← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

🐽 Chapter 120

ယွီရွေ့ကျူးက မပြုံးဘဲ မနေနိုင်တော့ဘဲ သူမ မျက်လုံးလေးများ မှေးကျဉ်းသွားသည်အထိ ပြုံးမိသည်။ သူမက ရှေ့သို့ ကိုင်းညွတ်ကာ ဟော်ချန်ယဲ့ ပါးကို ရုတ်တရက် အနမ်းတစ်ပွင့် ပေးလာပြီး သူ့လက်မောင်းကို ပျော်ရွှင်စွာ ဖက်တွယ်လာသည်။

"ဟော်ချန်ယဲ့၊ ရှင် ကျွန်မကို မရှာကျွေးရသေးခင်မှာတင် ကျွန်မက ရှင့်ကို ရှာကျွေးနိုင်တော့မယ့်ပုံပဲ၊ ရှင် ဘာလိုချင်လဲဆိုတာသာ ပြောလိုက်၊ ကျွန်မဆီမှာ ပိုက်ဆံတွေ ရှိတယ်"

သူမက မေးလေးကို ပင့်ကာ နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ချိတ်ဆွဲထားရင်း ဟော်ချန်ယဲ့ မျက်နှာရှေ့တွင် ပိုက်ဆံများကို ဝှေ့ယမ်းပြသည်။

ဟော်ချန်ယဲ့က သူမ လက်ထဲရှိ စာရင်းများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ မျက်နှာပေါ်ရှိ အမူအရာကို ချက်ချင်း သဘောပေါက်သွားသည်။သူ့ အံ့သြမှုမှာလည်း ယွီရွေ့ကျူးထက် မလျော့နည်းသည့်အပြင် ပိုပြင်းထန်နေသည်။

အကြောင်းမူကား စီးပွားရေးလုပ်ရသည်မှာ မည်မျှခက်ခဲကြောင်းကို သူ့ထက် ပိုသိသူ မရှိသောကြောင့်ပင်။

ဖောက်သည်ဟောင်းများ ပံ့ပိုးမှုမရှိဘဲ သူ့ အသားဆိုင်လေး တဖြည်းဖြည်း တိုးတက်လာစေရန် အချိန်များစွာ ယူခဲ့ရသည်။

သို့သော် ယွီရွေ့ကျူးသည်တော့...

ဟော်ချန်ယဲ့က နက်ရှိုင်းသော မျက်ဝန်းများဖြင့် သူမကို ညင်သာစွာ ကြည့်မိသည်။ သူမ နမ်းသွားခဲ့သော ပါးပြင်ကို ထိကိုင်မိပြီး ပျော်ရွှင်မှုများပင် ကူးစက်လာကာ ပြုံး၍ပြန်ဖြေသည်။

"ကောင်းပြီ၊ ကိုယ့်ကို မင်း ရှာကျွေးမယ့်အချိန်ကို စောင့်နေပါ့မယ်"

ယွီရွေ့ကျူးက အမှန်ကို ထူးခြားလွန်းသူလေး ဖြစ်သည်။ မည်သည့်အရာကမျှ သူမကို အခက်တွေ့စေနိုင်ခြင်း မရှိပေ။

သူမထံတွင် အလွန်အားကောင်းပြီး အခြားသူများကိုပါ ကူးစက်စေနိုင်သော အပြုသဘောဆောင်သည့် စွမ်းအင်များ ရှိနေပြီး အမြဲတမ်း တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် နေမင်းငယ်လေးတစ်စင်းနှင့် တူလှသည်။

သူမ လုပ်သမျှ အရာတိုင်းကလည်း ထူးချွန်ပြောင်မြောက်လှသည်။ ကောင်းမွန်သော စိတ်ကူးသစ်များ များစွာရှိရုံသာမက အရသာရှိသော ဟင်းလျာမျိုးစုံကို ချက်ပြုတ်နိုင်ပြီး ကြီးမား သော ပါရမီနှင့် စိတ်ဓာတ်ခွန်အားများကိုလည်း ပိုင်ဆိုင်ထားသည်။

