အခန်း ၁၁၈
Vol. 12 Ch. 118
🐽 Chapter 118
ဟော်ချန်ယဲ့ သတ်ထားသော ဝက်များမှ ဝက်အူများလုံ လောက်စွာ မရရှိသဖြင့် ယွီရွေ့ကျူးသည် အူချောင်း အမြောက်အမြား ပြုလုပ်ရန်လိုအပ်သည်။
ထို့ကြောင့် သူမသည် ဈေးသို့သွားကာ သင့်လျော်သော အူချောင်းများကို ဝယ်ယူပြီး ဟင်းခတ်အမွှေးအကြိုင်များနှင့် ပါဝင်ပစ္စည်း အမျိုးမျိုးကို ပြင်ဆင်ကာ အစာများအဖြစ် ပန်းကန်လုံးများထဲတွင် ထည့်ထားသည်။
အဆင့်မြင့် နည်းပညာများရှိသော ယခင်ခေတ်ကဆိုလျှင် အူချောင်းလုပ်ရသည်မှာ လွယ်ကူသော်လည်း ယခုအခါတွင်တော့ အနည်းငယ် အလုပ်ရှုပ်သည်။
ယွီရွေ့ကျူးက ကတော့တစ်ခုကို ရှာပြီး အူချောင်းများကို တူဖြင့် နည်းနည်းစီ တွန်းထည့်ကာ သင့်တော်သော အရွယ် အစားသို့ ရောက်သောအခါ ကြိုးချည်သည်။ အဆုံးတွင် စားပွဲနှင့် ပန်းကန်လုံးများထဲတွင် အူချောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ပထမဦးစွာ ၎င်းတို့ကို ပေါင်းရန် လိုအပ်သည်။ ယွီရွေ့ကျူးက အူချောင်းများ ပေါက်ကွဲမထွက်စေရန် တစ်ခုချင်းစီတွင် အပေါက်လေးများ ဖောက်ပြီးနောက် အချိန်ကြာမြင့်စွာ ပေါင်းသည့် လုပ်ငန်းစဉ်ကို စတင်တော့သည်။
ဤအချိန်တွင် အိုးတစ်လုံးတည်းဖြင့် မလုံလောက်တော့သဖြင့် ယွီရွေ့ကျူးက ခြံထဲတွင် နောက်ထပ် အိုးတစ်လုံး တည်ဆောက်ရန် အထူးတလည် ခိုင်းစေခဲ့ရပြီး တစ်ဖက်တွင် ဝက်သားနှင့် ဟင်းသီးဟင်းရွက်များကို ပေါင်းကာ အခြားတစ်ဖက်တွင်မူ အူချောင်းများကို ပေါင်းလေသည်။
နှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း အလုပ်လုပ်ကြသည်။ မီးမွေးနေသော စွန်းရှို့ရှို့မှာလည်း ဟိုဘက်ဒီဘက် ကူးချည်သန်းချည်ဖြင့် ပျားလေးတစ်ကောင်အလား အလုပ်များနေသည်။
ထင်းခွဲနေသော ဟော်ချန်ယဲ့မှာလည်း ထိုနည်းတူပင် အလုပ် များလှသည်။ ယခုအခါ ခြံဝင်းတစ်ခုလုံးမှာ အရသာရှိသော အနံ့အသက်များဖြင့်သာ ပြည့်နှက်တော့သည်။
စွန်းရှို့ရှို့နှင့် စွန်းမော်တို့သည် ဝက်သားနှပ်နှင့် အူချောင်း ပြုလုပ်သည့် လုပ်ငန်းစဉ်ကို ဤမျှ အနီးကပ် မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူတို့သည် ချက်ပြုတ်နည်းများကို မသိကြသော်လည်း ပါဝင်သော အလုပ်ပမာဏကို မြင်တွေ့ရသောအခါ ယွီရွေ့ကျူးကို မလေးစားဘဲ မနေနိုင်တော့ချေ။
ထိုမျှ သွယ်လျသော ခန္ဓာကိုယ်လေးထဲတွင် မည်သို့များ ခွန်အားရှိနေရသနည်းဟု သူတို့ အံ့သြနေမိကြသည်။ သူမက အမှန်ကို အံ့မခန်းပင်။
'ချက်ပြုတ်နည်းတွေ ဒီလောက်တောင် များတာ၊ သူမက အဲဒါတွေ အားလုံးကို ဘယ်လိုများ သင်ယူခဲ့တာပါလိမ့်' ပြီးတော့ ဒီအနံ့က...'
