အခန်း ၁၁၅
Vol. 12 Ch. 115
🐽 Chapter 115
ကံကောင်းထောက်မစွာဖြင့် လက်ထပ်ပြီးကတည်းက သူမ ဘာမှမပြောခဲ့ချေ။ ယွီရွေ့ကျူးသည် အသက်အရွယ်ကို သိပ်ဂရုစိုက်ပုံမရဘဲ သူ့ ခန္ဓာကိုယ် အချိုးအစားကိုသာ ပိုစိတ် ဝင်စားပုံရသည်။
ညဘက်များတွင် ယွီရွေ့ကျူး လက်များက သူ့ဗိုက်ကြွက် သားများပေါ်သို့ တိတ်တဆိတ် တွားသွားလာတတ်သည်မှာ တစ်ကြိမ်မကတော့ချေ။
သူတို့ သိပ်မရင်းနှီးခင်ကဆိုလျှင် သူမ ထိုသို့ လာထိတိုင်း သူ အမြဲတမ်း ရှောင်ဖယ်တတ်ပြီး သူမကိုပင် တားမြစ်တတ်သေးသည်။ နောက်ပိုင်းတွင်တော့ သူကိုယ်တိုင်ပင် အသား ကျလာပြီး ယွီရွေ့ကျူးလည်း ယဉ်ပါးသွားပုံရသည်။ ညတိုင်း အိပ်မပျော်ခင် သူမက သူ့ ရင်အုပ်ကြွက်သားများပေါ် ခေါင်းမှီထားကာ ဗိုက်ကြွက်သားများကို ကိုင်လေ့ရှိသည်။
သူမက သူ့ကြွက်သားများကို တကယ် သဘောကျပုံရသည်။ သူက မတော်တဆ ကြွက်သားလေးများ ပေါ်သွားချိန် သို့မဟုတ် တစ်ခုခု လုပ်နေချိန်တိုင်း လှည့်ကြည့်ပါက သူ့ကို ငေးကြည့်နေသော သူမကို မြင်တွေ့ရတတ်ပြီး သူမမျက်နှာအမူအရာမှာ ဖော်ပြရန်ပင် ခက်ခဲလှသည်။
၎င်းမှာ အားကျနှစ်သက်နေသည့်အလား သို့မဟုတ် သူ့ကို ထိတွေ့ချင်နေသည့် ဆန္ဒကို မနည်း အောင့်အည်း သည်းခံနေရသည့်အလား ခွဲခြားမရပေ။
ယခုအချိန်တွင်တော့ ယွီရွေ့ကျူးနှင့် နေ့စဉ် အတူတူ အလုပ်လုပ်ရတော့မည့် ဝက်သားနှပ်ဆိုင်မှ ဝန်ထမ်းသစ်ဆိုသူမှာ အတော်လေး ထွားကျိုင်းသည်။ အရပ်ရှည်ရုံသာမက ကြွက်သားများကလည်း အလွန် သိသာထင်ရှားနေသည်။
နေ့စဉ် ဖက်ထုပ်အစာများ နယ်ရသော အလုပ်ကြောင့် ဖြစ်ကောင်းဖြစ်မည်၊ သူ့ လက်မောင်းကြွက်သားများမှာ အထူးပင် သန်မာပြီး ပခုံးများကလည်း ကျယ်ပြန့်လှသည်။
သူက ဟော်ချန်ယဲ့လောက် ကြွက်သားများ မကြီးမားသော် လည်း ဟော်ချန်ယဲ့မှာ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ မသိမသာ ရှေ့သို့ တစ်လှမ်း တိုးမိသည်။