ယွီမိသားစု အသားနှပ်ဆိုင်လေးသည် အစပျိုးမှုတစ်ခုသာဖြစ်ပြီး နောင်တစ်ချိန်တွင် သူမစီးပွားရေးက ပိုပိုကောင်းမွန်လာလိမ့်မည်ဟု ဟော်ချန်ယဲ့ ယုံကြည်သည်။

ရှဲ့ချီမှာ အမြဲတမ်း ကြည်နူးပြနေတတ်သော ဤစုံတွဲကို မခံစားနိုင်တော့သဖြင့် မမြင်ချင်ယောင်ဆောင်ကာ အဝေးသို့ ထွက်သွားတော့သည်။

သို့သော် ဆိုင်သစ်ဖွင့်သည့် ပထမငါးရက်က အလွန်အလုပ် များကာ ပင်ပန်းမည်ဖြစ်သဖြင့် နေ့စဉ်ဆုကြေးငွေများ ရရှိမည်ဟု ယွီရွေ့ကျူးပြောသည်ကို ရှဲ့ချီ ကြားသောအခါ သူ့မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွားတော့သည်။

'ယွီရွေ့ကျူးက... တကယ့်ကို လူကောင်းလေးပါလား'

ရှဲ့ချီမှာ အနည်းငယ်ပင် စိတ်လှုပ်ရှားသွားရသည်။

တစ်နေ့တာ အလုပ်များပြီးနောက် ယွီရွေ့ကျူးက အပြင်ဘက်ရှိ စက္ကူစအကြွင်းအကျန်များကို တံမြက်လှည်းကာ ခြံဝင်းနောက်ဘက်ရှိ ပစ္စည်းများကို ဆိုင်ထဲသို့ထည့်သိမ်းသည်။ ထို့နောက် ခြံဝင်းနှင့် ဆိုင်တံခါးကို သော့ခတ်ကာ သူတို့နှင့်အတူ အိမ်ပြန်ရန် ထွက်လာခဲ့သည်။

သူတို့ အိမ်က အလွန်ဝေးကွာပြီး အသွားအပြန် ကားခလည်း ဈေးကြီးသောကြောင့် မောင်နှမနှစ်ယောက်ဖြစ်သော စွန်းရှို့ရှို့နှင့် စွန်းမော်တို့ကဆိုင်စောင့်အဖြစ် ဖက်ထုပ်ဆိုင်အနောက် ဘက်ရှိ အခန်းတွင်သာ အိပ်ကြသည်။

ညမိုးချုပ်လာသောအခါ စီးပွားရေးအဆင်ပြေကာ ငွေဝင်နေပြီဖြစ်သော်လည်း သူဌေးမယွီမှာ ယခင်ကအတိုင်း မြင်းလှည်းကိုသာ စီး၍ ပြန်ရဆဲပင်။

သို့သော် ယခင်က သူမနှင့် ရှဲ့ယင်းယန် နှစ်ယောက်တည်းကိုသာ တင်ဆောင်လေ့ရှိသော လှည်းပေါ်တွင် ယခုတော့ ရှဲ့ချီနှင့် ဟော်ချန်ယဲ့တို့ပါ ပါဝင်လာသည်။

သတင်းကောင်းတစ်ခုမှာ အချို့သော စင်များ၊ ဒယ်အိုးများနှင့် ပန်းကန်များကို အသွားအပြန် သယ်ယူစရာ မလိုတော့ဘဲ ဆိုင်ထဲတွင်သာ တိုက်ရိုက်ထားခဲ့နိုင်ခြင်းပင်။

ထို့ကြောင့် သူတို့ လှည်းနောက်ဘက်က သိပ်ကျပ်သိပ်မနေတော့ဘဲ သူတို့လေးယောက်စလုံး သက်တောင့်သက်သာ ထိုင်နိုင်သွားသည်။

