← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

🐽 Chapter 121

သို့သော် ထိုအရာနောက်တွင် စိုးရိမ်ပူပန်မှုများ ကပ်ပါလာတော့သည်။ ယွီရွေ့ကျူး စီးပွားရေးက ဤမျှအဆင်ပြေနေသည်ဖြစ်ရာ သူမ နာမည်ဂုဏ်သတင်းကို သေချာပေါက် တန်ဖိုးထားပေလိမ့်မည်။

ထိုသို့အခြေအနေမှာ လျှော့ဈေးလေး နည်းနည်းဖြင့် သူမ နာမည်ပျက်နေသော အသားနှပ်ဆိုင်ကို လွှဲယူဖို့လောက်အထိ ယွီရွေ့ကျူး လောဘတက်နေမှာနည်း

ယခင်က သူမသည် ယွီရွေ့ကျူးကို ထူးထူးခြားခြား ဈေးလျှော့ပေးခဲ့ခြင်းမျိုးပင် မရှိပေ။

ဒဤအတိုင်းသာ ဆက်သွားနေလျှင် သူမဆိုင်မှာ ရောင်းထွက်ဖို့ မဖြစ်နိုင်တော့ဘဲ သူမလက်ထဲတွင်သာ သောင်တင်နေတော့မည်။ ကျောက်နာမှာ အလွန်စိုးရိမ်ပူပန်နေသဖြင့် အချိန်အတော်ကြာ အိပ်မပျော်နိုင်ခဲ့ပေ။ အဆုံးတွင်တော့ သူမ အံ့ကြိတ်ကာ ယွီရွေ့ကျူးကို သွားရှာတော့သည်။

ယခုတစ်ကြိမ်တွင်တော့ သူမ မည်သည့် ဉာဏ်နီဉာဏ်နက်မှ မထုတ်တော့ပေ။ အမှန်တော့ ယွီရွေ့ကျူး သူမ ဆိုင်ကို မ၀ယ်မည်ကို စိုးရိမ်သဖြင့် အလွန်သက်သာသော ဈေးနှုန်းတစ်ခုကိုပင် ကမ်းလှမ်းခဲ့သည်။

သို့တိုင်အောင် ယွီရွေ့ကျူးက မည်သည့်အံ့အားသင့်မှုမျှ မပြသခဲ့ပေ။ သူမက အေးအေးဆေးဆေးပင်နေခဲ့ပြီး ကျောက်နာအား အကြိမ်အနည်းငယ် ဖိအားပေးပြီးမှသာ ကျောက်မိသားစု အသားနှပ်ဆိုင်ကို သူမထံမှ လွှဲယူသည်။

ကျောက်နာတစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်နိုင်ပြီး အနည်းငယ်ပင် လောနေသေးသည်။

စာချုပ်ချုပ်ဆိုကာ ယွီရွေ့ကျူးထံမှ ပိုက်ဆံရပြီးနောက်တွင် သူမ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသည့်အလား ခံစားရပြီး အသံထွက်ကာပင် ရယ်လိုက်မိသည်။ သို့သော် ယွီရွေ့ကျူးက သူမထက်ပင် ပိုပျော်ရွှင်နေသည်ကို မသိခဲ့ပေ။

ဈေးနှုန်းကို ဖြစ်နိုင်သမျှ အနိမ့်ဆုံးအထိ ဆွေးနွေးနိုင်ခဲ့ပြီး ဟော်ချန်ယဲ့နှင့် တိုင်ပင်စဉ်က ခန့်မှန်းထားသော ဈေးထက်ပင် နည်းနေသေးသည်။ ဆိုလိုသည်မှာ သူတို့ ပိုက်ဆံထပ်မံချွေတာနိုင်ခဲ့ခြင်းပင်။ သူမ မည်သို့ မပျော်ဘဲနေနိုင်မည်နည်း။

