← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

🐽 Chapter 112

မလှမ်းမကမ်းတွင်တော့ ယွီရွေ့ကျူး၊ ဟော်ချန်ယဲ့နှင့် စွန်းရှို့ရှို့ မောင်နှမတို့သည် ထိုအဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြသည်။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ဘာတွေဖြစ်နေသလဲဆိုတာကို ဟော်ချန်ယဲ့ သဘောပေါက်သွားသည်။ ယခင်က ယွီရွေ့ကျူး ပြောပြဖူးသည်ကို သူ ကြားခဲ့ဖူးပြီး ကျောက်မိသားစု ဝက်သားနှပ်ကိုလည်း မြည်းစမ်းဖူးခဲ့သည်။ ထိုစဉ်က ဟင်းရည်အရသာ အလွန်ပြင်းလွန်းသည်ဟုသာ ထင်ခဲ့ပြီး သိပ်ဂရုမစိုက်ခဲ့ပေ။ ယခုမှသာ အသားပုပ်နေသည်ကို ဖုံးကွယ်ရန် ဟင်းရည်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။ သူက ယွီရွေ့ကျူးကို လှည့်ကြည့်လာသည်။

"မင်း အစတည်းက သိနေခဲ့တာပေါ့"

သို့မဟုတ်ပါက ယွီရွေ့ကျူးက"သူတို့ ဒီလိုသာ ဆက်လုပ်နေရင် အနှေးနဲ့အမြန် ပြဿနာတက်လိမ့်မယ်ဟု ပြောခဲ့မည် မဟုတ်ချေ။

ယွီရွေ့ကျူး ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။ စားသောက်ကုန် လုပ်ငန်းတွင် အရေးအကြီးဆုံးမှာ အရသာခံနိုင်စွမ်းပင်။ ဟင်းခတ်အမွှေးအကြိုင်များ မည်မျှပင် ပြင်းထန်စေကာမူ အနည်းငယ် ပုပ်သိုးနေသည့် အရသာကို သူမ ခံစားသိရှိနိုင်ဆဲပင်။

ကျောက်မိသားစု ဝက်သားပေါင်းဆိုင်သည် ထိုကဲ့သို့သော မသမာမှုမျိုးတွင် ပါဝင်ပတ်သက်နေသည်မှာ အချိန်စောင့်ရုံသာ ရှိတော့သည်။ သူမက ဟော်ချန်ယဲ့၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။

"စောင့်ကြည့်နေလိုက်ဦး၊ ဒီလောက်နဲ့ မပြီးသေးဘူး၊ ဒါက အမြည်းပဲ ရှိသေးတယ်"

'မပြီးသေးဘူးလား၊ ဒီလောက် လူတွေအများကြီး ဝိုင်းကြည့်နေတာတောင် ဒါက အမြည်းပဲ ရှိသေးတာလား'

ဟော်ချန်ယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ယွီရွေ့ကျူး ဆိုလိုသည်ကို သူ အမြန် နားလည်သွားသည်။

အစောပိုင်း မနက်ခင်းတွင်တော့ ကျောက်မိသားစု ဝက်သားပေါင်းဆိုင်သို့ အမျိုးသားအနည်းငယ်သာ လာခဲ့သော်လည်း နေမြင့်လာသည်နှင့်အမျှ လူများ ပိုရောက်လာကြသည်။ အမျိုးသားရော၊ အမျိုးသမီးများပါ ပါဝင်ပြီး အားလုံးမှာ ဒေါသထွက်နေကြသည်။

သူတို့က ကျောက်မိသားစု ဝက်သားပေါင်းဆိုင် အပေါက်ဝတွင် ဆူပူအော်ဟစ်ကာ ကျိန်ဆဲကြပြီး လူအတော်များများမှာ ဆွေမျိုးများ အားပေးထောက်ခံမှုဖြင့် ရောက်လာကြခြင်းပင်။

ပုပ်သိုးနေသော အသားအိတ်များကို မြေကြီးပေါ်သို့ ပစ်ပေါက်ကာ ပတ်ဝန်းကျင်ရှိ ဖောက်သည်များ အနံ့ခံနိုင်စေရန် မြှောက်ပြကြသည်။ စပ်စုကြည့်ရှုသူများက သူတို့ အခွင့်အ ရေးကို တောင်းဆို ဆန္ဒပြရန် လာကြသော ဖောက်သည်များနှင့် ၎င်းတို့ ဆွေမျိုးများကြောင့် ပတ်ဝန်းကျင်ရှိ လမ်းများမှာ ပိတ်ဆို့လုမတတ် ဖြစ်နေပြီး ကျောက်မိသားစု ဝက်သားပေါင်းဆိုင် အဝင်ဝတွင် လူများဖြင့် ပြည့်နှက်နေတော့သည်။