ယနေ့ ဆိုင်အရောင်းအဝယ် ကောင်းမွန်မှုက ယွီရွေ့ကျူးကို ယုံကြည်မှုအချို့ ပေးလိုက်၍လားမသိ သူမ သွားလာရေးကိစ္စများကို စတင်တွေးလာသည်။ ထို့ကြောင့် သူမက ဟော်ချန်ယဲ့ နားနားသို့ ကပ်ကာ တီးတိုးပြောသည်။

"မြို့ကို ဒီလိုမျိုး အမြဲတမ်း အသွားအပြန် လုပ်နေရတာ နည်းနည်း ဒုက္ခမများလွန်းဘူးလား၊ ကျွန်မတို့ ပိုက်ဆံနည်းနည်း စုမိရင် ကားတစ်စီးဝယ်တာ ဒါမှမဟုတ် မြို့ပေါ်မှာ အိမ်တစ် လုံးလောက် ဝယ်ထားလိုက်ရင် ကောင်းမလား"

ယခင်ကဆိုလျှင် ကားတစ်စီး ဝယ်ဖို့ရာမှာ ဟော်ချန်ယဲ့အတွက် လက်လှမ်းမမီနိုင်သော အရာဟု ထင်ခဲ့မိမည်ဖြစ်သော်လည်း ယခုအခါတွင်မူ မဖြစ်နိုင်စရာ မရှိဟု ခံစားနေရသည်။

သို့သော် စီးပွားရေးလုပ်ငန်းအတွက်တော့ ကားတစ်စီးက သိပ်လက်တွေ့မကျလှပေ။ ဟော်ချန်ယဲ့က မျက်လွှာကို ချကာ ပြောလာသည်။

"ထွန်စက်ဆို ပိုအဆင်ပြေတယ်၊ ကုန်ပစ္စည်းတွေ တင်ဖို့ ချဖို့အတွက်လည်း အဆင်ပြေသလို နောက်ခန်းကလည်း ဝက် သားနဲ့ အသားနှပ်တွေ အများကြီးဆံ့တယ်လေ၊ ပြီးတော့ နွားလှည်း ဒါမှမဟုတ် မြင်းလှည်းတွေထက်လည်း အများကြီး ပိုမြန်တယ်"

ယွီရွေ့ကျူး ပြုံးလေသည်။

"ကောင်းပါပြီ"

သူမက လက်ကိုမြှောက်ကာ ဟော်ချန်ယဲ့ ဗိုက်သားများကို လက်ညိုးဖြင့် ထိုးပြီး သူ့ကို နောက်ပြောင်ချင်သည့်အလား မျက်ခုံးပင့်လေသည်။

"ကျွန်မကတော့ အရှိန်ရနေပြီနော်၊ အခု ရှင့်အလှည့်ပဲ ဟော်ချန်ယဲ့၊ ရှင်လည်း ပိုက်ဆံတွေ အများကြီးရအောင် ကြိုးစားပြီး ကျွန်မတို့ရဲ့ ထွန်စက်ကြီး တန်သွားအောင် လုပ်ပေးရမယ်"

သူမ အထိအတွေ့ကြောင့် ဟော်ချန်ယဲ့ တစ်ကိုယ်လုံး တောင့် တင်းသွားရပြီး အငြိမ်မနေသော သူမ လက်လေးကို သူ့ လက်ဖဝါးဖြင့် သိမ်မွေ့စွာ ဆုပ်ကိုင်ထားလိုက်ရင်း ခေါင်း ညိတ်သည်။

"ကောင်းပြီ"

ယနေ့ အလွန်ပင်ပန်းသွားကြ၍လားမသိ၊ ရွာသို့ လှည်းရောက်လာပြီးနောက် ဟော်ချန်ယဲ့က ယွီရွေ့ကျူး ခါးမှပွေ့ကာ လှည်းပေါ်မှ ချပေးသည်။ ထို့နောက် သူတို့နှစ်ဦး လက်တွဲကာ အိမ်သို့ အတူတူ ပြန်လာခဲ့ကြသည်။ သက်တောင့်သက်သာရှိသော ရေနွေးနွေးဖြင့် ရေချိုးပြီးနောက် အမြန်စားသောက်ကာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။

