အခန်း ၁၂၃
Vol. 13 Ch. 123
🐽 Chapter 123
ဟော်ချန်ယဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
သူ့ လည်စေ့လေးက အထက်အောက် လှုပ်ရှားသွားပြီး နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို ငုံ့ကြည့်လာသည်။
ကေယက်ရိုးပုံကြီးက ရွှေရောင်ဝင်းလက်နေပြီး ယွီရွေ့ကျူးကတော့ ဘေးတစ်စောင်းလေး လှဲလျောင်းနေသည်။ သူမ ရှည်လျားချောမွေ့သော ဆံနွယ်မည်းမည်းများက ဖရိုဖရဲ ကျဆင်းနေပြီး ဖြူဝင်းသော မျက်နှာလေးပေါ်ရှိ ဆွဲဆောင်မှုရှိလှသော မျက်နှာပေါက်နှင့် ကြောင်ပေါက်လေးတစ်ကောင်လို မျက်ဝန်းများကတော့ သူ့ကိုသာ စိုက်ကြည့်နေတော့သည်။
သူမ နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု တွဲခိုနေပြီး သူမလက်ချောင်းများကပင် ဖြည်းညင်းစွာ လှုပ်ရှားနေသည်။
သူမက သူ့ခါးပတ်ကို လာထိသောအခါ ဟော်ချန်ယဲ့မှာ မမျှော်လင့်ထားသဖြင့် အငိုက်မိသွားရသည်။ သူ ခါးပတ်ကို ဖမ်းဆွဲကာ နောက်သို့ ဆုတ်လိုက်ပြီးမှ သူမအေးစက်သော လက်ချောင်းလေးများက သူ့အဝတ်အစားထဲသို့ လျှိုဝင်သွားပြီဖြစ်ကြောင်း သတိထားမိသည်။
သူမ လက်ချောင်းလေးများက သူ့ ခါးနှင့် ဗိုက်သားများကို ပွတ်သပ်သွားရာ ပိုးသားလို နူးညံ့သော အထိအတွေ့က သူ့ ကြွက်သားများပေါ်တွင် လှည့်လည်သွားလာတော့သည်။
ဟော်ချန်ယဲ့ အသက်ရှူသံများက တစ်ခဏမျှ ရပ်တန့်သွားရသည်။ သူမကို တားဆီးရန် လက်ကို မြှောက်ပြီး ဩရှရှ အသံဖြင့် ပြောသည်။
"မနောက်နဲ့..."
ယွီရွေ့ကျူးက ဤနေရာမှာ ကောက်ကာငင်ကာ တစ်ခုခု လုပ်မည့် မိန်းမမျိုး မဟုတ်ကြောင်း သူ သိသည်။ သူမက သူ့ကို စနောက်ရတာ သဘောကျရုံ သက်သက်သာ ဖြစ်သည်။
သို့သော် သူ့တမင်တကာ တည်တင်းထားသော မျက်နှာထားက ယွီရွေ့ကျူး စိတ်ဝင်စားမှုကို ပို၍သာ နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။
သူ့ခါးကို ချိတ်ထားသော သူမ ခြေထောက်များက ပိုမို တင်းကျပ်သွားပြီး လည်ပင်းကို ဖက်ထားလျက် သူမ လက် ကောက်ဝတ်များကပါ ဖိချလာသဖြင့် ဟော်ချန်ယဲ့မှာ အလိုအလျောက် ခေါင်းငုံ့ကျသွားကာ ယွီရွေ့ကျူးနှင့် ပို၍ နီးကပ်သွားတော့သည်။
ယခုအခါ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေပြီဖြစ်ရာ တစ်ယောက် အသက်ရှူငွေ့ကို တစ်ယောက် ခံစားသိရှိနိုင်သည်။
ယွီရွေ့ကျူးက သူ့ကို ပြုံးပြလာသည်။ သူမ နီထွေးသော နှုတ်ခမ်းလေးက အနည်းငယ် ဟဟလေး ဖြစ်နေပြီး သူမထံမှ ပျံ့လွင့်လာသော သင်းပျံ့ပျံ့ ရနံ့လေးက ဟော်ချန်ယဲ့ကို ချက်ချင်းပင် တောင့်တင်းသွားစေသည်။
