အခန်း ၂၃၅
Vol. 24 Ch. 235
📗 Chapter 235
ယဲ့ချန်းရှန့် ခေါင်းညိတ်ထောက်ခံလိုက်သည်။
လီသဲ့ရှု၏ လက်ရှိအခြေအနေနှင့်သာဆိုလျှင် တောနက်ထဲ ရောက်သည်အထိ လမ်းလျှောက်နိုင်မည်မဟုတ်ဘဲ အမြန်နှုန်းကလည်း သူတို့မောင်နှများနှင့် အတူတူလောက်သာ ရှိနိုင်သည်။
ထို့ကြောင့် ယခု လီသဲ့ရှုတစ်ယောက် ခပ်လှမ်းလှမ်းတွင် ပုန်းအောင်းနေသော်ငြား မကြာမီ ထိပ်တိုက်တိုးကြမည်ကိုတော့ ရှောင်လွှဲ၍မရနိုင်ပေ။
သူတို့အားလုံး ရှေ့သို့ အတန်ကြာအောင် ဆက်လျှောက်လာခဲ့ကြသည်။ အရှေ့ဘက်မှ အမဲလိုက်အဖွဲ့မှာမူ သားကောင်များကို စတင် ဖမ်းမိနေကြပြီ ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် ဘေးမှဖြတ်သွားသော ယုန်တစ်ကောင်ကို မြင်သော်လည်း မည်သို့ ဖမ်းဆီးရမည်ကို မသိပေ။
ထို့အပြင် သူမတစ်ကိုယ်လုံး အဝတ်အအစားထူထူများ ဝတ်ဆင်ထားပြီး၊ ဦးထုပ်နှင့် လက်အိတ်တို့အပြင် ဘွတ်ဖိနပ်များကလည်း အလွန်တရာမှ လေးလံလွန်းပါသည်။
ယုန်ဖမ်းဖို့ကို မဆိုဦးနှင့်၊ အန္တရာယ်နှင့် ကြုံတွေ့လာခဲ့လျှင်ပင် ထွက်ပြေးဖို့ မလွယ်ကူနိုင်ပေ။
ရွာသားများသည် ထိုကဲ့သို့ သားကောင်အသေးစားလေးများကို ဖမ်းဆီးရန် သေနတ်ကိုပင် အသုံးမပြုကြပေ။ လက်ကိုင်ပိုက်ကွန်များဖြင့်သာ အလွယ်တကူ ကောက်၍ ဖမ်းဆီးကြပါသည်။
ယဲ့ရှောင်ရှောင်က ယဲ့ချန်းရှန့်အား ကြည့်ကာ မေးမြန်းလိုက်ပါသည်။
“စတုတ္ထအစ်ကို၊ သမီးတို့နှစ်ယောက်က ဘာအတွက် လိုက်လာကြတာလဲဟင်”
ယဲ့ချန်းရှန့်က မိမိအကြောင်းမိမိ နားလည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဒီလို အစုအဖွဲ့လှုပ်ရှားမှုမျိုးမှာ ပါဝင်ဖို့ကပဲ အရေးကြီးတာပါ၊ ရလဒ်က အရေးမကြီးဘူး”
“ဒါပေမယ့် အမဲလိုက်တာမှာ ပါရုံနဲ့တော့ အသားဝေစု မရလောက်ဘူးမလား”
ယဲ့ရှောင်ရှောင် အမှန်တကယ် နားမလည်သဖြင့် မေးမြန်းလိုက်သည်။ ထိုသို့သာဆိုလျှင် ရွာထဲမှလူတိုင်း ရေသာခို အချောင်နှိုက်ဖို့ လိုက်ပါလာကြပေလိမ့်မည်။
ယဲ့ချန်းရှန့်က ရှင်းပြသည်။
“အမဲလိုက်တဲ့အချိန်မှာ ဘယ်သူက အကြိုးစားဆုံးလဲဆိုတာကို ရွာသူကြီးက အကဲဖြတ်ပေးလိမ့်မယ်၊ အဲ့ဒီလူက ဝေစု အများဆုံး ရမှာပေါ့၊ ငါတို့လို ဒီတိုင်း လမ်းပဲလျှောက်နေတဲ့လူတွေကတော့ ဘာမှ မရလောက်ဘူး၊ ဒါပေမယ့် လူတော်တော်များများက အမဲလိုက်အုပ်စုနဲ့ လိုက်မသွားကြဘဲ လမ်းမှာ ကိုယ့်ဖာသာကိုယ်တွေ့တဲ့ သားကောင် အသေးစားတွေကိုပဲ ဖမ်းသွားလေ့ရှိကြတယ်လေ”
အစ်ကိုဖြစ်သူများ၏နောက်မှ ယဲ့ရှောင်ရှောင်လိုက်ပါလာစဉ် အခြားသော အုပ်စုများနှင့် စတင်၍ လူစုကွဲလာခဲ့ကြသည်။
ယဲ့ချန်းနင်သည် အမဲလိုက်သေနတ်တစ်လက်ကိုင်လျက် ယဲ့ရှောင်ရှောင်၏ ဘေးမှ ကပ်လျှောက်နေပြီး ယဲ့ချန်းချင့်နှင့် ယဲ့ကျန်းကော်တို့ကမူ အဓိက အမဲလိုက်အဖွဲ့နှင့်အတူ လိုက်ပါသွားပါသည်။
“ဟိုမှာကြည့်စမ်း! ရှေ့မှာ တောဝက်တစ်ကောင် မိသွားကြပြီထင်တယ်!”