ထိုညနေ အိမ်ပြန်ရောက်သောအခါ ယွီရွေ့ကျူး ဟော်ချန်ယဲ့ကို စာချုပ်လှမ်းပေးပြီး ပြုံးလျက် သူ့ပခုံးကို ပုတ်ကာ ပြောသည်။

"ကိစ္စပြတ်သွားပြီ ဟော်ချန်ယဲ့၊ အခုကစပြီး မြို့ပေါ်မှာ ကျွန်မတို့ နှစ်ယောက်လုံး ဆိုင်ကိုယ်စီ ရှိသွားပြီ၊ အဲဒါကလည်း မျက်နှာချင်းဆိုင်မှာဆိုတော့ ရှင် ခေါင်းမော့ကြည့်လိုက်တာနဲ့ ကျွန်မကို မြင်ရမှာဖြစ်လို့ လိုအပ်ရင် တစ်ယောက် ကိုတစ်ယောက် ကူညီလို့ရပြီ"

ဟော်ချန်ယဲ့က သူ့ လက်ထဲရှိ စာချုပ်ကို ဟိုဘက်ဒီဘက် လှန်လှောကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ချေ။

"ဟုတ်တယ်"

မြို့ပေါ်တွင် ဆိုင်ဖွင့်ရန်ဆိုသည်မှာ သူ အမြဲစဉ်းစားနေခဲ့သော အရာဖြစ်သော်လည်း ယွီရွေ့ကျူးနှင့် လက်ထပ်ပြီးနောက် ဤစိတ်ကူးက မြန်မြန် အကောင်အထည် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယွီရွေ့ကျူးနှင့် လက်ထပ်ပြီးနောက် အရာများစွာ ပြောင်းလဲသွားခဲ့သည်။ သူမက သူ့အတွက် ကံကောင်းစေသော ကြယ်ပွင့်လေးပင်။

ယွီရွေ့ကျူး အခြေအနေမှာ ယာယီအားဖြင့် တည်ငြိမ်သွားသည်။ ဆိုင်ကြည့်ပေးမည့်သူလည်း ရှိနေသည်။ ရှဲ့ချီနှင့် စွန်းရှို့ရှို့ နှစ်ယောက်စလုံးက တော်တော်လေး လိမ္မာပါးနပ်ကြသဖြင့် သူမက ခြံဝင်းနောက်ဘက်ရှိ အသားနှပ်အိုးကိုသာ စောင့်ကြည့်ရန် လိုအပ်တော့သည်။

တစ်ချိန်တည်းမှာပင် ဟော်ချန်ယဲ့မှာ သူ့ မွေးမြူရေးခြံအတွက် ပြင်ဆင်နေရသဖြင့် အလုပ်များနေသည်။

အနီးအနားရှိ မြေရိုင်းတောင်တစ်ခုတွင် နေရာရွေးချယ်ပြီးနောက် ခြံကို ချဲ့ထွင်ခြင်း၊ ဝက်ပေါက်လေးများ ရောင်းချခြင်းနှင့် အလုပ်သမားများ ငှားရမ်းခြင်းစသည့် အလုပ်အားလုံးမှာ အတော်လေး အားစိုက်ထုတ်ရလေသည်။ မွေးမြူရေးခြံတွင် အလုပ်များနေစဉ်အတွင်း အသားဆိုင်ကိုလည်း မြို့သို့ ရွှေ့ပြောင်းရန် လိုအပ်သေးသည်။

ယခု ဟော်ချန်ယဲ့အတွက် အရေးကြီးဆုံးအလုပ်မှာ အလုပ် သမားများ ရှာဖွေရေးပင်။ နေရာတိုင်းတွင် လူအင်အား ပြတ်လပ်နေသည်။

ရွာသားများမှာ အစက ယွီရွေ့ကျူး မြို့ပေါ်ရှိ ဈေးဆိုင်လေးတွင် အသားနှပ်ရောင်းသည်ကိုသာ သိသည်။

