အခန်း ၁၁၉
Vol. 12 Ch. 119
🐽 Chapter 119
ယခင်က သူတို့ အပြင်ဘက်တွင် ဆိုင်လေး ဖွင့်ထားစဉ်က ယွီမိသားစု ဝက်သားနှပ်ဆိုင်တွင် ဝက်ကလီစာနှင့် ဝက်သားနှပ် အမျိုးမျိုးသာရှိခဲ့သည်။
သို့သော် ယခုအခါ ဆိုင်အတွင်းသို့ ပြောင်းရွှေ့လာပြီးနောက် နေရာမှာ အများကြီး ပိုကျယ်လာပြီး ရှည်လျားသော မှန်ကောင်တာကြီးထဲတွင် ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသဖြင့် ရွေးချယ်ရခက်လောက်အောင် ဖြစ်နေရသည်။
ကြက်သား၊ ဘဲသား၊ အသားနှင့် ဟင်းသီးဟင်းရွက်များအပြင် အူချောင်းအမျိုးမျိုးနှင့် ကျပ်တင်အူချောင်းများကို ချိတ်ဆွဲထားသေးသည်။
"ဘုရားရေ... အမျိုးအစားတွေ အများကြီးပဲ"
ဖောက်သည်က ခေတ္တမျှ တွေဝေသွားပြီး သူ မနည်းတိုးဝှေ့ ဝင်ခဲ့ရသည်ဟု တွေးမိကာ ပြောလာသည်။
"ဘယ်လိုလုပ်ရမလဲ၊ တစ်မျိုးကို နည်းနည်းစီ ယူရမလား၊ ဘယ်ဟာတွေ ကောင်းလဲဆိုတာ မြည်းစမ်းကြည့်ရင်ရော"
"ရတာပေါ့ရှင်"
စွန်းရှို့ရှို့က ဖောက်သည်ကို ဝန်ဆောင်မှုပေးနေရင်း ပြုံးကာ ပြောရန်လည်း မမေ့ခဲ့ပေ။
"ဆိုင်သစ်က ငါးရက်ပဲ ဖွင့်ဦးမှာဆိုတော့ ပစ္စည်းအားလုံးကို ၁၀ ရာခိုင်နှုန်း လျှော့စျေးပေးထားပါတယ်ရှင်၊ ပိုဝယ်လေ ပိုသက်သာလေမို့ အရမ်းကို တန်ပါတယ်နော်"
"အကယ်၍ နောက်နောင် ကျွန်မတို့ရဲ့ ဝက်သားနှပ်ကို ထပ်စားချင်သေးတယ်ဆိုရင် အရမ်းကို သင့်တော်တဲ့ ကြိုတင်ငွေဖြည့် ကတ်အစီအစဉ် တစ်ခုလည်း ရှိပါသေးတယ်ရှင်
ကျွန်မတို့ ဆိုင်မှာ ငွေဖြည့်ထားရင် သုံးစွဲဖို့ ဘာကန့်သတ် ချက်မှ မရှိပါဘူး၊ ကျွန်မတို့က ရှင့်အတွက် စာရင်းသွင်းပေးထားပြီး ဝယ်ယူမှုတိုင်းကို မှတ်သားပေးသွားမှာပါ
လက်ရှိ ကတ်အစီအစဉ်ကတော့ ဒီလိုပါ... ငါးယွမ် ဖြည့်ရင် ကျွန်မတို့ဆိုင်မှာ လက်တွေ့ ခြောက်ယွမ်ရှိနေမှာပါ၊ ဆယ်ယွမ် ဖြည့်ရင် ဆယ့်သုံးယွမ်ရပါမယ်၊ ပိုဖြည့်လေ ပိုရလေပါပဲ၊ ကြိုတင်ငွေဖြည့် ကတ်အစီအစဉ်က ဆိုင်သစ်ဖွင့်တဲ့ ပထမရက်အနည်းငယ်အတွင်းမှာပဲ ရနိုင်မှာပါ၊ တကယ်ကို တန်တဲ့ အစီအစဉ်လေးပါရှင်"
ပတ်ဝန်းကျင်ရှိ လူတိုင်း ထိုစကားကို ကြားလိုက်ရသည်။
လူအများအပြားက ဤကဲ့သို့သော ကြိုတင်ငွေဖြည့် ကတ်အစီအစဉ်မျိုးကို ယခင်က တစ်ခါမှ မကြုံဖူးကြသော်လည်း အပိုငွေ ယွမ်အနည်းငယ် ရရှိမည့် အခွင့်အရေးကောင်းဖြစ်ကြောင်း ကြားသိရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး အသုံးပြုမည့် အချိန်ကန့်သတ်ချက် မရှိသဖြင့် သူတို့ အသုံးပြုချင်သလောက် နှစ်များအထိ သုံးလို့ရတာလားဟု စွန်းရှို့ရှို့ကို အဆက်မပြတ် မေးမြန်းကြတော့သည်။
