← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

📗 Chapter 237

ခြံဝင်းထဲသို့ ရှန်းချို့ယွီ လှမ်းဝင်လိုက်သည်နှင့် အိမ်ထဲတွင် ရှိနေကြသည့်လူတိုင်းက သူမအား သတိပြုမိသွားကြပါသည်။

ယဲ့ရှောင်ရှောင်က အော်ပြောလိုက်သည်။

“အမေရေ! ဒုတိယအစ်ကို သူ့ကောင်မလေးကို ခေါ်လာပြီ!”

ထိုစကားကို ကြားသည်နှင့် မြောင်စွေ့ဖန်းမှာ လက်တွင်ပေကျံနေသည့် ဂျုံမှုန့်များကိုပင် မဆေးနိုင်ဘဲ မီးဖိုချောင်ထဲမှ သုတ်သုတ်ပျာပျာ ထွက်လာခဲ့တော့သည်။

ယဲ့ရှောင်ရှောင်တို့ မောင်နှမများသည်လည်း ယောင်းမဖြစ်သူကို ကြိုဆိုဖို့အတွက် ခြံထဲသို့ ထွက်လာခဲ့ကြသည်။

မိသားစုတွင် နှစ်သစ်ကူးပိတ်ရက်များအတွက် ရိက္ခာများ လုံလုံလောက်လောက် ဝယ်ယူပြီးသားဖြစ်၍ ယဲ့ချန်းချင့်သည် မည်သည့်အပိုပစ္စည်းမှ ဝယ်မလာခဲ့ဘဲ့ အသားစက်ရုံမှ ဝက်သား ကျင်း ၂၀ ခန့်သာ ဝယ်ယူလာခဲ့ပါသည်။

ယဲ့မိသားစုဝင်များကို မြင်လိုက်ရသည့်အခါ ရှန်းချို့ယွီ စိတ်လှုပ်ရှားနေဆဲဖြစ်သော်လည်း မိသားစုဝင်အားလုံးမှာ ထူးထူးခြားခြား ရုပ်ရည်ချောမော ကြည့်ကောင်းကြသည်ကို သတိပြုမိသွားခဲ့သည်။

ညီဖြစ်သူများကလည်း ယဲ့ချန်းအန်းနှင့် ရုပ်အလွန်တူကြသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ညီအစ်ကိုအရင်းများ ဖြစ်ကြကြောင်း သိနိုင်ပါသည်။

ယဲ့ချန်းအန်းက သူ့မိသားစုဝင်များကို ရှန်းချို့ယွီနှင့် မိတ်ဆက်ပေးလိုက်သည်။

“ဒါကိုယ့်အမေ၊ ဒါက ကိုယ့်မရီး၊ ဒါကတော့ ကိုယ့်ညီမလေး၊ ဒါကအဘိုးမြောင်…”

မိသားစုရှိ အမျိုးသမီးများကို ဦးစွာ မိတ်ဆက်ပေးပြီးမှ ယောက်ျားလေးများကို မိတ်ဆက်ပေးခဲ့ပါသည်။

အကမယ်လေးတစ်ဦးဖြစ်သည့်အလျောက် ရှန်းချို့ယွီသည် အရပ် ၁.၇ မီတာခန့် ရှည်ပြီး ယဲ့ရှောင်ရှောင်ထက် အနည်းငယ် အရပ်ပိုမြင့်သည်။

ပိန်ပိန်သွယ်သွယ်နှင့် ကျက်သရေရှိလှပြီး လှပကျော့ရှင်းသည့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားကာ သူမ၏ အပြုံးများက အလွန်ပင် နူးညံ့သိမ်မွေ့လွန်းပါသည်။

“တွေ့ရတာဝမ်းသာပါတယ် အဘိုးနဲ့ ဒေါ်လေးတို့၊ ယောင်းမနဲ့ ရှောင်ရှောင်တို့ကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်၊ သမီးနာမည် ရှောင်းချို့ယွီပါ၊ ရှောင်းယွီလို့ခေါ်လည်း ရပါတယ်”

မြောင်စွေ့ဖန်းက အိမ်ထဲဝင်ဖို့ ဖိတ်ကြားလိုက်သည်။

“အိမ်ထဲဝင်ခဲ့လေ ရှောင်းယွီ၊ ဘာမှ အားမနာနဲ့၊ ဒေါ်လေးတို့ဆီမှာ ဆောင်းတွင်းဘက် အရမ်းအေးတယ်”