သူမက ပေါင်တံဖြင့် သူ့ခါးကို ပွတ်သပ်ပြီး တမင်သက်သက်ပင် မေးသည်။
"ကျွန်မ နောက်နေတာ မဟုတ်ပါဘူး ဟော်ချန်ယဲ့၊ ဒီတိုင်း သိချင်လို့ပါ၊ ရှင်က ဘာလို့ မဖြေတာလဲ၊ ဒီမေးခွန်းက အဲဒီလောက်တောင် ခက်နေလို့လား"
"ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဒီလိုမျိုးကို တစ်ခါလေးတောင် မကြုံဖူးဘူးလား"
ယွီရွေ့ကျူး စကားသံများက သူ့ နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူမ တမင်သက်သက် လုပ်နေကြောင်း သိလျက် နှင့်ပင် ဟော်ချန်ယဲ့မှာ နေရခက်လာကာ သူမ တမင်ရည်ရွယ် ချက်ရှိရှိ စနောက်မှုများမှ ရှောင်လွှဲရန် မျက်နှာကို တစ်ဖက်သို့ လွှဲမိသည်။
သူ့တုံ့ပြန်မှုကို ရွေ့ကျူးအား မသိစေချင်သဖြင့် ကောက်ရိုး ပုံကို အားပြုကာ ထရန် ပြင်သည်။
သို့သော် ယွီရွေ့ကျူးက သူ့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံ မပေါ်ပေ။ ခေါင်းအထက်တွင် မည်းမှောင်သော တိမ်တိုက်များ စုဝေးလာသည့်အလား ဟော်ချန်ယဲ့ တုံ့ပြန်မှုက သူမအတွက် အတော်လေး ရယ်ချင်စရာကောင်းနေတော့သည်။
ဤရှေးရိုးဆန်ကာ တည်ကြည်သော အမူအရာတွင် ရှက်ရွံ့နေမှု အနည်းငယ် ရောယှက်နေခြင်းကပင် အရာအားလုံးကို ပို၍ ဆွဲဆောင်မှုရှိစေခြင်းပင်။
သူမက ဟော်ချန်ယဲ့ လည်ပင်းကို ဖက်တွယ်ထားရာ သူတို့ အသက်ရှူငွေ့များက အနီးကပ် နောယှက် ရောထွေးနေသည်။ ဟော်ချန်ယဲ့ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သူ့တည်ငြိမ်မှုများ လျင်မြန်စွာ ပျောက်ဆုံးသွားတော့သည်။
လည်စေ့က အထက်အောက် လှုပ်ရှားသွားပြီး အကြည့်များကို အနေခက်စွာဖြင့် တစ်ဖက်သို့ လွှဲဖယ်မိသည်။
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကြားတော့ ကြားဖူးတယ်၊ ဒါပေမယ့် တစ်ခါမှ မမြင်ဖူးပါဘူး၊ အဲဒီလိုကိစ္စတွေကို ကိုယ်မှ ဂရုမစိုက်တာ"
သူသည် ယခင်က အခြားသူများကိစ္စကို ဂရုမစိုက်တတ်သူ ဖြစ်သည်။
သို့သော် ယခုတော့ ယွီရွေ့ကျူး အကြည့်များက တဖြည်း ဖြည်း ရှင်းလင်းလာသော သူ့မျက်နှာအမူအရာများကို သိမ်မွေ့စွာ လိုက်လံကြည့်ရှုနေပြီး သူမ မျက်ဝန်းများမှာလည်း ပိုရှုပ်ထွေးလာတော့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သူ တော်တော်လေး ဂရုစိုက်နေတာ သိသာသည်။
စဉ်းစားကြည့်မည်ဆိုပါက သူတို့ လက်ထပ်ပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့မှာ ထိုကိစ္စများကို ကိုယ့်ဘာသာကိုယ်သာ ဖြေရှင်းနေရဆဲ ဖြစ် သည်မှာ အတော်လေး သနားစရာ ကောင်းလှသည်။