နောက်တစ်နေ့တွင်တော့ ယွီရွေ့ကျူးက သတင်းကောင်း နှစ်ခုကို လက်ခံရရှိခဲ့လေသည်။

ပထမ သတင်းကောင်းသည်တော့ ငါးရက်တစ်ဈေးဖြစ်သော မြို့ဈေးနေ့ဖြစ်နေခြင်းပင်။ အမြတ်ငွေ ယွမ်လေးရာကျော် ရရှိခြင်းမှာ ခဏတာ အောင်မြင်မှုသာဖြစ်သွားမည်ကို သူမ အစက စိုးရိမ်နေခဲ့မိသည်။

သို့သော် မထင်မှတ်ထားစွာပင် ဈေးနေ့ရောက်သောအခါ အပြင်ဘက်ရှိ လက်တွန်းလှည်းများနှင့် အသားနှပ်ဆိုင်အတွင်းမှ စည်ကားနေသော အငွေ့အသက်များ ပေါင်းစပ်သွားရာ လူအုပ်ကြီးကို အလုံးအရင်းနှင့် ဆွဲဆောင်နိုင်ခဲ့သည်။

ယွီမိသားစု အသားနှပ်ဆိုင်က လူကြိုက်များမှုက လျော့မသွားသည့်အပြင် ပိုတိုးလာသည်။ ထို့ကြောင့် သူတို့တစ်တွေ မိုးလင်းမှ မိုးချုပ်အထိ ထပ်မံ အလုပ်များကြပြန်သည်။ တစ်ဖွဲ့လုံး အလုပ်လုပ်ကြလွန်းသဖြင့် ရေသောက်ချိန်ပင် မရကြချေ။ စွန်းရှို့ရှို့၊ ရှဲ့ချီနှင့် အခြားသူများမှာ ကြိုတင်ငွေသွင်းကတ်များအကြောင်း ရှင်းပြရလွန်းသဖြင့် အသံပင် ဝင်ချင်နေသည်။

ကံကောင်းထောက်မစွာဖြင့် ညနေခင်း ဝင်ငွေစာရင်းတွက် ချက်ကြည့်သောအခါ ပထမနေ့က ရရှိခဲ့သော အမြတ်ငွေထက်ပင် သာလွန်နေသဖြင့် အားလုံးအတွက် ကြည်နူးဖွယ် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

ယွီရွေ့ကျူးက မဆိုင်းမတွပင် ငွေစက္ကူများကို ထုတ်ယူကာ ရှိနေသူအားလုံးကို ဆုကြေးငွေအဖြစ် ဝေငှပေးသည်။ ပိုက်ဆံလည်း ရလိုက်ရော အားလုံးမှာ ခါးနာ ခြေညောင်း သည်များ ချက်ချင်းပျောက်ကင်းသွားသလို ခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်နေသော စိတ်ဝိညာဉ်များပင် ချက်ချင်းပြန် လည် လန်းဆန်းတက်ကြွလာကြတော့သည်။ ပိုက်ဆံဆိုသည်မှာ တကယ့်ကို အံ့မခန်း အစွမ်းထက်သည့် အရာပင် မဟုတ်ပါလား။

ယွီရွေ့ကျူးလည်း ကျေနပ်အားရစွာဖြင့် မျက်ခုံးလေး ပင့်သည်။

'ငါလေး ထင်သားပဲ၊ ဒီလောကမှာ ပိုက်ဆံရဲ့ ဆွဲဆောင်မှုကို ဘယ်သူကများ လွန်ဆန်နိုင်မှာတဲ့လဲ၊ ဒါကြောင့် ပိုက်ဆံမက်တာ လုံး၀ ငါ့အမှား မဟုတ်ဘူး'