ယခင်က လုဟန်ချွမ် ပို့ဆောင်ပေးထားသည့် အပူပေးမီးဖိုတစ်လုံးကြောင့် အိမ်ထဲတွင် နွေးထွေးလျက် ရှိနေပါသည်။

ကျန်းရွှယ်က သူတို့နှစ်ဦးအတွက် ပူပူနွေးနွေးသကြားညိုရေများ ငှဲ့ပေးကာ ပြောလိုက်သည်။

“နွေးနွေးထွေးထွေးလေး ရှိသွားအောင် သောက်လိုက်ကြဦးနော်”

ယဲ့ချန်းအန်းက ဝင်ပြောသည်။

“အပင်ပန်းမခံပါနဲ့ မရီးရယ်၊ လုပ်စရာရှိရင် ကျွန်တော့်ကိုပဲ ပြောပါ၊ ကျွန်တော့်ဖာသာ လုပ်လိုက်မယ်”

မြောင်စွေ့ဖန်းသည် အိမ်တွင်ရှိသည့် သစ်သီးခြောက်များနှင့် မုန့်ပဲသရေစာများကို တည်ခင်းဧည့်ခံပေးလိုက်သည်။

“မင်းတို့နှစ်ယောက်က သက်သက်သာသာပဲ နေကြပါ၊ အိမ်မှာ ဘာမှလုပ်စရာသိပ်မရှိဘူး”

ယဲ့ချန်းနင်က သတိပေးလိုက်သည်။

“အမေ ခုနက ဂျုံနယ်နေတာ မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ခဏနေရင် ဖက်ထုပ်လုပ်စားကြမလို့လေ”

နှစ်သစ်ကူးပင် မရောက်ရှိသေးသော်လည်း သူတို့သည် နှစ်သစ်ကူးအကြိုညစာကဲ့သို့ အနှစ်သာရရှိလှသော စားသောက်ပွဲတစ်ခုကို ပြင်ဆင်နေကြပြီ ဖြစ်သည်။

ယဲ့ချန်းအန်းလည်း အိမ်၏ ပြောင်းလဲမှုများကို သတိထားမိသွားပါသည်။

“ငါတို့အိမ်က လျှပ်စစ်မီး ရနေပြီလား”

ယဲ့ချန်းနင်: “ဟုတ်တယ်၊ အခု တီဗွီတစ်လုံးလောက် ဝယ်လို့ရပြီ၊ လိုင်းတွေဘာတွေ ဖမ်းမိပါ့မလားတော့ မသေချာသေးဘူး”

ယဲ့ချန်းအန်း: “ဒီ‌နေရာမှာ ဘာလိုင်းမှ သိပ်ဖမ်းမိလောက်မှာ မဟုတ်ဘူး”

အဆုံးတွင် ရေဒီယိုနားထောင်ခြင်းနှင့်ပင် မခြားနားနိုင်ပေ။

ယဲ့ရှောင်ရှောင်လည်း အိမ်ကိုလှည့်ပတ်ကြည့်ရှုရင်း အိမ်တွင် တီဗွီတစ်လုံး အမှန်တကယ် လိုအပ်နေပြီဖြစ်ကြောင်း ထောက်ခံလိုက်ပါသည်။

နှစ်သစ်ကူးပြီးမှ တစ်လုံးဝယ်ယူဖို့ သူမ စီစဉ်ပါဦးမည်။

ရှန်းချို့ယွီသည် ယဲ့မိသားစုအိမ်သို့ ရောက်ခါစက အနည်းငယ် နေရခက်ပြီး တောင့်တင်းနေသော်လည်း စကားအနည်းငယ် ထိုင်ပြောပြီးနောက် ယဲ့မိသားစုဝင်များအားလုံးက ဖော်ရွေပျူငှာကြသူများဖြစ်ကြောင်း သိရှိသွားသည့်အခါတွင်မူ သူမ၏ စိုးရိမ်စိတ်များ တဖြည်းဖြည်း လျော့ကျသွားခဲ့ရပါသည်။

