အခန်း ၂၃၄
Vol. 24 Ch. 234
📗 Chapter 234
လီသဲ့ရှုမှာ ပါးစပ်ဟလိုက်သည်နှင့် ယဲ့ယန်ယန်၏အကြောင်းသာ ထွက်လာသည်။
ယဲ့ရှောင်ရှောင် ရင်ထဲ အနည်းငယ် ထူးဆန်းနေမိသည်။ ယခုဘဝတွင် လီသဲ့ရှုနှင့် ဟောက်ယန်ယန်တို့အကြား မည်သည့်ပတ်သက်မှုမျှ မရှိသင့်တော့ပေ။
ယခင်ဘဝက လီသဲ့ရှုနှင့် အိမ်ထောင်ရေး ဆိုးရွားလွန်းခြင်းကြောင့်ပင် ယခုဘဝတွင် ဟောက်ယန်ယန်တစ်ယောက် ပေကျင်းသို့ စောစီးစွာ ထွက်ပြေးသွားခဲ့ရခြင်း မဟုတ်ပါလား။
“ယဲ့ယန်ယန်က ပေကျင်းရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ နင်သိတယ်မလား၊ ငါ့ကိုပြောပြလို့ ဘာမှ အကျိုးမယုတ်ပါဘူး”
ယဲ့ရှောင်ရှောင်၏ အလှအပများကို လီသဲ့ရှု သတိထားမိသော်လည်း မည်သည့်အကြံအစည်မှ မကြံစည်ရဲပေ။
သူမှတ်မိသလောက်ဆိုလျှင် ယခင်ဘဝက ယဲ့ရှောင်ရှောင်ဘေး၌ အလွန်ကြောက်စရာကောင်းသည့် လူတစ်ယောက် ရှိခဲ့ပါသည်။
ထို့အပြင် ယခု ယဲ့မိသားစုဝင်အားလုံးလည်း သက်ရှိထင်ရှား ရှိနေသေးခြင်းကြောင့် ပို၍ပင် ကြောက်ရသည်။
“နင်က ဟောက်ယန်ယန်ကို ဘာလို့ရှာနေတာလဲ၊ သူက အိမ်ထောင်တောင်ကျနေပြီနော်”
လီသဲ့ရှု မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားရသည်။
“အိမ်ထောင်ကျသွားပြီဟုတ်လား! ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ၊ သောက်ကျင့်မကောင်းတဲ့ အဲ့ကောင်မက…”
သူ့အသံ တဖြည်းဖြည်းတိုးညှင်းသွားသော်လည်း ယဲ့ရှောင်ရှောင် အနည်းငယ် ကြားလိုက်ရပါသည်။
ယဲ့ရှောင်ရှောင် အနောက်သို့ ခြေတစ်လှမ်းတိတ်တဆိတ် ဆုတ်လိုက်ပြီး အသက်ဝဝရှူလျက် သံကုန်ဟစ်ကာ အော်လိုက်တော့သည်။
“အမေ! တတိယအစ်ကို! သမီးကို လီသဲ့ရှု လိုက်နှောင့်ယှက်နေတယ်!”
