← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

📗 Chapter 240

ကားထဲတွင် ဝင်ထိုင်လိုက်ချိန်မှစ၍ ယဲ့ချန်းယွမ်တစ်ယောက် ရင်ထဲမဆံ့အောင် ပျော်ရွှင်ကာ အရူးတစ်ယောက်လို ရယ်မောနေလေတော့သည်။

“ငါတို့မိသားစုလည်း နောက်ဆုံးတော့ ကိုယ်ပိုင်ကားစီးနိုင်ပြီပေါ့”

သူကိုယ်တိုင်လည်း ကိုယ်ပိုင်ကားတစ်စီး ဘယ်သောအခါမှ မောင်းနိုင်မည်နည်းဟု တွေးတောမိပါသည်။ သို့သော် သေချာပြန်စဉ်းစားကြည့်ခါမှ သူကားပင် မမောင်းတတ်သေးသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။

ရှန်းချို့ယွီလည်း ထိုကားကို မြင်လိုက်သည်နှင့် အလွန်မှင်သက်သွားခဲ့ရပါသည်။

ယဲ့ချန်းအန်းနှင့် လိုက်ပါလာခဲ့ရသော ဤခရီးစဉ်တစ်ခုလုံးမှာ သူမအတွက် ပုံပြင်တစ်ပုဒ်ပမာ အံ့အားသင့်စရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ယဲ့မိသားစုမှာ တောင်ပေါ်ရွာလေးတစ်ရွာတွင် ပုန်းအောင်းနေသည့် လျှို့ဝှက် သူဌေးကြီးများနှင့် တူလှသည်။ သူတို့မိသားစု၏ ငွေကြေးအင်အားမှာ မြို့ပြင်တွင် နေထိုင်သူများထက်ပင် ပိုမိုတောင့်တင်း ခိုင်မာနေတော့သည်။

ယခင်က ယဲ့ချန်းအန်း ပြောဖူးသည့် မိမိတို့မိသားစု ဆင်းရဲနွမ်းပါးသည်ဟူသည့် စကားကိုပင် အလိမ်အညာဖြစ်မည်ဟု ရှန်းချို့ယွီ ခံစားနေမိပါပြီ။

အမှန်စင်စစ်တွင် ယဲ့မိသားစုမှာ လူမသိသူမသိအောင် ပုန်းအောင်းနေကြသော သန်းကြွယ်သူဌေးကြီးများ ဖြစ်နိုင်ခြေရှိသည်။

ထိုနေ့ညက ဧည့်ဂေဟာတွင် အနားယူအိပ်စက်စဉ် ရှန်းချို့ယွီသည် ယဲ့ရှောင်ရှောင်အား မေးခွန်းအချို့ မဝံ့မရဲ မေးမြန်းခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကမူ ဒုတိယအစ်ကို လိမ်ညာနေခြင်းမဟုတ်ကြောင်း အာမခံကာ ရှင်းပြပေးခဲ့သည်။

ယခင်က သူမတို့ မိသားစု အမှန်တကယ် ဆင်းရဲနွမ်းပါးဖူးကြောင်းနှင့် ၂ နှစ်အကြာမှ အခြေအနေများ တိုးတက်ပြောင်းလဲလာခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

ယခု အစ်ကိုအကြီးဆုံးသည် သတ္တုတွင်းတစ်ခုတွင် ကြီးကြပ်သူအဖြစ် အလုပ်လုပ်ကိုင်နေပြီး တတိယအစ်ကိုကလည်း တောင်ပိုင်းတွင် ကိုယ်ပိုင်အထည်လုပ်ငန်းကို လုပ်ကိုင်နေသည်။ စတုတ္ထအစ်ကိုနှင့် သူမကိုယ်တိုင်ကမူ တက္ကသိုလ် တက်နေကြဆဲဖြစ်ပြီး ဒုတိယအစ်ကိုနှင့် ဝမ်းကွဲအစ်ကိုယွမ်တို့က စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေကြပါသည်။

ရှန်းချို့ယွီမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“နင်တို့မိသားစုက နယ်ပယ်တော်တော်စုံတာပဲနော်၊ စစ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ ပညာရေး အစုံအလင်ပဲ၊ သားသမီးတွေအများကြီးမွေးထားတဲ့ အကျိုးကျေးဇူးများလား”

