အခန်း ၂၃၃
Vol. 24 Ch. 233
📗 Chapter 233
ယဲ့ချန်းနင်သည် ဝါယာကြိုးနှင့် လျှပ်စစ်မီးသီးများ သွားဝယ်ပေးမည်ဟု တာဝန်ယူထားသဖြင့် နောက်တစ်နေ့ မနက် မိုးလင်းသောအခါ အိမ်မှ အစောကြီး ထွက်ခွာသွားပါသည်။
မွန်းတည့်ချိန်ရောက်ခါမှ ကျောပေါ်တွင် ပစ္စည်းမျိုးစုံ အပြည့်ဖြည့်ထားသည့် ဂုန်နီအိတ်ကြီးတစ်လုံးကို ထမ်းပိုးလျက် ပြန်လည် ရောက်ရှိလာခဲ့သည်။
ယဲ့ရှောင်ရှောင်က အပြင်သို့ အပြေးအလွှားထွက်ကြည့်ရင်း မေးလိုက်သည်။
“တတိယအစ်ကို တကယ်ဝယ်လာခဲ့ပြီလား”
ယဲ့ချန်းနင် “ပစ္စည်းက နည်းလို့ အထင်မသေးလိုက်နဲ့၊ မနည်းရှာဝယ်လာရတာ”
ဝါယာကြိုးများနှင့် မီးလုံးများ အသင့်ရှိနေပြီဖြစ်၍ လျှပ်စစ် မီးကြိုးများ သွယ်တန်းဖို့မှာ မခက်ခဲတော့ပေ။
“ငါ အစ်ကိုချန်းကျွင်းကို လာကူညီခိုင်းလိုက်မယ်၊ ငါတို့အိမ်မှာ သွယ်ပြီးပြီဆိုတာနဲ့ ဦးလေးတို့အိမ်ကိုလည်း သွားသွယ်ပေးလိုက်မယ်”
ယဲ့ချန်းနင်သည် ဦးလေးဖြစ်သူ၏ အိမ်သို့သွားကာ ယဲ့ချန်းကျွင်းအား အကူအညီ သွားတောင်းခဲ့ပါသည်။
ယဲ့ချန်းကျွင်းသည် ယခုဆိုလျှင် ကောင်တီမြို့တွင် စားသောက်ဆိုင်တစ်ဆိုင်အတွက် ကုန်တင်ကား မောင်းနှင်ပေးရသည့် အလုပ်တစ်ခုကို ရရှိနေပြီ ဖြစ်သည်။
ထိုအလုပ်ကို အစ်ကိုလျို့က ရှာဖွေပေးထားခြင်းဖြစ်ကာ နောက်ပိုင်းတွင် သတ္တုတွင်း၌ လာရောက်လုပ်ကိုင်ဖို့ ယဲ့ချန်းချင့်က ကမ်းလှမ်းခဲ့သော်လည်း ယဲ့ချန်းကျွင်း ငြင်းဆန်ခဲ့ပါသည်။
အားလပ်ချိန်တွင် အိမ်သို့ မကြာခဏ ပြန်လာနိုင်ခြင်းကြောင့် လက်ရှိအလုပ်ကိုသာ သဘောကျ နှစ်သက်သည်ဟု ဆိုခဲ့သည်။
ယဲ့ချန်းချင့်ကဲ့သို့ သတ္တုတွင်းတွင် အလုပ်သွားလုပ်လျှင် အိမ်ကို ကြည့်ရှုစောင့်ရှောက်မည့်လူ မရှိတော့မည်ကို ယဲ့ချန်းကျွင်း စိတ်ပူမိပါသည်။
ယဲ့ချန်းကျွင်းနှင့် ယဲ့ချန်းနင်တို့နှစ်ဦး ဝါယာကြိုးများကို အိမ်အမိုးပေါ်မှတဆင့် လိုက်လံ သွယ်တန်းခဲ့ကြသည်။