စွန်းရှို့ရှို့နှင့် စွန်းမော်တို့သည် နှာခေါင်းရှုံ့ကာ အနံ့ခံမိကြချိန် ပါးစပ်မှ သွားရည်များပင် ထိန်းမနိုင်သိမ်းမရ ကျလာတော့ သည်။
အနံ့က အမှန်ကို ကောင်းလွန်းသည်။ ဆိုင်ကဝယ်သော ဝက်သားနှပ်ထက်ပင် ပိုမွှေးကာ လူကို ယစ်မူးသွားစေသည်။ ပူအိုက်နေသော အိုးထဲမှ ထွက်ပေါ်လာသည့် ပြည့်စုံမွှေးကြိုင်သော အနံ့များက သူတို့ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ပြည့်နှက်နေပြီး အူချောင်းနံ့နှင့် ဝက်သားနှပ်နံ့တို့ ပေါင်းစပ်သွားကာ ပြိုင်ဘက်ကင်းသော ရနံ့တစ်ခုအဖြစ် ဖန်တီးထားသည်။
စွန်းမော်ကတော့ ထိုနေ့မနက် အလုပ်မလာခင် ထမင်းပန်း ကန် အတော်များများ စားလာခဲ့မိသည်ကိုပင် ကံကောင်း သည်ဟု မှတ်ယူမိသည်။ သို့မဟုတ်ပါက ဤအနံ့ကြောင့် သူ့ ဗိုက်ထဲတွင် မြည်လာမည်မှာ သေချာသည်။
ယွီရွေ့ကျူးက ကျက်နေပြီဖြစ်သော ဝက်သားနှပ်နှင့် ဟင်းသီးဟင်းရွက်များကို အအေးခံရန် ခပ်ထုတ်လိုက်သည်။ ထိုအရာများကို ဘေးသို့ ဖယ်ထားပြီးသည်နှင့် တစ်ပြိုင်နက် ရှဲ့ယင်းယန်လည်း အနောက်ဘက်ခြံဝင်းထဲသို့ အပြေးအ လွှား ဝင်လာကာ တံခါးခန်းဆီးကို မတင်ပြီး အော်ပြောလေသည်။
"မြန်မြန်... ဝက်သားနှပ်တွေ ထပ်ကုန်သွားပြန်ပြီ၊ နောက်ထပ် နည်းနည်းလောက် ထပ်ယူခဲ့ပေး၊ တခြားကျက်တာတွေရော ရှိသေးလား၊ အကုန်လုံးယူသွားမယ်နော်"
စွန်းရှို့ရှို့မှာ အသက်ရှူမှားသွားပြီး အချိန်ကနေ့လယ်စောစော ပိုင်းသာ ရှိသေးသည်ကို မြင်သောအခါ ပိုအံ့အားသင့်သွားရသည်။
'ထပ်ကုန်သွားပြန်ပြီလား'
သူတို့ ပစ္စည်းလာဖြည့်သည်မှာ အကြိမ်တော်တော်များ ရှိပြီဖြစ်သည်။
ကျောက်မိသားစု ဝက်သားနှပ်ဆိုင် အရှုပ်အရှင်းကြောင့် သူတို့ ဝက်သားနှပ်ဆိုင်လေးက မည်မျှတောင် လူကြိုက်များနေရသနည်း။