ယခုတစ်ခေါက်ကတော့ မနက်စောစောပိုင်းက ပထမဆုံး အမျိုးသားဖောက်သည်နဲ့ မတူတော့ချေ။ ထိုစဉ်က သူက တစ်ယောက်တည်းဖြစ်ပြီး အလွယ်တကူ လှည့်စားခံရကာ ဆိုင်မှ ဝက်သားပေါင်းကို ယခင်က အကြိမ်ပေါင်းများစွာ ပြဿနာမရှိဘဲ ဝယ်ယူခဲ့ဖူးသဖြင့် ငွေကို ယူကာ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအုပ်စုကတော့ ကွဲပြားသည်။

သူတို့ အခွင့်အရေးကို တောင်းဆိုရန် လူများ တိုးလာနေပြီး အများစုမှာ လိမ်လည်ခံလိုက်ရသဖြင့် ဒေါသတကြီး ဖြစ်နေကြသည်။

"အပြင်ထွက်ခဲ့စမ်း၊ အမှိုက်လို ဆိုင်က အမှိုက်လို အသားတွေ၊ မင်းတို့ ငါတို့ကို ပုပ်နေတဲ့ အသားတွေ ကျွေးတယ်၊ အဲဒါစားပြီး ငါတို့ ဗိုက်နာနေတုန်းပဲ၊ မနေ့ညက တစ်ယောက်ဆိုရင် တစ်ညလုံး ဝမ်းလျှောနေလို့ အိပ်ရာပေါ်တောင် မတက်နိုင်ဘူး၊ မင်းတို့မှာ ကိုယ်ချင်းစာတရား မရှိဘူးလား၊ ဒါက မင်းတို့ စီးပွားရေးလုပ်တဲ့ ပုံစံလား"

"ပြီးတော့ အဲဒီ အဘွားကြီးက ဘာလဲ၊ သူက မင်းတို့ အသားတွေက ဈေးပေါပေမဲ့ ဘေးဆိုင်က ဝက်သားပေါင်းထက် ပိုကောင်းတယ်၊ အကုန်လုံးက အရည်အသွေးကောင်းတဲ့ အသားတွေပဲလို့ ပြောခဲ့တာ၊ ငါတို့ မယုံမချင်း သူက အကြာကြီး ချီးမွမ်းနေခဲ့တာ၊ အဲဒီ အဘွားကြီးက လိမ်နေတာလား၊ သူက မင်းတို့နဲ့ ပေါင်းကြံနေတာလား၊ တမင်သက်သက် ငါတို့ကို မြှူဆွယ်ဖို့ လုပ်ခဲ့တာလား"

"မင်းတို့ ငါတို့ကို ပိုက်ဆံ ပြန်ပေးရမယ်၊ အပြင်ထွက်ပြီး တောင်းပန်စမ်း၊ ပြီးတော့ အဲဒီ အဘွားကြီးကိုလည်း ခေါ်ထုတ်လာခဲ့၊ မင်းတို့အားလုံး ပေါင်းပြီး ငါတို့ပိုက်ဆံတွေကိုကျ ယူပေမယ့် ပုပ်နေတဲ့ အသားတွေ ကျွေးတာပဲ၊ ခွေးတောင် ဒါမျိုး မစားဘူး၊ မင်းတို့က ဒီချဉ်စော်နံပြီး ပုပ်နေတဲ့အရာတွေကို ပြုတ်ပြီး တစ်ပေါင်ကို ကိုးဆင့်နဲ့ ငါတို့ကို ရောင်းတယ်၊ ငါတို့ကို ဈေးပေါပေါ ရတယ်လို့ ထင်အောင်လုပ်တာပဲ၊ မင်းတို့မှာ ကိုယ်ချင်းစာတရားဆိုတာ လုံးဝ မရှိဘူး"

"..."

