← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

🐽 Chapter 111

ပြဿနာက ယွီရွေ့ကျူး ဆိုင်မှာ မဟုတ်ဘူးဆိုတော့ ကျောက်မိသားစု ဝက်သားပေါင်းဆိုင်ပဲ ကျန်တော့သည်။ အပြင်ဘက်မှ ဆူညံသံများက နားကွဲမတတ်ပင်။

အမျိုးသားတစ်ဦးသည် ကျောက်မိသားစု ဝက်သားပေါင်းဆိုင် အပေါက်ဝတွင် ရပ်နေပြီး ဖြူဖျော့နေသော မျက်နှာဖြင့် ကျောက်နာ ယောကျ်ားအင်္ကျီကော်လာကို အဆက်မပြတ် ဆွဲကိုင်ကာ ဒေါသတကြီး ဆဲဆိုနေသည်။

"ဒါက ဘယ်လို အစားအစာတွေလဲ၊ အဲဒါကို စားပြီးတာနဲ့ ငါ အိမ်သာကို အခေါက်ခေါက်အခါခါ ပြေးနေရပြီး ဗိုက်တွေ အရမ်းနာလာတယ်၊ ဆေးသောက်ပေမဲ့လည်း မသက်သာဘူး၊ မင်းတို့ အသားတွေမှာ တစ်ခုခု မှားနေတာ သေချာတယ်၊ မင်းတို့မှာ ယုံကြည်မှုဆိုတာ မရှိဘူးလား၊ ဘယ်လိုလုပ် ဒီလို လုပ်ရဲတာလဲ၊ ဒီလောက် ကြီးတဲ့ ဆိုင်ကြီးကနေ ဖောက်သည်တွေကို ပုပ်သိုးနေတဲ့ အသားတွေ ကျွေးပြီး လိမ်လည်နေတာပဲ ပြီးတော့ မင်းတို့က ဖော်ရွေပြီး ချဉ်းကပ်ရလွယ်သယောင်တောင် ဟန်ဆောင်နေသေးတယ်၊ ငါ မင်းတို့ကို တံတွေးနဲ့တောင် ထွေးချင်တယ်"

သူက ကျောက်နာ ယောကျ်ား မျက်နှာပေါ်သို့ ဒေါသတကြီး တံတွေးထွေးချပြီး စကားပြောရင်း မောဟိုက်နေဆဲဖြစ်ကာ အလွန် အားနည်းနေပုံရသည်။

ကျောက်နာ ယောကျ်ား မျက်နှာမှာ နီရဲသွားပြီးနောက် ခရမ်းရောင်အဖြစ်သို့ ပြောင်းသွားကာ ပါးပြင်ပေါ်မှ တံတွေးများကို ရှက်ရွံ့စွာ သုတ်ဖယ်ရင်း ခေါင်းမာစွာ ငြင်းဆန်နေဆဲပင်။

"ခင်ဗျားက ဘာကို မကောင်းတဲ့ ဝက်သားပေါင်းလို့ ပြောချင်တာလဲ၊ ကျွန်တော်တို့ ဆိုင်ကို အဲဒီလို လာမပြောနဲ့၊ ခင်ဗျား ဗိုက်နာတာကို ဘာလို့ ကျွန်တော်တို့ ဝက်သားပေါင်းကို လာအပြစ်တင်နေရတာလဲ၊ ရာသီဥတုက ပူလို့ ဒါမှမဟုတ် ခင်ဗျား တခြားတစ်ခုခု စားမိတာတို့... အစားအစာတွေ မကောင်းလို့ ဖြစ်မှာပေါ့"

သူက အမှားကို လက်ခံရန် ခေါင်းမာစွာ ငြင်းဆန်နေသည်ကို မြင်သောအခါ ထိုအမျိုးသားက ဒေါသတကြီးဖြင့် စားကြွင်း စားကျန် ဝက်သားပေါင်းအိတ်ကို ဖွင့်ကာ သူ့အရှေ့သို့ ထိုးပေးသည်။