မည်သို့ပင်ဆိုစေ သူတို့ စီးပွားရေးလုပ်ငန်းများကလည်း တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဖြစ်ရာ အခြားလုပ်စရာလည်း သိပ်မရှိတော့ချေ။
ထို့အပြင် ယနေ့ သူတို့နှစ်ယောက်စလုံး အိမ်တွင် ရှိနေကြသည်ဖြစ်ရာ ယွီရွေ့ကျူးက သူ့ကို အသစ်အဆန်းလေးများ သင်ပေးချင်မိသွားသည်။
'လက်ထပ်ခါစ ဇနီးမောင်နှံတွေပဲကို၊ အရသာရှိတဲ့ အစားအစာလေး စားရတာ ဘာများမှားလို့လဲ'
ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုရှိသော ယွီရွေ့ကျူးက အစက လုပ်နေခဲ့သော တစ်ဝက်စနောက်၊ တစ်ဝက်စမ်းသပ်သည့် လုပ်ရပ်များကို ရပ်တန့်ပြီး ဟော်ချန်ယဲ့ကို တိုက်ရိုက်ပင် နမ်းရှိုက်တော့သည်။
သူမက ဟော်ချန်ယဲ့ကို ပွေ့ချီကာ အိမ်ထဲခေါ်သွားရန် ပြောချင်သော်လည်း သူမ စကားမပြောနိုင်မီ ထိုရုတ်တရက် အနမ်းကြောင့် ဟော်ချန်ယဲ့ တစ်ယောက် အသိမဝင်နိုင်မီမှာပင် တံခါးဝမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ယွီရွေ့ကျူး၊ ယွီရွေ့ကျူး... အိမ်မှာ ရှိလား"
တုံ့ဆိုင်းဆိုင်း အသံတစ်ခုက ဘေးဘက်မှ ထွက်ပေါ်လာသည်။
ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းမျက်ခုံးပင့်မိကြသည်။
ခြံတံခါးဝရှိ နံရံဘေးတွင် ကောက်ရိုးပုံကြီးတစ်ခု ရှိနေပြီး ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့က စောစောက သူတို့ ဆွဲတင်ထားခဲ့သော ပလတ်စတစ်စများကြောင့် ပြောင်းခင်းနှင့် မျက်နှာချင်းဆိုင် အနောက်ဘက် အစွန်ဆုံးတွင် ရောက်နေကြရာ ထိုနေရာမှနေ၍ အခြားမည်သည့်အရာကိုမျှ မမြင်နိုင်ချေ။
တံခါးကို ခပ်ဖွဖွ လာခေါက်သူမှာ မည်သူဖြစ်ကြောင်း သိနိုင်ရန် ကောက်ရိုးပုံပေါ်မှနေ၍ သူတို့ လှမ်းကြည့်ကြသည်။
ဟော်ချန်ယဲ့ကို ဖက်ထားရင်း ယွီရွေ့ကျူးက ထိုအသံကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူမ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းပြူကြည့်လိုက်သောအခါ ဆွံ့အသွားတော့သည်။
ထိုသည်မှာ သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သော စုန့်ချင်းရှန်းပင်။
မကြာသေးမီက ယွီရွေ့ကျူးမှာ စီးပွားရေးနှင့် ဆိုင်ဖွင့်ရန်ကိစ္စများကြောင့် အလွန်အလုပ်များနေခဲ့သည်။ စုန့်ချင်းရှန်းသာ သူမကို လာမနှောင့်ယှက်ခဲ့လျှင် သူ့ကိုပင် သူမ မေ့လု နီးပါး ဖြစ်နေသည်။
သို့သော် သူမ သူ့ကို မေ့တော့မည့်အချိန်တိုင်း သူက အမြဲ တမ်း မထင်မှတ်ထားဘဲ ပေါ်လာတတ်သည်။
ယွီရွေ့ကျူးမှာ မျက်လုံးမလှန်ဘဲ မနေနိုင်တော့ချေ။
ရုတ်တရက် ဟော်ချန်ယဲ့ အနည်းငယ် ပြင်းထန်လာသော အသက်ရှူသံကို ကြားလိုက်ရပြီး သူမ လက်ကို ဆုပ်ကိုင်ထားသော သူ့လက်ကလည်း ချက်ချင်းတင်းကျပ်သွားသည်။
