အခန်း ၁၂၂
Vol. 13 Ch. 122
🐽 Chapter 122
၁၉၈၀ ပြည့်လွန်နှစ်များဆီသို့ ကူးပြောင်းလာကတည်းက အမြဲတမ်း တင်းကျပ်နေခဲ့သော သူမ အာရုံကြောများက အဆုံးတွင်တော့ ပြေလျော့သွားခဲ့သည်။ နေ့စဉ်ရက်ဆက် မပျက်မကွက်ပင် သူမသည် မြို့သို့သွားရန် စောစောထကာ အသားနှပ်များပြုလုပ်ရင်း ဟိုပြေးဒီလွှား လုပ်နေခဲ့ရသဖြင့် မကြာသေးမီက သူမ ကိုယ်အလေးချိန် တော်တော်လေး ကျသွားသည်ဟု ခံစားရသည်။
ယခု စီးပွားရေးလုပ်ငန်းလေးက တည်ငြိမ်သွားပြီဖြစ်ရာ သူမလည်း စိတ်အေးလက်အေး နားနိုင်ပြီဖြစ်သည်။ ယင်းယန်ကို သော့ပေးထားပြီးနောက် မနက်ခင်းများတွင် သူမကိုသာ ဆိုင်တံခါးဖွင့်ခိုင်းလိုက်လျှင် သူမလည်း စောစော ထစရာ မလိုတော့ပေ။
အရာအားလုံးက ရှင်းလင်းသွားသည်။ အချိန်အတော်ကြာ ကူးပြောင်းလာပြီးနောက် အဆုံးတွင်တော့ သူမသည် အိပ်နေရင်းတောင် ငွေရှာနိုင်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
သူမ အနားယူလိုက်စဉ် နာကျင်နေသော ခြေသလုံးကြွက် သားများက အနည်းငယ် တဆစ်ဆစ် ကိုက်ခဲလာသော်လည်း နှစ်ခြိုက်စွာ အိပ်မောကျနေသော ယွီရွေ့ကျူးမှာမူ မည်သည့်အရာကိုမျှ ခံစားမသိရှိနိုင်တော့ပေ။
သူမ မျက်လုံးများ ဖွင့်သောအခါ ပြတင်းပေါက်အပြင်ဘက်မှ မှေးမှိန်သော အလင်းရောင်ကို ဝိုးတဝါး မြင်ရသည်။ အုတ်ကုတင်ပေါ်တွင် လက်တစ်ဖက်ကို ထောက်ထားရင်း သူမ ဦးနှောက်က အခြေအနေကို ဖြည်းညင်းစွာ အကဲခတ်နေသော်လည်း မနက်လား၊ ညလား ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ချေ။
အပြင်ဘက်တွင် မှိုင်းညို့နေပြီး မိုးရွာတော့မည့် အသွင်ရှိသည်။ ယွီရွေ့ကျူးက ခဏမျှ ကြောင်အမ်းသွားပြီးမှ ယခုက နေ့လယ်ခင်း ရှိသေးကြောင်း သဘောပေါက်သွားတော့ သည်။ သူမ အိပ်ပျော်သွားခဲ့ပြီး ယခုအချိန်အထိ အိပ်နေမိခြင်းပင်။
ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ကာ အတွေးလွန်နေစဉ် ခြံတံခါး ပွင့်သွားသည်ကို သူမ သတိထားမိလိုက်သည်။ မော့ကြည့်မနသောအခါ ဟော်ချန်ယဲ့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။
သူက ယနေ့ ဆိုင်သို့ မသွားဘဲ အနီးအနား တောင်ကုန်းရှိ မွေးမြူရေးခြံတွင် အလုပ်များနေခြင်းပင်။