ဆူပူမှုက ပိုမိုကြီးထွားလာပြီး ကျောက်မိသားစု ဝက်သားပေါင်းဆိုင် ပတ်လည်တွင် လူများ ပိုမို စုရုံးလာကြသည်။ သူတို့ထဲမှ အများစုမှာ အရသာရှိခြင်း၊ ဈေးနှုန်းချိုသာခြင်းနှင့် အရည်အသွေးကောင်းမွန်သော အသားများအကြောင်း အမျိုးမျိုးသော လှည့်ကွက်များဖြင့် ဆွဲဆောင်ခဲ့သည့် အဘွားကြီးကျန်းကြောင့် ထိုနေရာသို့ ရောက်လာခဲ့ကြခြင်းပင်။

မူလက သူတို့သည် ယွီရွေ့ကျူး ဝက်သားပေါင်းဆိုင်မှ ဖောက်သည်ဟောင်းများ ဖြစ်ကြသော်လည်း ဈေးပေါပေါ ရမည်ဆိုသော သွေးဆောင်မှုကြောင့် အဘွားကြီးကျန်းနှင့် ကျောက်နာတို့ ဝက်သားပေါင်းဆိုင် လိမ်လည်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

သူတို့ထဲမှ အများစုက အိမ်ပြန်ရောက်၍ အသားကို စားကြည့်သောအခါ အရသာမှာ အလွန်ပြင်းပြီး စားမကောင်းသည့်အပြင် ယွီရွေ့ကျူးဆိုင်မှ ဝက်သားပေါင်းနှင့် ယှဉ်လျှင် အများကြီး ညံ့ဖျင်းနေကြောင်း တွေ့ရသည်။ သို့သော် ဝယ်ပြီးသွားပြီဖြစ်ရာ အရံဟင်းလျာများ အများကြီး ထပ်ထည့်ကာ ထမင်းနှင့် ရောစားပြီး မနည်း ကုန်အောင် စားသည်။

သို့သော် မကြာမီမှာပင် သူတို့ ဗိုက်များ ရစ်နာလာပြီးနောက် အလွန်ပင် နောင်တရလာကြသည်။ အဘွားကြီးကျန်း စကားကို နားထောင်ကာ ကျောက်မိသားစု ဝက်သားပေါင်းဆိုင်သို့ လိမ်လည်ခေါ်ဆောင်ခံရသည်ကို နောင်တရပြီး လောဘကြီးမိသဖြင့် ယခုလို အကြီးအကျယ် နစ်နာဆုံးရှုံးရသည်ကို ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတော့သည်။

သူတို့က တစ်ညလုံး ဒေါသထွက်ကာ ကျောက်မိသားစု ဝက်သားပေါင်းဆိုင်ကို ကျိန်ဆဲခဲ့ကြပြီး ဆေးသောက်၍ အနည်းငယ် သက်သာလာပြီးနောက် အဆုံးတွင်တော့ တရားမျှတမှုကို တောင်းဆိုရန် ပြန်လာခဲ့ကြခြင်းပင်။

သူတို့သည် လမ်းဘေးမှ သိပ်မဝေးသော ယွီရွေ့ကျူး ဝက်သားပေါင်းဆိုင်ဘက်သို့ လှမ်းမကြည့်ရဲကြဘဲ ဒေါသအပြည့်ရှိသော မျက်နှာများဖြင့် ကျောက်နာ ယောကျ်ားကိုသာ စူးစိုက်ကြည့်နေသည်။

အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ ကျောက်နာက အလျင်အမြန် ထွက်လာပြီး အားလုံးကို ငြိမ်သက်သွားစေရန် လက်ကာပြလျက် ပြောသည်။

"ဒီကိစ္စကို အေးအေးဆေးဆေး ပြောကြရအောင်၊ တစ်ခုခု နားလည်မှုလွဲနေတာများလား၊ ကျွန်မတို့ ဝက်သားပေါင်း ရောင်းလာတာ ဒီလောက်ကြာပြီ ပြဿနာ ဘာမှမရှိခဲ့ဘူးလေ၊ နွေရာသီရဲ့ အပူချိန်မြင့်မားမှုကြောင့် သေချာ မသိမ်း ဆည်းမိလို့များ ဖြစ်သွားတာလား"

သူမက ယခင်က သုံးခဲ့သော ဆင်ခြေမျိုးကိုပင် ထပ်သုံးရန် ကြိုးစားသော်လည်း ယခုအခါ မည်သူကမျှ အယုံအကြည် မရှိကြတော့ပေ။