ရှဲ့ယင်းယန် အလောတကြီး လှုပ်ရှားမှုများကို မြင်ရသော အခါ လူအုပ်ကြီး ဝိုင်းရံထားခြင်းကို ခံနေရပြီး သူတို့ထံသို့ ငွေများ အဆက်မပြတ် ရောက်ရှိလာကာ ချွေးများ ရွှဲရွှဲစိုနေမည့် ပုံရိပ်ကို စွန်းရှို့ရှို့ ချက်ချင်းမြင်ယောင်လာမိသည်။
အံ့မခန်းပါပေ
ထို့နောက် သူမသည် အားကျလေးစားသော အကြည့်များဖြင့် ယွီရွေ့ကျူးကို ကြည့်လေသည်။ စွန်းရှို့ရှို့ သိထားသည်မှာ ကျောက်မိသားစု ဝက်သားနှပ်ဆိုင် အခြေအနေကြောင့် သူတို့ အကျိုးအမြတ် ရရှိခဲ့သည်မှာ မှန်သော်လည်း အဓိကအချက်မှာ သူတို့ကိုယ်တိုင် အရည်အချင်းရှိရန် လိုအပ်ကြောင်းပင်။
အကယ်၍ သူတို့ ဝက်သားနှပ်ကသာ ထိုမျှလောက် အရသာမရှိဘဲ ငြင်းဆန်မရနိုင်သော ဆွဲဆောင်မှုမျိုး မရှိခဲ့ပါက ဤရေပန်းစားမှုလှိုင်းလုံးကို အလွယ်တကူ အသုံးချနိုင်မည် မဟုတ်သလို ဂယက်ရိုက်မှုကလည်း ထိုမျှ ကြာရှည်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ လူအများစုမှာ စပ်စုရန်သာ ဝင်ရောက်လာကြခြင်းဖြစ်ပြီး ဖောက်သည်များကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်မှာ ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်မှ စစ်မှန်သော အရသာလျှင် ဖြစ်တော့သည်။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ပတ်တာ ကုန်လွန်သွားခဲ့သည်။ ယွီရွေ့ကျူးက ဆိုင်းဘုတ်ကို လူစားထိုး တပ်ဆင်ခိုင်းခဲ့ပြီး အနည်းငယ် လောနေသော်လည်း အောင်မြင်စွာ တပ်ဆင်နိုင်သွားသည်။
ယွီမိသားစု ဝက်သားနှပ်ဆိုင်...
ရိုးရှင်းသော နာမည်တစ်ခုဖြစ်ပြီး မည်သည့် လှည့်ကွက်မှ မပါဝင်သော်လည်း မကြာသေးမီက ကျောက်မိသားစု ဝက် သားနှပ်ဆိုင် ပြဿနာကြီး အပြီးတွင် နှိုင်းယှဉ်စရာ အုပ်စုတစ်ခုအနေဖြင့် မြို့ပေါ်ရှိ စကားဝိုင်းများတွင် မကြာခဏ ပါဝင်လာခဲ့သော ဆိုင်အမည်ပင်။
ယွီရွေ့ကျူးအနေဖြင့် လူအများ အာရုံစိုက်မှုကို ရရှိရန် ထိုဆိုင်းဘုတ်ကို ခဏသာ တပ်ဆင်ထားရန် လိုအပ်သည်။ ထို့အပြင် ဆိုင်သစ်ဖွင့်ပွဲ အစီအစဉ်နှင့် ဖွင့်လှစ်မည့် နေ့ရက်ကိုလည်း အပြင်ဘက်တွင် အမည်းရောင်နောက်ခံ၌ အနီရောင်စာလုံးများဖြင့် ကပ်ထားပြီး ဖြစ်သည်။