ပြန်တွေးကြည့်လျှင် သူတို့နှစ်ဦး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်ခဲ့ပြီးကတည်းက နေ့လယ်ဘက်တွင် အိမ်၌ အတူတူ မဆုံရသည်မှာ အတော်လေး ကြာခဲ့သည်။
ယွီရွေ့ကျူးက ကုတင်ပေါ်မှဆင်းကာ ဖိနပ်စီးလိုက်ပြီး အနည်းငယ် ခြောက်သွေ့နေသော လည်ချောင်းကို စိုစွတ်သွားစေရန် ရေအနည်းငယ် သောက်လေသည်။ ထို့နောက် အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင် သူမကို တွေ့လိုက်ရသော ဟော်ချန်ယဲ့မှာ သိသိသာသာပင် အံ့အားသင့်သွားသည်။
"ဒီနေ့ မြို့ကို မသွားဘူးလား"
ယွီရွေ့ကျူး တိုတိုတုတ်တုတ်ပင် ပြန်ဖြေသည်။
"ကျွန်မ နားလိုက်တာ၊ ဒီရက်ပိုင်း နည်းနည်း ပင်ပန်းနေလို့"
ဟော်ချန်ယဲ့က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်သည်။
ဤရက်ပိုင်းအတွင်း ယွီရွေ့ကျူးမှာ ပုံမှန်ထက်ပင် ပိုနှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်မှာ အမှန်ပင်။ ယွီမိသားစု အသားနှပ်ဆိုင်လေးက အမြတ်အစွန်းများလှသော်လည်း ဈေးဗန်းချရောင်းရသည်ထက် အများကြီး ပိုပင်ပန်းသည်မှာ သေချာသည်။ ထိုသည်ကလည်း အပေးအယူတစ်ခုပင်။
သူက လေသံကို ညင်သာစွာ လျှော့ချပြီး ပြောသည်။
"ဒါဆိုလည်း အထဲဝင်နားတော့လေ၊ ကိုယ် အလုပ်ပြီးရင် ဝင်လာခဲ့မယ်၊ ဒီည မင်း အားပြန်ပြည့်သွားအောင် အရသာရှိတာ တစ်ခုခု ချက်ကျွေးမယ်"
ယွီရွေ့ကျူးက တခစ်ခစ် ရယ်မောမိသည်။
'ဟော်ချန်ယဲ့က ငါ့အတွက် ဘာများ ချက်ကျွေးနိုင်ဦးမှာလဲ၊ သူ့ရဲ့ လက်ရာ ခေါက်ဆွဲကြီးပဲ ထပ်လုပ်ကျွေးဦးမှာတော့ မဟုတ်ပါဘူးနော်'
သူမလည်း ငြင်းဆန်မနေဘဲ ဟော်ချန်ယဲ့ အနားသို့ ပိုတိုးကပ်သွားကာ မေးသည်။
"ရှင် ဘာလုပ်မလို့လဲ၊ ကျွန်မ အခုမှ နိုးတာဆိုတော့ အားတွေ ပြည့်နေပြီ၊ ရှင့်ကို ကူလုပ်ပေးနိုင်ပါတယ်နော်"
ဟော်ချန်ယဲ့က ကောင်းကင်ကြီးကို တစ်ချက် မော့ကြည့်သည်။
"ဒီနေ့ ခဏနေရင် မိုးရွာတော့မယ်၊ ကောက်ရိုးပုံတွေကို ပလတ်စတစ်စနဲ့ သွားဖုံးမလို့၊ မဟုတ်ရင် စိုကုန်ပြီး သေချာခြောက်မှာ မဟုတ်ဘူး၊ အဲဒီအခါ ပုပ်ကုန်ရင် ကိုယ်တို့ ထင်းစိုက်စရာ ရှိမှာမဟုတ်ဘူး"
ယွီရွေ့ကျူးက သဘောပေါက်စွာဖြင့် ခေါင်းညိတ်သည်။