ယဲ့ချန်းနင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ရှေ့ဆုံးမှ ချီတက်နေသည့် ရွာသွားတစ်ဦးက သေနတ်ဖြင့် လှမ်း၍ ပစ်ခတ်လိုက်သောအခါ တောဝက်ရိုင်းကြီးတစ်ကောင်မှာ မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့ပါသည်။
ဤကဲ့သို့သော သားကောင်ကြီးမျိုးကိုမူ ရွာသို့အရင် သယ်ဆောင်ရလေ့ရှိသည်။
ယဲ့ရှောင်ရှောင်က အကြံပြုသည်။
“ဒါဆို သမီးတို့လည်း ရွာကို တောဝက်ပြန်သွားပို့မယ့်အဖွဲ့နဲ့ ပြန်လိုက်သွားကြရအောင်လေ”
ယဲ့ချန်းနင်က ရယ်မောလျက် ပြောလိုက်ပါသည်။
“နင် အိမ်တော်တော် ပြန်ချင်နေပြီမလား၊ အေးပါ ပြန်ကြတာပေါ့”
သူတို့ တောနက်ထဲသို့ နက်နက်ရှိုင်းရှိုင်း မရောက်ရှိကြသေးပေ။ အခြားသော ရွာသားများကပါ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စသည်ဖြင့် လူစုခွဲသွားကြသည်ကို ယဲ့ရှောင်ရှောင် သတိပြုမိပါသည်။
ဤနေရာသည် ဘေးအန္တရာယ်ရှိသော နယ်မြေတစ်ခု မဟုတ်သေးသည့်အပြင် သားရဲတိရိစ္ဆာန်ကြီးများနှင့်လည်း ကြုံခဲလှပါသည်။
ထိုစဉ် ယဲ့ရှောင်ရှောင်သည် သူမ၏ အနီးနားတွင် မလှုပ်မယှက်ငြိမ်သက်နေသော ယုန်တစ်ကောင်ကို သတိပြုမိသွားသည်။
“တတိယအစ်ကို၊ ဟိုမှာ ယုန်တစ်ကောင် ယုန်တစ်ကောင်!”