ယဲ့မိသားစုအိမ်နှင့် အလွန်နီးကပ်နေပြီဖြစ်၍ သူမ၏ အော်သံကို ခြံထဲမှ ကြားနိုင်ပါသည်။
လီသဲ့ရှုတစ်ယောက် ကြောက်လန့်တကြား နောက်လှည့်ကြည့်ကာ သုတ်ခြေတင် ပြေးလေတော့သည်။
ခြံထဲမှ ယဲ့ချန်းနင် ပြေးထွက်လာသော်လည်း သူများအိမ်ထဲဝင်ပုန်းနေပြီဖြစ်သော လီသဲ့ရှုအား မမြင်သဖြင့် ယဲ့ရှောင်ရှောင်ကို မေးမြန်းလိုက်သည်။
“ဘာတွေ အော်နေတာလဲ ရှောင်ရှောင်”
ယဲ့ရှောင်ရှောင်: “ခုနက လီသဲ့ရှု ရောက်လာတယ်”
ယဲ့ချန်းနင် မျက်မှောင်ကြုတ်သွားလေသည်။
“ဒီကောင် မျက်နှာလာပြရဲသေးတယ်ပေါ့၊ နာချင်နေပြန်ပြီထင်တယ်”
“သူက သမီးတို့ မိသားစုအကြောင်းတွေပဲ လိုက်စပ်စုနေတာ”
ယခုလက်ရှိတွင် ဟောက်ယန်ယန်၏ အကျင့်စာရိတ္တက မေးခွန်းထုတ်ဖွယ်ရှိသော်ငြား လီသဲ့ရှုကလည်း လူကောင်းသူကောင်း မဟုတ်ပါ။
ယခင်ဘဝက ယဲ့မိသားစု ဒုက္ခဆင်းရဲတွင်းထဲ ကျဆင်းချိန်တွင် လီသဲ့ရှုသည် မည်သည့်အကူအညီမှ မပေးခဲ့ဘဲ လက်ပိုက်ကြည့်ရှုနေခဲ့သည်။
ယဲ့ချန်းနင် မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။
“ဒီကောင်ဘာဖြစ်ချင်နေတာလဲ၊ လီသဲ့ရှုအဖေ ရွာမှာမရှိတော့ဘူးလို့ ငါကြားတယ်၊ ပြီးတော့ သူတို့မိသားစုလည်း အခြေအနေမကောင်းဘူး၊ ဧကန္တ ငါတို့အိမ်က ပစ္စည်းတွေ လာခိုးမလို့တော့ မဟုတ်ပါဘူးနော်”
ယဲ့ချန်းနင်သည် ပြန်လည်မွေးဖွားလာခြင်းကိစ္စများအား ထည့်တွေးမိမည်မဟုတ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ တွေးမိပါသည်။
လီသဲ့ရှုပါ ပြန်လည်မွေးဖွားလာခြင်းဆိုလျှင် ဤကမ္ဘာ၏ ဇာတ်လမ်းက မူရင်းဝတ္ထုမှ လုံးဝ လမ်းချော်သွားခဲ့ပြီ ဖြစ်သည်။
မောင်နှမနှစ်ယောက် အိမ်ထဲသို့ ဝင်မလာကြသေးသည်ကို မြင်ပြီး ယဲ့ချန်းရှန့်လည်း အပြင်ထွက်လာပါသည်။
ယဲ့ချန်းနင်က ရှင်းပြသည်။
“ခုနက လီသဲ့ရှု ရောက်လာလို့တဲ့၊ ဒီကောင်က ငါတို့မိသားစုနားက မခွာနိုင်ဖြစ်နေတာပဲ”
ယဲ့ချန်းရှန့်က အကြံပြုသည်။
“သူနဲ့ စာရင်းအပြတ်ရှင်းခဲ့မှ ဖြစ်မယ်နော်၊ ငါတို့တွေ ကျောင်းပြန်တက်တဲ့အချိန် ဒီကောင်ပြန်လာပြီး အဖေနဲ့ အမေ့ကို ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ”
