← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

📗 Chapter 236

ယဲ့ချန်းယွမ် ပြန်လည်ရောက်ရှိလာခြင်းကြောင့် ယဲ့မိသားစုဝင်များအားလုံး အတိုင်းထက်အလွန် ပျော်ရွှင်ခဲ့ကြရသည်။

တစ်ဖက်တွင်လည်း လီသဲ့ရှုအား ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ယဲ့ရှောင်ရှောင်တို့ ကြားသသိခဲ့ရပါသည်။

နှစ်သစ်ကူးမတိုင်မီ ဆေးရုံမှ ဆင်းနိုင်ပါ့မလားဟူသည်ပင် မသေချာလှပေ။ လီသဲ့ရှု၏ မိခင်ဖြစ်သူပါ ရွာမှ အတူတူ ထွက်ခွာသွားခြင်းဖြစ်၍ မြို့ပေါ်ရှိ လီသဲ့ရှု၏ ဇနီးဖြစ်သူထံသို့ သွားရောက်ခြင်းဖြစ်မည်ဟု အားလုံးက ခန့်မှန်းမိကြသည်။

သူတို့နှစ်ဦးမှာ တရားဝင်ကွာရှင်းပြတ်စဲထားခြင်းမရှိသဖြင့် သူမအား ဆက်လက်နှောင့်ယှက်နေရန် လီသဲ့ရှုတွင် အကြောင်းပြချက်ကောင်းကောင်း ရှိနေပါသည်။

ယဲ့ရှောင်ရှောင်က စိတ်ကူးယဉ်ဆန်ဆန် ရေရွတ်လိုက်သည်။

“အဲ့လို ခြေချော်ပြီး သူ့ဦးနှောက်ပါ ပျက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ယဲ့ချန်းနင်သည် ညီမဖြစ်သူ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ပြောလိုက်ပါသည်။

“ဘာမှ တွေးပူမနေနဲ့၊ ငါတို့ရွာမှာ လီသဲ့ရှုက ပိုက်ဆံလည်းမရှိ၊ အဆက်အသွယ်လည်း မရှိတော့တာမို့လို့ ဘာမှ မကောင်းကြံနိုင်တော့မှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် လက်နှစ်ဖက်ဖြင့် မေးထောက်လျက် မျက်မှောင်ကြုတ်သွားမိသည်။

လီသဲ့ရှုမှာ သူမကို တွေ့လိုက်တိုင်း ဟောက်ယန်ယန်၏ အကြောင်းကိုသာ မေးမြန်းနေသဖြင့် သူတို့နှစ်ဦး၏ အတိတ်ဘဝက ပတ်သက်မှုများကို ပြန်လည် တည်ဆောက်ဖို့ ကြံစည်နေခြင်း ဖြစ်နိုင်ပါသည်။

ထိုသို့သာဆိုလျှင် ယဲ့ရှောင်ရှောင် အနည်းငယ် စိတ်ပူမိသည်။

ယဲ့ချန်းနင်က အကြံပြုသည်။

“အဲ့ကောင်ကို တောင်ပိုင်းပို့ဖို့ နည်းလမ်းတစ်ခုခု ရှာကြရအောင်လား”

“ဟင်… သူ့ကို တတိယအစ်ကိုရှိတဲ့နေရာဆီ လုံးဝမခေါ်နဲ့နော်၊ အစ်ကို့ကို ကျိန်းသေပေါက် ပြဿနာ လာရှာလိမ့်မယ်”

ယဲ့ချန်းနင်က ရယ်မောသည်။

“ဝမ်ရှန်းကိုလည်း ကြည့်လိုက်ပါဦး၊ တောင်ပိုင်းကိုရောက်သွားတာနဲ့ အိမ်တောင် ပြန်မလာတော့ဘူး၊ လီသဲ့ရှုလည်း အဲ့ကိုရောက်သွားရင် ဘာဖြစ်သွားမလဲ မပြောနိုင်ဘူးလေ”

သို့သော် လီသဲ့ရှုသည် အမှန်တကယ် ပြန်လည်မွေးဖွားသူတစ်ဦးဖြစ်နေခဲ့လျှင် သူ့အား တောင်ပိုင်းသို့ ပို့ဆောင်လိုက်ခြင်းက အခွင့်အလမ်းများစွာ ပေးလိုက်သကဲ့သို့ ဖြစ်နေမည်ကို ယဲ့ရှောင်ရှောင် စိတ်ပူမိပါသည်။