ယဲ့ချန်းနင်သည် အမဲလိုက်သေနတ်ကို ယဲ့ချန်းရှန့်၏ လက်ထဲသို့ ထည့်ပေးလိုက်ပါသည်။
“ဒီယုန်အတွက်နဲ့တော့ ကျည်ဆံဖြုန်းစရာမလိုဘူး၊ ငါဖမ်းပေးမယ်”
ယဲ့ချန်းနင်တစ်ယောက် ခြေဖျားထောက်လျက် ချဉ်းကပ်သွားပြီး ယုန်အား ရုတ်တရက် ခုန်အုပ်ကာ မြေပေါ်တွင် ဖိချုပ်ထားလိုက်သည်။
ယဲ့ရှောင်ရှောင်လည်း ကူညီပေးဖို့ ရောက်လာခဲ့ပြီး ယဲ့ချန်းနင်က ကြိုးတစ်ချောင်းထုတ်၍ ယုန်၏ခြေထောက်များကို အရင်ဆုံး တုပ်နှောင်ပစ်လိုက်ပါသည်။
ယုန်မှာ အသည်းအသန် ရုန်းကန်သော်လည်း ယဲ့ချန်းနင်၏ လက်မှ မလွတ်ခဲ့ပေ။
“အကောင်သေးတယ်ဆိုပြီး အထင်မသေးလိုက်နဲ့၊ ကန်လည်းကန်တယ် ကိုက်လည်းကိုက်တတ်တယ်၊ သွားမထိနဲ့နော် ရှောင်ရှောင်”
ယဲ့ချန်းနင်သည် ယုန်အား အိတ်တစ်လုံးထဲ ပစ်ထည့်ကာ ကျောပေါ်တွင် လွယ်ပိုးထားလိုက်သည်။
ယုန်ဖမ်းရင်း အချိန်အနည်းငယ် နှောင့်နှေးသွားသဖြင့် တောဝက်ကို သယ်ဆောင်သွားသော အုပ်စုနှင့် အနည်းငယ် အလှမ်းဝေးသွားခဲ့သည်။
ထို့ကြောင့် ယဲ့ချန်းနင်သည် အိမ်သို့ လက်ဗလာဖြင့် မပြန်ချင်သဖြင့် ညီနှင့် ညီမဖြစ်သူတို့ကိုခေါ်ကာ အနီးနားတွင် ခေတ္တအမဲဆက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ အိမ်သို့ လက်ဗလာဖြင့်သာ ပြန်ရလျှင် ရှက်စရာကောင်းပေလိမ့်မည်။
ထိုနေရာတွင် ရစ်ငှက်များ၊ ယုန်များစွာ ရှိနေသဖြင့် အမဲလိုက်ဖို့ လွယ်ကူပါသည်။ ယဲ့ရှောင်ရှောင်က ကိုယ်တိုင် မဖမ်းနိုင်သဖြင့် ယဲ့ချန်းနင်ပေးထားသည့် အိတ်ကိုသာ ကိုင်ကာ အစ်ကိုနှစ်ဦးကို စောင့်ကြည့်နေရသည်။
ယဲ့ချန်းရှန့်ကမူ ယုန်နောက်တစ်ကောင်ဖမ်းဖို့အတွက် ယဲ့ချန်းနင်အား ကူညီပေးခဲ့ပါသည်။
သစ်ပင်ကြီးတစ်ပင်အောက်တွင် ယဲ့ရှောင်ရှောင် မတ်တပ်ရပ်နေစဉ် ယုန်တစ်ကောင်သည် သူမထံသို့ အရှိန်အဟုန်ဖြင့် တန်းတန်းမတ်မတ် ပြေးလာခဲ့သည်။
ထို့နောက် ‘ဒုန်း’ခနဲ မြည်သံနှင့်အတူ သစ်ပင် ပင်စည်ကြီးအား ခေါင်းဖြင့် ဝင်တိုက်မိသွားတော့သည်။
‘ဝါး… သားကောင်က မုဆိုးဆီ တန်းတန်းမတ်မတ်ပြေးလာတာပါလား’
မူးဝေသွားသည့် ထိုယုန်အား ယဲ့ရှောင်ရှောင် ကောက်ယူဖို့ ပြင်လိုက်စဉ် ထိုယုန်မှာ ရုတ်တရက် ပြန်ထလာပြီး ဘေးသို့ ထွက်ပြေးသွားခဲ့ပါသည်။
သို့သော် ဘေးတွင် အသင့်ရှိနေသည့် လူတစ်ဦးက ထိုယုန်ကို ဖမ်းချုပ်ထားလိုက်သည်။
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်ရာ လီသဲ့ရှုအား မြင်လိုက်ရလေသည်။
“ယဲ့ယန်ယန် ဘယ်မှာရှိလဲဆိုတာ ပြောပြရင် နင့်ကို ဒီယုန်ပေးမယ်”
လီသဲ့ရှုတစ်ယောက် လုံးဝ ရူးသွပ်နေပြီဟု ယဲ့ရှောင်ရှောင် တွေးမိလိုက်ပါသည်။
“နင့်မိသားစု စီးပွားပျက်ပြီး ပြဿနာနည်းနည်းတက်နေတယ်လို့ ငါ ကြားမိတယ်နော်၊ ယုန်ကိုလိုချင်တယ်ဆိုလည်း ယူသွားလိုက်လေ၊ ယုန်တစ်ကောင်ကို သူများဆီက လုရလောက်တဲ့အထိ နင်တို့မိသားစု အခြေအနေဆိုးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး”
လီသဲ့ရှု အံကြိတ်ကာ ပြောလိုက်သည်။
“ငါ့မိသားစုက ဘာစီးပွားမှ မပျက်ဘူး!”
