← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

📗 Chapter 238

ယဲ့ရှောင်ရှောင်သည် အစ်ကိုများ၊ ယောင်းမများနှင့်အတူတူ ဖဲခေတ္တ ထိုင်ကစားပြီးနောက် တဖြည်းဖြည်းနှင့် မျက်ခွံများ လေးလံကာ အိပ်ငိုက်လာတော့သည်။

အစ်ကိုဖြစ်သူများကမူ ပျော်ပါးနေကြဆဲဖြစ်ပြီး ယဲ့ရှောင်ရှောင်နှင့် ရှန်းချို့ယွီတို့ ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်သွားသည့်တိုင်အောင် ထိုအဖွဲ့မှာ ပျော်ပျော်ပါးပါး ဆက်ကစားနေကြဆဲပင်။

ယဲ့ရှောင်ရှောင်က ရှန်းချို့ယွီအား သူမသုံးစွဲနေကျ မျက်နှာလိမ်းဆေးခရင်မ်အချို့ ပေးလိုက်ပါသည်။

ရှန်းချို့ယွီက ရုတ်တရက် မေးသည်။

“ရှောင်ရှောင်၊ အစ်မ မေးချင်နေတာကြာပြီ၊ နင့်ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ အရင်က ရုပ်မြင်သံကြားတွေ ဘာတွေမှာ ပါဖူးလား”

နောက်ဆုံးတော့ ယဲ့ရှောင်ရှောင် ရိုက်ကူးဖူးသည့် ကြော်ငြာအကြောင်း မှတ်မိသူတစ်ဦး ရှိလာခဲ့ပါပြီ။

ယဲ့ရှောင်ရှောင်က မျက်နှာကို လက်နှစ်ဖက်ဖြင့် ရှက်ကိုးရှက်ကန်း အုပ်လိုက်ရင်း ပြောလိုက်သည်။

“ဒီတိုင်း ရုပ်တူတာပဲနေမှာပါ…”

ရှန်းချို့ယွီမှာ သူမကို မြင်ဖူးသယောင်ယောင်ရှိသော်လည်း အသေအချာမပြောနိုင်ပေ။

“ဟုတ်လား… အဲ့တာဆို အစ်မပဲ အထင်မှားတာနေမှာပါ၊ ဒါပေမယ့် ဒီမျက်နှာလိမ်းခရင်မ်ကတော့ တကယ် ကောင်းတယ်နော်၊ အစ်မအမေရဲ့ သူငယ်ချင်းတစ်ယောက် ပေကျင်းကနေ ဝယ်လာဖူးတယ်”

ယဲ့ရှောင်ရှောင်က ဆိုသည်။

“သမီး ပေကျင်းကိုပြန်ရောက်ရင် အစ်မချို့ယွီဆီ နည်းနည်းလောက် ထပ်ပို့ပေးလိုက်မယ်”

ရှန်းချို့ယွီ: “အဲ့တာတွေက ဝယ်ရတာ ခက်တယ် မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်က အာမခံလိုက်သည်။

“မခက်ပါဘူး၊ သမီးပေကျင်းကို ရောက်တာနဲ့ တန်းဝယ်လို့ရတယ်”

ကိုယ်လက်သန့်စင်ပြီးနောက် သူမတို့နှစ်ယောက် နွေးထွေးလှသည့် အပူပေးကုတင်ပေါ်သို့ တက်ကာ လှဲလျောင်းခဲ့ကြတော့သည်။

ယဲ့ရှောင်ရှောင်သည် အပူပေးကုတင်ဘေးနားရှိ ဗီရိုပေါ်တွင် ခွက်အသစ်တစ်လုံးကို တင်ထားပေးလိုက်ပါသည်။

“အစ်မချို့ယွီ၊ ညဘက် ရေတွေဘာတွေထသောက်ချင်ရင် ဒီခွက်နဲ့ သောက်လို့ရတယ်နော်”