ကျေးလက်တောရွာများတွင် အရိုးများ ပြုတ်ခြင်းကဲ့သို့သော အချိန်ယူရသည့် ဟင်းလျာများအတွက် ထင်းကို အသုံးပြုခြင်းမှလွဲ၍ ပုံမှန် ချက်ပြုတ်ရာတွင် ပြောင်းရိုးများ သို့မဟုတ် ကောက်ရိုးခြောက်များကိုသာ အသုံးပြုလေ့ရှိသည်။
သာမန်အားဖြင့် ၎င်းတို့ မစိုစွတ်စေရန် ကောက်ရိုးပုံများနှင့် ပြောင်းရိုးများကို ပလတ်စတစ်စများဖြင့် ဖုံးအုပ်ထားလေ့ရှိကြသော်လည်း တစ်ခါတစ်ရံ ရာသီဥတု ကောင်းမွန်သည့်အခါ နေလှန်းရန် အပြင်သို့ ထုတ်ထားတတ်ကြသည်။
ယခု ဟော်ချန်ယဲ့ လုပ်ရမည့်အလုပ်မှာ နေ့လယ်ခင်းကတည်းက ဖွင့်ချထားသော ပလတ်စတစ်စများကို ကောက်ရိုးပုံများပေါ်သို့ ပြန်ဆွဲတင်ကာ ဖုံးအုပ်ရန်ပင်။
ပြောရသည်မှာ လွယ်သော်လည်း လက်တွေ့တွင်မူ အတော်လေး ခက်ခဲသည်။ ကောက်ရိုးပုံများက အလွန်ကြီးမားပြီး နံရံတစ်ခုလုံးစာ နီးပါး ကျယ်ဝန်းကာ အလွန်အမင်း မြင့်မားလှသည်။
အကယ်၍ ဟော်ချန်ယဲ့ တစ်ယောက်တည်း လုပ်ရမည်ဆိုပါက အချိန်အတော်ကြာ ယူရနိုင်ပေသည်။ ယွီရွေ့ကျူးက အလျင်အမြန်ပင် ပြန်ပြောသည်။
"အတူတူလုပ်ကြတာပေါ့၊ အိမ်မှာ ထိုင်နေလည်း ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး၊ အစောကြီး ဖုံးပြီးသွားရင် ပိုပြီး စိတ်အေးရတယ်"
ဟော်ချန်ယဲ့က သူမကို တစ်ချက်ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ စဉ်းစားပြီးမှ ခေါင်းညိတ်သည်။
"ကောင်းပြီ"
ထို့နောက် သူက ထပ်ပြောသည်။
"ကောက်ရိုးပုံက အရမ်းမြင့်တယ်၊ မင်း အဆင်မပြေရင် ကိုယ့်ကို ပြောနော်၊ ကိုယ့်ဘာသာ လုပ်လိုက်မယ်"
ယွီရွေ့ကျူးက ပြန်မဖြေတော့ပေ။ သူမက ခြေဖျားထောက်ကာ နံရံပေါ်သို့ တက်ပြီး အုတ်ခဲများနှင့် အုတ်ကြွပ်ပြားများကို နင်းကာ ကောက်ရိုးပုံပေါ်သို့ ဖြည်းညင်းစွာ တွယ်တက်သွားတော့သည်။ သူမက သူ့ကို တမင်တကာပင် ငုံ့ကြည့်သေးသည်။
"ဘယ်လိုလဲ"
ဟော်ချန်ယဲ့မှာ မပြုံးဘဲ မနေနိုင်တော့ချေ။
"အရမ်း တော်တယ်"
သို့သော် ပြောရမည်ဆိုလျှင် ၎င်းတို့ကို ကိုင်တွယ်ရသည်မှာ တကယ့်ကို အလုပ်ရှုပ်လှသည်။ ကောက်ရိုးပုံများက ချော်ကျိကျိနိုင်ကာ ခြေအောက်တွင် မခိုင်မာသဖြင့် လူတစ်ယောက် ခြေထောက်က အလွယ်တကူ ကျွံကျသွားနိုင်ပြီး လျှောကျသွားနိုင်သည်။
