အခန်း ၁၁၃
Vol. 12 Ch. 113
🐽 Chapter 113
အဘွားကြီးကျန့်သည် ပုံမှန်အားဖြင့် အလွန်ထောက်ကြွားကာ မောက်မာတတ်သူ ဖြစ်ပြီး ၎င်းမှာ သူမတွင် သား ယောက်ျား အများအပြား မွေးဖွားထားခြင်းကြောင့် ဖြစ်သည်။ ယခုခေတ်ကာလတွင် သားသမီး အထူးသဖြင့် သားယောက်ျား အများအပြားရှိခြင်းက သူမအား ယုံကြည်မှု အပြည့်အဝ ပေးစွမ်းနိုင်လေသည်။
အဘွားကြီးကျန့်သည် မည်သည့်နေရာသို့မဆို သွားလာရာ တွင် ခါးကို မတ်မတ်ဆန့်၍သာ လျှောက်လေ့ရှိသည်။ ကိစ္စတစ်ခုခု ဖြစ်ပွားလာပါကလည်း သူမအား အားပေးကူညီရန်နှင့် ဒေါသကို ပုံအောရန်အတွက် တစ်မိသားစုလုံး စုပြုံထွက်လာသည်။ ထို့ကြောင့်လည်း ရွာထဲရှိ လူများက သူမနှင့် ထိပ်တိုက်မတွေ့ရဲကြခြင်း ဖြစ်သည်။
လူအင်အား တောင့်တင်းသည့်အပြင် အဘွားကြီးကျန့် စိတ်နေစိတ်ထားကလည်း မကောင်းလှသဖြင့် သူမသည် ပုံမှန်အားဖြင့် အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်ပြီး လူတိုင်းကလည်း မမြင်ချင်ယောင်ဆောင်ကာ ကျော်ဖြတ်ခဲ့ကြသည်။ အဘွားကြီးကျန့်ကတော့ ထိုအချက်ကို အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
သို့သော် ကျွမ်းကျင်သူပင်လျှင် မှားယွင်းတတ်သည်ဟူသော စကားအတိုင်း ဖြစ်လာလိမ့်မည်ဟု မည်သူ သိပါမည်နည်း။ တစ်သက်လုံး လင်းယုန်မွေးပြီး ကစားလာခဲ့သော်လည်း တစ်နေ့တွင်မူ ထိုလင်းယုန်က သူမမျက်လုံးကို ပြန်ဆိတ်လိမ့်မည်ဟု မည်သူ တွေးမိမည်နည်း။
အဘွားကြီးကျန့်သည် အသားကို အလွန်နှစ်သက်သော် လည်း သူမ မိသားစုတွင် သားများနှင့် ချွေးမများ အပါအဝင် လူဦးရေ များပြားလှသဖြင့် နေ့စဉ် စားနပ်ရိက္ခာ လိုအပ်ချက်မှာ အလွန်ကြီးမားလှရာ အသားစားရန်ဟူသည်မှာ ဝေလာဝေးပင်။ ပွဲတော်ရက်များတွင်သာ လူတိုင်း ဝက်သားအနည်း ငယ်စီ ဝေစုရကြသော်လည်း တစ်လုတ်လောက် စားပြီးသည်နှင့် ကုန်သွားသည်။
သူမသည် နှုတ်ခမ်းကို သပ်ရင်း အသားနံ့ကို အရသာခံနေမိသော်လည်း ဘယ်သောအခါမှ ဝလင်အောင် မစားခဲ့ရချေ။ သူမသည် တစ်နေ့နေ့တွင် ၎င်းတို့ မျိုးဆက်ထဲမှ တစ်ဦးဦးက ကြီးပွားအောင်မြင်လာပြီး နေ့တိုင်း အသားစားနိုင်မည့်နေ့ကို အမြဲ အိမ်မက်မက်နေခဲ့သည်။
သို့သော် ဤဆန္ဒမှာ အကောင်အထည်ဖော်ရန် သိသိသာသာ ခက်ခဲလှသဖြင့် အဘွားကြီးကျန့်သည် အပိုဆောင်း အသားအနည်းငယ် ရရှိနိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးကို ကြံဆလေသည်။
ကျောက်မိသားစု ဝက်သားပေါင်းဆိုင်နှင့် လက်တွဲလုပ်ကိုင်ခြင်းမှာ သူမကိုယ်တိုင် ရှာဖွေခဲ့သော အခွင့်အရေးတစ်ခုပင်။ ပထမဆုံးအကြိမ်အဖြစ် အလကားရသော ဝက်ကလီစာများကို အိမ်သို့ သယ်ဆောင်လာနိုင်ချိန်တွင် အဘွားကြီးကျန့်သည် အလွန်ပင်ကျေနပ်ဝင့်ကြွားနေခဲ့ပြီး သူ့ ကြိုးစားအား ထုတ်မှုကြောင့် ဝက်သားကို အလကားရရှိခဲ့ခြင်းဖြစ်ကြောင်း တစ်ရွာလုံးကို ကြွားဝါချင်ခဲ့သည်။
သူမ မိသားစုဝင် သားများနှင့် ချွေးမများမှာလည်း အလွန်ဝမ်းသာသွားကြပြီး အဘွားကြီးကျန့်ကို ချီးမွမ်းခန်းဖွင့်ကြသည်။ သူမ အချစ်ဆုံး မြေးဖြစ်သူကပင် အားပါးတရ စားသောက်ခဲ့သေးသည်။ ဤကဲ့သို့ သိက္ခာမဲ့သော နည်းလမ်းဖြင့် အလကားရရှိသည့် ဝက်သားနှပ်ကြောင့် တစ်မိသားစုလုံး အလွန်ပျော်ရွှင်နေခဲ့ကြသည်။
သို့သော် ရက်အနည်းငယ်အကြာတွင်မူ...