ရှန်းချို့ယွီက ခေါင်းညိတ်သည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် မီးအဖွင့်အပိတ်လုပ်နိုင်ရန် မီးလုံးကြိုးလေး ဆွဲထားသည့်နေရာအား ယဲ့ရှောင်ရှောင် ပြသလိုက်ပါသည်။ ပြသစရာရှိသည်များ ပြသပြီးနောက်တွင် ယဲ့‌ရှောင်ရှောင်သည်လည်း ခပ်မြန်မြန်ပင် အိပ်မောကျသွားခဲ့တော့သည်။

ထိုနေ့ညက ယဲ့ရှောင်ရှောင် အလွန်အိပ်ကောင်းခဲ့သည်။ မနက်မိုးလင်းသောအခါ အခန်းထဲတွင် အနည်းငယ်‌ အေးစိမ့်စိမ့်ဖြစ်နေ၍ ယဲ့ရှောင်ရှောင် အိပ်ရာမထချင်ခဲ့ပေ။

ထို့အပြင် ယနေ့ လုပ်စရာအလုပ်များလည်း သိပ်မရှိလှပေ။

သို့သော် သေချာပြန်စဉ်းစားကြည့်မှ ယနေ့ လုပ်ရမည့်တာဝန်တစ်ခုအား ယဲ့ရှောင်ရှောင် သတိရသွားခဲ့ပါသည်။

မနက်ဖြန်ဆိုလျှင် အိမ်တိုင်းတွင် နှစ်သစ်ကူး ဆုတောင်းစာတန်းများ ကပ်ရမည်ဖြစ်ရာ ရွာသားများသည် အဘိုးမြောင်အား လက်ရေးအလှစာတန်းများ ရေးသားခိုင်းဖို့အတွက် အိမ်သို့ ရောက်လာကြပါလိမ့်မည်။

အမှန်တကယ်ပင် မနက်အစောကြီးကတည်းက အိမ်ရှေ့၌ လူအမြောက်အများ ရောက်ရှိနေခဲ့သည်။

ရှန်းချို့ယွီ အိပ်ရာနိုးသောအခါ အိပ်ရာထဖို့ စိတ်ကူးမရှိသည့် ယဲ့ရှောင်ရှောင်ကို မြင်ပြီး မေးမြန်းလိုက်သည်။

“အစ်မတို့ အိပ်ရာထရမှာလား”

ယဲ့ရှောင်ရှောင်က စောင်ထဲကွေးရင်း ပြန်ဖြေသည်။

“စိတ်ကတော့ ထချင်တယ်၊ ခန္ဓာကိုယ်က သဘောမတူဘူး ဖြစ်နေတာ”

ယဲ့ရှောင်ရှောင်မှာ နေမြင့်သည်အထိ အိပ်စက်ရသည်ကို သဘောကျမှန်း ရှန်းချို့ယွီ သိသွားပြီး ရယ်မောလိုက်မိပါသည်။

ပုံမှန်ဆိုလျှင် ရှန်းချို့ယွီသည် အကလေ့ကျင့်ဖို့အတွက် နေ့စဉ် စောစောထရပါသည်။ သို့သော် ဤနေရာတွင် ရာသီဥတုက အလွန်အေးစက်လှပြီး တစ်ကိုယ်လုံး လေးလံနေသဖြင့် လွတ်လွတ်လပ်လပ်ပင် လှုပ်ရှား၍ မရချေ။

ယဲ့ရှောင်ရှောင် ပျင်းရိပျင်းတွဲ အိပ်ရာထလာချိန်တွင် မနက် ၈ နာရီပင် ကျော်လွန်နေပါပြီ။ သို့သော် မည်သူကမှ အပြစ်မတင်ကြပေ။

မနက်စာများကို အိုးထဲတွင် နွှေးထားပြီးသားဖြစ်၍ နိုးလာသည့်အချိန် စားသောက်နိုင်ပါသည်။

ယဲ့ချန်းချင်နှင့် ယဲ့ချန်းအန်းတို့နှစ်ယောက် ထင်းခုတ်ဖို့အတွက် တောင်ပေါ်အစောကြီး တက်သွားခဲ့ကြသည်။

ယဲ့ရှောင်ရှောင်နှင့် ရှန်းချို့ယွီတို့ မျက်နှာသစ်ပြီး အခန်းထဲမှ ထွက်လာကြသောအခါ မြောင်စွေ့ဖန်းက စနောက် ကျီစယ်လိုက်သည်။