သူ့မျက်နှာတွင် မည်သည့်အမူအရာမှ မရှိသယောင် ထင်ရသော်လည်း အမှန်တွင်မူ ယွီရွေ့ကျူး အကြည့်များ စွန်းမော်ထံသို့ မရောက်သွားစေရန် ပိတ်ဆို့လိုက်ခြင်းပင်။ သူမကို အခြားသူများ ကြွက်သားကို သူမကြည့်စေလိုချေ။
ယွီရွေ့ကျူး အိမ်မှာမရှိသည့် ညတိုင်း ဒိုက်ထိုးခြင်းကဲ့သို့သော လေ့ကျင့်ခန်းများကို အိမ်တွင် ပိုလုပ်ရမည်ဟု သူ့ စိတ်ထဲမှ တေးမှတ်လိုက်သည်။
ထိုအကြောင်းကို ပြောရလျှင် စွန်းမော် ကြွက်သားများက အထင်ကြီးစရာ ကောင်းရုံသာမက သူက အတော်လေး ငယ်ရွယ်ပုံလည်း ပေါက်နေပြီး ယွီရွေ့ကျူးနှင့် အသက်ရွယ်တူလောက်ပင်ရှိသည်။
ဟော်ချန်ယဲ့က တောက်ပပြီး နုပျိုနေသော စွန်းမော်မျက်နှာကို စူးစိုက်ကြည့်ကာ စိတ်ထဲမှ နှာမှုတ်သည်။ ထို့နောက် သူက ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်ပြန်သည်။
ထိုအရာက ယွီရွေ့ကျူး အမြင်အာရုံကို လုံးဝ ပိတ်ဆို့သွားစေသည်။ ယွီရွေ့ကျူးက စွန်းမော်ကို မမြင်ရရုံသာမက ယခုအခါ စွန်းမော်ကပါ ယွီရွေ့ကျူးကို မမြင်ရတော့ချေ။
ထိုအခါမှသာ သူ့မျက်နှာထားများ ပြေလျော့သွားပြီး ကျေနပ်သွားသော အမူအရာ ပေါ်လွင်လာတော့သည်။
ယွီရွေ့ကျူး "..."
'ဟော်ချန်ယဲ့ ရှေ့ကို နှစ်လှမ်းတိုးလိုက်တာ ငါလေး သတိမထားမိဘူးလို့ မထင်နဲ့၊ အဲဒါက အရမ်းသိသာလွန်းတာပဲ'
'ငါက ကြွက်သားတွေကို ရူးသွပ်နေတဲ့ စုန်းမမှ မဟုတ်တာ၊ ကြွက်သားရှိတဲ့ ယောကျ်ားတိုင်းကိုလိုက်ပြီး ဖြစ်သလို ကိုင် တွယ်နေမှာ မဟုတ်ဘူးလေ၊ အဲဒီလိုသာဆိုရင် လူယုတ်မာလူတွေနဲ့ ငါနဲ့ ဘာကွာတော့မှာလဲ'
ယွီရွေ့ကျူး မျက်လုံးများကို ခပ်တင်းတင်း မှိတ်မိပြီး ကပ်စေးနဲပြီး သဝန်တိုတတ်သော ဟော်ချန်ယဲ့ အမူအရာကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကိစ္စများ အားလုံးလည်း ပြီးပြတ်သွားပြီဖြစ်ကာ သူမလည်း ပွဲကြည့်ပြီးဖြစ်သဖြင့် ဆက်လုပ်စရာ ဘာမှမရှိတော့ပေ။
လူအုပ်ကြီး များပြားနေသေးချိန်တွင် သူတို့ ဝက်သားနှပ်များကို ရောင်းချရန်နှင့် ဆိုင်လေးကို ရှင်းလင်းရန် ရည်ရွယ်လျက် ယွီရွေ့ကျူးလည်း ဟော်ချန်ယဲ့နှင့် ရှဲ့ယင်းယန်တို့ကို ဆိုင်ထဲမှ ဆွဲထုတ်လာခဲ့သည်။ ထို့နောက်မှသာ သူတို့ ဆိုင်သစ်ကို ရှင်းလင်းနိုင်မည် ဖြစ်သည်။