ယဲ့ရှောင်ရှောင်က ရယ်မောသည်။

“အဲ့လောက်ကြီးလည်း မဟုတ်ရပါဘူး”

“နင်နဲ့ ချန်းရှန့်တို့က ထိပ်တန်းတက္ကသိုလ်ကျောင်းသားတွေလေ၊ နင်တို့မိသားစုမှာ တက္ကသိုလ်ကျောင်းသားတွေ ရှိမှန်းသာ အစောကြီးကတည်းက သိခဲ့ရင် အဖေနဲ့ အမေတို့ ငါ့အိမ်ထောင်ရေးကိစ္စကို သဘောတူပေးခဲ့တာ ကြာပေါ့၊ တကယ်တော့ ငါ့အဖေက ချန်းအန်းကို မမုန်းပါဘူး၊ ဒီတိုင်း ပညာတော်တဲ့သူတွေကိုပဲ ပိုပြီး ဦးစားပေးချင်တာ၊ စစ်သားတွေဆိုတာ အပြောအဆို အမူအရာကြမ်းတမ်းလို့ သူထင်နေတာ”

ယဲ့ရှောင်ရှောင်က ကျီစယ်သည်။

“သမီးအစ်ကိုက ဘယ်လောက်ပဲတော်တော် ယောက္ခမတစ်ယောက်ကတော့ သားမက်လုပ်တဲ့လူကို အမြဲတမ်း အပြစ်ရှာနေဦးမှာပါပဲ”

ရှန်းချို့ယွီသည် ယခင်က ယဲ့ချန်းအန်း၏ မိသားစုထက် သူမ၏ မိသားစုက အနည်းငယ် ပိုသာသည်ဟု ခံစားခဲ့ရသော်လည်း ယခု အမှန်တရားများကို သိရှိလိုက်ရချိန်တွင် သိမ်ငယ်စိတ်အနည်းငယ် ဖြစ်မိပါသည်။

ယခင်ကတည်းက ယဲ့ချန်းအန်းထက် မည်သည့်အရာမှ ပိုမသာဟု ခံစားခဲ့ရသဖြင့် ယခုဆိုလျှင် သူမ၏ တစ်ခုတည်းသော အားသာချက်လေးပါ ပျောက်ကွယ်သွားရလေပြီ။

‘ငါ့ကို ယဲ့ချန်းအန်း အထင်သေးသွားလောက်လား…’

သူမသည် အကပညာမှတပါး မည်သည့်ပညာမှ မတတ်မြောက် မကျွမ်းကျင်ပါ။ ယဲ့ချန်းအန်းကမူ ငယ်ရွယ်နုပျိုပြီး အလားအလာများစွာ ရှိသည့် စစ်သားတစ်ဦးဖြစ်သည်။ စစ်တပ်ထဲတွင် သူ့ကို ရယူလိုသည့် မိန်းကလေးများစွာ ရှိနေပါသည်။

ရှန်းချို့ယွီသည် နဂိုကတည်းက ခံစားချုပ်များကို ချုပ်တည်းထားတတ်သူမဟုတ်သဖြင့် သူမရင်ထဲက စိုးရိမ်ပူပန်မှုများကို ယဲ့ရှောင်ရှောင်အား ဖွင့်ပြောပြခဲ့သည်။

ယဲ့ရှောင်ရှောင် ရယ်ချင်သွားသည်။ လူတစ်ဦးသည် မည်မျှပင် ပြီးပြည့်စုံနေပါစေ ချစ်ရသူ၏ ရှေ့မှောက်ကို ရောက်ရှိသောအခါတွင်တော့ လိုအပ်ချက်တစ်စုံတစ်ခုရှိနေသေးသည်ဟု ခံစားရပေလိမ့်မည်။

“အစ်မချို့ယွီကလည်း အရမ်းတော်ပါတယ်၊ ဘာမှ သိမ်ငယ်နေစရာမလိုဘူး၊ အစ်မနဲ့ ဒုတိယအစ်ကိုတို့က သက်ဆိုင်ရာ နယ်ပယ်မှာ ထူးချွန်ထက်မြက်ကြတာပဲ၊ အရာရာ လိုက်ပြီး နှိုင်းယှဉ်နေစရာ မလိုဘူးလေ”