တစ်ခါတစ်ရံ မြို့ပေါ်ရှိ သမဝါယမအသင်းသို့ သွားသော အခါ ယွီရွေ့ကျူး ထိုနေရာတွင် အလုပ်များနေသည်ကို သူတို့ မြင်တွေ့ရတတ်သည်။

ယခင်က သူတို့အထဲမှ အချို့သော ရှေးရိုးစွဲသမားများက ယွီရွေ့ကျူး အပြုအမူကို ရှက်စရာဟု ထင်မြင်ကြပြီး မိန်းမတစ်ယောက်၏ မှန်ကန်သော အခန်းကဏ္ဍမှာ ဇနီးကောင်း၊ မိခင်ကောင်းဖြစ်ရန်၊ ယောက္ခမများကို ပြုစုစောင့်ရှောက်ရန်၊ အဝတ်လျှော်ဟင်းချက်ရန်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ မြို့ပေါ်တွင် ထိုသို့ အမြဲတမ်း လူလုံးထွက်ပြနေခြင်းမှာ ရယ်စရာတစ်ခုဟုသာ ထင်ခဲ့ကြသည်။

သို့သော် အချိန်တိုလေးအတွင်း အခြေအနေများ သိသိသာ သာ ပြောင်းလဲသွားခဲ့သည်ကို သူတို့ မသိခဲ့ကြပေ။

ရက်အနည်းငယ် အလိုကပင် ရွာထိပ်တွင် ယွီရွေ့ကျူး အပြု အမူများအကြောင်း ဆွေးနွေးရင်းမသင့်တော်ကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော် နောက်တစ်နေ့တွင်တော့ ယွီရွေ့ကျူး မြို့ပေါ်တွင် ဆိုင်ဖွင့်ပြီး အရောင်းအဝယ်အလွန်ကောင်းနေကြောင်း သူတို့ ကြားလိုက်ရသည်။

သံသယရှိသူ အချို့က ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် မြို့သို့ သွားခဲ့ကြပြီး အပြင်ဘက်ရှိ အရှည်ကြီး တန်းစီနေသည့် လူအုပ်ကြီးကို မြင်ရချိန်တွင် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

ဖောက်သည်များက အသားနှပ်များနှင့် ဝက်အူချောင်းများကို အလကားရသည့်အလား အိတ်ကြီးအိတ်ငယ်များဖြင့် သယ် ဆောင်သွားကြသည်ကို မြင်သောအခါ သူတို့မှာ လုံးဝကို အကန်းကြီးလိုဖြစ်သွားကြတော့သည်။ ဤသည်မှာ တစ်ရက်တည်း ဖြစ်ပျက်နေခြင်း မဟုတ်ပေ။

ပိုမထင်မှတ်ထားသည်မှာ အချိန်သိပ်မကြာမီမှာပင် ဟော်ချန်ယဲ့ကပါ သူ့ အသားဆိုင်ကို မြို့သို့ရွှေ့ပြီး ယွီရွေ့ကျူးဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လိုက်ခြင်းပင်။

'ဒါ... ဒါက... မြို့ပေါ်မှာ ဆိုင်ဖွင့်တာက တကယ်ပဲ အဲဒီလောက် အမြတ်အစွန်းများလို့လား'

အချို့သော အာရုံစိုက်လွန်းသူများက ယွီရွေ့ကျူး အသားနှပ်ဆိုင် အမြတ်ငွေပုံစံနှင့် ဖောက်သည်ဝင်ရောက်မှုကိုပါ စာရင်းပြုစုကာ သူမ တစ်ရက်လျှင် မည်မျှရနိုင်သည်ကို ခန့်မှန်းတွက်ချက်ကြည့်ကြသည်။

ထွက်ပေါ်လာသော ကိန်းဂဏန်းများက နေ့စဉ် လယ်ကွင်းထဲတွင် ပင်ပန်းကြီးစွာ အလုပ်လုပ်နေရသော ရွာသားများကို မှင်သက်သွားစေသည်။