သူတို့မိသားစုမှာ ယခင်ကလောက် မချမ်းသာတော့သော် လည်း ရွာတွင် စားဖို့သောက်ဖို့မနည်းရုန်းကန်နေရသည့် ရွာသားများနှင့် ယှဉ်လိုက်လျှင်မူ သူတို့မိသားစုက အပုံကြီး ပိုသာနေပါသေးသည်။
သို့သော် ဆင်းရဲခြင်းမှ ချမ်းသာရာသို့ တက်လှမ်းဖို့ လွယ်ကူသော်လည်း ချမ်းသာရာမှ ဆင်းရဲခြင်းသို့ ပြန်လည်ဆင်း သက်ရန်မှာမူ ခက်ခဲလှပေသည်။
ထို့အပြင် လီသဲ့ရှုသည် သူ့ကိုယ်သူ ကံကြမ္မာ၏အရွေးချယ်ခံ ပြန်လည်မွေးဖွားလာသူတစ်ဦးဟု မှတ်ယူထားသဖြင့် ဤကဲ့သို့ ဘဝမျိုးအား လုံးဝလက်ခံနိုင်စွမ်း မရှိပေ။
သူစကားပြောနေစဉ် ယဲ့ချန်းနင်နှင့် ယဲ့ချန်းရှန့်တို့ ယုန်တစ်ကောင်ထပ်ဖမ်းမိ၍ ပြန်ရောက်လာကြသည်။
ညီအစ်ကိုနှစ်ယောက်ကို မြင်သောအခါ လီသဲ့ရှုလည်း ရွေးချယ်စရာမရှိတော့ဘဲ လက်ထဲမှ ယုန်ကိုလွှတ်ပေးလျက် သုတ်ခြေတင် ပြေးရတော့သည်။
သို့သော် သူလွှတ်ပေးလိုက်သည့် ယုန်ကလည်း ထိတ်လန့်တကြားထပြေးသဖြင့် လီသဲ့ရှု၏ခြေထောက်ကို ဝင်တိုက်မိသွားပြီး လီသဲ့ရှုမှာ ခြေချော်ကာ ဆီးနှင်းပြင်ပေါ်သို့ မျက်နှာနှင့်တည့်တည့် ပြုတ်ကျသွားတော့သည်။
ဆီးနှင်းထဲတွင် မြုပ်နေသည့် ကျောက်တုံးတစ်တုံးနှင့် သူ့ခေါင်းတို့ အရှိန်ပြင်းစွာ ရိုက်မိသွားခဲ့ပြီး နေရာမှာပင် သတိလစ်သွားတော့သည်။
ယဲ့ချန်းနင်: “ဒီ… ဒီကောင် ဘာဖြစ်တာလဲ၊ ငါတောင်ဘာမှ မလုပ်ရသေးဘူး”
ယဲ့ရှောင်ရှောင်လည်း မျက်လုံးပြူးသွားသည်။
“ယုန်ကိုပါ သူ့ကိုယ်လုံးကြီးနဲ့ ဖိသတ်ပစ်လိုက်တာပဲ”
ထို့နောက် သူ့ခန္ဓာကိုယ်အား ယဲ့ရှောင်ရှောင် သွားစစ်ဆေးကြည့်လိုက်သည်။
“သူ သေတော့ မသေသေးဘူး”
ယဲ့ချန်းရှန့် တည်တည်ငြိမ်ငြိမ် ဝင်ပြောသည်။
“ပြန်ကြစို့”
ယခု သူတို့ဘေးနားတွင် မည်သူမှ ရှိမနေပေ။ တောဝက်သယ်သွားသည့်အဖွဲ့နှင့်လည်း လမ်းကွဲသွားသည်မှာ ကြာပါပြီ။
မောင်နှမသုံးယောက်သား အကြံချင်းတူညီနေကြသော်ငြား ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် လီသဲ့ရှု၏ ဦးလေးဖြစ်သူက အပြေးအလွှားရောက်ရှိလာပါသည်။
“သဲ့ရှု! မင်းဘာဖြစ်သွားတာလဲ!”