“အခုတော့ ရှောင်ရှောင်နဲ့အတူ နေမြင့်တဲ့အထိ အိပ်ဖို့ အဖော်ရသွားပြီပေါ့”

ယဲ့ရှောင်ရှောင်သည် အိုးထဲတွင် ကျန်သေးသည့် မနက်စာများကို ကြည့်ရင်း ပြန်ပြောလိုက်သည်။

“သမီးတို့ထတာ အဲ့လောက်လည်း နောက်မကျပါဘူး”

အမှန်တိုင်းဆိုရလျှင် ဤခေတ်၌ သုံးစရာ စမတ်ဖုန်းများမရှိသဖြင့် အိပ်ရာထဲ အကြာကြီး လှဲလျောင်းနေရသည်မှာ ပျင်းရိစရာကောင်းလွန်းပါသည်။

မြောင်စွေ့ဖန်းက အခန်းထဲသို့ ဝင်လာပြီး သူမတို့အတွက် မနက်စာများကို ပန်းကန်ထဲသို့ ထည့်ပေးရင်း မေးလိုက်သည်။

“ဒါတွေ မစားချင်ရင် ခြံထဲက အိုးထဲမှာ အအေးခံထားတဲ့ ဖက်ထုပ်တွေ ရှိသေးတယ်၊ ဒေါ်လေး ပြုတ်ပေးရမလား”

ရှန်းချို့ယွီ: “အလုပ်ရှုပ်မခံပါနဲ့ ဒေါ်လေးရယ်၊ သမီးက မနက်ပိုင်း နည်းနည်းပဲ စားတတ်တာပါ”

ယဲ့ရှောင်ရှောင်က ကန်စွန်းဥတစ်လုံးကို နှစ်ခြမ်းခွဲရင်း ရှင်းပြလိုက်သည်။

“အစ်မချို့ယွီက အကလေ့ကျင့်ရတယ်လေ၊ အဲ့တာကြောင့် အစားအသောက်ကို ဆင်ခြင်စားရတယ်”

ထို့ကြောင့် သူမ မစားသောက်နိုင်သည့် အစားအစာများစွာ ရှိနိုင်ပါသည်။

ရှန်းချို့ယွီက ပြန်ရှင်းပြသည်။

“အဲ့လိုတော့လည်း မဟုတ်ပါဘူး၊ အခုဘာဖြစ်ဖြစ် စားလို့ရတယ်၊ သမီးက ချေးမများတတ်ဘူး”

ဤခေတ်အခါတွင် လူအများအပြားမှာ ဝဝလင်လင်ပင် မစားသောက်ရပေ။

ထို့အပြင် သူမသည် နေ့စဉ် ကိုယ်လက် လှုပ်ရှားမှုနှင့် အကလေ့ကျင့်ခန်းများကို အများအပြား လုပ်ဆောင်ရသူဖြစ်ရာ အစားအသောက်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားစရာလည်း မလိုအပ်ပါ။

မြောင်စွေ့ဖန်း: “ဒါဆို စားကြဦး၊ စားပြီးရန် ပန်းကန်တွေ ထားခဲ့ကြ၊ ဒေါ်လေး ခဏနေ ဆေးလိုက်မယ်”

ယဲ့မိသားစုဝင်များက အလွန်စနစ်ကျသဖြင့် ပန်းကန်အပေများ စုပုံနေတတ်သည်က ရှားပါသည်။

သို့သော် မြောင်စွေ့ဖန်းသည် ကလေးများကို ပန်းကန်ဆေးဖို့ အတင်းအကျပ် မခိုင်းစေတတ်ပေ။ အထူးသဖြင့် သူမ ချစ်မြတ်နိုးသည့် သမီးမိန်းကလေးများဆိုလျှင် ပို၍ပင် အလိုလိုက်ပါသေးသည်။

သို့သော် ယဲ့ရှောင်ရှောင်နှင့် ရှန်းချို့ယွီတို့နှစ်ယောက်ကမူ မနက်စာ စားသောက်ပြီးနောက် ပန်းကန်များ၊ တူများကို ဆေးကြောခဲ့ကြသည်။

