← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

🐽 Chapter 114

ကျန့်မိသားစုကို ပိုမို အံ့အားသင့်ကာ ဒေါသထွက်စေသည့်အချက်မှာ သန်မာထွားကျိုင်းသော သားများနှင့် ချွေးမများမှာ အသားကို အနည်းငယ်သာ စားခဲ့သဖြင့် အိမ်သာသို့ အနည်းငယ် သွားပြီးနောက် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခြင်းပင်။

သို့သော် အဘွားကြီးကျန့်နှင့် သူမ အငယ်ဆုံးမြေးလေးမှာမူ အားအနည်းဆုံးနှင့် ခုခံအား အနည်းဆုံး ဖြစ်ကြပြီး တစ်ယောက်က အသက်ကြီးသလို တစ်ယောက်က အလွန်ငယ်ရွယ်လွန်းလှသည်။

သူတို့သည် ခေါင်းကိုက်ခြင်း၊ ဖျားခြင်းကဲ့သို့သော သာမန်ဝေဒနာလေးများကိုပင် မနည်း ကုသရသူများဖြစ်ရာ ပုပ်သိုးနေသော ဝက်သားပေါင်းကြောင့် ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ သူတို့သည် အသားကို အများဆုံး စားခဲ့သည့်အပြင် ခန္ဓာကိုယ် အခြေအနေလည်း အဆိုးဆုံးဖြစ်သဖြင့် အပြင်းထန်ဆုံး နောက်ဆက်တွဲ ဝေဒနာများကို ခံစားလိုက်ရသည်။

အဘွားကြီးကျန့်သည် အစပိုင်းတွင် ညည်းတွား ကျိန်ဆဲနိုင်သေးသော်လည်း နောက်ပိုင်းတွင်မူ စကားပင် မပြောနိုင်တော့ချေ။ သူမသည် အပြင်းအထန်အန်ကာ ဝမ်းလည်းလျောနေပြီး ဆေးသောက်သော်လည်း မသက်သာပေ။ သူမ မျက်လုံးများပင် ဝေဝါးလာပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေသည်။

မြေးဖြစ်သူမှာ ပို၍ပင် ဆိုးလှသည်။ သူသည် ဆေးသောက်ရန် ငြင်းဆန်ကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ငိုယိုရင်း အဘွားဖြစ်သူအား သူ့ကို လုပ်ကြံသည်ဟု စွပ်စွဲလာတော့ သည်။ ၎င်းက ကျန့်မိသားစုမှ သားများကို ထိတ်လန့်သွားစေပြီး အော်ဟစ်ငိုယိုကြရင်း အဆုံးတွင် နှစ်ယောက်စလုံးကို ဆေးရုံသို့ အတင်းပို့ဆောင်ရသည်။

ဆေးရုံစရိတ်မှာ ပုပ်သိုးနေသောအသားများကို အများကြီး ဝယ်ယူနိုင်လောက်သည့် ပမာဏအထိ ရှိခဲ့ပြီး အသက်ကို သီသီလေးကယ်တင်လိုက်နိုင်သည်။ သူတို့သည် အသက်ဘေးမှ သီသီလေး လွတ်မြောက်လာသော်လည်း စကားမပြောနိုင်ကြသေးဘဲ ဆေးရုံခုတင်ပေါ်တွင် အားအင်ချိနဲ့စွာ လဲလျောင်းရင်း အသက်ကို မနည်းရှူနေကြရပြီး အစားလည်း မစားနိုင်သေးချေ။

ကျန့်မိသားစုမှ သားများနှင့် ချွေးမများမှာ ပို၍ပင် ဒေါသထွက်လာကြသည်။ အလကားရသည်ဟု ထင်မှတ်ထားသော ဝက်သားပေါင်းကြောင့် အဘွားကြီးကျန့်နှင့် ကလေးအတွက် ဆေးရုံစရိတ် အမြောက်အမြား ကုန်ကျခဲ့ရသည့်အပြင် အသားများမှာလည်း ပုပ်သိုးနေသဖြင့် မိသားစုတစ်ခုလုံး နာမကျန်းဖြစ်ကာ ဘေးအိမ်နီးနားချင်းများ လှောင်ပြောင်စရာပင် ဖြစ်ခဲ့ရသည်။

ထိုမုန်းတီးချက်များ အားလုံး စုစည်းသွားသောအခါ ကျန့်မိသားစုကို ဒေါသပေါက်ကွဲသွားစေပြီး လက်နက်များကိုယ်စီ ကိုင်ဆောင်ကာ ကျောက်မိသားစု ဝက်သားနှပ်ဆိုင်သို့ လက်စားချေရန် ချီတက်ကြတော့သည်။

