာပေါ့ ဟုတ်လား၊ ယန်ယန်ကော ပြန်မလာဘူးလား၊ သူ့မိဘအရင်းတွေကို တွေ့သွားလို့ မင်းတို့နဲ့ အဆက်အသွယ်ဖြတ်သွားတာလား”

ယဲ့ချန်းနင်သည် လက်ထဲမှ ပစ္စည်းများကို ပစ်ချလိုက်ပြီး လီသဲ့ရှုအား အင်္ကျီကော်လံမှ ဆွဲမကာ အနီးနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ဆောင့်တွန်းပစ်လိုက်သည်။

“မင်းအဓိပ္ပာယ်မရှိတာတွေ တော်တော်ပြောတာပဲ”

“မ…မထိုးပါနဲ့ကွာ!”

လီသဲ့ရှု ကြောက်လန့်တကြားဖြင့် အသည်းအသန် တောင်းပန်လေသည်။ သူ့ကိုယ်သူ မြေမြှုပ်မိုင်း နင်းမိလိုက်မှန်း မည်သို့ သိနိုင်ပါမည်နည်း။

ဟောက်ယန်ယန်နှင့် ယဲ့မိသားစုအကြားမှ လက်ရှိ ဆက်ဆံရေးမှာ အထိမခံနိုင်အောင် ပါးလွှာနေမှန်း သူ မသိခဲ့ချေ။

ယဲ့ရှောင်ရှောင်က ယဲ့ချန်းရှန့်အား တီးတိုး မေးလိုက်သည်။

“တတိယအစ်ကို သူ့ကို တကယ်ထိုးမလို့လား”

ယဲ့ချန်းရှန့်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်ပါသည်။

“သင်ခန်းစာနည်းနည်း ပေးရုံပါ၊ တို့တွေ အိမ်ထဲဝင်ကြစို့၊ အပြင်မှာ အေးတယ်”

ယဲ့ရှောင်ရှောင်သည် ပစ္စည်းများကိုသယ်ဆောင်လျက် ခြံထဲသို့ ဝင်လာခဲ့ပါသည်။

မိသားစုတွင် မွေးမြူထားသည့် ကြက်များ၊ ဘဲများ၊ ငန်းများကို ယဲ့ကျမ့်ယဲ့၏ အိမ်သို့ ပို့ဆောင်ထားကာ အချို့ကိုမူ ရောင်းချထားသဖြင့် ခြံထဲ အလွန်ရှင်းလင်းလို့နေသည်။

လာမည့် နွေဦးရာသီရောက်လျှင် မြောင်စွေ့ဖန်းသည် ကြက်ပေါက်၊ ဘဲပေါက်ကလေးများ အနည်းငယ် ဝယ်ယူ၍ ထပ်မံ မွေးမြူဖို့ စီစဉ်ထားပါသည်။

လီသဲ့ရှုတစ်ယောက် တောင်းတောင်းပန်ပန်နှင့် အသနားခံနေသဖြင့် ယဲ့ချန်းနင်လည်း အသာတကြည် ပြန်လွှတ်ပေးလိုက်သည်။

“အခုချိန်ကစပြီး မင်းစကားကို ကြည့်ပြော”

လီသဲ့ရှုက မဝံ့မရဲ မေးလိုက်ပါသည်။

“ယန်ယန် ဘယ်ရောက်သွားလဲဆိုတာလေး သိချင်ရုံပါကွာ… ငါကြားတာတော့ ပေကျင်းမှာတဲ့၊ အဲ့တာ အမှန်ပဲလား”

ထိုမိန်းမသာ အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့ခြင်းဆိုလျှင် သူတို့နှစ်ဦး၏ အတိတ်ဘဝက ပတ်သက်မှုကို ပြန်လည်တည်ဆောက်နိုင်ခြေရှိနေပါသည်။