စွန်းရှို့ရှိုထံမှ သေချာသော အဖြေကို ရရှိပြီးနောက် လူအများအပြား ဝိုင်းအုံလာသည်။
"ဒါဆို ကျွန်တော့်အတွက် တစ်ကတ် လုပ်ပေးပါ"
"ကျွန်တော့်အတွက်ရောပဲ"
အနည်းဆုံး ပမာဏမှာ ငါးယွမ်ဖြစ်နေပြီး ကျောက်မိသားစု ဝက်သားနှပ်ဆိုင် ပြဿနာကြောင့် လူအများအပြားမှာ ထိုကဲ့သို့သော ဆိုင်များကို သိပ်မယုံကြည်ကြတော့သည့်အပြင် ယွီမိသားစု ဝက်သားနှပ်ဆိုင်မှ ပထမဆုံးအကြိမ် ဝယ်ယူခြင်းဖြစ်ရာ သူတို့ ခေတ္တမျှ တွေဝေသွားသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဖောက်သည်များက အလွန်များ ပြားနေပြီး အပြင်ဘက်တွင်လည်း အတန်းရှည်ကြီး ရှိသည်။ လူများဆိုသည်မှာ အများလုပ်လျှင် လိုက်လုပ်တတ်သော စိတ်ဓာတ်မျိုး ရှိကြရာ စွန်းရှို့ရှို့ ထုတ်ပေးထားသော မှတ်စုစာအုပ်ငယ်လေးထဲတွင် လူအများအပြားက သူတို့ အမည်များနှင့် အချက်အလက်များကို ရေးမှတ်နေကြသည်ကို မြင်ရချိန် လူအတော်များများကလည်း စာရင်းသွင်းရန် စိတ်အားထက်သန်လာကြသည်။
အချို့လူများက စောင့်ကြည့်နေဆဲဖြစ်သလို ငွေကုန်ခံရန် ဝန်လေးနေကြသေးသော်လည်း ကတ်လုပ်သည့် လူများက များလွန်းသည်။ အခန်းတွင်း စာရင်းသွင်းသူ အရေအတွက် သိပ်မများလျှင်တောင် အပြင်ဘက်တွင် လူအများအပြား ရှိနေသေးသည်။
တစ်ယောက်လျှင် ငါးယွမ် သို့မဟုတ် ဆယ်ယွမ်ဖြင့် လူအများအပြား ပေါင်းသောအခါ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ပမာဏတစ်ခုဖြစ်သွားသည်။ ၎င်းတွင် ဆိုင်အတွင်းရှိ ဝက်သားပေါင်းများ ရောင်းရငွေပင် မပါဝင်သေးချေ။
ထိုအချိန်တွင် ရှဲ့ယင်းယန်နှင့် စွန်းရှိူ့ရှို့တို့က ကောင်တာတွင် ဖောက်သည်များကို ဝန်ဆောင်မှုပေးနေပြီး ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့က အိတ်များထုပ်ပိုးပေးခြင်းနှင့် ငွေကောက်ခံခြင်းများကို ကူညီပေးကြသည်။ စွန်းမော်မှာ အနောက်ဘက်ခြံဝင်းထဲတွင် မီးမွေးကာ နောက်တစ်သုတ်အတွက် ဝက်သားနှပ်များ ပြင်ဆင်နေဆဲပင်။
ဆိုင်တစ်ခုလုံး အလွန်တရာ အလုပ်များနေပြီး လူတိုင်းခြေ ထောက်များ ညောင်းကျလုမတတ် ဟိုဟိုဒီဒီ ပြေးလွှားနေကြရသည်။