ယဲ့ရှောင်ရှောင်၏ နှစ်သိမ့်စကားကို ကြားခါမှ ရှန်းချို့ယွီ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့ပါသည်။ ထိုစကားက မမှားပေ။ ယဲ့ချန်းအန်းက ထူးချွန်သည် ဆိုသော်ငြား၊ သူမကိုယ်တိုင်ကလည်း မညံ့ဖျင်းလှပါ။

ညည့်နက်သည်အထိ စကားပြောခဲ့ကြပြီးနောက် သူမတို့နှစ်ဦး အိပ်မောကျသွားခဲ့ကြတော့သည်။

ပတ်ဝန်းကျင်စိမ်းတွင် အိပ်စက်ရသည်ဆိုသော်ငြား မမျှော်လင့်ထားသည့် မည်သည့်အန္တရာယ်မျိုးမှ မကြုံခဲ့ရသဖြင့် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြပါသည်။

နောက်တစ်နေ့တွင် ကားကို ၄ နာရီကြာ ဆက်မောင်းပြီးနောက် ရှန်းမြို့သို့ ရောက်ရှိသွားခဲ့ကြသည်။

အဓိကမြို့ကြီးတစ်မြို့ကို ရောက်ရှိလာပြီဖြစ်၍ ရှန်းချို့ယွီနှင့် ယဲ့ချန်းအန်းတို့က မောင်နှမများကို တစ်ခုခု လိုက်ကျွေးချင်နေပါသည်။

ယဲ့ချန်းနင်က ကန့်ကွက်သည်။

“နေရာကိုတော့ ဒုတိယအစ်ကိုပဲ ရွေးလိုက်ပါ၊ ဒါပေမယ့် အားလုံးကို ကျွန်တော်ကျွေးမယ်၊ ကျွန်တော် ဘယ်လောက် ချမ်းသာနေပြီလဲ ဆိုတာလေး ပြခွင့်ပေးကြပါဦး! ကျွန်တော်က စက်ရုံသူဌေးကြီး ဖြစ်နေပြီဗျ”

ယဲ့ချန်းနင်တွင် အမှန်တကယ် ဝင်ငွေအမြောက်အများ ရှိနေပါပြီ။ သို့သော် အမြတ်အစွန်းများအားလုံးကို လုပ်ငန်းတိုးချဲ့ဖို့နှင့် ဘဏ်ချေးငွေများ ပြန်ဆပ်ဖို့သာ အသုံးပြုနေရသဖြင့် လောလောဆယ် မသိသာသေးခြင်း ဖြစ်သည်။

သို့သော် သူ့ရင်ထဲ ပန်းတိုင်တစ်ခု ထားရှိထားသည်။ ၃ နှစ်ဟူသည့် အချိန်အတွင်း သူ့စက်ရုံကို အလုပ်သမား သောင်းချီရှိသည့် ဧရာမ လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဖန်တီးပြီး ရှန်ဟိုင်းနှင့် ပေကျင်းတို့တွင် စက်ရုံခွဲများစွာ တည်ဆောက်ပါမည်။

ယဲ့ချန်းအန်းက အကြံပြုသည်။

“မင်းကြွားချင်လည်း နောက်တစ်ခါကျမှ ကြွားပါကွာ၊ ငါကရှန်းမြို့မှာ တာဝန်ကျနေတာကြာပြီမို့လို့ အိမ်ရှင်ဖြစ်တဲ့ ငါ့ကိုဧည့်ခံခွင့်ပေးပါ”

ယဲ့ချန်းနင်လည်း မတတ်သာဘဲ သဘောတူလိုက်ရသည်။

“ဟုတ်ပါပြီ၊ နောက်တစ်ခါဆို ငါကျွေးမှာနော်”

ရှန်းချို့ယွီသည် ရှန်းမြို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်၍ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်သို့ လမ်းပြ ခေါ်ဆောင်သွားခဲ့ပါသည်။

ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် အလွန်နွေးထွေးသွားပြီး တည်ခင်းပေးသည့် ဟင်းလျာများမှာလည်း အငွေ့တထောင်းထောင်းနှင့် ပူပူနွေးနွေး ရှိလှသည်။

ယဲ့ရှောင်ရှောင်သည် ငါးပေါင်းဟင်းလျာကို တစ်ကိုက်မျှ မြည်းစမ်းကြည့်လိုက်ရာ အရသာမှာ အလွန်ထူးကဲလှပြီး ဟင်းအနှစ်ကလည်း ညှီနံ့မရဘဲ ဆိမ့်အိနေခဲ့ပါသည်။