မီးကြိုးလေးကို ဆွဲလိုက်သည့်အခါ လျှပ်စစ်မီးလုံးလေးမှာ မှိန်မှိန်ပျပျ အလင်းရောင်လေးဖြင့် စလင်းလာခဲ့တော့သည်။
မြောင်စွေ့ဖန်းက ဆိုသည်။
“လျှပ်စစ်မီတာခတွေက အရမ်းဈေးကြီးတယ်လို့ ဟိုဘက်အိမ်က အစ်မကြီးပြောတာ ကြားဖူးတယ်၊ မီးဖိုချောင်ထဲမှာ တစ်လုံးလောက်ထွန်းရင် လုံလောက်ပါပြီ”
ယဲ့ချန်းနင်က ရယ်ရခက်ငိုရခက်ဖြင့် ပြောလိုက်ပါသည်။
“ကြိုးတွေတောင် သွယ်ပြီးနေမှတော့ အခန်းတိုင်းမှာ မီးလုံးတစ်လုံးစီ တပ်လိုက်မယ်လေ၊ အဲ့တာမှ မိုးချုပ်လို့ ညဘက် ညစာစားတဲ့အခါကျရင် ပါးစပ်ပေါက်ဘယ်နားမှာလဲ လိုက်ရှာစရာမလိုတော့မှာ”
မြောင်စွေ့ဖန်းက ချေပသည်။
“ငါတို့ဒီမှာနေရတာ နှစ်ပေါင်းလည်း မနည်းတော့ဘူး၊ ပါးစပ်ပေါက်ရှာမရလို့ အစာငတ်သေတဲ့လူ ဘယ်နှယောက် ရှိဖူးလို့လဲ၊ နင် တစ်ယောက်တည်း အဖြစ်သည်းနေတာ”
“မီတာခကို ကျွန်တော် ရှင်းပေးပါ့မယ်ဗျာ၊ အမေဘာမှ စိတ်ပူစရာမလိုဘူး၊ အခုရှောင်ရှောင့်အခန်းကို အရင်တပ်ပေးလိုက်မယ်”
ယဲ့ချန်းနင်သည် ဝါယာကြိုးများကို ယူဆောင်လျက် မျက်နှာ ကြက်ပေါက်မှတဆင့် ခေါင်မိုးပေါ်သို့တက်ကာ မီးကြိုးများ သွယ်တန်းလိုက်သည်။
ထိုပြေးဒီပြေး လုပ်ကိုင်ပြီးနောက် အောက်သို့ ပြန်ဆင်းလာချိန်တွင် သူ့တစ်ကိုယ်လုံး ပေကျံမည်းတူးနေတော့သည်။
မျက်နှာကြက်မှ ဖုန်မှုန့်များ ကျလာသောအခါ ယဲ့ရှောင်ရှောင်လည်း အခန်းထဲတွင် ဆက်မနေနိုင်တော့ဘဲ ပစ္စည်းများသိမ်းဆည်းလျက် ပြေးထွက်လာပါသည်။
“သမီး လက်ဆောင်ပေးစရာရှိလို့ အာ့နီတို့အိမ်ကို သွားဦးမယ်နော်”
ကျန်းအာ့နီ အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း ကြားသိရသဖြင့် လက်ဆောင်ပေးဖို့ ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
“အာ့နီက အခု ဖေးချင့်တို့အိမ်မှာ ပြောင်းနေနေတယ်၊ သမီးသူတို့အိမ်သိလို့လား”