"မင်းတို့ရဲ့ ဝက်သားပေါင်းကြောင့် မဟုတ်ဘူးလို့ ပြောရဲတယ်ဆိုရင်တော့ မင်းတို့ ပြဿနာတက်ပြီပဲ၊ ဒီအသားကို ငါ မနေ့ကမှ ဝယ်သွားတာ၊ နှစ်လုတ်လောက် စားပြီးတာနဲ့ ငါ့ဗိုက်က နာလာတာပဲ၊ အဲဒါက ပုပ်နေပြီ၊ ဒီအပိုင်းက မည်းနေပြီး ဒီအပိုင်းကကျ မှိုတက်နေတယ်၊ ပြီးတော့ ဒီအနံ့ကြီး၊ မင်းတို့ဘာသာ နမ်းကြည့်စမ်း"

သူက ကျောက်နာ ယောကျ်ား ရှေ့သို့ အသားကိုထိုးပေး လိုက်သည်။ သူက ချက်ချင်း မတုံ့ပြန်နိုင်ဘဲ အလိုအ လျောက် အသက်ပြင်းပြင်း ရှူသွင်းမိသည်။ သူ့ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန် ထူးဆန်းသွားတော့သည်။ သူသည် အန်ချင်စိတ်ကို မနည်းထိန်းထားရသော်လည်း မျက်နှာသွင်ပြင်များမှာ အနည်းငယ် ရှုံ့မဲ့နေပြီ ဖြစ်သည်။

အနံ့က အလွန်ကို ပြင်းလွန်းနေသည်။

ပြီးခဲ့သည့်အကြိမ်က အနည်းငယ် ပုပ်သိုးနေသော ထိုအသားတုံးကို ပေါင်းအိုးထဲသို့ ထည့်သော်လည်း ထိုမျှလောက် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တကယ်ကို ပုပ်သိုးနေသော အသားတစ်တုံးက ဟင်းရည်တစ်အိုးလုံးကို ပျက်စီးသွားစေခဲ့ခြင်းပင်။

ဤအသားက မနေ့က အသားတုံးထက်တောင် အနံ့ပိုပြင်းနေသေးသည်။ ဝက်သားပေါင်း ဟင်းခတ်အမွှေးအကြိုင်များဆီမှ အနံ့အပြင် ညှီစော်နံကာ ပုပ်အက်အက် အနံ့ကြီးက သူ့ ခေါင်းကိုပင် ထိုးနှက်လုမတတ် ဖြစ်နေသည်။ ပုပ်သိုးနေသော အနံ့ကြီးမှာ နှာခေါင်းရှေ့တည့်တည့်တွင် ရှိနေသဖြင့် ကျောက်နာ ယောကျ်ားမှာ အသက်မရှူရဲတော့ဘဲ မျက်နှာများပင် နီရဲလာတော့သည်။

သူက မျက်နှာကို ဘယ်ညာရွှေ့ကာ လက်ဖြင့် ကာထားပြီး ရှောင်လွှဲနိုင်သမျှ ရှောင်လွှဲရန် လည်ပင်းကို နောက်သို့ ဆုတ်ထားသော်လည်း ဆင်ခြေပေးနေဆဲပင်။

"ကျွန်တော်... ကျွန်တော်တို့ ဒီမှာ ဝက်သားပေါင်း ရောင်းလာတာကြာပြီ၊ ဘယ်သူကမှ ပြဿနာရှိတယ်လို့ မပြောဖူးဘူး၊ ခင်ဗျားကိုယ်တိုင် မှားတာလားဆိုတာ စဉ်းစားသင့်တယ်၊ အရာအားလုံးကို ကျွန်တော်တို့အပေါ် မပုံချနဲ့"