ဖက်ထုပ်များ ထုပ်ရမည့်အချိန်ရောက်သောအခါ မြောင်စွေ့ဖန်းသည် ကလေးများအားလုံးကို မီးဖိုချောင်ထဲမှ မောင်းထုတ်လိုက်ပါသည်။

အနီးနားတွင် လူစုလူဝေးရှိနေလျှင် သူမ အလုပ်ကို အာရုံစိုက်၍ ရနိုင်တော့မည် မဟုတ်ပေ။

ရှန်းချို့ယွီသည် ယဲ့ချန်းအန်း နေသည့်အခန်းအား အရင်ဆုံး သွားရောက်ကြည့်ရှုခဲ့ပါသည်။ ဖုန်တစ်စက်မှ မရှိအောင် သန့်ရှင်းသပ်ရပ်နေပြီး လက်ရှိတွင် မည်သူမှ နေထိုင်နေပုံလည်း မပေါ်ပေ။

ရှန်းချို့ယွီ စိတ်ဝင်တစား မေးလိုက်သည်။

“မိသားစုဝင်တိုင်းက ကိုယ်ပိုင်အခန်းနဲ့လား”

ယဲ့ချန်းအန်းက ရှင်းပြသည်။

“ဒီအခန်းတွေက နောက်မှ တွဲဆောက်ထားတာပါ၊ ကိုယ်တို့ငယ်ငယ်တုန်းကဆိုရင် အပူပေးကုတင်တစ်လုံးတည်းမှာ အကုန်စုပြုံပြီး အိပ်ကြရတာ”

ထိုသို့အိပ်ရခြင်းက ဆောင်းရာသီတွင် ပိုမိုနွေးထွေးစေပြီး နွေရာသီတွင်လည်း ဤနေရာ၌ အပူလွန်ကဲခြင်းမျိုး မရှိသဖြင့် အဆင်ပြေပါသည်။

ပစ္စည်းများ သေသေသပ်သပ်နေရာချပြီးနောက် ရှန်းချို့ယွီ တီးတိုးမေးမြန်းလိုက်သည်။

“အဲ့တာဆို ဒီနေ့ည ကျွန်မ ဘယ်မှာအိပ်ရမှာလဲ”

ယဲ့ချန်းအန်းအား လက်ထပ်ဖို့ ရည်ရွယ်ထားသော်လည်း သူမတို့နှစ်ဦး လက်ထပ်စာချုပ်ပင် တရားဝင် မချုပ်ဆိုရသေးသဖြင့် အခန်းခွဲအိပ်သင့်ပါသည်။

ယဲ့ချန်းအန်းက ပြုံးလျက် အကြံပြုသည်။

“ညီမလေးရဲ့အခန်းမှာ အိပ်လို့ရလားလို့ သွားမေးကြည့်လိုက်ပါလား”

ရှန်းချို့ယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ရှင့်ညီမလေးဆိုမှ ရှင့်မှာဒီလောက်လှတဲ့ ညီမတစ်ယောက်ရှိတာ အရင်က ဘာလို့မပြောဖူးတာလဲ”

ယဲ့ချန်းအန်းသည် ရှန်းချို့ယွီအား ကလေးချင်းလွဲမှားသွားသည့်ကိစ္စကို တစ်ခါမှ ပြောမပြဖူးသဖြင့် ကျီစယ်သည့် သဘောဖြင့်သာ ပြန်ပြောလိုက်သည်။

“မင်းက ဘယ်လိုမျှော်လင့်ထားလို့လဲ၊ ကိုယ်နဲ့ တစ်ပုံစံတည်းတူနေမယ်လို့ ထင်လို့လား”

ယဲ့ချန်းအန်းက ရုပ်ဖြောင့်သူတစ်ဦးဖြစ်သော်ငြား သူ့မျက်နှာကို မိန်းကလေးတစ်ဦးအဖြစ် မြင်ယောင်ကြည့်လျှင် ကြောက်ဖို့ကောင်းလွန်းပါလိမ့်မည်။

ရှန်းချို့ယွီက ဆိုသည်။

“ဒီနေ့ ကျွန်မဘာလက်ဆောင်မှ ယူမလာမိတာ မျက်နှာပူဖို့ကောင်းလိုက်တာ”

ယဲ့မိသားစုဝင်များအားလုံးက သူမကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသဖြင့် ပို၍ပင် အားနာရပါသည်။