“မလုပ်ပါနဲ့၊ သူ ဒီရွာမှာပဲ ဆက်နေပါလေ့စေ၊ သူဘယ်ကိုမှ ထွက်မသွားတာ အကောင်းဆုံးပဲ၊ သူ့ကို စောင့်ကြည့်ထားဖို့ အဖေနဲ့ ဦးလေးတို့ကို အကူအညီတောင်းထားလို့ရတယ်”

ထိုစဉ် ယဲ့ချန်းယွမ်က ဝင်မေးသည်။

“မင်းတို့ ဘာတွေပြောနေကြတာလဲ”

ယဲ့ချန်းနင်: “လီသဲ့ရှုအကြောင်း”

ယဲ့ချန်းယွမ် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

“သူက မြို့တက်သွားပြီ မဟုတ်ဘူးလား၊ အခုရွာထဲ ပြန်ရောက်နေတာလား”

သစ်တောလုပ်ငန်းကိုလည်း ပိတ်သိမ်းလိုက်ရပြီဖြစ်၍ ဤနယ်တစ်ဝိုက်တွင် လီသဲ့ရှုတို့မိသားစု လုပ်ကိုင်စားသောက်စရာ ရှိတော့မည်မဟုတ်ချေ။

“သူ့အဖေက မိသားစုပိုက်ဆံတွေ အကုန်ယူပြီး စီးပွားရေးသွားလုပ်တာလေ၊ အဲ့တာ မအောင်မြင်ဘဲ အရှုံးပေါ်ပြီး အကြွေးနွံထဲ နစ်လို့ ထွက်ပြေးသွားတာ၊ မြို့မှာနေရင် အကြွေးရှင်တွေက လီသဲ့ရှုတို့ သားအမိကိုပဲ ပြဿနာ လာရှာကြလို့ ရွာကို ပြန်လာကြရတာပေါ့”

ယဲ့ချန်းယွမ်အား ရှင်းပြရင်းနှင့် ယဲ့ရှောင်ရှောင် အကြံတစ်ခု ရုတ်တရက် ရသွားခဲ့သည်။

ထိုအကြွေးရှင်များထံသို့ လီသဲ့ရှုအကြောင်း သူမတို့ သတင်းပေးလိုက်၍ ရနိုင်သည်။ ထိုအခါ လီသဲ့ရှုတစ်ယောက် ပိုင်ချွမ်ရွာတွင် ခြေပင်ချရဲတော့မည် မဟုတ်ချေ။

ထိုအကြံကို ယဲ့ချန်းနင်အား ပြောပြပြီး တိုင်ပင်ကြည့်လိုက်သည်။

ညီမဖြစ်သူက လီသဲ့ရှုကို အဘယ်ကြောင့် ယခုကဲ့သို့ အသည်းအသန် ရှင်းထုတ်ပစ်ချင်နေသည်ကို ယဲ့ချန်းနင် အပြည့်အဝ နားမလည်သော်ငြား သူကိုယ်တိုင်လည်း လီသဲ့ရှုကို အလွန်စိတ်ကုန်နေသူဖြစ်၍ သဘောတူလိုက်ပါသည်။

“ငါ့တာဝန်သာထားလိုက်၊ အကြွေးရှင်တစ်ယောက်ကို ဆက်သွယ်လိုက်တာနဲ့ ကျန်တဲ့သူတွေပါ ရွာကို တန်းစီရောက်လာကြလိမ့်မယ်”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် စိတ်အေးလက်အေး သက်ပြင်းချနိုင်ပါပြီ။

“အကောင်းဆုံးပဲ၊ အခု အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ ပြန်လာမှာကို စောင့်ဖို့ပဲလိုတော့တယ်”

ယဲ့ချန်းယွမ်က အိမ်တွင် ထူးထူးခြားခြား ပြောင်းလဲဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မေးမြန်းခဲ့သည်။

အိမ်တွင် ယခုဆိုလျှင် လျှပ်စစ်မီးများ ရရှိနေပြီဖြစ်ပြီး မိသားစု၏ စီးပွားရေးအခြေအနေမှာလည်း ယခင်ကထက် အဆမတန် ကောင်းမွန်တိုးတက်လာကြောင်း သိရှိခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်က ပြောလိုက်သည်။

“အစ်ကိုယွမ်ရဲ့ တပ်စခန်းတည်နေရာကို ပြောပြခဲ့ဦးနော်၊ သမီးအချိန်ရရင် ကားနဲ့ လာလည်မယ်”