မြောင်စွေ့ဖန်းက သတိလှမ်းပေးလိုက်သည်။
“အမေ လိုက်ပို့ပေးမယ်”
ယဲ့ရှောင်ရှောင်လည်း ဖေးချင့်နေသည့်အိမ်ကို အမှန်တကယ် မသိပေ။ ဖေးချင့်ဟူသည် မည်သူမည်ဝါဖြစ်မှန်းပင် သူမ မသိချေ။
မြောင်စွေ့ဖန်းသည် ကလေးနှစ်ယောက်ကို လျှပ်စစ်မီးကြိုးများဖြင့် ဆော့မကစားစေရန် စောင့်ကြည့်ထားဖို့ ကျန်းရွှယ်အား အသိပေးခဲ့လိုက်သည်။
ထို့အပြင် ယဲ့ချန်းနင်အတွက် လှေကားကို သေချာကိုင်ထားပေးဖို့ ယဲ့ချန်းရှန့်ကိုလည်း သတိပေးခဲ့လိုက်ပြီး ယဲ့ရှောင်ရှောင်နှင့်အတူ အပြင်ထွက်လာခဲ့တော့သည်။
ဖေးချင့်၏ အိမ်သည် ရွာ၏ အရှေ့ဘက်ဆုံးမှ ရေတွက်လျှင် တတိယမြောက်အိမ်ဖြစ်ကာ ခြံထဲတွင်လည်း မဟော်ဂနီပင်ကြီးတစ်ပင် ရှိပါသည်။
“ဒီအိမ်ပဲရှောင်ရှောင်၊ သမီးဖာသာ ဝင်သွားလိုက်နော်၊ အမေ အိမ်ပြန်တော့မယ်၊ အရမ်းကြာကြာကြီးလည်း မနေနဲ့ဦး”
ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါအမေ”
ယဲ့ရှောင်ရှောင်သည် ခြံထဲတွင် တံမြက်စည်းလှည်းနေသည့် ယောက်ျားတစ်ဦးကို လှမ်းမြင်လိုက်ပါသည်။
ခြံရှေ့တွင် စကားပြောသံကြား၍ ဖေးချင့်လည်း လှည့်ကြည့်လိုက်ရာ ကျောက်သားနံရံပေါ်မှ ချောင်းကြည့်နေသည့် ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။
“ဘယ်သူလဲ မသိဘူး”
ယဲ့ရှောင်ရှောင်က လက်ဆောင်ထုပ်လေးကို ပိုက်လျက် ပြောလိုက်သည်။
“ကျွန်မ ကျန်းအာ့နီနဲ့ တွေ့ချင်လို့ပါ”
ဖေးချင့်သည် ယဲ့ရှောင်ရှောင်အတွက် ခြံတံခါးသွားဖွင့်ပေးလိုက်ပြီး အိမ်ထဲဝင်ဖို့ ဖိတ်ကြားလိုက်ပါသည်။
“အာ့နီက အိမ်ထဲမှာပါ၊ ဝင်ခဲ့နော်”
“ကျေးဇူးပါ”
ကျန်းအာ့နီလည်း အပြင်ဘက်မှ စကားပြောသံများကို ကြားမိပါသည်။
ယဲ့ရှောင်ရှောင်ကို မြင်လိုက်သည်နှင့် ဝမ်းသာပျော်မြူးစွာ ပြေးထွက်လာခဲ့သည်။
“ဘုရားရေ! ရှောင်ရှောင်ပါလား!”