နှစ်ပေါင်းများစွာအတွင်း ရွာသားများကသာ သူတို့ကို ကြောက်ရွံ့ခဲ့ကြရပြီး သူတို့သည်တော့ မည်သူ့ကိုမျှ မကြောက်ခဲ့ဖူးချေ။ အထူးသဖြင့် ယခုလို တစ်ခါမှ မကြုံဖူးသော အရှက်ခွဲမှုကို ဖြစ်စေသည့်သူကို ဆိုလျှင် ပိုလို့ခွင့်မလွှတ်နိုင်ပေ။ ကျန့်မိသားစုသည် လက်စားချေတတ်သည့် နေရာတွင် နာမည်ကြီးလှသဖြင့် သဘာဝကျစွာပင် ကျောက်မိသားစုအား ကလဲ့စားချေရန် ရှာဖွေတော့သည်။

ထို့ကြောင့် တူများ၊ ပုဆိန်များ အစရှိသဖြင့် လက်လှမ်းမီရာ လက်နက်များကိုသုံး၍ ကျောက်မိသားစု ဝက်သားပေါင်းဆိုင် မှန်ပြတင်းပေါက်များနှင့် ဆိုင်းဘုတ်များကို ရိုက်ခွဲပစ်သည်။ မှန်ကွဲသံများက အဆက်မပြတ် မြည်ဟည်းနေသည်။

ကျန့်မိသားစုမှ သားများနှင့် ချွေးမများသည် ဒေါသကြောင့် မျက်နှာများ ရှုံ့မဲ့နေကြပြီး ကျောက်နာနှင့် သူမ ယောကျ်ားတို့ ငိုယိုတားဆီးမှုများကို ဂရုမစိုက်ဘဲ လူသတ်ချင်စိတ်အပြည့်ရှိသော မျက်ဝန်းများဖြင့်သာ စူးစိုက်ကြည့်လေသည်။

လူအုပ်ကြီးက ဝိုင်းအုံလာပြီး ဆူပူမှုမှာ ထိခိုက်နစ်နာသူ အရေအတွက် များပြားလှသဖြင့် မျှော်လင့်ထားသည်ထက် ပိုမိုကြီးထွားလာကာ မြင်ကွင်းတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။

အဘွားကြီးကျန့် သားနှင့် ချွေးမများသည် ကျောက်နာ ယောကျ်ား အင်္ကျီများကို ဆွဲဖြဲကြပြီး အဘွားကြီးကျန့် ဆွဲဆောင်မှုကြောင့် ကျောက်မိသားစုဆိုင်မှ ဝက်သားပေါင်းကို ဝယ်စားခဲ့ကြသော ဖောက်သည်များကလည်း သူမ သားနှင့် ချွေးမများကို လိုက်လံ ပြဿနာရှာနေကြသဖြင့် အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားသည်။

လူပေါင်းများစွာ စုရုံးကာ ရန်ဖြစ်အော်ဟစ်နေကြပြီး သူတို့ ဆူပူအော်ဟစ်သံများနှင့် ကျိန်ဆဲသံများက လေထုထဲတွင် ပဲ့တင်ထပ်နေသည်။

လာရောက်ကြည့်ရှုသူများလည်း ပိုမိုများပြားလာပြီး အနီးနားရှိ ဌာနဆိုင်ရာများတွင် အလုပ်လုပ်နေကြသူများပင် ပြတင်းပေါက်များမှတစ်ဆင့် စပ်စုကြည့်ရှုသည်။

လမ်းမှာ လုံးဝ ပိတ်ဆို့သွားသဖြင့် လျှောက်လှမ်းရန်ပင် မဖြစ်နိုင်တော့ချေ။ လမ်းပိတ်ဆို့နေသဖြင့် ညည်းညူမိကြသော်လည်း အဆုံးတွင်တော့ သူတို့လည်း ဆူညံသံများကြောင့် စိတ်ဝင်စားသွားကြကာ စပ်စုကြည့်ရှုသူ လူအုပ်ကြီးထဲသို့ ပူးပေါင်းပါဝင်လာတော့သည်။

အဆုံးတွင်တော့ တစ်စုံတစ်ယောက်က ရဲစခန်းသို့ ဖုန်းဆက်သဖြင့် ရဲများ ရောက်ရှိလာကာ ရှုပ်ထွေးနေသော မြင်ကွင်းကို ရှင်းလင်းပြီး ရန်ပွဲကို တားဆီးကာ ကျောက်နာနှင့် သူမဘယောကျ်ားကို ဘေးကင်းရာသို့ ခေါ်ထုတ်သွားခဲ့သည်။