ယဲ့ချန်းယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

“ငါတို့ရှောင်ရှောင်က အဲ့လောက်ထိတောင် ကြီးပွားနေပြီလား”

ယဲ့ချန်းနင်က ဂုဏ်ယူဝံ့ကြွားစွာ ဝင်ပြောလိုက်သည်။

“ဒါပေါ့၊ ငါတို့ရှောင်ရှောင်က သူဌေးမလေး ဖြစ်နေပြီ”

ယဲ့ချန်းယွမ်က ကျီစယ်သည်။

“ငါစစ်တပ်ထဲ ရောက်တာ ၂ နှစ်လောက်ပဲရှိသေးတယ်၊ မင်းတို့တွေအကုန်လုံးက စီးပွားရေးသမားကြီး‌တွေ ဖြစ်ကုန်ကြပါရောလား”

ယဲ့ရှောင်ရှောင်က ပြုံးလျက် ဆိုသည်။

“အခွင့်အလမ်းတွေပေါ်လာလို့ ဒီတိုင်း စမ်းသပ်ကြည့်လိုက်တဲ့သဘောပါ”

သူတို့မိသားစု၏ နေ့ရက်များမှာ ယခင်ကလောက် မကျပ်တည်းတော့မှန်း သိရှိရသဖြင့် ယဲ့ချန်းယွမ် အလွန် စိတ်သက်သာရာ ရခဲ့ပါသည်။

ထို့နောက် ယဲ့ရှောင်ရှောင်နားကပ်ကာ သူတီးတိုး ပြောလိုက်သည်။

“ငါတို့တပ်မှူးက ဗိုလ်မှူးလုနဲ့ အမျိုးတော်တယ်တဲ့သိလား၊ သူက ဗိုလ်မှူးလုရဲ့ ဦးလေးတဲ့၊ အဲ့တာကြောင့် ငါ့ကို ဒီနေရာရအောင် စီစဉ်ပေးနိုင်ခဲ့တာဖြစ်မှာ”

ထိုအကြောင်းကို လုဟန်ချွမ်က မပြောဖူးသဖြင့် ယဲ့ရှောင်ရှောင်လည်း ယခုမှ သိရှိရသည်။

“ပင်လယ်မှာ လေ့ကျင့်ရေးဆင်းရတာ တော်တော်ပင်ပန်းမှာပဲနော်”

ယဲ့ချန်းယွမ်: “အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး၊ ငါက လှိုင်းမမူးတတ်ဘူးလေ”

ယခုတစ်ခေါက်အိမ်သို့ ပြန်လာရခြင်းမှာ ယဲ့ချန်းယွမ်အတွက် အလွန်စိတ်ချမ်းမြေ့စရာ ကောင်းပါသည်။

မည်သည့်အလုပ်ကိုမှ လုပ်ကိုင်စရာမလိုဘဲ နွေးထွေးလှသော အပူပေးကုတင်ပေါ်တွင်သာ ထိုင်ပြီး ညီအစ်ကိုမောင်နှမများနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနိုင်သည်။

ယဲ့ချန်းရှန့်အား ဘေးသို့ တွန်းကာ သူပြောလိုက်သည်။

“ဒီနေ့ညတော့ ချန်းရှန့်နဲ့ လာအိပ်မယ်ကွာ”

ယဲ့ချန်းရှန့်: “မင်းမဟောက်တတ်ဘူးမလား”

ယဲ့ချန်းယွမ်က ကျီစယ်သည်။

“မဟောက်တတ်ပါဘူးကွာ၊ တပ်ထဲမှာဆို ဟောက်လို့တောင်မရဘူး”

စစ်တပ်၏ စည်းမျဉ်းစည်းကမ်းများက မည်မျှပင် တင်းကျပ်သည်ဆိုစေဦးတော့၊ လူတစ်ယောက် အိပ်ပျော်နေစဉ် ဟောက်ခြင်း၊ မဟောက်ခြင်းကိုတော့ ထိန်းချုပ်နိုင်မည် မထင်ပေ။

မိုးချုပ်ခါနီး ညနေခင်းအချိန်တွင် ကျေးရွာအမဲလိုက်အဖွဲ့ ပြန်လည်ရောက်ရှိလာကြပါသည်။ ထို့နောက် တစ်အိမ်တက်တစ်အိမ်ဆင်းဖြင့် အသားများကို လိုက်လံဝေငှပေးခဲ့ကြသည်။