"ကျွန်တော်တို့ ရောင်းတုန်းက အသားက ကောင်းပါတယ်၊ ခင်ဗျားကိုယ်တိုင် သေချာ မသိမ်းလို့ ပုပ်သွားတာ ဖြစ်မှာပေါ့၊ ရာသီဥတုက အရမ်းပူနေတာလေ၊ တစ်နေရာရာမှာ ထိုးထည့်ထားပြီး သေချာ ဂရုမစိုက်လို့ အပူချိန်များပြီး ပုပ်သွားတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ အသားတွေက နာမည်အရမ်းကောင်းတယ်၊ ကျွန်တော်တို့ကို လာအပြစ်တင်လို့ မရဘူး"

သူ့ ဆင်ခြေပေးနေသော မျက်နှာထားကြောင့် ထိုအမျိုးသားမှာ ဗိုက်ပိုနာလာသလို ခံစားရသည်။

ပုပ်သိုးနေသော အသားများကို စားမိသဖြင့် နေမကောင်းဖြစ်နေသော ခန္ဓာကိုယ်မှာ ယခုအခါ ကျောက်နာ ယောကျ်ား စကားများကြောင့် ပိုမွန်းကျပ်လာတော့သည်။

သူတို့ အသားလာဝယ်စဉ်က ထိုလင်မယားမှာ အလွန်ယဉ် ကျေးကြပြီး မိန်းမဖြစ်သူက ပြုံးပင် ပြုံးနေသေးသည်။ ယခုတော့ တစ်ယောက်က ပုန်းနေပြီး အပြင်သို့ မထွက်လာသလို နောက်တစ်ယောက်ကလည်း ဆင်ခြေတွေပေးကာ အရာအားလုံးကို ငြင်းဆန်နေသည်မှာ ယခင်ကနှင့် လုံးဝကို ကွဲပြားခြားနားသော လူတစ်ယောက်အလားပင်။

'ဒီလူတွေက ဘယ်လိုလုပ် ဒီလောက်တောင် ဟန်ဆောင်ကောင်းပြီး အရေခြုံနိုင်ရတာလဲ'

ကျောက်နာ ယောကျ်ားက ပုပ်သိုးနေသော အသားများအတွက် သူ သေချာ မသိမ်းဆည်းသောကြောင့်ဟု အမြန်အပြစ်ပုံချလိုက်ပြီး ဖောက်သည် အစာဆိပ်သင့်မှုအတွက်လည်း တာဝန်လွှဲချလေသည်။

မနက်ခင်းပိုင်းတွင် မြို့ပေါ်၌ လူသိပ်မစည်ကားလှသော် လည်း ဤနေရာမှာ အစည်ကားဆုံး လမ်းဆုံတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဈေးကွက်သမဝါယမမှာလည်း သိပ်မဝေးလှချေ။

ဖြတ်သွားဖြတ်လာ အများအပြားမှာ သိချင်စိတ်ဖြင့် ရပ်ကြည့်နေကြပြီး အချို့ကမူ မြင်ကွင်းကို ကြည့်ရန် ဝိုင်းအုံလာကြသည်။

ပြဿနာများ ပိုကြီးလာပြီး သူတို့ မိသားစု ပုပ်သိုးနေသော ဝက်သားပေါင်း ပြဿနာကို လူအများ သိသွားမည်ကို စိုးရိမ်သဖြင့် ကျောက်နာ ယောကျ်ားက လေသံကို လျှော့ချသည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အစာဆိပ်သင့်သွားတာက အမှန်ပဲလေ၊ ကျွန်တော်တို့ ဝက်သားပေါင်းကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော်တို့ ဖြေရှင်းပေးပါ့မယ်၊ အထဲဝင်ပြီး ဘာဖြစ်တာလဲဆိုတာ ပြောပြပါ၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ တာဝန်ယူပါ့မယ်"

သူက ဆိုင်ထဲတွင်သာ တိတ်တဆိတ် ဖြေရှင်းရန် ကြိုးစားသော်လည်း ဖောက်သည်မှာ သူတို့ ဟန်ဆောင်မှုကို ရိပ်မိသွားပြီဖြစ်ရာ အထဲသို့ ဝင်ရန် ငြင်းဆန်ကာ အတင်းအကျပ် ပြောဆိုတော့သည်။