ထွက်လာချိန်တွင် ဟော်ချန်ယဲ့နှင့် ရှဲ့ယင်းယန်တို့ နှစ်ယောက်စလုံး လက်တစ်ဖက်စီကို ယွီရွေ့ကျူးက ဆွဲကိုင်ထားသည်။ ရှဲ့ယင်းယန် မျက်နှာမှာ နီမြန်းနေပြီး ထိုမျှ ရင်းနှီးသော အပြုအမူမျိုးနှင့် မယဉ်ပါးသေးပုံရသည်။ ဟော်ချန်ယဲ့မှာမူ သူမ ဆွဲခေါ်ရာနောက်သို့ လိုက်ပါရင်း စဉ်းစားလျက် ပြောလာသည်။
"ကျောက်မိသားစုရဲ့ ဝက်သားနှပ်ဆိုင်ကတော့ ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊ ဘာလို့ ဒီမောင်နှမနှစ်ယောက်ရဲ့ ဆိုင်ကို လွှဲယူရမှာလဲ၊ ကျောက်မိသားစုဆိုင်က ပြဿနာတက်ပြီး ရောင်းရတော့မယ်ဆိုရင် အဲဒီဆိုင်ကို လွှဲယူတာက ပိုသက်သာတဲ့ ဈေးရမှာ မဟုတ်ဘူးလား"
သူက စွန်းရှို့ရှို့နှင့်တော့ ပြဿနာ မရှိသော်လည်း စွန်းမော်နှင့်တော့ ပြဿနာ အများကြီး ရှိသည်။ အဓိကအချက်မှာ ဆိုင်ကို လွှဲယူလိုက်ခြင်းကြောင့် တစ်ခုဝယ် နှစ်ခုအလကားရသည့် သဘောမျိုးဖြင့် စွန်းမော်ပါ ပါလာခြင်းပင်။
ဟော်ချန်ယဲ့သည် ယွီရွေ့ကျူး ဆုံးဖြတ်ချက်ကို သဘောတူသော်လည်း ထိုကောင်လေးကို မျက်စိနောက်နေခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။
ယွီရွေ့ကျူးကမူ ဟော်ချန်ယဲ့ နားနားသို့ ကပ်ကာ အမြန်တီးတိုးပြောသည်။
"သူတို့ဆိုင်မှာ ကျွန်မက ဝက်သားနှပ်ဆိုင် ဖွင့်မှာ မဟုတ်ဘူး၊ ဒီကိစ္စကြီးက အရမ်းကို ကြီးကျယ်သွားပြီဆိုတော့ တောမီးလို ပြန့်သွားမှာပဲ၊ အခြေအနေကို သေချာမသိတဲ့ တချို့လူတွေက ကျွန်မရဲ့ ဝက်သားနှပ်ဆိုင်ကို အရင် ကျောက်မိသားစုဆိုင်လို့ အထင်မှားပြီး လာဖျက်ဆီးတာတို့၊ ဆဲဆိုတာတို့ လုပ်ရင် ဘယ်လိုလုပ်မလဲ၊ နေ့တိုင်း ပြဿနာတွေချည်းပဲ ရှင်းနေရလိမ့်မယ်"
"ဒါဆို ကိုယ်တို့ ဘာလုပ်ကြမလဲ၊ ကျောက်မိသားစုက သူတို့ငွေတွေ ပြန်ရဖို့ အလျင်လိုနေမှာဆိုတော့ မင်းဆီကို သေချာ ပေါက် လာရှာကြမှာပဲ၊ မင်းက ကျောက်မိသားစု ဝက်သားနှပ်ဆိုင်ကို လွှဲမယူချင်တာ သေချာလို့လား"