ဝက်သားနှပ်ဆိုင်လေး ဖွင့်လှစ်ထားသည်မှာလည်း ရက်အတော်ကြာပြီဖြစ်ရာ ရှဲ့ချီနှင့် ရှဲ့ယင်းယန် မောင်နှမနှစ်ယောက်က ဝက်သားနှပ် ရောင်းရတိုင်း ဆိုင်သစ်လိပ်စာကို ထည့်ပြောလေ့ရှိသဖြင့် ထိုနေ့တွင် လာရောက်သူ အလွန်များပြားသည်။
မကြာသေးမီက ငွေအတော်အတန် ရှာဖွေနိုင်ခဲ့ပြီဖြစ်ရာ ယွီရွေ့ကျူးသည် အတော်လေး လက်ဖွာလာပြီး ဆိုင်ပေါက်ဝတွင် ချိတ်ဆွဲရန် မီးရှူးမီးပန်းအရှည်ကြီး နှစ်ခုကို ဝယ်ယူကာ ဖဲကြိုးဖြတ်ပွဲကို အကျဉ်းချုံး လုပ်ဆောင်လေသည်။
မီးရှူးမီးပန်းများ ပေါက်ကွဲသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ရင်းနှီးနေကျ ယမ်းနံ့များကို သယ်ဆောင်လာသည်။ မြေကြီးပေါ်တွင် အနီရောင် စက္ကူစများလည်း ပြန့်ကျဲနေပြီး အနီးနားရှိ စာကလေးများကို လန့်ဖျပ်သွားစေကာ အဝေးမှ ဖြတ်သွားဖြတ်လာများ အာရုံစိုက်မှုကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
ယွီရွေ့ကျူးက သူမအတွက် ဟော်ချန်ယဲ့ အထူးချုပ်ပေးထားသော အဝါရောင်တောက်တောက် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး နက်မှောင်သည့် ဆံပင်များက ပခုံးပေါ်သို့ ဝဲကျနေကာ အသားအရေမှာ ဖြူဝင်းတောက်ပနေပြီး နှုတ်ခမ်းများက ရဲရဲနီကာ မျက်နှာလေးမှာ နူးညံ့လှပနေသည်။
သူမသည် ဆိုင်ပေါက်ဝတွင် ကျက်သရေရှိစွာ ရပ်နေပြီး အပြုံးလေးတစ်ခုနှင့်အတူ သူမ ခါးလေးမှာ သွယ်လျကာ ခြေတံလက်တံများက ရှည်လျားလှပသည်။ ကြွေးကြော်သံများကြားတွင် သူမလည်း ဖဲကြိုးကို ဖြတ်ပြီး ကျယ်လောင်စွာ ကြေညာသည်။
"ယွီမိသားစု ဝက်သားနှပ်ဆိုင်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ"
"ကောင်းလိုက်တာ၊ အရမ်းမိုက်တယ်တာပဲ၊
"နောက်ဆုံးတော့ ဖွင့်ပြီပေါ့"
"..."