တစ်ရွာလုံး ရယ်မောပျော်ရွှင်သံများဖြင့် ပြည့်နှက်သွားခဲ့ပြီး နှစ်သစ်ကူးမတိုင်မီ အားရစရာကောင်းသော အကြိုနေ့လေးတစ်နေ့ ဖြစ်ခဲ့တော့သည်။

ယဲ့ကျန်းကော်နှင့် ယဲ့ချန်းကျွင်းတို့လည်း တောဝက်သား အတုံးကြီးတစ်တုံးကို ယူဆောင်လျက် အိမ်သို့ ပြန်လာခဲ့ကြသည်။

ထိုအသားကိုကြည့်ရင်း မြောင်စွေ့ဖန်းက အကြံထုတ်သည်။

“နောက်နှစ်ကျရင် ကျွန်မလည်း အိမ်မှာ ဝက်တွေမွေးထားဦးမယ်၊ အဲ့တာမှ ဝက်သားပေါပေါများများ စားရမှာ”

ယဲ့ချန်းနင်က ကန့်ကွက်သည်။

“ပင်ပန်းပါတယ်အမေရာ၊ ပြီးတော့ ကျွန်တော်တို့လည်း ဒီနှစ် အသားတွေ အများကြီး ဝယ်လာခဲ့တာပဲဥစ္စာ”

မြောင်စွေ့ဖန်း: “ဘာပင်ပန်းစရာရှိလို့လဲဟဲ့၊ ငါတို့ဘက်မှာက လယ်ယာမြေလည်းသိပ်မရှိတော့ မွေးမြူရေးဘက်ကို အားစိုက်တာ မမှားဘူး”

ယဲ့ချန်းနင်က ကျီစယ်သည်။

“ဝက်မွေးရင် အစာဖိုးလည်း ကုန်မှာနော်၊ အဲ့တာမျိုးကျတော့ အမေ ငွေကုန်မှာ မကြောက်ဘူးလား”

မြောင်စွေ့ဖန်းသည် လက်ထဲမှ သစ်သားယောက်မကို ကိုင်မြှောက်ရင်း သတိပေးလိုက်သည်။

“နောက်တစ်ခွန်း ထပ်ပြောရဲပြောကြည့်၊ ငါနင့်ကို ထုမှာ”

ယဲ့ချန်းနင်မှာ ဦးခေါင်းကို အမြန်ကာလျက် သူမှားကြောင်း အလျင်အမြန် တောင်းပန်လိုက်ရတော့သည်။

အမေဖြစ်သူက အသက်အရွယ်လည်းရလာပြီဖြစ်၍ သူမ နှစ်သက်ရာကိုသာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးသင့်ပါသည်။

ညနေခင်းတွင် မိသားစုဝင်များအားလုံး ညစာအတူ ဝိုင်းဖွဲ့စားသောက်ကြသည်။

အဘိုးဘွားများနှင့် အဘိုးမြောင်တို့က အဆီများသော အသားတုံးများကိုသာ ကြိုက်နှစ်သက်ကြသည်။ ထိုအသားများနှင့် ရော၍ချက်ပြုတ်ထားသော အာလုံးများကို ပို၍ပင် နှစ်သက်ကြပါသေးသည်။

သို့သော် ယနေ့ည ဟင်းလျာများတွင် အသားပေါကာ အဆီနည်းပါးလှပြီး ယဲ့ရှောင်ရှောင်လည်း ယုန်ပေါင်တစ်ချောင်း ရရှိခဲ့သည်။ အချိန်အတော်ကြာအောင် ချက်ပြုတ်ထားသော်ငြား အရသာက ပျောက်ကွယ်မသွားဘဲ အလွန်နူးအိကာ ဝါးလို့ ကောင်းလှပါသည်။

ညစာစားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် လူကြီးမိဘများကို ကျန်းမာရေး စစ်ဆေးပေးခဲ့သည်။ အဖေဘက်မှ အဘိုးအဘွားများက ကျန်းမာရေးလိုက်စားကြသဖြင့် ပြဿနာကြီးကြီးမားမား မရှိကြပေ။

အဘိုးမြောင်ကမူ ယခင်ခြေထောက်ဒဏ်ရာဟောင်းကြောင့် နာကျင်မှုကို ခံစားနေရဆဲဖြစ်ရာ ယဲ့ရှောင်ရှောင်က ဆေးပလာစတာအချို့ ထုတ်ပေးခဲ့ပါသည်။