ဟော်ချန်ယဲ့ အနည်းငယ် တုံ့ဆိုင်းသွားပြီး ယွီရွေ့ကျူးကို မျက်မှောင်ကြုတ် ကြည့်လာသည်။
သူ့ မှတ်ဉာဏ်ထဲတွင် ယွီရွေ့ကျူးသည် ငွေမက်ပြီး အခွင့် အရေးများကို အရယူရာတွင် အလွန် ကျွမ်းကျင်သူပင်။ ကျောက်မိသားစု ကိစ္စက ထိုမျှ ကြီးကျယ်နေသဖြင့် ဆိုင်မှာ ရောင်းရရန် သေချာပေါက် ခက်ခဲမည်ဖြစ်ပြီး ဈေးနှုန်းကလည်း အောက်သို့ ထိုးဆင်းသွားမည်သာ ဖြစ်သည်။
အကယ်၍ ညှိနှိုင်းမှု အဆင်ပြေပါက စွန်းရှို့ရှို့ ဖက်ထုပ်ဆိုင်ဈေးနှုန်းထက် ဆယ်ပုံတစ်ပုံခန့်မျှသော အလွန်သက်သာသည့် ဈေးနှုန်းဖြင့်ပင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ယွီရွေ့ကျူးက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို တကယ်ပဲ လက်လွှတ်ခံလိုက်မှာလား။
သို့သော် မကြာမီမှာပင် သူ မှားသွားကြောင်း ဟော်ချန်ယဲ့ သဘောပေါက်သွားတော့သည်။
ယွီရွေ့ကျူးက တခစ်ခစ် ရယ်မောပြီး သူ့ကို ချွဲနွဲ့သောအသံလေးဖြင့် ပြောသည်။
"ကျွန်မက သူတို့ဆိုင်ကို လွှဲယူဖို့ မသင့်တော်ပေမဲ့ ရှင်ကတော့ သင့်တော်တယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က မြို့ပေါ်မှာ ဆိုင်ဖွင့်ဖို့ စီစဉ်နေတာပဲဆိုတော့ ဒီအခွင့်အရေးကို အရယူလိုက်လို့ ရတာပေါ့
ရှင်က ဝက်သားနှပ်ရောင်းမှာ မဟုတ်တဲ့အပြင် ရှင့်ရုပ်ရည်ကလည်း နည်းနည်း ကြမ်းတမ်းတဲ့ပုံ ပေါက်နေတော့ အဲဒီလူတွေက ရှင့်ဆိုင်မှာ လာပြီး ပြဿနာရှာတာတို့၊ မေးခွန်းတွေ လာလာမေးတာတို့ လုပ်ရဲမှာ မဟုတ်ဘူး၊ ရှင်လည်း ငွေရော ပြဿနာတွေရော အများကြီးသက်သာသွားမှာ"
ယွီရွေ့ကျူး အဓိပ္ပာယ်ပါပါဖြင့် မျက်ခုံးပင့်လာသည်။
"ဘယ်လိုလဲ၊ ကျောက်နာတို့က ဆိုင်ကိစ္စနဲ့ ကျွန်မဆီ လာတဲ့အခါ ကျွန်မက ရှင့်အတွက် လွှဲယူပေးလိုက်မယ်လေ၊ ဒါဆို မြို့ပေါ်မှာ ကျွန်မတို့မိသားစုအတွက်..."
"ဒီမှာတင် ဆိုင်နှစ်ဆိုင် ရှိသွားပြီ၊ ပြီးတော့ မျက်နှာချင်းဆိုင်ဆိုတော့ အချင်းချင်းလည်း ကူညီပေးလို့ ရတာပေါ့၊ ရှင် ဘယ်လိုထင်လဲ... ဟင်း"
ဟော်ချန်ယဲ့ "မင်းသဘော.."