ဦးလေးဖြစ်သူမှာ အော်ဟစ်ခေါ်ဆိုရင်း လီသဲ့ရှု၏ ခန္ဓာကိုယ်ကို ဆွဲလှန်ကြည့်လိုက်သောအခါ သူ့အောက်တွင် ပိပြား သေဆုံးနေသော ယုန်တစ်ကောင်ကို မြင်ပြီး ဆွံ့အသွားရရှာသည်။
မူလက ယဲ့မိသားစုဝင်များကို တရားခံအဖြစ်စွပ်စွဲကာ လျော်ကြေးတောင်းပြီး ငွေညှစ်ဖို့ကြံစည်ထားသော်လည်း သူ့တူလူမိုက်သည် ယုန်ဖမ်းဖို့ ကြိုးစားရင်း ခြေချော်ကာ ကျောက်တုံးနှင့်တိုက်မိပြီး သတိလစ်နေခြင်းဖြစ်မှန်း တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာလှပါသည်။
“ဦးလေးတာ့ကျွမ်း ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ပြန်တော့မယ်နော်”’
ယဲ့ချန်းနင်က အသိပေးလိုက်ပြီးနောက် ညီနှင့် ညီမဖြစ်သူတို့ကို ခေါ်ဆောင်ကာ လစ်ထွက်လာခဲ့တော့သည်။
လီသဲ့ရှု၏ ဦးလေးဖြစ်သူ အလွန်ဒေါသထွက်လွန်းသဖြင့် ခေါင်းမီးပင် တောက်နေပါပြီ။
ထိုကလေးများက လီသဲ့ရှုကို အစကတည်းက ကူညီဖို့ စိတ်ကူးမရှိကြမှန်း သူသိသည်။ သို့သော် အခြေအနေနှင့် အချိန်အခါကြောင့် အံကြိတ်ကာ ကျေးဇူးသာ တင်လိုက်ရပါသည်။
ယဲ့ရှောင်ရှောင်တို့ မောင်နှမသုံးဦး တောင်ပေါ်မှ အမြန်ပြန်လာခဲ့ကြသည်။ ယုန် ၄ - ၅ ကောင်ခန့် ဖမ်းမိလာသဖြင့် အတော်လေး အဆင်ပြေခဲ့သည်ဟု ဆိုရမည်။
ထိုသားကောင်များကို သူတို့ဖာသာ ဖမ်းမိထားခြင်းဖြစ်၍ အခြားရွာသားများအား ခွဲဝေပေးရန် လုံးဝ မလိုအပ်ပေ။
“အိမ်ပြန်ရောက်ရင် အမေ့ကို ချက်ခိုင်းလိုက်မယ်၊ ဒီနေ့ညကျရင် အသားဟင်းတွေကတော့ နူးအိနေမှာပဲ၊ ပြီးရင် အိုးဘေးနားမှာ ပေါင်မုန့်ပြားလေးတွေကပ်ပြီး အသားညှပ် ပေါင်မုန့် လုပ်စားကြတာပေါ့”
ယဲ့ရှောင်ရှောင်လည်း ထိုမြင်ကွင်းကို ကြိုတင်မြင်ယောင်ရင်း ပျော်ရွှင်သွားလေတော့သည်။
မောင်နှမသုံးဦး တောင်ခြေသို့ ပြန်ရောက်သောအခါ တောင် ခြေသို့ ဦးတည်လျှောက်လှမ်းလာသည့် လူတစ်ဦးအား မြင်လိုက်ရသည်။
“ဘယ်သူလဲမသိဘူး၊ အခုမှ တောင်ပေါ်တက်ဖို့ ပြင်နေတယ်၊ ငါတို့ထက်တောင် ပိုအပျင်းကြီးနေပါလား”
ယဲ့ချန်းနင် ပွစိပွစိ ပြောလိုက်လေသည်။
ယဲ့ရှောင်ရှောင်ကမူ မြင်ဖူးနေသည့် ထိုလူ့အား သေချာကြည့်ကာ ရေရွတ်လိုက်သည်။
“တတိယအစ်ကို၊ အဲ့တာ အစ်ကိုယွမ်နဲ့ တူတယ်နော်”
ယဲ့ချန်းနင် ခြေလှမ်းများရပ်တန့်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။
“ချန်းယွမ် ပြန်ရောက်နေတာလား၊ မဖြစ်နိုင်တာ၊ သူကြိုလည်း ပြောမထားပါဘူး”
ယဲ့ချန်းအန်း ပြန်လာမည်ဖြစ်ကြောင်း ကြားရသည်ကပင် ဤမျှ အံ့ဩစရာမကောင်းလှပါ။
ယဲ့ချန်းယွမ်သည် တပ်သားသစ်တစ်ဦးဖြစ်သည့်အတွက် မနှစ်က အိမ်သို့ ပြန်လာခွင့်မရှိခဲ့ပေ။
ထို့ကြောင့် ယခုနှစ်တွင်လည်း ရက်မည်မျှ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းကို မိသားစုဝင်များက မသိရှိခဲ့ကြပေ။
ယဲ့ချန်းရှန့်က အလွန်စိတ်လှုပ်ရှားစွာဖြင့် ရှေ့ဆုံးမှ ပြေးထွက်သွားသည်။
“တကယ်ကြီး ချန်းယွမ်ပဲ!”