သူတို့ မရှိတော့လျှင်ပင် ယဲ့ကျန်းကော်တစ်ယောက်တည်းနှင့် ထိုကောင့်ကို ကောင်းကောင်းဆုံးမနိုင်လိမ့်မည်ဟု ယုံကြည်သော်လည်း လီသဲ့ရှုအား ရွာမှ မောင်းထုတ်ပစ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
“ဒီကောင့်ကို ပညာသွားပေးရအောင်”
ယဲ့ချန်းနင် စဉ်းစားနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ ထိုကောင့်ကို ထိုးကြိတ်ပညာပေးပြီး ရွာပြင်သို့ ကန်ထုတ်ပစ်လိုက်ဖို့ပင်။
ဤကဲ့သို့ ရာသီဥတုမျိုး၌ အပြင်ဘက်တွင် တစ်ညလောက်ပစ်ထားလိုက်ပါက နောင်ဘဝသို့ ချက်ချင်းကူးပြောင်းသွားပါလိမ့်မည်။
ယဲ့ချန်းရှန့်က တတိယအစ်ကိုအား ဘဝင်မကျစွာ ကြည့်လျက်ပြောလိုက်သည်။
“အလုပ်တစ်ခုခုလုပ်ရင် ဦးနှောက်ကို အရင်သုံးလို့မရဘူးလား”
ယဲ့ရှောင်ရှောင်က အစ်ကိုနှစ်ယောက်ကို ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။
“အိမ်ထဲဝင်ပြီးမှ ဆွေးနွေးကြပါလားဟင်”
ယဲ့ချန်းနင်ထွက်လာစဉ်က အနွေးထည်ပင် ဝတ်မလာခဲ့ပေ။
“အဲ့တာကြောင့် အေးစက်နေတာကိုး၊ ဝင်ကြစို့ ဝင်ကြစို့”
မောင်နှမသုံးဦး အိမ်ထဲပြန်ဝင်လာပြီး ယဲ့ချန်းရှန့်၏ အခန်းလေးထဲတွင် ခေတ္တထိုင်ခဲ့ကြသည်။
ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းနင်တို့၏ အခန်းက တစ်ဆက်တည်းဖြစ်ကာ အိမ်တွင် လျှပ်စစ်မီးလုံးများ တပ်ဆင်ထားပြီးပြီဖြစ်၍ လင်းလင်းထင်းထင်းရှိလှပါသည်။
လီသဲ့ရှုအား မည်သို့စာရင်းရှင်းရမည်ကို တိုင်ပင်နေကြစဉ် အခန်းထဲ ယဲ့ကျန်းကော်ဝင်ရောက်လာပြီး မနက်ဖြန် တောင်ပေါ်တွင် အမဲသွားလိုက်ဖို့ ရွာက လူစုနေသည့်အကြောင်း လာပြောခဲ့ပါသည်။
ကျေးရွာတွင် ဤကဲ့သို့ စုပေါင်းလှုပ်ရှားမှုမျိုး ရှိလာလျှင် လူငယ်ရွာသားများအားလုံးနီးပါး ပါဝင်လေ့ရှိကြသည်။
လူများလေလေ ဘေးကင်းလုံခြုံလေလေဖြစ်ကာ ဝက်ဝံများ၊ ဝံပုလွေများနှင့် တိုးလျှင်ပင် ကြောက်စရာမလိုအပ်ပေ။
အိမ်တွင် ကိုယ်ပိုင်သေနတ်ရှိသူများက ယူဆောင်လာကြမည်ဖြစ်ပြီး ပြည်သူ့စစ် တပ်သားများကလည်း အနောက်မှ လိုက်ပါလာကြပါလိမ့်မည်။
“သမီးတို့ရွာမှာ ဝံပုလွေတွေ ရှိလို့လား”
ယဲ့ချန်းနင်: “ရှိတာပေါ့၊ နင်မတွေ့ဖူးသေးတာပဲရှိတာ”
ယဲ့ရှောင်ရှောင်: “အဲ့တာဆို မနက်ဖြန် သမီးလည်း တောင်ပေါ်လိုက်ခဲ့မယ်”