"သောက်အဓိပ္ပာယ်မရှိတာတွေ၊ အပူချိန်မြင့်ပြီး သေချာ မသိမ်းလို့တဲ့လား၊ ငါတို့က ဝက်သားပေါင်းကို ပထမဆုံးအကြိမ် ဝယ်စားဖူးတယ် ထင်နေတာလား၊ မင်းတို့ဆီက မစားခင် ဘေးဆိုင်က ကောင်မလေးဆီက ဝက်သားပေါင်းကို အကြိမ်ပေါင်းများစွာ ဝယ်စားဖူးတယ်၊ သူအသားက မွှေးပြီး နူးညံ့တယ်၊ အချိန်အကြာကြီး ထားရင်တောင် ဘာမှမဖြစ်ဘူး၊ သူအသားရဲ့ လတ်ဆတ်မှုက မင်းတို့နဲ့ လုံးဝ ကွာခြားတယ်၊ မင်းတို့ဟာက ပုပ်နေတဲ့ အသားတွေချည်းပဲ၊ ပြီးတော့ ဆင်ခြေပေးနေသေးတယ်ပေါ့၊ ဘာဆင်ခြေတွေလဲ၊ ပိုက်ဆံ ပြန်ပေးစမ်း"

"ပြန်ပေးစမ်း၊ ပြန်ပေး"

"အဲဒီ အဘွားကြီးကို ခေါ်ထုတ်လာခဲ့၊ ငါ တရားမျှတမှုကို လိုချင်တယ်၊ မင်းတို့ ဝက်သားပေါင်းဆိုင်က သိပ်ကို ရက် စက်လွန်းတယ်၊ မင်းတို့ ရပ်လိုက်သင့်ပြီ"

"ဈေးပေါတော့ကော ဘာအသုံးကျလို့လဲ၊ မင်းတို့က အရည် အသွေးညံ့တဲ့ ဝက်သားတွေကို သုံးနေတာပဲ၊အစားအ သောက်ကြောင့် ပြဿနာ တစ်ခုခုဖြစ်လာရင် မင်းတို့ တာဝန်ယူနိုင်လို့လား"

"မင်းတို့ ဝက်သားပေါင်းက ဘေးဆိုင်ထက် အများကြီး ပိုဆိုးတယ်၊ ငါက ဘာလို့များ ပိုက်ဆံချွေတာဖို့ ကြိုးစားပြီး ဒီလို အရှုံးပေါ်ရတာလဲ၊ ဒီနေ့ကစပြီး ဘေးဆိုင်က ကောင်မလေးဆီက ဝက်သားနှပ်ပဲ ဝယ်စားတော့မယ်၊ မင်းတို့ဟာက... ဟွန်း၊ ဒါ ဘယ်လို အစားအစာမျိုးလဲ၊ ပိုက်ဆံ ပြန်ပေး"

ကျောက်နာမှာ ဖောက်သည်များ ဒေါသတကြီး အော်ဟစ်သံများဖြင့် အဝိုင်းခံလိုက်ရသည်။ သူမ မော့ကြည့်ရာ လမ်းဘေးတွင် လူများ ပိတ်ဆို့လုမတတ် ဖြစ်နေသည်ကို မြင်သွားသည်။ အနီးနားရှိ အဆောက်အအုံများမှ လူများကလည်း ဆင်းလာကာ ကြည့်ရှုနေကြပြီး အဝေးမှ လူများကလည်း ပို၍ ပြေးလာကြသည်။

ဒေါသထွက်ကာ ကျေနပ်မှုမရှိသော လူအုပ်ကြီး ဝိုင်းရံထားမှုကို ခံရသဖြင့် ကျောက်နာ မျက်နှာပေါ်တွင် ချက်ချင်းပင် ချွေးစေးများ ပျံလာတော့သည်။ ယခင်က သူမ အထင်သေးမှုနှင့် ဂရုမစိုက်ဟန်များမှာ လုံးဝပျောက်ကွယ်သွားသည်။

သူမက အလျင်အမြန်ပင် "အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ဒီကိစ္စကို ကျွန်မတို့ ဖြေရှင်းပေးပါ့မယ်၊ အထဲမှာ ပြောကြရအောင်၊ အထဲမှာ ပြောကြရအောင်ပါ"

"အထဲမှာ ဘာလုပ်ရမှာလဲ၊ ဒီမှာပဲ ပြောမယ်"