ဒုတိယ သတင်းကောင်းသည်တော့ ယွီရွေ့ကျူးအပေါ် အမြဲတမ်း အကောက်ကြံရန် စဉ်းစားနေခဲ့သော ကျောက်နာတစ်ယောက် နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ခြင်းပင်။

သူမ အသားနှပ်ဆိုင်တွင် ဖြစ်ခဲ့သော ပြဿနာများကြောင့် ယွီရွေ့ကျူး ဆိုင်လည်း အဆင်ပြေမည်မဟုတ်ဟု တွေးကာ ယွီရွေ့ကျူး ကျရှုံးသည်ကို ကြည့်ရန် အစက စီစဉ်ထားခဲ့သည်။ မြို့ခံလူများက အသားနှပ်အပေါ် မည်သို့ယုံကြည်မှု ရှိနိုင်တော့မည်နည်း။

ယွီရွေ့ကျူးဆိုင်ကလည်း အစားအသောက် ဘေးကင်းလုံခြုံရေး ပြဿနာများ ရှိလာမည်ကို သူတို့ မကြောက်ကြဘူးလား။

သို့သော် မထင်မှတ်ထားစွာပင် နှစ်ရက်ဆက်တိုက် ယွီရွေ့ကျူး အသားနှပ်ဆိုင်လေးမှာ အံ့မခန်း လူကြိုက်များနေပြီး ဆိုင်ထဲတွင် လူများ ပြည့်ကျပ်နေကာ အပြင်ဘက်တွင်လည်း တန်းစီနေသူများ အရှည်ကြီး ရှိသည်။

ဖောက်သည်များက အသားနှပ် အိတ်ကြီးများကို ဆွဲကာ ဝင်ထွက်သွားလာနေကြပြီး လမ်းတစ်လျှောက်လုံးတွင်လည်း အရသာရှိသော အနံ့အသက်များက ဖုံးလွှမ်းနေတော့သည်။

ယွီရွေ့ကျူး၏ ဆိုင်က အသားနှပ်သာမက သက်သတ်လွတ် ဟင်းသီးဟင်းရွက်နှပ်များပါ ရောင်းချပြီး မည်သူမျှ တုပ၍မရနိုင်သော အရသာရှိကာ အလွန်ကောင်းမွန်ကြောင်း လူအများက ပြောကြသည်။ ထို့အပြင် လတ်ဆတ်မွှေးပျံ့ကာ အရသာမျိုးစုံရှိသော ဝက်အူချောင်းများလည်း ရှိသေးသည်။ အပြင်ခွံက ကြွပ်ရွနေပြီး အတွင်းတွင် အသားများ အပြည့်အသိပ် ပါဝင်ကာ စားချင့်စဖွယ် ဖြစ်နေသည်။

ပထမနေ့က အံ့မခန်း လူကြိုက်များခဲ့သလို ဒုတိယနေ့တွင်လည်း ထိုအရှိန်အဝါက ကျမသွားခဲ့ပေ။ အမှန်တကယ်တော့ ပို၍ပင် စည်ကားလာမည့်ပုံ ပေါ်နေသည်။

ငွေကြိုသွင်းလျှင် အပိုငွေ ပြန်အမ်းပေးသည့် ကြိုတင်ငွေသွင်းကတ် အစီအစဉ်တစ်ခု ပြုလုပ်နေသည်ဟု ကောလဟာလ ထွက်ပေါ်နေပြီး လူအများအပြားက ငွေလာသွင်းကြသည်။ ထိုအစီအစဉ် တစ်ခုတည်းမှပင် ယွီရွေ့ကျူး မည်မျှအထိ ငွေရနိုင်သည်ကို ကျောက်နာ ယုံတောင်မယုံနိုင်ချေ။

သူမမှာ မနာလိုလွန်းသဖြင့် ယွီရွေ့ကျူး သို့မဟုတ် ယွီမိသားစု အသားနှပ်ဆိုင်နှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ခုခုကို ကြားလိုက်ရသည်နှင့် ခေါင်းများ နာကျင်ကိုက်ခဲလာသည်အထိပင်ဖြစ်လာရသည်။

All Chapters