ယဲ့ချန်းနင်: “နင်က ချန်းရှန့်နဲ့အတူတူသွား၊ လမ်းတစ်ဝက်လောက်ထိပဲ လိုက်ခဲ့ပြီး အိမ်ပြန်ကြ”
ယဲ့ရှောင်ရှောင်က မေးသည်။
“သမီးတို့အိမ်မှာ အမဲလိုက်သေနတ်ဘယ်နှလက်ရှိတာလဲ”
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်ဆောင်ခွင့်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း အမဲလိုက်ခြင်း လုပ်ငန်းကို အဓိက အမှီပြုနေကြရသော မြောက်ပိုင်း ကျေးရွာအချို့တွင်မူ လက်လုပ်သေနတ်အများအပြားကို ကိုင်ဆောင်ခွင့် ပေးထားဆဲပင် ဖြစ်သည်။
နောက် ၁၀ နှစ်ခန့်အကြာမှသာ ထိုသေနတ်များ တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားကြပါလိမ့်မည်။
ယဲ့ချန်းနင်သည် ယဲ့ကျန်းကော်ပြန်ထွက်သွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးမှ တီးတိုး ပြောလိုက်သည်။
“အဲ့တာတွေအကုန်လုံးက အဖေ့ရတနာတွေလေ၊ ဘယ်သူ့ကိုမှ ထိခွင့်မပေးဘူး၊ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ ရှိရင်တော့ ကိုင်လို့ရတယ်၊ ဒါပေမယ့် အဖေက ငါ့ကို မကိုင်ခိုင်းဘူး”
ယဲ့ချန်းချင့်နှင့် ယဲ့ချန်းအန်းတို့ နှစ်ဦးစလုံးက စစ်တပ်ထဲတွင် လေ့ကျင့်ဖူးကြသဖြင့် ယဲ့ကျန်းကာ်က သေနတ်ကိုင်ဆောင်ခွင့် ပေးထားခြင်း ဖြစ်ပါသည်။
သို့သော် ယဲ့ချန်းနင် အရွယ်ရောက်သည့်အခါတွင်မူ စစ်တပ်ထဲ ဝင်ရောက်ဖို့ ခက်ခဲသည့် ခေတ်ကာလသို့ ရောက်ရှိနေပြီ ဖြစ်၍ စစ်မှုမထမ်းခဲ့ရပေ။
ထို့အပြင် ခြေမငြိမ်သော သူ့စရိုက်ကြောင့် ယဲ့ကျန်းကော်ကလည်း စစ်တပ်ထဲစေလွှတ်ဖို့ စိတ်မချခဲ့ပေ။ ထို့ကြောင့် အိမ်တွင်သာ ယဲ့ချန်းနင် လေ့ကျင့်ခဲ့ရပါသည်။
သို့သော် ယဲ့ချန်းနင်သည် မိသားစု၏ သေနတ်များကို ကောင်းကောင်းအသုံးချနိုင်စွမ်း ရှိပါသည်။
ယဲ့ရှောင်ရှောင် အခန်းထဲတွင် ခေတ္တဆက်ထိုင်နေခဲ့သော်လည်း လီသဲ့ရှုအား စာရင်းရှင်းဖို့ အစ်ကိုနှစ်ယောက် ဆွေးနွေးတိုင်ပင်နေသည်ကို မကြားခဲ့ရချေ။
လီသဲ့ရှုအား အရူးတစ်ယောက်ဖြစ်သွားအောင် အဆိပ်ခတ်လုပ်ကြံနိုင်လျှင် သိပ်ကောင်းမည်ဟု ယဲ့ရှောင်ရှောင် တွေးမိပါသည်။
ချူးမြောင်ထံမှ ကူအဆိပ်အသုံးပြုနည်းကိုသာ သင်ကြားခဲ့လျှင် လီသဲ့ရှု အကောက်ကြံမည်ကို စိတ်ပူစရာ မလိုတော့ချေ။