အဘွားကြီးကျန့်သည် ထုံးစံအတိုင်း အလကားရသော ဝက်ကလီစာများကို အိမ်သို့ ယူဆောင်လာပြန်သည်။ သူမသည် မျှော်လင့်ချက်အပြည့်ရှိသော စိတ်လှုပ်ရှားဖွယ် အကြည့်များနှင့်အတူ ချီးမွမ်းထောပနာပြုသည့် စကားများကို ယခင်အတိုင်း ရရှိခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အခြေအနေများ လွဲချော်သွားပြီး အသားများက ပုပ်သိုးနေခဲ့ခြင်းပင်။
မိသားစုအတွက် အလကားအသားများ ရရှိအောင် အဓိက စွမ်းဆောင်ပေးသူဖြစ်သည့်အပြင် အဘွားကြီးကျန့်ကိုယ် တိုင်ကလည်း အသားကို အလွန်မက်မောသူဖြစ်သဖြင့် သူမက အများဆုံးစားခဲ့သည်။
ထိုဝက်သားပေါင်း ကလီစာများထဲတွင် အစိတ်အပိုင်းအမျိုးမျိုးနှင့် အသားစအချို့ပင် ပါဝင်သည်။ ထမင်းစားပွဲတွင် လူတိုင်း ဆာလောင်မွတ်သိပ်စွာ စူးစိုက်ကြည့်နေသည့် အကြည့်များအောက်၌ အဘွားကြီးကျန့်သည် တည်ငြိမ်စွာဖြင့် အသားများကို တစ်ဦးချင်းစီ ဝေမျှပေးသည်။ သူမသည် သူမ အချစ်ဆုံးမြေးအား ဝက်ကလီစာအတုံးကြီးတစ်တုံး ပေးပြီး သူမ ပန်းကန်ထဲသို့လည်း အသားများ အပြည့်ထည့်ကာ ကျန်ရှိသည်များကို သားများနှင့် ချွေးမများအား ခွဲဝေလေသည်။
သားများနှင့် ချွေးမများမှာလည်း အဘွားကြီးကျန့်ထံမှ အလကားရသော အသားများကို စားရခြင်းဖြစ်သဖြင့် သူမနှင့် အသားလုစားရန် အားနာနေကြသောကြောင့် ရလာသည့် ဝေစုကိုသာ ခွဲဝေယူကြသည်။
သူတို့သည် အသားကို သိပ်စားရသဖြင့် ပုပ်သိုးနေခြင်းကို သတိမပြုမိကြဘဲ အနံ့ကိုသာ အားရပါးရ အရသာခံရင်း မြိန်ယှက်စွာ စားသောက်သည်။ သူတို့သည် အသားမလောက်ငှမှုအပေါ်သာ ညည်းတွားနေကြပြီး အသားကို ကောင်းကောင်း မစားရသဖြင့် မဝလင်နိုင်ကြောင်းသာ ခံစားကြရသည်။
အထူးသဖြင့် အဘွားကြီးကျန့်သည် သူမမြေးဖြစ်သူကို မကြာခဏ ကြွေးကာ ကိုယ်တိုင်လည်း တစ်လုတ်ပြီးတစ်လုတ် အားရပါးရ သွတ်သွင်းပြီး သိသိသာသာပင် ကျေနပ်အားရခဲ့သည်။
သူမ နှုတ်ခမ်းနှင့် မေးစေ့တို့တွင် ဆီများ ဝင်းပြောင်နေပြီး အသားစားရသဖြင့် အနည်းငယ် အသက်ကြီးနေသော မျက်နှာမှာပင် နီမြန်းနေကာ ဘေးအိမ်နီးနားချင်းများကို ကြွားဝါချင်နေသည့်အလားပင်။
သူမ မြေးဖြစ်သူမှာမူ အစားလွန်ကဲလှသဖြင့် ပါးစပ်ထဲတွင် အပြည့်ဖြစ်နေကာ မနည်းဝါးစားနေရပြီး ဖောင်းအိနေသော သူ့ ပါးပြင်နှင့် မှေးစဥ်းနေသော မျက်ဝန်းငယ်များက ပျော်ရွှင်မှုကို ဖော်ပြနေသည်။
ကျောက်မိသားစု ဝက်သားပေါင်းဆိုင်မှ အလကားရရှိသော အသားအနည်းငယ်မှာ ဤသို့ဖြင့် ကျန့်မိသားစု ဆာလောင်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း ကုန်စင်သွားတော့ သည်။