ယဲ့ချန်းယွမ်လည်း အိမ်သို့ရောက်ခါမှ အမဲလိုက်အဖွဲ့နှင့် တောင်ပေါ်လိုက်သွားသဖြင့် ညီအစ်ကိုမောင်နှမများ တစ်ယောက်မှ မရှိကြကြောင်း သိခဲ့ရပါသည်။
သူတစ်ယောက်တည်းလည်း တောင်ပေါ်မတက်ရဲသဖြင့် တောင်ခြေတွင်သာ စောင့်နေဖို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
ယဲ့ချန်းရှန့်နှင့် ယဲ့ရှောင်ရှောင်တို့ တောင်ပေါ်တက်သွားခဲ့လျှင်ပင် တစ်နာရီထက်မပိုဘဲ ပြန်ဆင်းလာကြမည်ဖြစ်ကြောင်း သူကောင်းကောင်း သိနေပါသည်။
ယဲ့ချန်းယွမ်လည်း ယဲ့ချန်းရှန့်ကို ပြေးဖက်လိုက်ပါသည်။ ယခင်ကဆိုလျှင် သူတို့နှစ်ဦးအနက် ယဲ့ချန်းရှန့်မှာ အရပ်ပိုရှည်သူဖြစ်သော်လည်း ယခုတွင်မူ ယဲ့ချန်းယွမ်က အရပ်ပိုရှည်လာပြီး ထွားကျိုင်းလာသလို ခံစားရပေသည်။
ယဲ့ရှောင်ရှောင်လည်း အပြေးအလွှားရောက်လာကာ ပြောလိုက်သည်။
“အစ်ကိုယွမ် အသားတွေ တော်တော်မဲသွားတာပဲနော်”
ယဲ့ချန်းယွမ်: “နေ့တိုင်း ပင်လယ်ထဲထွက်နေရလို့ နေလောင်ထားတာလေ”
ယဲ့ချန်းနင်က အားလုံးကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်သည်။
“ကဲပါ၊ အိမ်ရောက်မှ စကားကို အဝပြောကြ၊ မင်းကံကောင်းတယ် ချန်းယွမ်၊ ငါတို့တွေ ယုန်အများကြီး ဖမ်းမိလာတယ်၊ ညကျရင် တောဝက်သားပါ စားရနိုင်တယ်”
ယဲ့ချန်းယွမ်က သွားဖြီးကာ ပြုံးလိုက်သည်။
“ငါက အမြဲတမ်း ကံကောင်းပြီးသားပဲဥစ္စာ”
ယဲ့ချန်းရှန့်က မေးသည်။
“ဒါနဲ့ စစ်တပ်ထဲမှာ နေရတာ အဆင်ပြေရဲ့လား”
ယဲ့ချန်းယွမ်က ရိုးရိုးသားသား ဝန်ခံသည်။
“ပထမနှစ်ကတော့ တော်တော်ကို ပင်ပန်းရတယ်၊ ဒါပေမယ့် အခုတော့ တော်တော်လေး နေသားကျနေပါပြီ”