နောက်တစ်နေ့မနက်စောစော ရွာထဲတွင် မောင်းသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသောအခါ ရွာထဲရှိ သက်လယ်ပိုင်းနှင့် သက်ငယ်ပိုင်း ရွာသားများအားလုံး အနောက်ဘက်တောင်ခြေတွင် လူစုခဲ့ကြပါသည်။
ထိုအုပ်စုထဲ မိန်းကလေးငယ်အချို့ပင် ပါလာသေးသည်။ ရွာထဲရှိ အချို့သော မိသားစုများတွင် သမီးမိန်းကလေးများသာ ရှိသော်ငြား အမဲလိုက်ခြင်းတွင် မပါဝင်ပါက အသားဝေစု ရရှိမည် မဟုတ်ပေ။
ထို့ကြောင့် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်းခံ၇သဖြင့် ထိုမိန်းကလေးများသည်လည်း အမဲလိုက်ထွက်တတ်ကြပါသည်။
သို့သော် ထိုအုပ်စုထဲတွင် ယဲ့ရှောင်ရှောင် မပါဝင်သည်ကတော့ သေချာသည်။ အားလုံးနှင့်အတူတူ တန်းစီလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်က အခြားသူများထက် များစွာ ပိုသေးငယ်နေပါသည်။
“ရှောင်ရှောင်က တို့ရွာထဲက အသက် ၁၂ နှစ်သားလေးလောက်တောင် မကြံ့ခိုင်ဘူးနော်”
ယဲ့ကျန်းကော်သည် ယဲ့ရှောင်ရှောင်လိုက်ပါမည့် ကိစ္စကို သဘောမတူချင်ပေ။ ချန်းရှန့်ကလည်း ယခင်ကတည်းက ဤကဲ့သို့ လှုပ်ရှားမှုမျိုးတွင် ပါဝင်လေ့မရှိခဲ့သဖြင့် မောင်နှမနှစ်ယောက် အိမ်တွင်သာ နေခဲ့သင့်ပါသည်။
ယဲ့ချန်းနင်က ပြောသည်။
“သူတို့က ဒီတိုင်း အပျော်သဘော လိုက်လာတာပါ၊ လမ်းတစ်ဝက်လောက် ရောက်ရင် ပြန်ကြလိမ့်မယ်”
ယဲ့ကျန်းကော်က သားဖြစ်သူအား စိုက်ကြည့်လိုက်သည်။
“အဲ့ကျရင် မင်းပါ ပြန်ရမှာ”
လက်ထဲတွင် သေနတ်ကို ကိုင်ကစားနေသော ယဲ့ချန်းနင်တစ်ယောက် ထိုစကားကိုကြားပြီး ငိုမဲ့မဲ့ဖြစ်သွားရသည်။
“အဲ့လိုလုပ်တာတော့ မကောင်းပါဘူး”
ယဲ့ကျန်းကော်က ခက်ထန်စွာ ပြောလိုက်သည်။
“ဘာကို မကောင်းတာလဲ၊ မင်းညီနဲ့ညီမကို နှစ်ယောက်တည်း ပြန်လွှတ်လိုက်လို့ တောင်ပေါ်မှာ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ”
ယဲ့ချန်းနင်လည်း မတတ်သာတော့ဘဲ လိုက်လျောလိုက်ရတော့သည်။
“ဟုတ်ပါပြီဗျာ၊ အဖေတို့နှစ်ယောက်ပဲ သွားကြပါတော့”
ယဲ့ရှောင်ရှောင်သည် ရွာ၏ စုပေါင်းလှုပ်ရှားမှုတွင် ပါလေ့ပါထမရှိပေ။ ယခင်က ရေခဲပြင်ငါးဖမ်းပွဲ ကြည့်ရှုဖူးသည်ကိုသာ မှတ်မိပါသည်။