သူ့အား ယခုလိုတစ်ယောက်တည်း စွန့်ပစ်ထားခဲ့ခြင်းက မတရားလှပေ။

ယဲ့ချန်းနင်သည် လီသဲ့ရှု၏ ဝမ်းဗိုက်ကို လက်သီးဖြင့် အားပြင်းပြင်း တစ်ချက် ပိတ်ထိုးပစ်လိုက်သည်။ လီသဲ့ရှုလည်း အလွန်နာကျင်သွားပြီး ဝမ်းဗိုက်ကို လက်ဖြင့်ဖိလျက် ခါးကိုင်းသွားရပါသည်။

“အဲ့တာ မင်း အလုပ်မဟုတ်ဘူး၊ ငါတို့အိမ်ရှေ့ ဘယ်တော့မှ ထပ်မလာခဲ့နဲ့”

ယဲ့ချန်းနင် သူ့ကို ပြန်လွှတ်ပေးလိုက်ပြီး အိမ်ထဲ လှည့်ဝင်လာခဲ့တော့သည်။

လီသဲ့ရှု၏ မျက်ဝန်းများထဲ နာကျည်းမုန်းတီးမှုများဖြင့် အလွန်အဆိပ်ပြင်းသွားခဲ့သည်။

ယဲ့ချန်းနင်သည် စီးပွားရေးလုပ်၍ ခေတ္တခဏ ချမ်းသာလာသည်ဆိုသော်လည်း နောက်ပိုင်းတွင် မတော်တဆမှုများဖြစ်ကာ ကံဇာတာများ ဇောက်ထိုးကျသွားခဲ့ရသည်ကို လီသဲ့ရှု မှတ်မိပါသည်။

“ဒီကောင် ဘာတွေ စိတ်ကြီးလာဝင်နေတာလဲ… မင်းလည်း မကြာခင် ကံဆိုးမိုးမှောင်ကျမယ့်ကောင်ပဲဥစ္စာ”

လီသဲ့ရှု တီးတိုးကျိန်ဆဲလိုက်ပြီး ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားလေတော့သည်။

ကလေးများ ပြန်ရောက်နေပြီဖြစ်၍ ယဲ့မိသားစုအိမ်မှာ ချက်ချင်းပင် ပြန်လည်စည်ကားသိုက်မြိုက်လာတော့သည်။

မိသားစုနှစ်စု ညစာအတူတူ ဝိုင်းဖွဲ့ စားသောက်ခဲ့ကြသည်။

ညစာစားပြီးသွားသောအခါ မတွေ့ရသည့်တောအတွင်း အိမ်၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို စကားလက်ဆုံ ပြောဖြစ်ခဲ့ကြပါသည်။

အဘိုးမြောင်ကိုလည်း အိမ်သို့ ခေါ်ဆောင်ထားကြသည်။ အဘိုးမြောင်သည် မူလက မြောင်စွေ့ဖန်း နာမကျန်းဖြစ်၍ ပေကျင်းသို့တက်သွားရသည့်အကြောင်းကို မသိခဲ့ပေ။

နောက်ပိုင်းမှ အိမ်သို့ လာရောက်မလည်ပတ်သည်မှာ ကြာပြီဖြစ်၍ ယဲ့ချန်းချင့်လည်း ရွေးချယ်စရာမရှိတော့ဘဲ အဘိုးမြောင်၏အိမ်သို့သွားကာ မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့နှစ်ဦး ကိစ္စအချို့ရှိ၍ ပေကျင်းမြို့သို့ တက်သွားသည့်အကြောင်း အသိပေးခဲ့ရတော့သည်။

အဘိုးမြောင်သည် တစ်စုံတစ်ဦး ဘေးအန္တရာယ်များ ကြုံတွေ့နေရသလားဟု သံသယစိတ်ဝင်ခဲ့သော်လည်း ယဲ့ချန်းချင့်၏ ထပ်ခါတလဲလဲ ဖျောင်းဖျနှစ်သိမ့်မှုများကြောင့်သာ စိတ်လျှော့ခဲ့ရခြင်းဖြစ်ပါသည်။

မြောင်စွေ့ဖန်း ပြန်ရောက်လာပြီးနောက် ပထမဆုံးလုပ်သည့်အလုပ်မှာ အဘိုးမြောင်အား သူမတို့အိမ်သို့ ခေါ်ဆောင်ဖို့ပင် ဖြစ်သည်။