ကျန်းအာ့နီမှာ ယဲ့ရှောင်ရှောင်ကို ပြေးဖက်လိုက်ပြီး အားဖြင့် ချီမ,လျက် လေထဲတွင် လှည့်ပတ်ပစ်လိုက်ပါသည်။
ကျန်းအာ့နီသည် ယခင်ကထက် သိသိသာသာ ပိန်ပါးသွားသော်လည်း ခွန်အားကတော့ လျော့မသွားသေးပေ။
“နေပါဦး နေပါဦး! ငါ လက်ဆောင်လာပေးတာ”
ကျန်းအာ့နီက ယဲ့ရှောင်ရှောင်အား အိမ်ထဲသို့ ဆွဲခေါ်သွားသည်။
“အိမ်ထဲမှာ စကားပြောကြရအောင်”
ဖေးချင့်တို့အိမ်တွင် အဓိက အခန်းကြီးသုံးခန်းရှိပြီး တစ်ခန်းတွင် ကျန်းအာ့နီနှင့် ဖေးချင့်တို့ နေထိုင်ကြသည်။ ကျန်တစ်ခန်းတွင် ယောက္ခမများ နေထိုင်ကြကာ အလယ်အခန်းကိုမူ ဧည့်ခန်းနှင့် ညစာစားခန်းအဖြစ် ပူးတွဲ အသုံးပြုထားပါသည်။
ကျန်းအာ့နီသည် ယဲ့ရှောင်ရှောင်ကို သူမ၏အခန်းထဲသို့ ခေါ်သွားခဲ့သည်။
“ရေနွေးသောက်ဦးမလား၊ အပြင်ကလာတာဆိုတော့ အရမ်းအေးနေမှာပဲ”
“အဲ့လောက်လည်း မအေးပါဘူး၊ မသောက်တော့ဘူး၊ ကျေးဇူးနော်”
ယဲ့ရှောင်ရှောင်သည် အိမ်မှ ယူဆောင်လာသည့် လက်ဆောင်ထုပ်ကို အပူပေးကုတင်ပေါ်တွင်တင်ကာ အနီရောင် ကက်ရှ်မီးယား လည်စည်းပဝါနှစ်ထည်၊ မျက်နှာလိမ်းဆေးခရင်မ်တစ်ဘူးနှင့် ရှည်လျားကောက်ကွေးသည့် အမျိုးသမီး ဆံပင်တုတစ်ခုတို့ကို ထုတ်ယူလိုက်သည်။
“ဒါ ဘာကြီးလဲ၊ ဆံပင်တုလား”
ထင်မှတ်ထားသည့်အတိုင်းပင် ကျန်းအာ့နီမှာ ဆံပင်တုကို အလွန်စိတ်ဝင်စားသွားပြီး ဟိုလှန်ဒီလှန်လုပ်လျက် လက်ဖြင့် သေသေချာချာ စမ်းကြည့်နေပါသည်။
“ဆံပင်အစစ်နဲ့ လုပ်ထားတာလားဟင်”
ယဲ့ရှောင်ရှောင်က ရှင်းပြသည်။
“ဒီတစ်ခုကတော့ ဆံပင်အစစ်နဲ့လုပ်ထားတာ၊ ဒါပေမယ့် ခုနောက်ပိုင်း တချို့စက်ရုံတွေက တခြားပစ္စည်းတွေနဲ့ ဆံပင် တုတွေ ထုတ်နိုင်နေပြီလေ”
ကျန်းအာ့နီက ကျီစယ်သည်။
“ဆံပင်တွေကိုတောင် အတုထုတ်လုပ်လို့ရနေပြီဆိုတော့ နောက်ဆို ဆံပင်ညှပ်ဆိုင်တွေကို ဘယ်သူမှ မသွားလောက်တော့ဘူးနော်”
ယဲ့ရှောင်ရှောင် “ကိုယ့် ဆံပင်အစစ်ကတော့ တန်ဖိုးအရှိဆုံးပေါ့၊ ဒါပေမယ့် ကယ်မရတဲ့အခြေအနေကို ရောက်နေပြီ ဆိုရင်တော့ ဆံပင်တုတပ်လည်း ဘာမှမဖြစ်ပါဘူး”
ဤဆံပင်တုမှာ မြောင်စွေ့ဖန်းအတွက် ဝယ်ယူစဉ်က အပိုထပ်ဆောင်းဝယ်ယူလာခဲ့သော ဆံပင်တုဖြစ်သည်။ ကျန်းအာ့နီ သဘောကျလိမ့်မည်ဟု ခန့်မှန်းမိသဖြင့် ယဲ့ရှောင်ရှောင် ဝယ်ယူလာပေးခဲ့ခြင်း ဖြစ်ပါသည်။