သို့သော် တောင်ပေါ်တွင် အမဲလိုက်ထွက်သည့်ခရီးစဉ်တွင်မူ လူဦးရေပိုများပြီး ၄၀ - ၅၀ ခန့်ရှိမည်ဟု ထင်ရသည်။
ယဲ့ရှောင်ရှောင်: “လူတွေဒီလောက်များရင် သားကောင်တွေ လန့်ပြီး ထွက်ပြေးမသွားနိုင်ဘူးလား”
ယဲ့ချန်းနင်က ရှင်းပြသည်။
“တောထဲရောက်ရင် နင်နားလည်ပါလိမ့်မယ်၊ လူသားတွေဆိုတာ သဘာဝတရားကြီးနဲ့ယှဉ်လိုက်ရင် ပမွှားလောက်ပဲရှိတာ”
ပြည်သူ့စစ် တပ်သားများက ရှေ့တွင် လမ်းရှင်းပေးနေကြသည်။
တောင်ပေါ်မတက်မီ ရွာသူကြီးက အမဲလိုက်နိုင်သည့် သားကောင်နှင့် မလိုက်နိုင်သည့် သားကောင်တို့ကို ခွဲခြားပြသထားပါသည်။
အထူးသဖြင့် နိုင်ငံတော်မှ တားမြစ်ကာကွယ်ထားသည့် တိရိစ္ဆာန်များကို လုံးဝအန္တရာယ်ပြု၍ မရနိုင်ပေ။
ယခုအမဲလိုက်ထွက်ခြင်းမှာ စားနပ်ရိက္ခာရရှိရန်အတွက်ဖြစ်ပြီး အပျော်သက်သက် သတ်ဖြတ်ခြင်း မဟုတ်ချေ။
စိုက်ခင်းများကို ဖျက်ဆီးတတ်ပြီး စားသုံးရန်လည်း သင့်တော်သည့် တောဝက်ရိုင်းများမှာမူ သူတို့ အဓိက သုတ်သင်ရမည့် ပစ်မှတ်များဖြစ်ကြပေသည်။
ယခင်က စားခဲ့ဖူးသည့် တောဝက်သားအရသာကို ယဲ့ရှောင်ရှောင် ယခုချိန်ထိ မှတ်မိနေပါသေးသည်။
တောဝက်သားမှာ အလွန်အရသာရှိသော်လည်း ယခင်တစ်ခေါက်က တစ်အိမ်ထောင်လျှင် ဝေစုအနည်းငယ်သာ ရရှိခဲ့သဖြင့် မတင်းတိမ်လှပေ။
အမဲလိုက်ထွက်မည့် အဖွဲ့ထဲ လီသဲ့ရှုကိုလည်း ယဲ့ရှောင်ရှောင် မြင်ခဲ့ရပါသည်။
ရှေ့ကလူများနောက်ကို မီအောင်လိုက်နိုင်ပုံပင်မပေါ်ဘဲ လမ်းလျှောက်နှုန်းမှာ တဖြည်းဖြည်းနှေးကွေးလာပြီး နောက်တွင် ကျန်ရစ်ခဲ့သည်။
လီမိသားစုသည့် ယခင်က ရွာသူဌေးများဖြစ်ကြသဖြင့် လီသဲ့ရှုကလည်း ဤကဲ့သို့ ပင်ပင်ပန်းပန်းအလုပ်များကို မလုပ်ခဲ့ဖူးပါချေ။ ယခုမူ နှစ်သစ်ကူးတွင် ဟင်းစားကောင်းကောင်းရဖို့အတွက် ရွေးချယ်စရာမရှိတော့ဘဲ ရွာသားများနှင့်အတူ အမဲလိုက်ထွက်ခဲ့ရတော့သည်။
ယဲ့ရှောင်ရှောင်က ယဲ့ချန်းရှန့်အား တီးတိုး ပြောလိုက်သည်။
“လီသဲ့ရှုလည်း ရောက်နေတယ်နော်”
ယဲ့ချန်းရှန့်: “သူ့ခြေထောက်က ပုံမှန်မဟုတ်ဘူး”
ယဲ့ရှောင်ရှောင်: “အရင်တစ်ခေါက် ခြေထောက်ကျိုးတုန်းက ဒဏ်ကျန်ခဲ့တာနေမှာပေါ့”