ထိုဆေးပလာစတာများကို ယဲ့ချန်းနင်က အရောင်းကိုယ်စားလှယ်အဖြစ် ရောင်းချနေခြင်းဖြစ်၍ အကြံဝင်ပြုလိုက်သည်။

“ရှောင်ရှောင်၊ အဲ့ဒီဆေးပလာစတာတွေ ဒီမှာ နည်းနည်းလောက်ထားခဲ့လိုက်ပါလား၊ ငါတို့မိသားစုကို ဒီအနီးနားမှာ လိုက်ရောင်းခိုင်းလို့ရတာပဲ”

ယဲ့ရှောင်ရှောင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။

“အဘိုးကို လိုက်ရောင်းခိုင်းမလို့တော့ မဟုတ်ပါဘူးနော်”

ထိုဆေးပလာစတာများက ဈေးနှုန်းမသေးလှသဖြင့် စုန့်လင်မြို့၊ သို့မဟုတ် ကောင်တီမြို့ပေါ်တွင် ရောင်းချမှ အဆင်ပြေနိုင်ပါလိမ့်မည်။

မြောင်ဖုန်းရှန့်ကလည်း ရယ်မောသည်။

“တကယ်ရောင်းရမယ်ဆို ငါ ရောင်းနိုင်ပါတယ်”

ယဲ့ရှောင်ရှောင်: “အဘိုးက နားနားနေနေပဲ နေပါ၊ အားတဲ့အချိန်တွေမှာ စာဖတ်တာဖြစ်ဖြစ်၊ လက်ရေးအလှ ရေးတာပဲဖြစ်ဖြစ်လုပ်ပေါ့၊ ဒီလို ပင်ပန်းရမယ့်ကိစ္စတွေကို ဘာမှစိတ်ပူနေစရာမလိုဘူး”

မြောင်ဖုန်းရှန့်မှာ မြေးမလေး၏ သိတတ်လိမ္မာမှုကို အလွန်သဘောကျသွားပြီး ရယ်ရယ်မောမောနှင့် စကားနားထိုင်လိုက်တော့သည်။

ညစာစားပြီးသွားသောအခါ ယဲ့ချန်းယွမ်က အိမ်မပြန်သေးဘဲ သူ့ဦးလေးအိမ်တွင်သာ အိပ်မည်ဟု ခေါင်းမာနေပါသည်။

ထို့ကြောင့် ယဲ့ချန်းနင်၊ ယဲ့ချန်းယွမ်နှင့် ယဲ့ချန်းရှန့်တို့ ညီအစ်ကိုသုံးဦး အပူပေးကုတင်တစ်လုံးတည်းပေါ်တွင် အတူတူ စုပြုံကာ အိပ်ခဲ့ကြသည်။

အိမ်ထဲတွင် နေရာလွတ်များစွာ ရှိသော်လည်း ညီအစ်ကိုသုံးဦး အတူတူ စုအိပ်ဖို့သာ ဆုံးဖြတ်ခဲ့ကြပါသည်။ ညီအစ်ကိုသုံးဦး ညည့်နက်သန်းခေါင် တစ်နာရီ ကျော်သည်အထိ စကားပြောဆိုခဲ့ကြပြီးမှ အိပ်ပျော်သွားခဲ့ကြသည်။

၁၂ လပိုင်း၊ ၂၇ ရက်နေ့တွင် ယဲ့ချန်းချင့် အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ယဲ့ချန်းအန်းနှင့် သူ့ကောင်မလေးတို့ပါ တစ်ပါတည်း လိုက်ပါလာခဲ့ကြသည်။

ထိုမိန်ကလေးအတွက်မူ ဤကဲ့သို့ ရှည်လျားကြမ်းတမ်းလှသော တောင်တက်လမ်းမျိုးကို ပထမဆုံးအကြိမ် ခရီးနှင်ဖူးခြင်းဖြစ်ပြီး ယဲ့ချန်းအန်း၏ ဇာတိရွာကိုလည်း အလွန်အမင်း စိတ်ဝင်စား စူးစမ်းချင်နေခဲ့ပါသည်။

သို့သော် ရွာသို့ အမှန်တကယ် ရောက်ရှိလာချိန်တွင်မူ သူမ အလွန်ခြေကုန်လက်ပန်း ကျနေခဲ့လေပြီ။ နွားလှည်းက အလွန်ပင် ကြမ်းတမ်းလွန်းသဖြင့် သူမ၏ အရိုးအဆစ်များ နာကျင်ကိုက်ခဲနေရပါပြီ။