“နောက်တစ်ခါမှပေါ့၊ နောက်တစ်ခါကျရင် ကိုယ်ပါ လိုက်ဝယ်ပေးမယ်နော်”

ရှန်းချို့ယွီသည် ယဲ့ချန်းအန်းအား အခန်းထဲမှ ပြန်ဆွဲခေါ်လာခဲ့သည်။

“အပြင်သွားရအောင်၊ ဒီထဲမှာပဲနေလို့ မကောင်းဘူး”

ရှန်းချို့ယွီ အပြင်ထွက်လာသည်နှင့် ယဲ့ရှောင်ရှောင်နှင့် တည့်တည့်တိုးသွားသည်။

“အစ်မချို့ယွီ ပင်ပန်းနေပြီလား၊ သမီးအခန်းထဲမှာ ခဏလောက်လာလှဲပါလား”

ယဲ့ချန်းအန်းက ဝင်ပြောသည်။

“ဒီနေ့ည ချို့ယွီကို နင့်အအခန်းထဲမှာပဲ အိပ်ခိုင်းလိုက်မယ်နော်”

ယဲ့ရှောင်ရှောင်ကလည်း ဝမ်းသာအားရ လက်ခံသည်။

“ရတာပေါ့! အဲ့တာဆို ညကျရင် သမီးတို့ စကားတွေလည်း အများကြီး ပြောလို့ရတယ်”

အိမ်တွင် အခြားအခန်းများရှိသော်လည်း စနစ်တကျ မပြင်ဆင်ရသေးသည့်အပြင် အပူပေးကုတင်များကလည်း မီးမမွှေးရသေးသဖြင့် အသင့်မဖြစ်သေးပေ။

ယဲ့ရှောင်ရှောင်၏ အခန်းထဲမှ အပူပေးကုတင်လေးမှာ အတော်အသင့် ကျယ်ဝန်းသဖြင့် လူသုံးလေးယောက်ခန့် အလွယ်တကူ အတူတူ အိပ်နိုင်ပါသည်။

ရှန်းချို့ယွီလည်း အမှန်တကယ် ပင်ပန်းနေပါသည်။ သို့သော် အနားမယူမီ သန့်စင်ခန်း သွားချင်သေးသည်။

“သန့်စင်ခန်းက ဘယ်နားမှာလဲဟင်”

ယဲ့ချန်းအန်းက လမ်းညွှန်ပြသလိုက်သည်။

“ဟိုဘက်မှာ၊ ယောက်ျားလေးက ဘယ်ဘက်၊ မိန်းကလေးက ညာဘက်”

ယခင်က ယဲ့မိသားစုတွင် ချွေးမဖြစ်သူ ကျန်းရွှယ်လည်း နေထိုင်သဖြင့် သန့်စင်ခန်းတစ်ခုတည်း အသုံးပြုဖို့ အဆင်မပြေလှပေ။

ထို့ကြောင့် ကျန်းရွှယ်ရောက်ရှိလာသည့်အချိန်မှစ၍ သန့်စင်ခန်းကို သီးခြား ဆောက်လုပ်ပေးထားခဲ့ပါသည်။

ပြင်ပအိမ်သာအမျိုးအစားဖြစ်သော်လည်း အမြဲတစေ သန့်ရှင်းသပ်ရပ်စွာ ထားရှိပြီး ဆောင်းရာသီတွင်လည်း အနံ့အသက်ဆိုးများ လုံးဝ မရှိပေ။

သန့်စင်ခန်းသွားပြီးနောက် ရှန်းချို့ယွီသည် ယဲ့ရှောင်ရှောင်၏ အခန်းထဲသို့ ခေတ္တလှဲလျောင်းဖို့ ဝင်သွားခဲ့သည်။ သို့သော် သိပ်မကြာလိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က သူမကို စောင်တစ်ထည် အသာအယာ ခြုံပေးထားလိုက်သည်။

ရှန်းချို့ယီ အိပ်ရာနိုးလာသောအခါ မိုးပင်ချုပ်နေပြီဖြစ်မှန်း မြင်လိုက်ရသည်။

‘ဟယ် သွားပြီ! တခြားသူတွေ ညစာစားနေကြပြီလားမသိဘူး’