အဘွားကြီးကျန့်နှင့် အခြားသူများသည် ဗိုက်ကို ပွတ်သပ်ရင်း အသားစားလိုက်ရသဖြင့် စိတ်သက်သာရာ ရနေကြသော်လည်း ပြဿနာကြီးတစ်ခု နောက်ကွယ်မှ ကပ်ပါလာတော့မည်ကိုမူ မသိရှိကြချေ။ အမှန်ကို ဆိုးရွားသောအရာပင်။
အဘွားကြီးကျန့်သည် အခြေအနေ မဟန်တော့သည်ကို ပထမဆုံး သတိပြုမိသူ ဖြစ်သည်။ သူမက အများဆုံး စားခဲ့သည့်အပြင် အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေကြောင့် အားအနည်းဆုံးဖြစ်ရာ ဝမ်းလျှောခြင်းနှင့် ဗိုက်နာခြင်း ဝေဒနာကို ဦးစွာခံစားရသည်။
ထို့နောက်တွင်တော့ ထမင်းစားပွဲတွင် ဝက်သားပေါင်း အများအပြား စားခဲ့သော သူမ အချစ်ဆုံးမြေးလေးမှာ အထိန်းအ ကွပ်မဲ့စွာ ငိုယိုတော့သည်။ သူသည် ကုတင်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ်ငိုယိုနေပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ ဗိုက်ထဲမှ တဂွီဂွီမြည်သံများနှင့်အတူ အိမ်သာသွားချင်ကြောင်း အဆက်မပြတ် အော်ပြောသည်။
သို့သော် ကျေးလက်တောရွာတွင် အိမ်သာက တစ်လုံးတည်းသာ ရှိပြီး အဘွားကြီးကျန့်ကလည်း အထဲသို့ ရောက်နှင့်နေသည်။ တစ်မိသားစုလုံးမှာ အငယ်ဆုံးကလေးကို ချီမကာ လယ်ကွင်းအစွန်းသို့ အပြေးအလွှား သွားခိုင်းရတော့သည်။
သူတို့ စိတ်သက်သာရာရသွားခါနီးတွင်ပင် အဘွားကြီးကျန့် သားနှင့် ချွေးမတို့မှာ သူတို့နှစ်ဦးစလုံး ရုတ်တရက် အိမ်သာသွားချင်ကာ ဗိုက်နာလာရသနည်းဟု စဉ်းစားမရ ဖြစ်နေကြဆဲပင်။
ယခင်ကလည်း အလကားရသော ဝက်သားပေါင်းကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ စားခဲ့ဖူးသဖြင့် သူတို့သည် အသားကြောင့် ဖြစ်နိုင်သည်ဟု အစပိုင်းတွင် ထည့်မစဉ်းစားခဲ့ကြပေ။
မကြာမီမှာပင် ယခင်က တည်ငြိမ်နေခဲ့သော လူအုပ်စုမှာ ရုတ်တရက် မျက်နှာများ ပုံမှန်မဟုတ်ဘဲ နီမြန်းလာကာ ဗိုက်ကို နှိပ်လျက် နာကျင်စွာ ညည်းတွားကြတော့သည်။ တစ်ယောက်ပြီးတစ်ယောက် အိမ်သာဆီသို့ အပြေးအလွှား သွားကြပြီး တံခါးကိုထုကာ ငိုသံပါကြီးဖြင့် အော်ပြောသည်။
"အမေ... အမေ ကျွန်တော်တို့ကို ဘာတွေ ကျွေးလိုက်တာလဲ၊ လူတိုင်း ဗိုက်တွေ နာနေကြပြီ၊ အမေ ဘယ်တော့ ထွက်လာမှာလဲ၊ ကျွန်တော်တို့ မအောင့်နိုင်တော့ဘူး"
ကလေးများကတော့ လယ်ကွင်းထဲတွင် ဖြစ်သလို အဆင်ပြေအောင် လုပ်နိုင်သော်လည်း လူကြီးအများအပြားမှာမူ နေ့ခင်း ကြောင်တောင် လယ်ကွင်းထဲတွင် ထိုင်ချရန် အလွန်ရှက်စရာကောင်းလှသည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့အားလုံး အိမ်သာရှေ့တွင် စိုးရိမ်တကြီး စုရုံးကာ အဘွားကြီးကျန့်အား တံခါးဖွင့်ရန် အလောတကြီး တိုက်တွန်းတော့သည်။