ကျန်းအာ့နီ သေချာစဉ်းစားကြည့်လိုက်သည်။
“နင် ပြောတာ မှန်တယ်၊ ငါတို့ဆိုင်မှာလည်း ဆံပင်တုတွေ တင်ရောင်းရင်ကောင်းမလားလို့”
ယဲ့ရှောင်ရှောင်က ပြောသည်။
“နင် အစောကြီး ပြန်လာနိုင်တာ အံ့ဩတယ်၊ အလုပ်အရမ်းများနေမယ်ထင်ထားတာ”
“လူတိုင်းက နှင်းတွေကြောင့် လမ်းပိတ်မှာ ကြောက်နေကြတာလေ၊ ပြီးတော့ ဒီကာလတွေမှာ ဆိုင်က ဖောက်သည်လည်း သိပ်မရပါဘူး၊ ပြီးတော့ ဆိုင်က နည်းနည်းကျဉ်းနေသေးတော့ နှစ်သစ်ကူးပြီးမှ ဘယ်လို တိုးချဲ့ရမလဲဆိုတာ စဉ်းစားရမယ်”
“မဆိုးပါဘူး၊ အခု ဆိုင်ခန်းငှားဖို့က အဲ့လောက်ဈေးမကြီးတော့ဘူးမလား”
ကျန်းအာ့နီ ခေါင်းညိတ်သည်။
“ဈေးမကြီးဘူးဆိုပေမယ့် ငါက အခြေခံဆံပင်ညှပ်တာလောက်ဆိုရင် ဘယ်လောက်မှ သိပ်မရဘူးလေ၊ ပုံစံသွင်းတာတွေ ဘာတွေမှ ပိုရတာ”
ထို့နောက် လည်စည်းပဝါနှင့် မျက်နှာလိမ်းဆေးခရင်မ်တို့ကို ကောက်ယူကာ သူမ ပြောလိုက်သည်။
“ငါ ဒီမျက်နှာလိမ်းဆေးအကြောင်း ကြားဖူးတယ်၊ အရမ်းရောင်းအားကောင်းတာဆို၊ ငါတို့ ကောင်တီမြို့ဘက်မှာတော့ ဒါမျိုးကို သိပ်မတွေ့ရဘူး၊ ဒါပေမယ့် ဆိုင်လာတဲ့ ဖောက် သည်တွေ ခဏခဏပြောတာ ကြားဖူးတယ်၊ ပြီးတော့ ပဝါလေးတွေကလည်း နူးညံ့လှပနေတာပဲ၊ ကျေးဇူးတင်ပါတယ် ရှောင်ရှောင်ရယ်၊ လက်ဆောင်တွေ တကူးတက သယ်လာပေးခဲ့တာပဲ”
ယဲ့ရှောင်ရှောင်က ပြုံးသည်။
“ကိုယ့် သူငယ်ချင်းက အိမ်ထောင်တောင် ကျနေပြီဆိုတော့ လက်ဆောင်နည်းနည်းပါးပါး ယူလာပေးသင့်တာပေါ့”
ကျန်းအာ့နီ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲမိသည်။
“နင်လက်ထပ်တဲ့အခါကျရင်လည်း ငါ လာခဲ့ပါ့မယ်၊ နင်လက်ထပ်တော့မှာလား”
“အဝေးကြီးလိုပါသေးတယ်”
ကျန်းအာ့နီက တိုက်တွန်းသည်။
“အဲ့တာဆိုလည်း မြန်မြန်လက်ထပ်နော်၊ နင်ကအခု ပိုပိုပြီး စတိုင်ကျလာတာ၊ နောက်ဆို မှတ်တောင် မှတ်မိမှာ မဟုတ်တော့ဘူး”
“အပိုတွေ ပြောပြန်ပြီ”
“တကယ်ပြောတာပါ၊ နင်အရမ်းလှတာပဲ”
ကျန်းအာ့နီတစ်ယောက် အတွေ့အကြုံရင့်ကျက်၍ လောကအမြင်ကျယ်လာခဲ့ပြီ ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ထက် ပိုမိုလှပသည့် မိန်းကလေးမျိုးကိုမူ တစ်ခါမှ မမြင်ဖူးသေးချေ။