သူတို့ မိသားစုတစ်စုလုံး အလုပ်လုပ်လျှင်ပင် အခြေအနေ ကောင်းသည့် နှစ်များတွင်မှ ယွမ်တစ်ရာကျော်လေးသာ ရနိုင်သည်။ ယွီရွေ့ကျူးက တစ်ရက်တည်းနဲ့ ယွမ်ရာနဲ့ချီပြီး ရနိုင်သည်တဲ့လား။ ယုံနိုင်စရာ မရှိလောက်အောင်ပင်။

လူအများအပြားမှာ သွေးဆောင်ဖြားယောင်းခံရသကဲ့သို့ ဖြစ်သွားပြီး

'ယွီရွေ့ကျူးတောင် အောင်မြင်နိုင်တယ်ဆိုရင် သူတို့လို အသက်ပိုကြီးပြီး အတွေ့အကြုံပိုများတဲ့ သူတွေဆိုရင် ပိုတောင် ကောင်းကောင်းလုပ်နိုင်ဦးမှာ'

ထို့အပြင် ဟော်ချန်ယဲ့က မွေးမြူရေးခြံဖွင့်ရန် မြေရိုင်းတောင်တစ်ခုကို ငှားရမ်းထားပြီး အလုပ်သမားများ ခေါ်ယူနေကြောင်း သိသောအခါ ထောင်ဟွာရွာမှ ရွာသားများမှာ ပိုလို့မနာလို ဖြစ်သွားကြတော့သည်။

သူတို့က ကိုယ့်လယ်ကွင်းမှာ အလုပ်လုပ်ဖို့တောင် မနည်းရုန်းကန်နေရချိန်မှာ ဟော်ချန်ယဲ့က ကြီးမားသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး အလုပ်သမားများတောင် ခေါ်နေသည်။ သူက မကြာခင် သူဌေးကြီး ဖြစ်တော့မည်။

ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ကတော့ ရွာသားများ အတွေးများကို ဂရုမစိုက်ကြပေ။ သူတို့ဘဝသူတို့ ကောင်းမွန်စွာ နေထိုင်ရန်သာ ဆန္ဒရှိကြသည်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်ချဲ့ထွင်ပြီးနောက် နှစ်ယောက်စလုံး အတော်လေး အလုပ်များခဲ့သည်။ ထိုအပြင် ဆိုင်သစ်ဖွင့်သည့် ပထမရက်အနည်းငယ်အတွင်း လူအဝင်အထွက်မှာ များပြားလွန်းသည်။

ယွီရွေ့ကျူးမှာ ရက်ပေါင်းများစွာ ဆက်တိုက် မနားရဘဲ ဟိုပြေးဒီလွှား လုပ်နေရသဖြင့် သူမ၏ ခြေထောက်များပင် နာကျင်ကိုက်ခဲနေပြီ ဖြစ်သည်။

ပဉ္စမမြောက်နေ့တွင် အစီအစဉ်များ ပြီးဆုံးသွားပြီးနောက် အရောင်းအဝယ် အနည်းငယ် ပါးသွားသော ဒုတိယနေ့တွင် ယွီရွေ့ကျူးအိမ်ပြန်၍ နားရန် စီစဉ်ထားသည်။

ဆိုင်ရှိ အလုပ်သမားဖြစ်သော ရှဲ့ချီမှာ ဟော်ချန်ယဲ့ထံမှ သူမ ငှားရမ်းထားသူပင်။

ဟော်ချန်ယဲ့ အသားဆိုင်လေး ဖွင့်ပြီဖြစ်ရာ ရှဲ့ချီလည်း သူ့နေရာသို့ သဘာဝကျကျပင် ပြန်သွားရတော့သည်။ လုပ်ငန်းလည်ပတ်ပုံက အခြေခံအားဖြင့် အထိုင်ကျသွားပြီ ဖြစ်သည်။