"အပြင်မှာပဲ ပြောကြတာပေါ့"

ဘာလုပ်ရမှန်းမသိဖြစ်ကာ အခြေအနေကို ကိုယ်တိုင် မထိန်းချုပ်နိုင်တော့သဖြင့် ကျောက်နာ ယောကျ်ားမှာ အဖြေရှာရန်အတွက် ကျောက်နာနှင့် တိုင်ပင်ရန် ဒေါသတကြီးဖြင့် ဆိုင်ထဲသို့ ဝင်သွားရတော့သည်။

သူ ဆိုင်ထဲသို့ ဝင်သွားပြီး ကျောက်နာကို ကျိန်ဆဲကာ အပြစ်တင်သည်။

"အကုန်လုံး မင်းအပြစ်တွေချည်းပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီအသားတုံးကို ကြည့်စမ်း၊ အဲဒါကို မထည့်ပါနဲ့လို့ ငါပြောသားပဲ ဒါပေမဲ့ မင်းက နားမှမထောင်တာ၊ အခုကြည့်... ဘာဖြစ်သွားလဲဆိုတာ၊ အဲဒါကြောင့် လူတစ်ယောက် နေမကောင်းဖြစ်သွားပြီလေ၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ၊ ငါ အပြင်မှာ ကလေးတစ်ယောက်လို အဆဲခံလိုက်ရပြီး သူက ငါ့မျက်နှာကိုတောင် တံတွေးနဲ့ ထွေးသွားသေးတယ်၊ အသားတောင် မဝယ်နိုင်တဲ့ အဲဒီ လူ့ဂွစာကောင်ကများ"

ကျောက်နာက သူ့ကို တစ်ချက်ကြည့်ပြီး အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

"ဘာတွေ ကြောက်နေစရာ လိုလို့လဲ၊ သူက တစ်ယောက် တည်းလေ၊ သူပြောတာတွေက ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး၊ ကျွန်မတို့ဆိုင်က နာမည်ကောင်းရပြီးသားပဲ၊ ဟိုအဘွားကြီးကလည်း ကျွန်မတို့လုပ်ငန်းကို ကြော်ငြာပေးပြီး ဖောက်သည်တွေ ဆွဲဆောင်ပေးနေတာပဲလေ၊ ပြီးတော့ ဒီတစ်ဝိုက်မှာ ဈေးပေါတဲ့ ဝက်သားပေါင်းဆိုင်ဆိုလို့ ကျွန်မတို့ဆိုင်ပဲ ရှိတာလေ၊ သူ သေချာမသိမ်းလို့ ပုပ်သွားတာပါလို့ပဲ ငြင်းလိုက်၊ သူ့ကို ပိုက်ဆံနည်းနည်းပေးပြီး ပြန်လွှတ်၊ သူက ပိုက်ဆံလိုချင်လို့ လာတာပဲလေ၊ ပေးလိုက်ပေါ့"

ကျောက်နာက ငွေသိမ်းပုံးထဲမှ ငွေစက္ကူအချို့ကို ဖြစ်သလို ဆွဲယူကာ စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး စိတ်မရှည်စွာဖြင့် တိုက်တွန်းသည်။

"သူ့ကို မြန်မြန် လွှတ်လိုက်၊ လူတွေ ပိုများလာရင် ပိုပြီး ရှုပ်ထွေးလာလိမ့်မယ်၊ ကျွန်မတို့ အရောင်းအဝယ်ကိုလည်း ထိခိုက်လိမ့်မယ်"

"ကောင်းပြီ၊ မင်းကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ ဟီးဟီး"

အဖြေရှာတွေ့သွားသောအခါ ကျောက်နာ ယောကျ်ားမှာ ယခင်ကလောက် စိတ်မညစ်တော့ပေ။ သူ့ မျက်နှာမှာ လင်းလက်သွားပြီး ငွေများကိုယူကာ ထွက်သွားရန် ပြင်သည်။ သို့သော် သူက တံခါးဝတွင် ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် တစ်ခုခု ပြောချင်သော်လည်း မပြောရဲသည့်အလား တွေဝေနေပုံရသည်။