သူတို့နှစ်ဦး အတန်ကြာအောင် စကားအနည်းငယ် ထိုင်ပြောခဲ့သည်။ ထို့နောက် ကျန်းအာ့နီက ဖေးချင့်ကို ခေါ်ကာ ညစာချက်ပြုတ်ဖို့အတွက် မီးမွှေးခိုင်းလိုက်ပါသည်။
“ငါညစာ မစားတော့ဘူးနော်၊ ခဏနေ အိမ်ပြန်တော့မယ်”
“မပြန်ပါနဲ့ဦး၊ ငါတို့အိမ်မှာ စားသွားစမ်းပါ”
ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်ပြီး အလုပ်ရှုပ်မခံဖို့ ပြောလိုက်သည်။
“အခုလို စကားထိုင်ပြောရတာနဲ့တင် လုံလောက်ပါပြီ”
ကျန်းအာ့နီလည်း မတတ်သာတော့ဘဲ လက်လျှော့လိုက်ရတော့သည်။
“ဟုတ်ပါပြီ၊ ရှောင်ရှောင်ယူလာပေးတဲ့ လက်ဆောင်တွေကို လာကြည့်ဦး ဖေးချင့်”
ကျန်းအာ့နီသည် လည်စည်းပဝါတစ်ထည်ကိုယူကာ ဖေးချင့်၏လည်ပင်းပေါ်တွင် အစမ်းပတ်ပေးကြည့်လိုက်သည်။
“အနီရောင်က ရှင်နဲ့ တော်တော်လိုက်တာပဲ”
ဖေးချင့်မှာ သူစိမ်းတစ်ယောက်ရှိနေသည့်အတွက် ရှက်ရွံ့နေပုံရပြီး ဘာမှပြန်မပြောဘဲ ငြိမ်ခံနေပါသည်။
စကားခေတ္တထိုင်ပြောပြီးနောက် ယဲ့ရှောင်ရှောင် ပြန်ဖို့ ပြင်လိုက်သည်။
ကျန်းအာ့နီ “ငါလိုက်ပို့ပေမးယ်”
“ငါ လမ်းသိပါတယ်”
ကျန်းအာ့နီက လက်မခံပေ။
“နင်က ဒီလောက်လှတာ တစ်ယောက်တည်း ပြန်လွှတ်ရမှာ စိတ်မချဘူး”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“နင်လည်း အခုအရမ်းလှနေပါပြီနော်”
“ဒါပေမယ့် ငါက ရွာထဲမှာ နာမည်ကြီးလေဟာ၊ ဘယ်သူမှ ငါ့ကို လာမရှုပ်ရဲကြဘူး”
ကျန်းအာ့နီက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။ ဤသည်မှာ ရွာခံတစ်ဦးဖြစ်ရခြင်း၏ အားသာချက်ပင်။
အပြင်ဘက်တွင် ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးမြနေသည်။
ယဲ့မိသားစုအိမ်ကို လှမ်းမြင်ရသည်အထိ လိုက်ပို့ပေးပြီးမှ ကျန်းအာ့နီ စိတ်ချသွားပြီး ယဲ့ရှောင်ရှောင်အား နှုတ်ဆက်လိုက်ပါသည်။
“မနက်ဖြန် ငါ နင့်အိမ်လာခဲ့မယ်နော်”
“ဟုတ်ပြီ”
ယဲ့ရှောင်ရှောင် လက်ပြကာ နှုတ်ဆက်လိုက်သည်။
သို့သော် သူမရှေ့သို့ပြန်လှည့်လိုက်ချိန်တွင် မည်သည့်နေရာကမှန်းမသိ ပေါ်လာသည့် လီသဲ့ရှုကို မြင်လိုက်ရပါသည်။
“နင် ဘာလိုချင်လို့လဲ”
လီသဲ့ရှုက မရိုးသော အပြုံးဖြင့် ပြောလိုက်သည်။
“ဘာမှမလိုချင်ပါဘူး၊ ယဲ့ယန်ယန် ဘယ်ရောက်သွားတာလဲ မေးချင်လို့”