စားသောက်ပြီးနောက် ယဲ့ချန်းအန်းနှင့် ရှန်းချို့ယွီတို့ကို စခန်းသို့ လိုက်ပို့ပေးခဲ့ကြသည်။

စခန်းသို့ ရောက်သောအခါ မောင်နှမများ နှုတ်ဆက်ခဲ့ကြရပြီး တွေ့ဆုံခဲ့ရသည်မှာ မကြာသေးသည့် ရှန်းချို့ယွီပင် ခွဲခွာရမည်ကို စိတ်မကောင်းဖြစ်သွားခဲ့သည်။

“နောက်တစ်ခါ အချိန်ရရင် အားလုံးဆီ လာလည်မယ်နော်”

ယဲ့ချန်းယွမ်က ဝင်ပြောသည်။

“အစ်မချို့ယွီ၊ နောက်တစ်ခါ အားလုံးပြန်ဆုံရမှာက အစ်မနဲ့ ဒုတိယအစ်ကိုတို့ရဲ့ မင်္ဂလာဧည့်ခံပွဲမှာပဲလေ”

ရှန်းချို့ယွီ ရှက်သွေးဖြာသွားသည်။

“ဘယ်အချိန်ပဲလာလာ အားလုံးကို ကြိုဆိုပါတယ်”

ကားဆီသို့ ပြန်ရောက်သည့်တိုင်အောင် ယဲ့ချန်းယွမ်တစ်ယောက် ပါးစပ်မပိတ်နိုင်သေးပေ။

“ဒုတိယအစ်ကိုရဲ့ ကောင်မလေးက အရမ်းလှတာပဲနော်၊ အစ်ကိုနင်ကော ဘယ်တော့ မိန်းမယူမှာလဲ”

နဂိုကတည်းကမှ လူကြီးမိဘများက နားပူနားဆာလုပ်သဖြင့် နားပူရသည့်အထဲ ယဲ့ချန်းယွမ်ကပါ မလေးမစား လာနောက်ရဲသဖြင့် ယဲ့ချန်းနင် ပြန်ငေါက်လိုက်သည်။

“သူများကိစ္စ စိတ်မဝင်စားဘဲ မင်းအတွက်မင်း စိတ်ပူစမ်းပါ၊ နေပူထဲထွက်ပါများလို့ အသားမဲသွားခါမှ မိန်းမမရဘဲ နေဦးမယ်၊ သူ့ကို အဲ့ဒီအသားဖြူလိမ်းဆေးခရင်မ်တစ်ဘူးနှစ်ဘူးလောက် ပေးလိုက်စမ်းပါ ရှောင်ရှောင်”

ယခု ယဲ့ချန်းနင်က ကားမောင်းနေပြီး ယဲ့ရှောင်ရှောင်က နောက်ခုံတွင်ထိုင်ကာ အနားယူနေပါသည်။ အစ်ကိုဖြစ်သူ၏ စကားကိုကြားသည်နှင့် ယဲ့ရှောင်ရှောင် ချက်ချင်း ထောက်ခံလိုက်သည်။

“ဟုတ်ကဲ့ပါ!”

ယဲ့ချန်းယွမ်မှာ နှုတ်ခမ်းစူသွားရသည်။

“အစ်ကိုနင်ကလည်း… ဘာလို့ ပုဂ္ဂိုလ်ရေးတွေပါ လာတိုက်ခိုက်နေတာလဲ၊ ဒါပေမယ့် အစ်ကိုနင် ခေတ်မီပြီး စမတ်ကျလာတာကိုတော့ ဝန်ခံပါတယ်၊ တောင်ပိုင်းမှာ နေတာတောင်မှ အသားက မဲမလာဘူးနော်”

ယဲ့ချန်းနင်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။

“မင်းအစ်ကိုက ငယ်ငယ်လေးကတည်းက ချောပြီးသားပဲဥစ္စာ၊ ဒီနေ့မှ သိတာလား”

ယဲ့ချန်းယွမ်: “…”