ယွီရွေ့ကျူးမှာ အကြိမ်ပေါင်းများစွာ လျှောကျခဲ့ရပြီး ပလတ်စတစ်စပေါ်တွင် ဟိုဘက်ဒီဘက် ယက်ကန်ယက်ကန် လူးလှိမ့်ကာ အဆုံးတွင်တော့ ကောက်ရိုးပုံကို အနိုင်နိုင် ဖုံးအုပ်နိုင်ခဲ့တော့သည်။
ထို့နောက် ယွီရွေ့ကျူးက ကောက်ရိုးပုံ အနောက်ဘက်တွင် ပက်လက်လှန် လှဲလျောင်းနေသည်။ ဤသို့ ပေါ့ပါးသော အလုပ်လေးကို လုပ်ရခြင်း၊ လတ်ဆတ်သော လေကို ရှူရှိုက်ရခြင်းနှင့် ယခင်က တစ်ခါမှ မလုပ်ဖူးသော အရာတစ်ခုကို တွေ့ကြုံခံစားရခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
အမောတကောဖြင့် သူမ မော့ကြည့်မိသောအခါ ဟော်ချန်ယဲ့ သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ ကလေးဆန်စွာ ဆော့ကစားချင်စိတ်ဖြင့် သူမက လက်ကို ဆန့်ထုတ်ကာ သူ့ကို လှမ်းဆွဲသည်။
ဟော်ချန်ယဲ့က သူမကို မတားဆီးဘဲ ဆွဲအားအရှိန်ဖြင့် သူမထံသို့ ကိုင်းညွတ်သွားသည်။ သို့သော် ယွီရွေ့ကျူးအပေါ်သို့ သူ ပြုတ်ကျတော့မည့် ဆဲဆဲလေးတွင် သူ့ လက်မောင်းကို မြှောက်ကာ ကောက်ရိုးပုံကို ထောက်ထားလိုက်ပြီး သူမကို အပေါ်မှ စိုက်ကြည့်နေသည်။
ဟော်ချန်ယဲ့ နက်မှောင်သော မျက်ဝန်းများက ငုံ့ကျလာပြီး သူမကို စူးစိုက်စွာ ကြည့်သည်။
"ယွီရွေ့ကျူး၊ မင်း ဘာလုပ်နေတာလဲ"
ကောင်းကင်ကြီးက မှိုင်းညို့နေပြီး အနီးအနားတွင် ပြောင်း ခင်းတစ်ခု ရှိသည်။ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က ကောက်ရိုးပုံ အနောက်ဘက်တွင် ရှိနေကြပြီး သူတို့ကို အနှောင့်အယှက်ပေးမည့်သူ မည်သူမျှ ရှိမနေပေ။
ယွီရွေ့ကျူး ပြုံးလိုက်သည်။ ဟန်လုပ်ထားသော ဟော်ချန်ယဲ့ တည်ငြိမ်မှုကို ကြည့်ကာ သူမအတွက် ရယ်စရာကောင်းနေတော့သည်။ ထို့နောက် သူမက ခြေထောက်တစ်ဖက်ကို မြှောက်ကာ သူ့ခါးတွင် ချိတ်ပြီး လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို သိုင်းဖက်လိုက်တော့သည်။
နံရံတွင် ပိတ်လှောင်ထားသည့် အနေအထားကို အခွင့်ကောင်းယူကာ သူမက သူ့အနားသို့ ပိုတိုးကပ်သွားလေသည်။
ယွီရွေ့ကျူး သူမ၏နီထွေးသော နှုတ်ခမ်းအစုံကို အနည်း ငယ်ဟပြီး ဆွဲဆောင်မှုရှိသော မျက်ခုံးလေးများကို ပင့်ကာ သူ့ကို နောက်ပြောင်သည်။
"ဟော်ချန်ယဲ့၊ ရွာထဲက လူတော်တော်များများက ကောက်ရိုး ပုံပေါ်မှာ အဲဒီလိုမျိုးလုပ်ကြတယ်လို့ ကျွန်မ ကြားဖူးတယ်၊ ရှင်ရော ကြားဖူးလား"