အိုးထဲရှိ ရေများမှာ နွေးထွေးနေဆဲဖြစ်ပြီး ဆေးကြောရမည့် ပန်းကန်ကလည်း နှစ်လုံးသာ ရှိသဖြင့် အချိန်သိပ်မကြာခဲ့ပေ။

ထို့နောက် ရေညစ်များကို ရေမှုတ်ဖြင့် ရေပုံးထဲ ခပ်ထည့်ပြီးနောက် အပြင်သို့ သွားပစ်ဖို့ ပြင်လိုက်ကြသည်။

ယဲ့ရှောင်ရှောင် ရေပုံးကို မဖို့ ပြင်လိုက်စဉ် ယဲ့ချန်းရှန့် ရောက်ရှိလာပြီး ကိုယ်စား သယ်ယူပေးလိုက်ပါသည်။

“ကျန်တဲ့သူတွေ ဘယ်သွားကြလဲ စတုတ္ထအစ်ကို”

ယဲ့ချန်းရှန့်: “ထင်းကောက်ဖို့ တောင်ပေါ်သွားကြတယ် ပြောတာပဲ၊ ဒါပေမယ့် ပျော်ဖို့ပါးဖို့ သွားတာပဲ နေမှာပါ”

ယဲ့ရှောင်ရှောင်နှင့် ရှန်းချို့ယွီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“အိမ်ထဲပြန်ဝင်ကြရအောင် အစ်မချို့ယွီ”

ရှန်းချို့ယွီက ခေါင်းညိတ်သည်။

“ဟုတ်ပြီ”

ယဲ့ရှောင်ရှောင်က ဆက်ပြောသည်။

“အစ်မချို့ယွီ ချမ်းရင် သမီးဆီက အနွေးထည်ထူထူတစ်ထည်လောက် ယူဝတ်လို့ရတယ်နော်”

ယောင်းမလောင်းလေး၏ ခန္ဓာကိုယ်အချိုးအစားမှာ သွယ်လျသဖြင့် သူမ၏ ပွပွယောင်းယောင်း အနွေးထည်များနှင့် အဆင်ပြေနိုင်ပါသည်။

“အစ်မ အနွေးထည်တွေ ယူလာပါတယ်၊ သိပ်လည်း မအေးသေးလို့ မဝတ်သေးဘူး”

အရှေ့ဘက်အခန်းတွင် အဘိုးမြောင်တစ်ယောက် နှစ်သစ်ကူးဆုတောင်းစာများ ရေးသားရင်း အလုပ်များနေပါသည်။ ရွာသားများက တန်းစီလျက် စောင့်ဆိုင်းနေကြသည်။

ယဲ့ရှောင်ရှောင်သည် စုတ်တံတစ်ချောင်းကို ကိုင်လျက် စာလုံးအချို့ ရေးသားကြည့်လိုက်ပြီး ရလဒ်ကို အတော်အသင့် ကျေနပ်သွားခဲ့သည်။

သို့သော် မိသားစုထဲမှ အခြားကလေးများနှင့် ယှဉ်လိုက်လျှင် လူတိုင်းက သူမထက် လက်ရေးပိုလှကြပါသည်။

ယဲ့မိသားစုဝင်အားလုံးသည် ငယ်စဉ်ကတည်းက လက်ရေးအလှလေ့ကျင့်ခဲ့ကြရသူများဖြစ်သော်လည်း ယဲ့ရှောင်ရှောင်ကမူ အပြင်သင်တန်းအချို့သာ တက်ပြီး အပေါ်ယံ လေ့လာဖူးခြင်း ဖြစ်သည်။

ရှန်းချို့ယွီမှာ ဘေးမှကြည့်ရင်း ဤကဲ့သို့ နွေးထွေးစည်းလုံးလှသည့် မိသားစုလေးအား သဘောကျ နှစ်သက်နေလေတော့သည်။

အခန်းထဲသို့ ယဲ့ပေါင်ချန်းလေးနှင့် ယဲ့ပေါင်ယွမ်လေးတို့ ဝင်ရောက်လာသောအခါတွင်တော့ သူတို့နှစ်ဦး၏ အေးချမ်းမှုများ အဆုံးသတ်သွားခဲ့ရသည်။