ရှဲ့ချီမှာ လုံးဝကို ဆွံ့အသွားတော့သည်။
သူနှင့် သူ့ညီမဖြစ်သူ ရှဲ့ယင်းယန်တို့ အပြင်ဘက် ဆိုင်လေးတွင် ယွီရွေ့ကျူးအား ဝက်သားနှပ် ရောင်းချရန် ကူညီပေးစဉ်ကတည်းက ယွီရွေ့ကျူး ဝက်သားနှပ် စီးပွားရေးမှာ မြို့ပေါ်တွင် ထိုမျှလောက် နာမည်ကြီးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့သဖြင့် အံ့အားသင့်ခဲ့ရခြင်းပင်။
သူမက မြို့ပေါ်တွင် အလွယ်တကူပင် နေရာတစ်ခု အခိုင်အ မာရယူနိုင်ခဲ့သည်။
ယခုတော့ သူ့မျက်မှောက်ရှိ မြင်ကွင်းက အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့အောင် ဖြစ်စေခဲ့သည်။ စက်ရုပ်တစ်ရုပ်အလား ငွေကောက်ခံကာ အိတ်ထဲထည့်ပေးနေရသဖြင့် သူ့လက်များမှာ တောင့်တင်းကာ ထုံကျင်လုမတတ် ဖြစ်နေသည်။
ငွေစက္ကူများကို အလကားရသလိုမျိုး သူ့ထံသို့ ကမ်းပေးနေကြပြီး သူက စားပွဲအောက်ရှိ ငွေသိမ်းပုံးထဲသို့ ထိုးထည့်ရသည်။ လျင်မြန်စွာ ပြည့်လျှံလာသော ငွေပုံကြီးကို မြင်ရသောအခါ သူ အမှန်တကယ် အိပ်မက်မက်မနေဘူးဆိုတာ သေချာရဲ့လားဟု လက်တွေ့မဆန်သော ခံစားချက်တစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
'ယွီရွေ့ကျူးရဲ့ စီးပွားရေးက တကယ်ပဲ အဲဒီလောက်တောင် အောင်မြင်နေတာလား'
'ပိုက်ဆံရှာရတာ တကယ်ပဲ အဲဒီလောက်လွယ်နေတာလား'
ရှဲ့ချီက ထိုမေးခွန်းများအတွက် အဖြေရှာမရသေးသလို အများကြီး တွေရန်လည်း အချိန်မရှိချေ။ အကြောင်းမှာ ဖောက်သည်တစ်သုတ် ထွက်သွားသည်နှင့် နောက်တစ်သုတ်က ချက်ချင်းဝင်လာသောကြောင့်ပင်။
ထိုအတိုင်းသာ ဆက်သွားနေမည်ဆို ယနေ့ ယွီရွေ့ကျူးဆိုင် ရောင်းရငွေက မည်မျှတောင် အံ့မခန်း ဖြစ်နေမလဲဆိုတာ သူ စိတ်ကူးတောင် မယဉ်ရဲတော့ချေ။
ဆိုင်စဖွင့်သည့် ပထမဆုံးနေ့တွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ နှစ်ဖက်စလုံးမှ လူများနီးပါး လာရောက်ကူညီပေးခဲ့ကြသည်။ သို့တိုင်အောင် သူတို့မှာ ခြေမအား၊ လက်မအားဖြင့် ချွေးသံတရွဲရွဲ ဖြစ်နေကြဆဲပင်။
လူအုပ်ကြီး စိတ်ဝင်စားမှုအပြင် အချိန်ကြာမြင့်စွာ ပြင်ဆင်မှုနှင့် ကြော်ငြာမှုတို့ ပေါင်းစပ်သွားသောအခါ ယွီရွေ့ကျူး အသားနှပ်ဆိုင်လေးမှာ ဖောက်သည်များဖြင့် စည်ကားနေတော့သည်။
နေ့လယ်စာစားချိန်၌ပင်လျှင် လူတချို့သည် ခြံဝင်းနောက်ဘက်ရှိ စားပွဲများတွင် အမြန်စားသောက်ပြီး သူတို့ အလုပ်ခွင်များသို့ အလျင်အမြန် ပြန်သွားကြသည်။