ခြံဝင်းနောက်ဘက်တွင် အသားနှပ်အိုးကို စောင့်ကြည့်ကာ ချက်ပြုတ်ရန် လူတစ်ယောက် လိုအပ်ပြီး ဆိုင်အရှေ့ဘက်တွင်တော့ လူနှစ်ယောက် လိုအပ်သည်။ အလှည့်ကျ တာဝန်ယူနိုင်ရန်အတွက် ယွီရွေ့ကျူး နောက်ထပ် အလုပ်သမား နှစ်ယောက် ထပ်ငှားရန် စီစဉ်ထားသည်။

အသားနှပ်ဆိုင်လေးက အလွန်အလုပ်များလှသော်လည်း ယွီရွေ့ကျူးက အလုပ်သမားများကို ဂုတ်သွေးစုပ်ကာ လမ်းမီးတိုင်တွင် အချိတ်ခံရမည့် အရင်းရှင်ကြမ်းကြီးတစ်ဦးတော့ မဟုတ်ပေ။

သူမ ပိုက်ဆံရှာနိုင်ပြီဖြစ်ရာ ရှဲ့ယင်းယန်ဖြစ်စေ၊ အခြားမည်သူ့ကိုမဆိုဖြစ်စေ ရင်းနှီးကျွမ်းဝင်သူများသာ ဖြစ်ကြသဖြင့် သူတို့ကို အလွန်အမင်း ပင်ပန်းဆင်းရဲခံစေရန် သူမ မလုပ်ရက်နိုင်ချေ။

ထို့ကြောင့် သူမက ဆိုင်တံခါးဝတွင် အလုပ်သမားခေါ်ယူမည့် ကြော်ငြာစာရွက်ကို ကပ်ထားခဲ့ပြီး ရှဲ့ယင်းယန်ကို ဆိုင်ခဏ ကြည့်ပေးထားရန် အကူအညီတောင်းခဲ့သည်။ ထို့မောကမ သူမ ခါးများ အလွန်နာကျင်ကိုက်ခဲနေသဖြင့် အိပ်ရေးဝဝအိပ်ရန် ထောင်ဟွာရွာသို့ ပြန်လာခဲ့တော့သည်။

ယခင်ဘဝက ကုမ္ပဏီတစ်ခုတွင် ခိုင်းနွားတစ်ကောင်ပမာ အလုပ်လုပ်ခဲ့ရပြီးနောက် ၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ ကူးပြောင်းလာသည့်တိုင်အောင် ခိုင်းနွားတစ်ကောင်လို ဆက်ဖြစ်နေလိမ့်မည်ဟု သူမ တကယ်ကို မျှော်လင့်မထားခဲ့မိပေ။

သို့သော် ယခုအခြေအနေတွင် သိမ်မွေ့သော ကွာခြားချက်လေးများတော့ ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ယခုအခါ ကိုယ့်အတွက်ကိုယ် အလုပ်လုပ်နေခြင်းဖြစ်ပြီး သူမ ရှာဖွေရရှိသော ငွေကြေးများက သူမ ပင်ပန်းနွမ်းနယ်မှုများကို အမှန်ပင် ပြေပျောက်စေနိုင်စွမ်း ရှိသည်။

ယွီရွေ့ကျူး ပင်ပန်းနွမ်းနယ်နေမှုများကို သိရှိခံစားသွားရသည့်အလား ပြတင်းပေါက်အပြင်ဘက်တွင် မည်းမှောင် သော တိမ်တိုက်ကြီးများ စတင် စုရုံးလာကြသည်။

ယွီရွေ့ကျူးက အုတ်ကုတင်ပေါ်တွင် လှဲလျောင်းကာ လိုက် ကာများကို ဆွဲချပြီး အိပ်စက်ခြင်းဆီသို့ နစ်မျောသွားတော့ သည်။ သူမ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

All Chapters