သမီးနှင့် သားမက်တို့ အဆင်ပြေပြေရှိနေကြသည်ကိုမြင်ခါမှ အဘိုးမြောင်လည်း စိတ်အေးသွားခဲ့ရပါသည်။

အခြားသူများက အဆင်ပြေကြောင်း မည်သို့ပင် ပြောဆိုနေပါစေဦးတော့၊ သူ့မျက်စိဖြင့် ကိုယ်တိုင် မတွေ့မြင်ခဲ့ရသဖြင့် စိုးရိမ်ပူပန်မှုများ အနည်းအကျဉ်း ရှိနေခဲ့ရသည်။

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းနင်တို့သည် ယူဆောင်လာသည့် လက်ဆောင်များကို မိသားစုဝင်များအား အညီအမျှ ခွဲဝေပေးလိုက်ပါသည်။

ယခုတစ်ခေါက် အိမ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ နောက်ထပ် ဝမ်းသာစရာ အချက်တစ်ခုမှာ သူတို့ရွာတွင် လျှပ်စစ်မီးများ ရရှိနေပြီ ဖြစ်ခြင်းပင်။

“ဒါပေမယ့် လျှပ်စစ်မီးလုံးတွေ မတပ်ရသေးဘူးနော်”

ယဲ့ရှောင်ရှောင်သည် ခြံထဲတွင် လှည့်ပတ်ကြည့်ရှုရင်း ရေရွတ်လိုက်ပါသည်။

“မီးကြိုးတွေလည်း မသွယ်ရသေးဘူး”

ယဲ့ကျန်းကော်က ဆိုသည်။

“မနက်ဖြန် ဝါယာကြိုးတွေ သွားဝယ်ပြီး သွယ်လိုက်မယ်၊ ငါလုပ်တတ်တယ်”

မြောင်စွေ့ဖန်းက ကန့်ကွက်သည်။

“မလုပ်တတ်ဘဲ လျှောက်မလုပ်စမ်းပါနဲ့၊ ဓာတ်တွေအကုန်လိုက်ကုန်ဦးမယ်”

ယဲ့ကျန်းကော်က ချေပသည်။

“စစ်တပ်မှာတုန်းက ငါ လုပ်ဖူးပါတယ်ဟ၊ ဘယ်လောက်မှ ခက်တာလဲ မဟုတ်ဘဲနဲ့”

ယဲ့ရှောင်ရှောင်က မေးသည်။

“ဝါယာကြိုးတွေက မြို့ထဲမှာ ထွက်ဝယ်ရမှာမလား”

ယဲ့ချန်းနင်က ဝင်ပြောလိုက်သည်။

“မနက်ဖြန် ငါသွားဝယ်လိုက်မယ်”

ယဲ့ကျန်းကော်က သားဖြစ်သူအား မေးသည်။

“ကန်းကျစ်ပြန်မလာဘူးလား”

ယဲ့ချန်းနင်: “နှစ်သစ်ကူးပြီးလို့ ကျွန်တော်ပြန်သွားရင် သူရက်နည်းနည်းလောက် လာနေလိမ့်မယ်”

ယဲ့ကျန်းကော် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုလည်း ဖြစ်ပါတယ်၊ မင်းတို့နှစ်ယောက် တော်တော် အလုပ်ကြိုးစားထားကြတဲ့ပုံပဲ”

ယဲ့ချန်းနင်တွင် ယုံကြည်ရသည့်လူ သိပ်မရှိသဖြင့် ကန်းကျစ်ကို ထားခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ယဲ့ကျန်းကော်က ထပ်မေးသည်။

“ဝမ်ရှန်းကော အခြေအနေဘယ်လိုရှိလဲ”

ယဲ့ချန်းနင် အမှန်အတိုင်း ဝန်ခံလိုက်သည်။

“ခုတလော သူဘာတွေလုပ်နေလဲတောင် ကျွန်တော်မသိဘူး၊ သူလိုက်ချင်ရင် ကျွန်တော်နဲ့ လိုက်ခဲ့လို့ရတာပဲ၊ ကျွန်တော်သူ့ကို ခေါ်မလာတာ မဟုတ်ဘူး”