သို့သော် အနားသို့ ကပ်သွားချိန်တွင်တော့ ဗြစ်ခနဲ ဗြတ်ခနဲ အသံများနှင့်အတူ အလွန်နံစော်သော အနံ့ဆိုးကြီးကိုသာ အနံ့ခံရသည်။ အဘွားကြီးကျန့် သားနှင့် ချွေးမများမှာ ထိုအနံ့ဆိုးကြီးကြောင့် မွန်းကျပ်လုမတတ် ဖြစ်သွားသည်။ ပို ခံရခက်စေသောအရာမှာ အောင့်ထား၍မရတော့သော အရေးပေါ် အခြေအနေပင်။
သူတို့ ခေတ္တမျှ အောင့်ခံထားကြသော်လည်း အဘွားကြီးကျန့် တံခါးဖွင့်၍ ထွက်လာချိန်တွင်မူ မျက်နှာများ နီမြန်းကာ ခြေထောက်များကို တင်းတင်းစေ့ထားရင်း အိမ်သာနေရာအတွက် လုပွဲဆင်လုမတတ် ဖြစ်သွားသည်။
အချို့မှာမူ ဆက်လက်မအောင့်နိုင်တော့ဘဲ ဘောင်းဘီထဲတွင်ပင် ထွက်ကုန်သည်။ အချို့ကတော့ အရှက်သိက္ခာကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ကလေးများကဲ့သို့ လယ်ကွင်းထဲသို့သာ ကမူးရှူးထိုး ပြေးသွားတော့သည်။
ကျန့်မိသားစု တစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီး ရှက်စရာကောင်းသော အဖြစ်အပျက်မျိုးစုံ တရစပ် ပေါ်ပေါက်လာတော့သည်။ ဘေးအိမ်နီးနားချင်းများမှာ သူတို့ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို မြင်သောအခါ အလွန်ပင် ကျေနပ်အားရသွားကြပြီး ခြံစည်းရိုးများပေါ်မှ သော်လည်းကောင်း အနောက်ဘက် လယ်ကွင်းများထဲမှ သော်လည်းကောင်း လှမ်း၍ ရယ်မော နောက်ပြောင်လေသည်။ တစ်ရွာလုံးတွင် ရယ်မောသံများနှင့် စည်ကားနေသော်လည်း ကျန့်မိသားစုမှာမူ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရှာသည်။
ကျန့်မိသားစုဝင်များမှာ မျက်နှာများ နီမြန်းနေကြပြီး ယခင်က ရှိခဲ့ဖူးသမျှ မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားခသည်။ သူတို့တွင် စကားပြောရန်ပင် အားအင်မရှိတော့ချေ။ အားယူ၍ ဆဲဆိုရန် ကြိုးစားသော်လည်း ဗိုက်ထဲမှ တဂွီဂွီမြည်ကာ ဝမ်းက ပြန်ရစ်လာသဖြင့် ဗိုက်ကို နှိပ်လျက် ညည်းတွားရုံသာ တတ်နိုင်တော့သည်။
ဤအခြေအနေကြောင့် ပတ်ဝန်းကျင်မှ ရယ်မောသံများ ပိုမိုကျယ်လောင်လာပြီး ကျန့်မိသားစုဝင်များ လယ်ကွင်းထဲတွင် ဝမ်းသွားနေသည်ကို လာရောက်ကြည့်ရှုသူ ပိုများလာသည်။
ကျန့်မိသားစုမှ သားများမှာ အရှက်ရမှုနှင့်အတူ မုန်းတီးမှုများ စုပုံလာပြီး ထိုဝက်သားနှပ်ဆိုင်ကို မုန်းတီးသွားတော့ သည်။ အကယ်၍ ထိုဝက်သားနှပ်ကို မစားခဲ့ပါက ယခုလို အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ချေ။
အလကားရသည်ဆိုဦးစေ ယခုကဲ့သို့သော အမှိုက်များကို မကျွေးသင့်သည် မဟုတ်ပါလား။