ခြံဝင်းနောက်ဘက်ရှိ ထင်းမီးများက တဖြန်းဖြန်း မြည်ကာ တောက်လောင်နေပြီး အသားနှပ် အပူငွေ့နှင့် မွှေးပျံ့သော ရနံ့များက လမ်းတစ်လျှောက်လုံးကို လွှမ်းခြုံထားတော့သည်။
ဆိုင်လေးက ကုန်စည်နှင့် ဈေးကွက်သမဝါယမအသင်းနှင့် သိပ်မဝေးလှသဖြင့် ထိုရနံ့များက သမဝါယမအသင်း ပြတင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာကာ အတွင်းရှိ အရောင်းစာရေးများကိုပင် သွားရည်ကျစေသည်။
ဖောက်သည်ဟောင်းများကလည်း ဆိုင်သို့ အလုအယက် ရောက်လာသည်။ ဈေးချပြိုင်သည့် ကာလအတွင်း ကျောက်မိသားစုဆိုင်မှ ဈေးပေါသော အသားနှပ်များကို ဝယ်စားမိပြီး နေမကောင်းဖြစ်ခဲ့ရသူများပင် ရှက်ရွံ့စွာဖြင့် ပြန်လာကြကာ ကျောက်နာနှင့် သူမ ခင်ပွန်းကို သွားရောက် ဆဲဆိုကြပြီးမှ ဤဆိုင်မှ ပစ္စည်းများစွာကို ဝယ်ယူသွားကြသည်။
ယွီရွေ့ကျူးက အချိန်တိုင်း အပြုံးပန်းဆင်လျက် ရှိနေသည်။ ရံဖန်ရံခါ ဆိုင်ထဲတွင် အိုက်စပ်စပ် ဖြစ်လာပါက လေကောင်း လေသန့် ရှူရန် အပြင်သို့ ထွက်တတ်သည်။ ယွီမိသားစု အသားနှပ်ဆိုင် အပေါက်ဝတွင် ရပ်နေသော သူမ အသွင်အ ပြင်က ဖြတ်သွားဖြတ်လာ များစွာ အာရုံကို ဖမ်းစားထားနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည်။
အသားနှပ်ဆိုင်လေး ပထမဆုံး ဖွင့်လှစ်သောနေ့သည် သူတို့ မျှော်မှန်းထားသည်ထက်ပင် သာလွန်ကာ အောင်မြင်မှု အပြည့်အဝ ရရှိခဲ့သည်။
သူတို့ ပြုလုပ်ထားသော အရသာမျိုးစုံရှိသည့် ဝက်အူချောင်းများမှာလည်း လျင်မြန်စွာရောင်းထွက်သွားခဲ့ပြီး အခြားသော အသားနှပ်များနှင့် ဟင်းလျာမျိုးစုံမှာလည်း ဆိုဖွယ်ရာပင် မရှိတော့ပေ။
ညနေခင်း ဆိုင်ပိတ်ပြီးနောက် စွန်းရှို့ရှို့နှင့် စွန်းမော်တို့က ကြမ်းပြင်ကို တိုက်ချွတ်သန့်စင်ကြပြီး ရှဲ့ယင်းယန်နှင့် ရှဲ့ချီတို့က စားပွဲများကို သုတ်သင်ရှင်းလင်းကြသည်။ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကတော့ ကောင်တာတွင် စာရင်းရှင်းနေကြသည်။
ပိုက်ဆံများကို ရေတွက်ပြီးနောက် ယွီရွေ့ကျူးက ကြိုတင်ငွေသွင်း ကတ်စနစ် မှတ်တမ်းတင်ထားသော စာအုပ်ငယ်လေးကို ကြည့်လိုက်သည်။ သူမကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ သူမက ဟော်ချန်ယဲ့ကို မော့ကြည့်ပြီး စကား ပြောရန်ပင် တုံ့ဆိုင်းနေမိသည်။