ယဲ့ချန်းအန်းက အလိုက်တသိဖြင့် မေးလိုက်သည်။

“ပင်ပန်းနေပြီလား၊ အိမ်ရောက်တော့မယ်နော်”

ရှန်းချို့ယွီက ခေါင်းညိတ်သည်။

“နည်းနည်းတော့ ပင်ပန်းတယ်၊ ရှင်တို့မိသားစုမှာ လူတွေများလား”

ရှန်းချို့ယွီသည် ဤသို့ မလာခင်ကတည်းက လူတိုင်းအတွက် လက်ဆောင်ပစ္စည်းများ ဝယ်ယူဖို့ စိတ်ကူးရှိခဲ့သော်လည်း ယဲ့ချန်းအန်းကမူ မလိုအပ်သည့်အပြင် လမ်းတွင်လည်း သယ်ဆောင်ရခက်လိမ့်မည်ဖြစ်ကြောင်းပြောကာ ကန့်ကွက်ခဲ့ပါသည်။

ထို့ကြောင့် ရှန်းချို့ယွီ ရွေးချယ်စရာမရှိဘဲ လက်ဆောင်ဝယ်ယူမည့်ကိစ္စကို မေ့ထားခဲ့ရသည်။ သို့သော် ယဲ့မိသားစုဝင်များနှင့်တွေ့လျှင် လက်ဗလာနှင့် လာခဲ့ရသဖြင့် အားနာစရာဖြစ်မည်ကို စိတ်ပူနေမိပါသည်။

ယခုအချိန်ထိ ယဲ့ချန်းအန်း၏ အစ်ကိုအကြီးဆုံးကိုသာ သူမ မြင်ဖူးသေးသည်။

ယဲ့ချန်းချင့်၏ စကားပြောဆိုဆက်ဆံပုံနှင့် အမူအရာများက ယဉ်ကျေးပျူငှာမှုရှိသည်ဆိုသော်ငြား အခြားမိသားစုဝင်များက မည်သည့်ပုံစံ ရှိကြကြောင်းကို ရှန်းချို့ယွီ မသိရှိရသေးပေ။

“ကိုယ့် ညီတွေ ညီမတွေ အကုန်လုံး ပြန်ရောက်နေလောက်ပြီ၊ ကိုယ်တို့က နောက်ဆုံးဖြစ်မယ်ထင်တယ်”

ယဲ့ချန်းအန်း၏ စကားကို ကြားပြီး ရှန်းချို့ယွီ ပိုစိတ်ပူပန်သွားခဲ့ပါသည်။

ရွာထဲသို့ ရောက်သောအခါ လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသည့် မြေသားအိမ်ကလေးများကို ကြည့်ရင်း ယဲ့မိသားစု၏ အိမ်က မည်သည့်ပုံစံ ရှိလိမ့်မည်ကိုလည်း ရှန်းချို့ယွီ တွေး တောနေမိသည်။

မကြာမီ အလွယ်ကြီးမားကျယ်ဝန်းသည့် ခြံဝင်းတစ်ခုထံသို့ သူမတို့ ရောက်ရှိသွားခဲ့ပါသည်။

ဤအိမ်ရှိ ကျောက်သား နံရံများက အခြားအိမ်များထက် ပိုမို ခိုင်မာသေသပ်ပြီး ခြံဝင်းထဲတွင်လည်း ကလေးနှစ်ယောက်က ဆော့ကစားနေလေသည်။

ခြံထဲသို့ ယဲ့ချန်းချင့် ဝင်လာသည်နှင့် ကလေးနှစ်ယောက်က ဝမ်းသာအားရ ပြေးလွှားလာကြသည်။

“ဖေကြီး!”

“ဖေဖေ!”

ကလေးနှစ်ဦးမှာ အဖေဖြစ်သူကို မတူညီသော အခေါ်အဝေါ်များဖြင့် လှမ်းခေါ်လိုက်ကြသည်။

ယဲ့ပေါင်ချန်းလေးက ကျောင်းတက်နေပြီဖြစ်ရာ ကျောင်းတွင် ဆရာမများက ‘ဖေဖေ’နှင့် ‘မေမေ’ဟူသော အသုံး အနှုန်းများကို စနစ်တကျ သင်ကြားပေးထားသဖြင့် ယခုအခါတွင် သူသည် အဖေဖြစ်သူအား ‘ဖေဖေ’ဟုသာ ပြောင်းလဲ ခေါ်ဆိုပါတော့သည်။

All Chapters