ထိုအချိန်မှသာ လာရောက်ကြည့်ရှုသူများက ထိုလင်မယား ပုံစံကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ပုံမှန်အားဖြင့် အမြဲပြုံးရွှင်နေတတ်သော ကျောက်နာ မျက်နှာမှာ ယခုအခါ ပျက်စီးယိုယွင်းနေသည်။

အဆွဲခံလိုက်ရသောကြောင့် ပြေလျော့သွားသော ဆံပင်များမှာ ပခုံးပေါ်တွင် ဖရိုဖရဲဖြစ်နေသည့်အပြင် ပြင်းထန်စွာ အသက်ခုရှူနေရပြီး ဝကစ်နေသော မျက်နှာမှာ ငိုယိုမှုကြောင့် နီမြန်းနေလျက် မျက်ရည်၊ နှာရည်များဖြင့် သုတ်သင်ရန်ပင် မတတ်နိုင်တော့ချေ။

သူမသည် ထိုအချိန်တွင် သန့်ရှင်းမှုကို ဂရုမစိုက်နိုင်တော့ဘဲ လက်မောင်းကို မြှောက်၍သာ သုတ်ရပြီး အလွန်အမင်း ရှက်ရွံ့နေသဖြင့် ပတ်ပတ်လည်ရှိလူများ သူမကို မမြင်စေရန် မျက်နှာကိုသာ ဖုံးကွယ်ထားချင်နေမိသည်။

သူမ ယောကျ်ားမှာမူ ပိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။ သူသည် တိုက်ခိုက်မှုများမှ အဓိက ပစ်မှတ်ဖြစ်သဖြင့် အဘွားကြီးကျန့် သားများနှင့် ချွေးမများ ဒေါသအားလုံးကို အလူးအလဲ ခံလိုက်ရခြင်းပင်။

သူ့ နွေရာသီ ဝတ်ဆင်သော လက်တိုအင်္ကျီမှာ ကော်လာမှစ၍ ဆွဲဖြဲခံရသဖြင့် လည်ပင်းတွင် အဝတ်စုတ်များကဲ့သို့ တွဲလောင်းကျနေရုံတင်မကဘဲ သူ့ လည်ပင်းနှင့် မျက်နှာတို့တွင်လည်း ကုတ်ခြစ်ခံထားရသော အစင်းကြောင်းများနှင့် အရိုက်ခံထားရသဖြင့် နီရဲကာ ဖူးရောင်နေသော ဒဏ်ရာများ ပြည့်နှက်နေသည်။

ဒေါသထွက်နေသော လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က သူ့ဆံပင်ကို အားပြင်းပြင်းဖြင့် ဆွဲသဖြင့် ဦးရေပြားမှ သွေးများပင် စိမ့်ထွက်လေသည်။ သူ့ နားရွက်များနှင့် လက် ကောက်ဝတ်များမှာလည်း ပွန်းပဲ၍ သွေးထွက်နေသည်။

ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့သည် ဆိုင်ထဲမှနေ၍ ထိုအခြေအနေကို အဝေးမှ စောင့်ကြည့်နေကြပြီး ရှဲ့ယင်းယန်ကိုလည်း လူအုပ်ကြီးထွမှ ကုတ်ခြစ်ခြင်းနှငိ့ တက်နင်းခြင်းတို့မှ ကာကွယ်ရန်အတွက် ဆိုင်ထဲသို့ အမြန် ဆွဲခေါ်ထားခဲ့သည်။

'ငါတို့... ငါတို့ ဘာလုပ်ကြမလဲ'

ကျောက်မိသားစု ဝက်သားနှပ်ဆိုင်ကတော့ ပြီးသွားပြီဆိုတာကို သူမ သိလိုက်သည်။

ကျောက်မိသားစု ဝက်သားနှပ်ဆိုင်မှ ဖြစ်ပေါ်လာသော အခြေအနေကို အခွင့်ကောင်းယူရမည်ဖြစ်ကြောင်း သဘော ပေါက်သွားသဖြင့် သူမက ဟော်ချန်ယဲ့ကို တစ်ချက်လှည့်ကြည့်ပြီးနောက် စွန်းရှို့ရှို့ မောင်နှမဘက်သို့ လှည့်ကာ တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ပြောသည်။

"ဒီဆိုင်ကို ကျွန်မတို့ ငှားမယ်"

ဆိုင်အသစ် ဖွင့်လှစ်မှာဖြစ်သဖြင့် ရှဲ့ယင်းယန် တစ်ယောက် တည်း မနိုင်မည်ကို ယွီရွေ့ကျူး စိုးရိမ်သည်။ ထို့အပြင် သူမကိုယ်တိုင်လည်း အသားများကို နှပ်ရ၊ ဆေးကြောသန့်စင်ရသည်နှင့် အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