ဤအခွင့်အရေးမှာ အမှန်ကို ကောင်းမွန်လွန်းလှပြီး ယွီရွေ့ကျူးကလည်း အများကြီး စဉ်းစားတွေးခေါ်ထားပြီးဖြစ်ရာ သူ သိပ်အများကြီး မစဉ်းစားတော့ဘဲ နားလည်သဘော ပေါက်စွာဖြင့် ခေါင်းညိတ်သည်။
"လှဲနေတဲ့သူကို ထပ်နင်းတဲ့သဘောမျိုးပေါ့၊ ကျောက်မိသားစု ဝက်သားနှပ်ဆိုင်အတွက် ကိုယ်တို့ ပိုသက်သာတဲ့ဈေးနဲ့ ညှိနှိုင်းလို့ရမယ် ထင်တယ်"
တဖြည်းဖြည်းနှင့် သွေးအေးရက်စက်သော စီးပွားရေးသမားတစ်ယောက်နှင့် တူနေသော ဟော်ချန်ယဲ့ကို ကြည့်ရင်း ယွီရွေ့ကျူးမှာ အသံထွက်သည်အထိ ရယ်မောမိသည်။
"ဒါပေါ့"
သူမတို့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အသင့်ပြင်ထားသော ဝက်သားနှပ်အိုးများကို သယ်ထုတ်ပြီး ဝက်သားနှပ် ဝယ်ယူရန် ပတ်ဝန်းကျင်ရှိ ဖောက်သည်များနှင့် ဖြတ်သွားဖြတ်လာများကို ဖိတ်ခေါ်တော့သည်။
လာရောက်ကြည့်ရှုသူ လူအုပ်ကြီးမှာ မကွဲသေးဘဲ အဖြစ်အ ပျက်ကို အတူတကွ ဝေဖန်စပ်စုနေကြဆဲဖြစ်ပြီး ကျောက်မိသားစု ဝက်သားနှပ်ဆိုင် အဓိပ္ပာယ်မဲ့လွန်းသော လုပ်ရပ်များကို အဆက်မပြတ် ဆွေးနွေးနေကြသည်။
ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်ဘက်မှ အသံများကို ကြားသောအခါ လူအများအပြား အံ့အားသင့်သွားကြပြီး အသံလာရာဆီသို့ အလိုအလျောက် လှည့်ကြည့်မိကြသည်။
ဘာမှမသိသေးသော လူသစ်အချို့က မေးလာသည်။
"ဒါက ပြဿနာဖြစ်သွားတဲ့ ဝက်သားနှပ်ဆိုင်က အသားတွေလား၊ သူတို့ အဖမ်းခံရပြီဆို"
မကြာမီမှာပင် လူအများအပြားက ဝိုင်းဝန်း ရှင်းပြကြသည်။
"မဟုတ်ဘူး၊ ဒါက တခြားဆိုင်ကဟာ"
"ဟုတ်တယ်၊ ဒါက နောက်တစ်ဆိုင်လေ၊ သူတို့ ဝက်သားနှပ်က အရမ်းကိုမွှေးတာ၊ ဟိုကျောက်မိသားစု ဝက်သားနှပ်ဆိုင်က လုံးဝကို ယှဉ်လို့မရဘူး"
"အရင်က ဒီဆိုင်ကိုဈေးကြီးတယ်လို့ ထင်ခဲ့တာ၊ အခုတော့ ဒါက ပုံမှန်ဈေးပဲလို့ ထင်သွားပြီ၊ ကျောက်မိသားစု ဝက်သားနှပ်ဆိုင်ကသာ ပုံမှန်မဟုတ်ဘဲ ဈေးပေါလွန်းနေတာ၊ အမှိုက်လို အစားအစာတွေအတွက် ပိုက်ဆံချွေတာမယ့်အစား ပိုက်ဆံနည်းနည်း ပိုသုံးလိုက်တာက ပိုကောင်းတယ်၊ ဟိုလူကြီးတွေရဲ့ အမေဆိုရင် ပုပ်နေတဲ့ ဝက်သားနှပ် စားမိလို့ ဆေးရုံမှာ တက်နေရတုန်းပဲတဲ့၊ ကလေးငယ်လေးတစ်ယောက်လည်း ပါသေးတယ်၊ ကျွတ် ကျွတ် ကျွတ်... တကယ့်ကို အဖြစ်ဆိုးပါပဲ"
"ဟုတ်ပါ့ ဟုတ်ပါ့"
ကျောက်မိသားစု ဝက်သားနှပ်ဆိုင်နှင့် ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်တို့ကို နှိုင်းယှဉ်ခဲ့ဖူးသော ဖောက်သည်များအားလုံးမှာ အရှက်ရနေသည့် မျက်နှာများ ဖြစ်နေကြပြီး ဈေးပေါသည်ဟူသော အချက်ကြောင့် နောက်ဘယ်တော့မှ ဆွဲဆောင်ခံရမည် မဟုတ်တော့ကြောင်း သေချာသွားသည်။ အများစုမှာ စိတ်ဒဏ်ရာပင် ရသွားကြပြီး ဈေးပေါသည်ကို လောဘမက်မည့်အစား ငွေပိုသုံးရန်သာ သန္နိဋ္ဌာန် ချမိကြတော့သည်။