"ဒီလူက ငါတို့ ဝက်သားပေါင်းစားပြီး ဗိုက်နာတာလို့ ပြောတယ်၊ ဒါပေမဲ့ မနေ့က ဝက်သားပေါင်းက အိုးကြီးနဲ့လေ... အကုန်လုံးများ ပုပ်သွားတာလား၊ အဲဒီ ပုပ်နေတဲ့ အသားတစ်တုံးကြောင့် အကုန်လုံး ပုပ်သွားတာများလား"

ကျောက်နာ မျက်လုံးပြူးသွားပြီး သူ့ကို ချက်ချင်း ဆူပူမိသည်။

"နင့်ဟာက ဆိုင်ကို ကောင်းစားစေချင်တဲ့ စိတ်ကို မရှိဘူးလား၊ အဲဒီလောက်ကြီးတဲ့ ဝက်သားပေါင်းအိုးကြီးက ဘယ်လိုလုပ် အကုန်ပုပ်သွားနိုင်မှာလဲ၊ ပြီးတော့ နင် အဲဒီအသားကို ရေအကြိမ်ကြိမ် ဆေးထားတာပဲ၊ ဘာမှားနိုင်မှာလဲ၊ နင့်ကိုယ်နင် ပြန်ခြောက်လှန့်နေတာ့ပဲ၊ နောက်တစ်ခါ အဲဒီလို ထပ်ပြောတာ ကြားရင် နင့်ကို ပါးရိုက်ပစ်မယ်"

ကျောက်နာ ယောကျ်ားမှာ နောက်ဆုတ်သွားပြီး နောက်ထပ် ဘာမှ ဆက်မပြောရဲတော့ချေ။

သူသည် အပြင်သို့ရောက်သောအခါ ဝက်သားပေါင်း ပြဿနာကို ညည်းညူနေဆဲဖြစ်သော ဖောက်သည်အား ဘေးသို့ ဆွဲခေါ်သွားပြီး ချိုသာသော စကားများကို သွယ် ဝိုက်ပြောဆိုကာ ငွေအချို့ကို တိတ်တဆိတ် ထိုးပေးသည်။ တောင်းပန်စကားများဆိုပြီး အချိန်အတော်ကြာ ချော့မော့ပြောဆိုပြီးနောက် အဆုံးတွင်တော့ ထိုဖောက်သည်ကို ပြန်လွှတ်နိုင်သွားသည်။

ထိုဖောက်သည် ထွက်သွားသည်ကို ကြည့်ရင်း မည်သူမျှ သတိမထားမိသည်ကို အခွင့်ကောင်းယူကာ ကျောက်နာ ယောကျ်ားက မြေကြီးပေါ်သို့ ဒေါသတကြီး တံတွေးထွေးချမိသည်။

"တောက်... အသားနည်းနည်း ဝယ်စားတာနဲ့ပဲ သူက အထူး တလည်ကြီး ဖြစ်နေတာကျနေတာပဲ၊ ဒီကို လာပြီး ဘုရင်တစ်ပါးလို လုပ်နေတယ်၊ ငါ့မျက်နှာကို တံတွေးနဲ့ ထွေးတာကိုတောင် ငါက ချော့ပြောနေရသေးတယ်၊ ဒါ ဘယ်လို ခွေးကောင်မျိုးလဲ၊ နောက်ကို လုံးဝ မလာနဲ့၊ အသားတစ်တုံးနဲ့များ ဒီလောက်တောင် ပြဿနာရှာနေရလား၊ မဝယ်စားနိုင်ရင် မလာနဲ့"

ထို့နောက် သူက ကျောက်နာပြောသလိုပင် ထိုကိစ္စကို လုံးဝ စိတ်ထဲမထားတော့ဘဲ ကျေနပ်စွာဖြင့် ဆိုင်ထဲသို့ ပြန်ဝင်သွားလေသည်။

All Chapters