ရှန်းချို့ယွီ အခန်းထဲမှ ကပျာကယာထွက်လာပြီး အေးစိမ့်သော ညနေခင်းလေညှင်းများကို ဖြတ်ကျော်ကာ ညစာစားသည့်အခန်းသို့ အပြေးအလွှားရောက်လာခဲ့ပါသည်။

မိသားစုဝင်များ စုံစုံလင်လင် ရှိနေကြပြီဖြစ်သော်လည်း ညစာမစားရသေးကြောင်း သိရသောအခါ ရှန်းချို့ယွီ အနည်းငယ် စိတ်အေးသွားခဲ့သည်။

ယဲ့ကျန်းကော်လည်း အိမ်ပြန်ရောက်ရှိလာပြီဖြစ်ကာ ဒုတိယသားက ချွေးမလောင်းကို ခေါ်ဆောင်လာသည်ဟု ကြားသိရပြီးနောက် သူမနှင့် တွေ့ဆုံဖို့ စောင့်ဆိုင်းနေခဲ့ပါသည်။

ဝမ်းကွဲအစ်ကို၏ ဇနီးလောင်းလေးကို မြင်ချင်သဖြင့် ယဲ့ချန်းယွမ်လည်း အိမ်မပြန်သေးဘဲ ယဲ့ရှောင်ရှောင်တို့အိမ်တွင်သာ တစ်နေကုန်နီးပါး လာကပ်နေခဲ့သည်။

နှစ်အိမ်စလုံး စုပေါင်းစားသောက်ဖို့ မြောင်စွေ့ဖန်း ဆုံးဖြတ်ခဲ့ပါသည်။ နှစ်သစ်ကူးကာလတွင် နေ့စဉ်နေ့တိုင်း မိသားစုဝင်များ စုံစုံလင်လင်ဖြင့် ညစာသုံးဆောင်သင့်သည် မဟုတ်ပါလား။

ရှန်းချို့ယွီ ရောက်ရှိလာသည်ကိုမြင်သောအခါ မြောင်စွေ့ဖန်းက ပန်းကန်များ၊ တူများ ယူဆောင်လာဖို့ အားလုံးကို အသိပေးလိုက်တော့သည်။

“ကျွန်မကို ဘာလို့ မနှိုးတာလဲ”

ရှန်းချို့ယွီက ယဲ့ချန်းအန်းအား တီးတိုးမေးလိုက်ပါသည်။

“ဒီနေ့ ခရီးအရမ်းပန်းလာတယ်လို့ ထင်လို့လေ၊ နည်းနည်းလောက်အိပ်လိုက်တာ ဘာမှမဖြစ်ပါဘူး၊ ဒီဘက်တွေမှာ နေ့တာတိုလို့သာ မိုးချုပ်စောတာ၊ အဲ့လောက် နောက်မကျသေးဘူး”

တောင်ပေါ်ဒေသများတွင် နေဝင်စောတတ်သဖြင့် လက်ရှိအချိန်မှာ ညနေ ၄ နာရီကျော်ကျော်မျှသာ ရှိပါသေးသည်။

ရထားပေါ်မှဆင်း၍ ကောင်တီမြို့သို့ သွားရောက်ရခြင်း၊ နွားလှည်းဖြင့် စုန့်လင်မြို့သို့ ခရီးနှင်ခြင်း၊ ထို့နောက် ရွာသို့ ဆက်လက်ခရီးနှင်ပြီး ကျန်ရှိနေသည့် ခရီးလမ်းများကို ခြေကျင်လျှောက်လှမ်းခဲ့ရသဖြင့် ရှန်းချို့ယွီ အမှန်တကယ် ခြေကုန်လက်ပန်းကျခဲ့ရပြီး ယခုကဲ့သို့ အိပ်စက်လိုက်မှသာ အားအင်အချို့ ပြန်လည်ပြည့်ဝလာခဲ့ပါသည်။

မိသားစုဝင်များအားလုံး ညစာအတူတူ အရင်ထိုင်စားခဲ့ကြသည်။

ညစားစားပြီးသောအခါ ရှန်းချို့ယွီသည် ယဲ့ချန်းအန်း၏ အဘိုးအဘွားများနှင့် စကားခေတ္တ ပြောခဲ့ပါသည်။