"အဘွားကြီး ဘယ်မှာလဲ၊ သူလည်း ထွက်လာခဲ့၊ သူသာ မရှိရင် ငါတို့ အလိမ်ခံရမှာ မဟုတ်ဘူး"

"ဟုတ်တယ်"

ကျောက်နာနှင့် သူမ ယောကျ်ားတို့ အချင်းချင်းအကြည့်ချင်းဖလှယ်ကြသည်။ ဆူပူနေသော လူအုပ်ကြီးကြောင့် သူတို့မျက်နှာများမှာ ဖြူရော်နေပြီး ချွေးများကို အဆက်မပြတ် သုတ်နေရသည်။

ထိုစဉ် ပိုတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာတော့သည်။

ပုဆိန်များနှင့် တူများ ကိုင်ဆောင်ထားသော ကြမ်းတမ်းသည့် အမျိုးသားကြီးများ လူအုပ်ကြီးထဲမှ တိုးထွက်လာကြသည်။ သူတို့နောက်တွင် ဇနီးများဟု ထင်ရသော အမျိုးသမီးအချို့က ခါးထောက်ကာ ကျောက်မိသားစု ဝက်သားပေါင်းဆိုင်ကို ဒေါသတကြီး လက်ညှိုးထိုးလျက် လိုက်ပါသည်။

"ဒီဆိုင်ပဲ၊ ရိုက်ခွဲလိုက်စမ်း"

ခွမ်း...

ထိုအသံမှာ ဝက်သားပေါင်းဆိုင် မှန်များ ကွဲကြေသွားသော အသံပင်။ ကျောက်နာ မျက်နှာမှာ ချက်ချင်းသွေးဆုတ်သွားတော့သည်။ သူမက သူတို့ကို တားဆီးရန် အရှေ့သို့ ပြေးထွက်သွားပြီး အထပ်ထပ် အော်ဟစ်သည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ၊ ရှင်တို့က ဘယ်သူတွေလဲ၊ ပစ္စည်းတွေကို မရိုက်ခွဲကြပါနဲ့၊ မရိုက်ခွဲပါနဲ့၊ ဒီကိစ္စကို အေးအေးဆေးဆေး ပြောကြရအောင်ပါ၊ ဘာလို့ ကျွန်မတို့ ဆိုင်ကို ရိုက်ခွဲနေရတာလဲ၊ ဒါ ဥပဒေနဲ့ မညီဘူးနော်"

"ငါတို့က ဘယ်သူတွေလဲဟုတ်လား"

တူများဝှေ့ယမ်းနေသော အမျိုးသားအချို့က လှောင်ပြုံးပြုံးလေသည်။

"ဒီလူတွေက ငါတို့အမေကို လာရှာနေကြတာ မဟုတ်ဘူးလား၊ မင်းတို့ကို ပြောလိုက်မယ်၊ အဘွားကြီးကျန်းက ငါတို့အမေပဲ၊ သူတို့က ငါတို့ကို လာရှာချင်နေတယ်ဆိုတော့ ငါတို့ကလည်း မင်းတို့ဆီ လာရမှာပေါ့"

"ငါတို့အမေကို မင်းတို့ ဘာတွေ ကျွေးလိုက်လဲဆိုတာ ကြည့်စမ်း၊ သူက အသက်ကြီးနေပြီဆိုတာ မင်းတို့ မသိဘူးလား၊ အဲဒီနံစော်နေတဲ့ အသားတွေကိုတောင် မင်းတို့ ပေးရဲတယ်နော်၊ ငါ့အမေနဲ့ ကလေးက အဲဒါကို စားပြီး ဆေးရုံတက်နေရတယ်၊ သူတို့ သတိတောင် မရသေးဘူး၊ ပြောစမ်း ငါတို့က မင်းတို့ဆိုင်ကို ရိုက်ခွဲတာ မှားလို့လား"

ကျောက်နာ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော့သွားသည်။ သူမဘေးတွင် ရပ်နေသော ခင်ပွန်းဖြစ်သူမှာ ကြောက် လန့်တကြားဖြင့် မေ့လဲလုမတတ် ဖြစ်နေသည်။ ဤအမျိုး သားများက တူများဖြင့် ဆိုင်ကို ဆက်လက် ရိုက်ခွဲတော့မည်ကို မြင်သောအခါ သူ အမှန်တကယ်ပင် သတိလစ်သွားချင်မိသည်။

'ငါတို့... ငါတို့ ဘာလုပ်ကြမလဲ'

All Chapters