ရှန်းမြို့မှ ပေကျင်းမြို့သို့ သွားရခြင်းသည် သူမတို့၏ ဇာတိမြို့မှ ရှန်းမြို့သို့ သွားရခြင်းထက် ပိုမြန်ဆန်ပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် ပေကျင်းသို့ အရင် ပြန်ရမလား၊ ယဲ့ချန်းယွမ်အား ကျင်းဟိုင်မြို့သို့ အရင် လိုက်ပို့ပေးရမလား ဝေခွဲမရ ဖြစ်နေခဲ့သည်။

ယဲ့ချန်းနင်က သူမကိုယ်စား ဝင်ဆုံးဖြတ်ပေးလိုက်သည်။

“ငါတို့က ကားမောင်းသွားမှာဆိုတော့ ဘာမှမပင်ပန်းပါဘူး၊ ချန်းယွမ်ကို ကျင်းဟိုင်ဆီ အရင်လိုက်ပို့ပေးရအောင်၊ ပြီးမှ ငါတို့နှစ်ယောက်အတူတူ ပေကျင်းပြန်ကြတာပေါ့”

ယဲ့ချန်းနင်နှင့် ယဲ့ရှောင်‌ရှောင်တို့၏ အချိန်ဇယားများက မတင်းကျပ်သော်လည်း ယဲ့ချန်းယွမ်ကမူ သတ်မှတ်ရက်ထက် နောက်ကျသွားပါက စစ်တပ်စည်းကမ်းအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါလိမ့်မည်။

ယဲ့ချန်းယွမ်သည် စစ်သားသစ်လေ့ကျင့်ရေးတပ်ဖွဲ့မှ ထွက်လာသည်မှာ မကြာသေးဘဲ လက်ရှိတွင် ဒုတပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ရာ နောင်တစ်ချိန်တွင် တပ်စိတ်မှူးအဖြစ် ရာထူးတိုးခံရနိုင်ချေရှိသဖြင့် မည်သည့် အမှားအယွင်းမှ အဖြစ်ခံ၍ မရပေ။

ယဲ့ရှောင်ရှောင်ကလည်း သဘောတူလိုက်သည်။

“ဟုတ်ပြီ၊ အစ်ကိုယွမ်ကို လိုက်ပို့ပေးပြီးရင် သမီးတို့နှစ်ယောက် တစ်ခုခုသွားစားကြတာပေါ့။ ကျင်းဟိုင်မှာ ပင်လယ်စာတွေကောင်းတယ်ကြားတယ်”

ယဲ့ချန်းယွမ် ညည်းတွားလိုက်သည်။

“ငါ့ရှေ့မှာ အဲ့တာတွေ မပြောကြပါနဲ့…”

ယဲ့ရှောင်ရှောင်က တမင်တကာ ကျီစယ်လိုက်ခြင်းသာ ဖြစ်ပါသည်။ တစ်ခုခုသွားစားရမည်ဆိုလျှင် ယဲ့ချန်းယွမ်ကို ချန်လှပ်ထားခဲ့၍ မဖြစ်ပေ။

သူတို့သုံးဦး လမ်းခရီးတွင် တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့မနက် ၁၀ နာရီခွဲခန့်တွင် ကျင်းဟိုင်မြို့သို့ ရောက်ရှိသွားကြပါသည်။

ယဲ့ရှောင်ရှောင်ပြောသည့်အတိုင်း အရင်ဆုံး ပင်လယ်စာများ တခမ်းတနား သွားစားခဲ့ကြပြီးမှ ယဲ့ချန်းယွမ်အား စခန်းသို့ လိုက်ပို့ပေးခဲ့ကြသည်။

အိမ်မှ ယူဆောင်လာသည့် စားစရာပစ္စည်းများအားလုံးကို ယဲ့ချန်းယွမ်၏ကျောပိုးအိတ်ထဲ ထည့်ပေးခဲ့ကြသည်။ ယဲ့ချန်းနင်ကလည်း သူ့လက်ထဲ ယွမ် ၂၀၀ ထည့်ပေးလိုက်ပါသည်။

“‌ဒါယူသွား၊ မင်းအခု စစ်တပ်ထဲမှာ ရတဲ့လစာက နည်းသေးတယ်မလား၊ စစ်တပ်ထဲမှာ အစာငတ်မခံနဲ့၊ အပြင်ထွက်ခွင့် ရတဲ့အခါ အာဟာရဖြစ်စေမယ့် အစားအသောက်ကောင်းကောင်းတွေ ဝယ်စား၊ ပြီးတော့ ရင်းနှီးမှုတိုးအောင်လို့ မင်းရဲ့ ရဲဘော်ရဲဘက်တွေကိုလည်း မကြာခဏ လိုက်ကျွေး၊ သူများအနိုင်ကျင့်တာလည်း မခံနဲ့၊ ပြဿနာတစ်ခုခုဖြစ်ရင် ဒါမှ မဟုတ် ငွေလိုရင် ငါ့ကို အချိန်မရွေး ဖုန်းဆက်လို့ရတယ်”