ပတ်ဝန်းကျင်ရှိ လူအများစုမှာ ယွီရွေ့ကျူး ဝက်သားနှပ်ဆိုင်လေးမှ ဖောက်သည်များ ဖြစ်ကြပြီး သူမ ဆိုင်ဖွင့်လိုက်သည်ကို သိရသဖြင့် အားလုံးက ဝမ်းသာနေကြသည်။
ပထမပတ်အတွက် လျှော့စျေးများကြောင့်သာ မဟုတ်ဘဲ ဆိုင်ပိုကြီးလာပါက လူပိုဆန့်မည်ဖြစ်ရာ ယခင်ကလို အကြာကြီး တန်းစီစရာ မလိုတော့သောကြောင့်ပင်။
စီးပွားရေးကောင်းလွန်းသည်ကလည်း ပြဿနာတစ်ခုပင်။ သူတို့ ဝက်သားနှပ်ကို စားချင်တိုင်း တန်းစီရှည်ကြီးထဲတွင် အမြဲ စောင့်နေရသည် မဟုတ်ပါလား။ ယခုတော့ အခြေအ နေက အများကြီးပိုကောင်းသွားလေသည်။
ဟော်ချန်ယဲ့ တံခါးကို ဖွင့်လိုက်သောအခါ လူအများအပြားက အရှေ့မှလူများ ခြေလှမ်းများနောက်သို့ လိုက်ကာ ဆိုင်ထဲသို့ တိုးဝှေ့ဝင်ရောက်ကြသည်။
တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ပြင်းထန်သော ရနံ့များ လွင့်ပျံလာတော့သည်။ အနံ့က အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး အစောပိုင်းက တိုးဝှေ့ဝင်ရောက်သွားသော ဖောက်သည်များမှာ သွားရည်ကို ခက်ခဲစွာ မျိုချလိုက်ကြကာ မှန်ကောင်တာများထဲတွင် ခင်းကျင်းပြသထားသော မျက်စိ ကျိန်းမတတ် များပြားလှသည့် ဝက်သားပေါင်း ထုတ်ကုန်များကို မြင်တွေ့ရန် အရှေ့သို့ အမြန် တိုးသွားကြတော့သည်။
အနောက်ဘက်မှ မတိုးနိုင်သော သူများမှာမူ စိတ်ပျက်နေကြပြီး စိုးရိမ်တကြီး စောင့်ဆိုင်းကာ အရှေ့မှလူများကို လော ဆော်နေကြရင်း အနံ့ကြောင့် သွားရည်များပင် ကျမိသည်။
"အရမ်းကျပ်တာပဲ၊ အရှေ့ကလူတွေ ဘယ်တော့များမှ ထွက်လာမှာလဲ"
"ဘာလို့ ဒီလောက်တောင် လူများနေရတာလဲ၊ ယွီမိသားစု ဝက်သားနှပ်ဆိုင်က ဒီရက်ပိုင်း တကယ်ကို နာမည်ကြီးနေတာလား"
"ဟေး... တန်းစီစရာ မလိုတော့ဘူးလို့ ထင်ထားတာ၊ ဒါပေမဲ့ ဆက်တန်းစီရဦးမယ့် ပုံပဲ၊ လူတွေက အရမ်းများလွန်းတယ်"
"အဘိုးဝူ... ခင်ဗျားက ပွဲကြည့်ဖို့ သက်သက်လာတာ၊ ဝက် သားနှပ် ဝယ်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောထားတာ မဟုတ်ဘူးလား၊ ဘာလို့ တန်းစီနေသေးတာလဲ၊ ဖယ်ပေး... ကျွန်တော် သွားရပ်ပါရစေ၊ ကျွန်တော် ပိုဝယ်ဖို့ လိုသေးတယ်၊ အထဲတိုးရတာ အရမ်းခက်တာပဲ"
"ဘာကို ပွဲကြည့်ရမှာလဲ၊ ငါက ဘယ်တုန်းက အဲဒီလို ပြောလို့လဲ၊ ဒီအနံ့က အရမ်းကိုမွှေးနေတာပဲ၊ အိုး... ငါ မခံနိုင်တော့ဘူး၊ ဒီနေ့တော့ အရက်နည်းနည်း ပိုသောက်မှ ဖြစ်မယ်"
"..."
အပြင်ဘက်တွင် တန်းစီနေသော လူများမှာ စိတ်မရှည်ဖြစ် လာကြပြီး အထဲမှလူများ ဘယ်တော့ ထွက်လာမည်နှင့် သူတို့ ဘယ်တော့ ဝင်ရမည်ကို အဆက်မပြတ် ညည်းတွားကြသည်။ သို့သော် ဆိုင်အတွင်းရှိ လူများမှာမူ မျက်စိကျိန်းမတတ် များပြားလှသော ပစ္စည်းများကြောင့် အလွန်အမင်း အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်နေကြသည်ကို သူတို့ မသိခဲ့ကြပေ။