စီးပွားရေး ပိုမိုကျယ်ပြန့်လာပြီး အသားလိုအပ်ချက် ပိုများလာသည်နှင့်အမျှ သူမကို ကူညီပေးမည့်သူ ရှာဖွေရန် လိုအပ်သည်။ ထို့ကြောင့် သူမက စွန်းရှို့ရှို့နှင့် စွန်းမော်တို့ကို မေးလေသည်။

"လောလောဆယ် ဘာလုပ်ရမှန်း မသိသေးဘူးဆိုရင် ကျွန်မဆိုင်မှာ လာကူပေးမလား၊ ခုနစ်ရက် အစမ်းခန့်ကာလပြီးသွားရင် ယန်ယန်လိုပဲ လစာပေးမှာပါ"

အမှန်တွင် ယန်ယန် လစာမရချေ။ သူမက အလုပ်သိပ်မလုပ်ဘဲ တွယ်ကပ်နေမည့် မောင်နှမနှစ်ယောက်ကို မလိုချင်သော ကြောင့်သာ ထိုသို့ပြောခြင်းပင်။ ယန်ယန် လစာနှင့်ပတ်သက် ၍မူ ဟော်ချန်ယဲ့က ရှဲ့ချီနှင့် ယန်ယန်တို့ကို ဘာတွေပြောထားသလဲဆိုတာ ယွီရွေ့ကျူး မသိချေ။

ဟော်ချန်ယဲ့သည် သူ့ ငွေစာရင်းမှ ပေးမည်ဟု ပြောခဲ့သော် လည်း ယန်ယန်က သူမအတွက် အလုပ်လုပ်ပေးနေခြင်းဖြစ်ရာ ဟော်ချန်ယဲ့ပေးမည်ဆိုလျှင်ပင် သူမ လက်ခံမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဟော်ချန်ယဲ့ ပြောခဲ့သလိုပင် ယန်ယန်က သူမကို တကယ် အများကြီးကူညီပေးနိုင်သည် မဟုတ်ပါလား။

စွန်းရှို့ရှို့နှင့် စွန်းမော်တို့မှာ အလွန်ဝမ်းသာသွားသည်။ အနာဂတ်အတွက် မသေချာမရေရာမှုကြောင့် သူတို့မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှု အရိပ်အယောင်များပင် သိသိသာသာ လျော့ကျသွားသည်။ သူတို့က အဆက် မပြတ် ခေါင်းညိတ်ကာ ပြောလာသည်။

"ကောင်းတာပေါ့၊ ကျွန်မတို့ လုပ်ချင်တယ်၊ အခုကစပြီး ရွေ့ကျူးက ကျွန်ဋတို့ရဲ့ သူဌေးပဲ၊ ကျွန်မတို့ ကြိုးကြိုးစားစား လုပ်ပါ့မယ်၊ လုံးဝ အပျင်းမထူပါဘူး၊ စိတ်မပူပါနဲ့ သူဌေးမယွီ"

အဆင့်အတန်း အသစ်နှင့်အတူ ယွီရွေ့ကျူးအား စွန်းရှို့ရှို့ ခေါ်ဝေါ်ပုံပါ ပြောင်းလဲသွားခဲ့သည်။ သူဌေးမယွီဟု ကြား လိုက်ရသောအခါ ယွီရွေ့ကျူး ကျေနပ်စွာ ပြုံးမိသည်။ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သော စွန်းမော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် သူမကို ကြည့်လာသည်။

အဆုံးတွင် သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ အစ်မဖြစ်သူ နောက်မှလိုက်၍ သူမကို ခေါ်သည်။

"သူဌေးမယွီ"

ဟော်ချန်ယဲ့မှာ ချက်ချင်းသတိဝင်လာပြီး သူ့ အကြည့်များက စွန်းမော်ကို ခေါင်းအစ ခြေအဆုံး သိမ်းကြုံးကြည့်မိသည်။ သူ့ကို မြင်လိုက်ရချိန်တွင် ဟော်ချန်ယဲ့ မျက်နှာထားမှာ တည်ကြည်သွားပြီး မျက်မှောင်ကြုတ်သွားရသည်။

ဟော်ချန်ယဲ့သည် ယွီရွေ့ကျူးထက် အသက်အတော်လေး ကြီးသည်။ သူနှင့် ယွီရွေ့ကျူး အစ်မဖြစ်သူ ယွီရှားတို့သည် အသက်ရွယ်တူများ ဖြစ်ကြရာ ထိုအချက်က သူ့ကို ယုံကြည်မှု ကင်းမဲ့စေပြီး ယွီရွေ့ကျူးက သူ့အား အသက်ကြီးလွန်းသည်ဟု ထင်မြင်သွားမည်ကို ကြောက်ရွံ့မိသည်။

All Chapters