ယဲ့ပေါင်ချန်းလေးမှာ သိတတ်သည့်အရွယ်ကို ရောက်နေပြီဖြစ်၍ အနည်းငယ် လိမ္မာသော်လည်း ယဲ့ပေါင်ယွမ်လေးမှာမူ ပြောရဆိုရခက်သည့် အရွယ်လေးဖြစ်သည်။

ယဲ့ရှောင်ရှောင်က ပွေ့ဖက်လိုက်သောအခါ ယဲ့ပေါင်ယွမ်လေးမှာ အာပြဲကြီးနှင့် အော်ဟစ်လေတော့သည်။

“ဒေါ်လေး သားကိုလွှတ်!!!”

ယဲ့ရှောင်ရှောင်သည် သူ့ဗိုက်ပေါ်ရှိ အဆီတုံးလေးကို လက်ဖြင့် လိမ်ဆွဲလိုက်သည်။

“နင်လည်း နင့်အစ်ကိုအတိုင်းပဲ ဝတုတ်လာပြီ”

ယဲ့ပေါင်ယွမ်လေးက လက်မခံပေ။

“ဘာမှမဝဘူး!”

ယဲ့ရှောင်ရှောင်လည်း သူ့ကို ပြန်လွှတ်ပေးလိုက်ပြီး အပေးအယူလုပ်လိုက်သည်။

“နင်တို့အဖေရဲ့ အခန်းထဲမှာ သွားကစားကြ သွား၊ အပြင်မှာ လျှောက်ပြေးမနေနဲ့၊ ပြီးတော့ အိမ်ထဲမှာလည်း လျှောက်မဖွနဲ့နော်၊ လိမ်လိမ်မာမာနေရင် ဒေါ်လေး သကြားလုံးတစ်လုံး ကျွေးမယ်”

သကြားလုံးဟူသည့် အသံကိုကြားပြီး ယဲ့ပေါင်ယွမ်လေး ချက်ချင်း လိမ္မာသွားတော့သည်။

“ဟုတ်ကဲ့ဒေါ်လေး၊ သားသကြားလုံး နှစ်လုံးစားချင်တယ်”

ယဲ့ပေါင်ချန်းလေးကလည်း ဘေးမှ မျှော်လင့်တကြီး စိုက်ကြည့်နေသည်။

“ပေါင်ချန်းလေးလည်း စားရမယ်၊ အစ်ကိုကြီးနဲ့အတူတူ သွားကစားနော်”

ယဲ့ရှောင်ရှောင်သည် ဝတုတ်ကလေးကို ပိုမိုကြီးမားသည့် ဝတုတ်ကလေးကြီးလက်ထဲသို့ အပ်နှံလိုက်သည်။ ယဲ့ပေါင်ချန်းလေးမှာ ညီဖြစ်သူကို ခေါ်ဆောင်လျက် အခြားအခန်းထဲသို့ ထွက်သွားလေတော့သည်။

နောက်ဆုံးတော့ မြောင်ဖုန်းရှန့်တစ်ယောက် အေးအေးချမ်းချမ်း စာဆက်ရေးနိုင်ပါပြီ.

ရွာစွန်မှ ဦးလေးကျန်းမှာ သူ့နှစ်သစ်ကူးဆုတောင်းစာတန်းများကို လာယူရင်း စကားစမြည်ပြောလိုက်သည်။

“ငါတို့ရွာထဲ လူစိမ်းတွေ အများကြီး ရောက်လာပြီး လီသဲ့ရှုအိမ်ဘယ်မှာလဲ လိုက်မေးနေကြတယ်၊ ကြည့်ရတာ အကြွေးရှင်တွေထင်တယ်၊ လီသဲ့ရှုတို့အိမ်မှာ ဘယ်သူမှ မရှိတာ ကံကောင်းသွားတယ်”

ယဲ့ရှောင်ရှောင် ချက်ချင်း နားရွက်ထောင်သွားသည်။ ထို့ကြောင့်လည်း မနက်မိုးလင်းကတည်းက သူမ၏ တတိယအစ်ကိုကို မမြင်မိခြင်းဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က စိတ်ဝင်စားဟန်ဖြင့် မေးမြန်းလိုက်သည်။