ယဲ့ချန်းယွမ်သည် ဝမ်းကွဲညီတစ်ယောက်သာဖြစ်ပြီး မိဘချင်းမတူညီကြသော်လည်း မိသားစုနှစ်စု၏ သံယောဇဉ်မှာ အလွန်ပင် နက်ရှိုင်းလှပါသည်။

ယဲ့ချန်းနင်ကလည်း ယဲ့ချန်းယွမ်ကို ယဲ့ချန်းရှန့်ကဲ့သို့ ညီအရင်းတစ်ယောက်ပမာ ဆက်ဆံသည်။ စစ်သားတစ်ဦး ဖြစ်လာခဲ့ပြီ ဆိုသော်ငြား သူတို့မျက်လုံးထဲတွင်တော့ အတွေ့အကြုံမရှိသေးသည့် ကောင်လေးတစ်ဦးသာ ဖြစ်ပါသည်။

ယဲ့ချန်းယွမ်တစ်ယောက် ငွေကို ကိုင်ရင်း ပျာယာခတ်သွားခဲ့သည်။

ငယ်စဉ်အရွယ်မှစ၍ ယခုချိန်အထိ ယဲ့ရှောင်ရှောင်နှင့်အတူ နေကြာစေ့များ ရောင်းချခဲ့သည့်အချိန်ကလွဲ၍ ဤမျှ များပြားသော ငွေပမာဏကို ယဲ့ချန်းယွမ် မကိုင်ဆောင်ဖူးခဲ့ပေ။

စစ်တပ်ထဲတွင်ဆိုလျှင် ဤငွေပမာဏမှာ တစ်နှစ်တာသုံးဖို့ လုံလောက်ပါသည်။

“ကျွန်တော် လက်မခံနိုင်ပါဘူး”

ယဲ့ချန်းနင်က ထိုငွေကို သူ့အိတ်ကပ်ထဲ အတင်းထိုးထည့်ပေးလိုက်ပြီး ကြယ်သီးပါ တပ်ပေးထားလိုက်သည်။

“ဘာကို လက်မခံနိုင်တာလဲကွ၊ စစ်တပ်ထဲမှာ သေသေချာချာ လေ့ကျင့်ပြီး တပ်စုမှူး ဒါမှမဟုတ် တပ်ခွဲမှူးဖြစ်တဲ့အထိ ကြိုးစား၊ မိသားစုဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကွာ”

ယဲ့ချန်းယွမ်သည် ပုံမှန်အားဖြင့် အပြောင်အပျက်သာ နေတတ်သော်လည်း စိတ်ပျော့သူတစ်ဦးဖြစ်ရာ ထိုစကားများကို ကြားလိုက်ရသည်နှင့် မျက်ရည်ပင် ဝဲသွားရပါသည်။

“အစ်ကိုတို့ လုံးဝ စိတ်မပျက်စေရဘူး”

ထိုသို့ပြောပြီးနောက် သူ့ကျောပိုးအိတ်ကို လွယ်လျက် နောက်ပင်ပြန်လှည့်မကြည့်ဘဲ စခန်းထဲ ပြေးဝင်သွားတော့သည်။

ယဲ့ချန်းနင်က သူ့အကြောင်း ကောင်းကောင်းနားလည်သဖြင့် ပြောလိုက်သည်။

“အဲ့ကောင် သွားငိုတာပဲနေမှာ၊ လူကောင်ကြီးပြီး သန်မာမယ်လို့ ထင်ရပေမယ့် ချန်းရှန့်ထက် အငိုပိုသန်တဲ့ကောင်”

ယဲ့ချန်းရှန့်ကမူ ငယ်စဉ်ကတည်းက ခန္ဓာကိုယ် အားနည်းပျော့ညံ့သော်လည်း ဘဝတွင် မျက်ရည်ကျခဲလှသူတစ်ဦး ဖြစ်ပါသည်။

All Chapters