ကြိုတင်ငွေသွင်းသူများကို မှတ်တမ်းတင်ရန် သီးသန့်ဝယ်ထားသော ထိုစာအုပ်လေးထဲတွင် နာမည်များနှင့် အချက်အ လက်များက စာမျက်နှာ နှစ်မျက်နှာကျော်မျှပင် ပြည့်နှက်နေသည်။
လူအများအပြားက ငါးယွမ်တန် ကြိုတင်ငွေသွင်းကတ်များကို ဝယ်ယူခဲ့ကြပြီး ဆယ်ယွမ်ဖိုး ကြိုတင်သွင်းထားသူများလည်း မနည်းမနောပင် ရှိလှသည်။
ကြိုတင်ငွေသွင်းထားသည့် ပမာဏကိုသာ ကြည့်မည်ဆိုလျှင်ပင် တစ်ရက်တည်းနှင့် ၃၅၅ ယွမ်တိတိ ရရှိနေခဲ့ပြီဖြစ်သည်။
'ဒါက ဘာကိုဆိုလိုသလဲ၊ ယခုခေတ်တွင် သာမန်လူတစ်ယောက်၏ တစ်လစာ ဝင်ငွေမှာ ယွမ်အနည်းငယ်သာ ရှိသည်မဟုတ်ပါလား'
ဤ ၃၅၅ ယွမ်ဆိုသည်မှာ အသားနှပ်များနှင့် ဝက်အူချောင်းများ ရောင်းရငွေပင် မပါဝင်သေးပေ။
အကယ်၍သာ ၎င်းတို့ကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ယနေ့ တစ်ရက်တည်း အမြတ်ငွေသည် ယွမ် ၄၀၀ ကျော်အထိ ထိုးတက်သွားမည်ဖြစ်သည်။
၎င်းမှာ ဆိုင်သစ်ဖွင့်သည့် ပထမဆုံးနေ့ဖြစ်ခြင်း၊ လူအသွားအလာ များပြားခြင်းနှင့် ၁၀ ရာခိုင်နှုန်း လျှော့ဈေးကြောင့် လူများ စိတ်ဝင်စားကာ လာရောက်ကြခြင်း ဖြစ်သည်ကို ယွီရွေ့ကျူး သိသော်လည်း ထိုပမာဏကတော့ အံ့မခန်း အံ့သြဖွယ်ကောင်းလွန်းလှသည်။
ပိုက်ဆံများကို ရေတွက်နေရင်း ယွီရွေ့ကျူး လက်များပင် တုန်ရီလုမတတ် ဖြစ်နေရှာသည်။ သူမ မျက်ဝန်းများက အရောင်လဲ့နေပြီး ရင်ထဲတွင်လည်း ဝမ်းသာပီတိများဖြင့် ပြည့်လျှံလာတော့သည်။
တစ်ရက်တည်းနှင့် ယွမ်လေးရာကျော် ဝင်ငွေရရှိခြင်း...
သူမဆိုင်ခန်းငှားရမ်းခ၊ အလုပ်သမားခများနှင့် ကနဦး ရင်းနှီးမြှုပ်နှံမှု အားလုံးနီးပါးကို တစ်ရက်တည်းနှင့် ကာမိသွားသည့်အပြင် အနည်းငယ်ပင် ပိုနေသေးသည်။
သူမဘဝကြီးက ချက်ချင်းဆိုသလို တောက်ပလာတော့မည့်အလား ခံစားလိုက်ရသည်။
ဤကမ္ဘာသို့ သူမ ပထမဆုံး ရောက်ရှိလာစဥ်က ရွာထိပ်ရှိ ဟော်ချန်ယဲ့ အသားဆိုင်ဘေးတွင် ဈေးဗန်းလေးချကာ တစ်ရက်လျှင် လေး၊ငါးယွမ်လောက် ရရုံဖြင့် ဝမ်းသာလုံးဆို့ ခုန်ပေါက်နေခဲ့ရသည်ကို ယွီရွေ့ကျူး ပြန်လည်သတိရမိသည်။
ယခုအခြေအနေနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ သူမ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ဗြောင်းဆန်််မိတော့သည်။ ထိုမျှတိုတောင်းသော အချိန်ကာလလေးအတွင်း သူမ ဝင်ငွေက အဆတစ်ရာကျော်မျှ တက်လာခဲ့သည်။