“အဲ့လောက်တောင်လား၊ သမီးတို့ရွာလို အစွန်အဖျားနေရာထိ လိုက်လာကြတယ်ပေါ့”

“လီသဲ့ရှုတို့အဖေက အဲ့ဒီလူတွေဆီမှာ အကြွေးတွေတောင်လိုပုံအောင် တင်နေတာလေ၊ မဟုတ်ရင် နှစ်သစ်ကူးကာလကြီးမှာ အခုလို ရောက်ချလာကြပါ့မလား၊ အခုလောလောဆယ်တော့ လီသဲ့ရှုတို့ဦးလေးက လီသဲ့ရှုကို သတင်းသွားပို့ထားတယ်၊ အဲ့တာကြောင့် လီသဲ့ရှု ရွာပြန်လာလောက်မှာ မဟုတ်တော့ဘူး”

ရှန်းချို့ယွီလည်း လူတိုင်းက မုန်းတီးနေကြသည့် ထိုလီသဲ့ရှုတို့မိသားစုအကြောင်း အနည်းငယ် သိချင်မိပါသည်။

လီသဲ့ရှုသည် ဇနီးဖြစ်သူအား ရိုက်နှက်အကြမ်းဖက်တတ်သည့် လူရမ်းကားတစ်ဦးဖြစ်၍ ထိုလူနှင့် လမ်းတွင်ဆုံပါက ခပ်ဝေးဝေးတွင်နေသင့်ကြောင်း ယဲ့ရှောင်ရှောင်က သတိပေးလိုက်သည်။

ထိုစကားကြားသောအခါ ရှန်းချို့ယွီလည်း ခေါင်းတညိတ်ညိတ်နှင့် စကားနားထောင်လိုက်တော့သည်။ သို့သော် ယခုဆိုလျှင် ထိုလီသဲ့ရှုနှင့် တွေ့ဆုံဖို့ အခွင့်အရေးပင် ရှိနိုင်တော့မည် မထင်ပေ။

ယဲ့ရှောင်ရှောင် အရှေ့ဘက်အခန်းထဲမှ ပြန်ထွက်လာသောအခါ ယဲ့ချန်းရှန့်ကို တွေ့ပြီး မေးမြန်းလိုက်သည်။

“တတိယအစ်ကို အပြင်မှာ အလေလိုက်နေပြန်ပြီလား”

ယဲ့ချန်းနင်ကို အိမ်တွင် တည်တည်ငြိမ်ငြိမ် တွေ့ရသည်ဟူပင် မရှိပေ။

ယဲ့ချန်းရှန့်ကမူ အသားကျနေပြီးသားဖြစ်၍ အေးအေးလူလူ ပြန်ဖြေလိုက်သည်။

“အဲ့ကောင်က အဲ့လိုပဲ၊ အမြဲတမ်း ဟိုပြေးဒီပြေးနဲ့၊ ဘယ်တော့မှ အားမကုန်နိုင်ဘူး”

ယဲ့ရှောင်ရှောင်က စပ်ဖြီးဖြီးဖြင့် ကျီစယ်သည်။

“အဲ့ဒီအကြွေးရှင်တွေကို တတိယအစ်ကို သွားခေါ်လာတာ ဖြစ်နိုင်တယ်နော်၊ သူတကယ်တော်တာပဲ”

လီသဲ့ရှုတစ်ယောက် ရွာသို့ လွယ်လွယ်နှင့် ပြန်လာနိုင်တော့မည်မဟုတ်ကြောင်း သိရှိရသဖြင့် ယဲ့ရှောင်ရှောင်ရင်ထဲ အလွန်ပေါ့ပါးသွားခဲ့သည်။

သူမ၏ အိပ်ခန်းထဲသို့ ပြန်ဝင်လာပြီး သကြားလုံးဘူးလေးကိုထုတ်ကာ ကလေးနှစ်ယောက်အတွက် နို့သကြားလုံးများ ထုတ်ပေးလိုက်ပြီး နည်းနည်းချင်းစီစားဖို့ သတိပေးလိုက်ပါသည်။

All Chapters