အဘိုးအဘွားနှစ်ဦးမှာ ယဲ့ချန်းအန်း၏ မင်္ဂလာကိစ္စအတွက် အလွန်ပင် စိတ်ပူနေခဲ့ရာ ယခုကဲ့သို့ ကလေးနှစ်ဦး၏ အခြေအနေက တည်ငြိမ်နေပြီဖြစ်၍ လူကြီးမိဘများအနေဖြင့်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။

ကလေးနှစ်ဦးက မေတ္တာရှိကြသော်လည်း ဤကဲ့သို့ အရေးကြီးကိစ္စမျိုးကို တစ်ဖက်မိဘများနှင့် သေသေချာချာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်သည်ဟု ယဲ့ကျန်းကော် ခံစားမိပါသည်။

“ရှောင်းယွီ၊ သမီးရဲ့မိသားစုက ရှန်းမြို့ကလား၊ နှစ်သစ်ကူးပြီးရင် ဦးလေးတို့ ရှန်းမြို့ကိုသွားပြီး သမီးရဲ့မိဘတွေနဲ့ ဆုံကြည့်ရင်း ကောင်းမလားလို့”

ရှန်းချို့ယွီက ပြုံးသည်။

“ကောင်းတာပေါ့ဦးလေးရဲ့၊ သမီးအဖေနဲ့ အမေကလည်း ချန်းအန်းကို အရမ်းသဘောကျကြတယ်၊ ဦးလေးနဲ့ ဒေါ်လေးတို့ကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုကြမှာပါ”

ယဲ့ကျမ့်ယဲ့တို့ ဇနီးမောင်နှံနှင့် အဘိုးအဘွားများ ပြန်သွားကြသောအခါ အိမ်တွင် လူပါးသွားပြီဖြစ်၍ မြောင်စွေ့ဖန်းက စာအိတ်နီတစ်လုံးထုတ်လျက် ရှန်းချို့ယွီ၏ လက်ထဲ ထည့်ပေးလိုက်ပါသည်။

“ရှောင်းယွီ၊ ဒေါ်လေးတို့ဆီ သမီးပထမဆုံး လာလည်တာမို့လို့ ဘာမှတော့ ထူးထူးခြားခြား ပြင်ဆင်မထားမိဘူးကွယ်၊ စာအိတ်နီပေးတာက ဒေါ်လေးတို့ မိသားစုရိုးရာမို့လို့ လက်ခံပေးပါနော်”

ရှန်းချို့ယွီလည်း စာအိတ်နီတစ်လုံး ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး”

မြောင်စွေ့ဖန်းသည် ရှန်းချို့ယွီအား အလွန်ပင် သဘောကျ ကျေနပ်ပါသည်။

ချွေးမလောင်းလေးမှာ ယဉ်ကျေးလိမ္မာမှုရှိကာ စိတ်နေစိတ်ထားကလည်း သူမတို့ မိသားစုနှင့် ကိုက်ညီမှုရှိပါသည်။ ထို့အပြင် ဒုတိယသားဖြစ်သူကလည်း သူမကို အလွန်ချစ်မြတ်နိုးသဖြင့် မိဘများအနေဖြင့် ကန့်ကွက်စရာအကြောင်းမရှိပေ။

ရှန်းချို့ယွီသည် စာအိတ်နီကို သေသေချာချာသိမ်းဆည်းလိုက်ပြီး ခဏနေမှ ယဲ့ချန်းအန်းကို သွားပြဦးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။

အဘိုးအဘွားများကို လိုက်ပို့ပေးပြီးနောက် ယဲ့ရှောင်ရှောင် ပြန်ရောက်လာပြီး အနည်းငယ် အိပ်ငိုက်နေခဲ့သည်။ သို့သော် ည ၈ နာရီသာ ရှိသေးသဖြင့် သူမ အိပ်ရာမဝင်ချင်သေးပါ။

“နည်းနည်းလောက် ကစားကြရအောင်လေ၊ ဘယ်သူမှ မအိပ်ချင်ကြသေးဘူးမလား”

ယဲ့ချန်းနင်က အကြံပြုသည်။

“ပိုကာ ကစားရအောင်လေ၊ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်… လူတွေက အများကြီးဆိုတော့ ဖဲနှစ်ထုပ်နဲ့ ကစားကြတာပေါ့”

All Chapters