ယဲ့ကျန်းကော် သက်ပြင်းချလိုက်သည်။

“အဲ့တာဆို မင်းတို့ဦးလေးဝမ်က ဘာဆက်လုပ်ရမှာလဲ၊ ဝမ်ရှန်းက ဒီတိုင်း အလကားသက်သက် အလေလိုက်နေတာဆိုရင် အိမ်ပြန်လာတာ ပိုမကောင်းဘူးလား”

မြောင်စွေ့ဖန်း: “သူ့ဖာသာသူ အပြင်မှာနေတာလည်း ကောင်းပါတယ်၊ သူသာ အိမ်မှာနေရင် ဦးလေးဝမ်၊ ဒေါ်လေး ချွန်းတို့နဲ့ နေ့တိုင်း ရန်ဖြစ်နေတာ၊ အိမ်မှာ ဘာအကူအညီမှလည်း မဖြစ်ဘူး”

ယခင်က ယဲ့ချန်းနင်တစ်ယောက် ဝမ်ရှန်းနှင့်အတူ စီးပွားရေးအတူထွက်လုပ်မည်ဟု သိခဲ့ရစဉ်က ယဲ့ကျန်းကော်သည် ဝမ်ရှန်းကြောင့် မိမိ၏ သားဖြစ်သူ လမ်းမှားရောက် ပျက်စီးသွားမည်ကို စိုးရိမ်ပူပန်ခဲ့ဖူးပါသည်။

သို့သော် နောက်ပိုင်း သူတို့နှစ်ဦး အလုပ်တူတူ တွဲမလုပ်ဖြစ်ခဲ့ကြသဖြင့် ကံကောင်းသွားသည်ဟု ဆိုရမည်။

သားအဖနှစ်ယောက်၏ စကားဝိုင်းကို ယဲ့ရှောင်ရှောင် ခေတ္တနားထောင်ပြီး သူမ၏ အိပ်ခန်းအား သန့်ရှင်းရေးလုပ်ဖို့ ပြန်ဝင်လာခဲ့ပါသည်။

အခန်းထဲရောက်ရှိသွားသောအခါ သန့်ရှင်းရေးလုပ်စရာသိပ်မရှိသည်ကို မြင်လိုက်ရသည်။ ပစ္စည်းများက သပ်သပ်ရပ်ရပ် ရှိနေပြီး အပူပေးကုတင်ကြီးမှာလည်း နွေးထွေးနေဆဲ ဖြစ်သည်။

အဝတ်အစားများ ထည့်ထားသည့် ဗီရိုကြီးထဲတွင် ဆောင်းရာသီအနွေးထည်များနှင့် သူမ၏ ဘွတ်ဖိနပ်များ၊ ဦးထုပ်များ ရှိနေပါသေးသည်။

တစ်ခုတည်းသော အခက်အခဲဟူ၍ မိုးချုပ်နေပြီဖြစ်၍ အပြင်မထွက်နိုင်တော့ခြင်းပင်။

မနက်ဖြန် လျှပ်စစ်မီးလုံးများ ဝယ်ယူတပ်ဆင်ပြီးသောအခါတွင်မူ အရာရာ ပိုအဆင်ပြေသွားပါလိမ့်မည်။

ညနေခင်းတွင် မြောင်စွေ့ဖန်းသည် ယဲ့ရှောင်ရှောင်အတွက် ရေနွေးအိတ်နှစ်လုံးကို သေသေချာချာ ပြင်ဆင်ပေးပြီး စောင်ထဲသို့ ထည့်ပေးထားလိုက်သည်။

“ဒီနေ့ပင်ပန်းနေပြီမလား သမီး ၊ စောစော အိပ်တော့နော်၊ မနက်ဖြန်လည်း အစောကြီးထစရာမလိုဘူး၊ အိမ်မှာ ဘာမှ လုပ်စရာ သိပ်မရှိဘူး”

ယဲ့ရှောင်ရှောင်သည် နွေးထွေးလှသော စောင်ထဲသို့ ကလေးတစ်ဦးပမာ တိုးဝင်လိုက်သည်။

“ကျေးဇူးပါ အမေ”

All Chapters