ယွီရွေ့ကျူး အံ့အားသင့်သွားပြီး မော့ကြည့်မိသောအခါ ဟော်ချန်ယဲ့ မျက်နှာထားက တည်တင်းနေပြီး မျက်မှောင် ကြုတ်ကာ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားလျက် မလှမ်းမကမ်းရှိ စုန့်ချင်းရှန်းကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူက စုန့်ချင်းရှန်းနှင့် ပတ်သက်၍ အတော်လေး ဂရုစိုက်နေပုံရသည်။
ယွီရွေ့ကျူးအတွက် စုန့်ချင်းရှန်းဆိုသည်မှာ သူမရှေ့တွင် အမြဲလာဝဲနေတတ်သည့် ယင်ကောင်တစ်ကောင်နှင့်သာ တူသည်။ စုန့်ချင်းရှန်းအပေါ် သူမသဘောထားက အလွန်ရှင်းလင်းပြီး ပြီးခဲ့သည့်အကြိမ်ကလည်း ဟော်ချန်ယဲ့ကို သေချာရှင်းပြထားခဲ့ပြီး ဖြစ်ရာ သူ ထိုလောက်ကြီး တုံ့ပြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော် မထင်မှတ်ထားစွာပဲ ယွီရွေ့ကျူး အနည်းငယ် တွေဝေသွားစဉ်မှာပင် သူတို့အိမ်ထဲသို့ မည်သို့ ဝင်လာမှန်းမသိသော စုန့်ချင်းရှန်းက ပွင့်နေသော ခြံတံခါးမှတစ်ဆင့် ခြေဖျားထောက်ကာ ခြံထဲသို့ ချောင်းကြည့်လေသည်။
သူက နံရံကို ကျော်တက်ရန် ကြိုးစားသော်လည်း သူ့ ပိန်ကပ်နေသော ကြက်အရိုးခန္ဓာကိုယ်ကြောင့် မအောင်မြင်ခဲ့ပေ။
သူ ခြံထဲသို့ တိုက်ရိုက်ဝင်ချင်သော်လည်း ဟော်ချန်ယဲ့ကိုလည်း ကြောက်ရပြန်သည်။
စဉ်းစားကြည့်ပြီးနောက် ယွီရွေ့ကျူးက သူ့ကို ရှောင်ချင်သဖြင့် တမင်တကာ အိမ်ထဲတွင် ပုန်းနေသည်ဟုသာ ကောက် ချက်ချမိသည်။
စုန့်ချင်းရှန်းက စိတ်ပျက်လက်ပျက်ဖြင့် အပြင်တွင် ခေါက် တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးနောက် အိမ်ထဲတွင်ရှိနေသော ယွီရွေ့ကျူး ကြားနိုင်စေရန် ပွင့်နေသော ခြံတံခါးမှတစ်ဆင့် သူ့ အမြဲတမ်းလိုလို ချိုသာသောအသံဖြင့် အဓိပ္ပာယ်မရှိသော စကားများက အစီအရီထွက်လာသည်။
"ရွေ့ကျူး၊ မင်း အိမ်မှာ ရှိနေတာကို ကိုယ်သိတယ်၊ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ တချို့ကိစ္စတွေ မှတ်တမ်းတင်ဖို့ ထောင်ဟွာရွာကို ရောက်လာတာနဲ့ အတော်ပဲဆိုပြီး ဝင်လာခဲ့တာ၊ မလာခင်က မင်းရဲ့ အသားနှပ်ဆိုင်ကို သွားရှာသေးတယ်၊ ဒါပေမယ့် မင်းရဲ့ အလုပ်သမားတွေက အိမ်ပြန်သွားပြီဆိုလို့ ကိုယ် လာကြည့်တာ"
"မင်း အသားနှပ်ဆိုင် ဖွင့်ထားတယ်လို့ ကြားတယ်၊ ဒီရက် ပိုင်း အရောင်းအဝယ်လည်း ကောင်းတယ်ဆို၊ ဂုဏ်ပြုပါတယ် ရွေ့ကျူးရာ၊ အရောင်းအဝယ် ကောင်းလွန်းတော့ မင်းရဲ့ ခန္ဓာကိုယ်က ဒဏ်ခံနိုင်ပါ့မလားလို့ ကိုယ် စိတ်ပူမိတယ် သိလား..."
စုန့်ချင်းရှန်းက စိုးရိမ်ပူပန်ဟန်ဆောင်ကာ စကားအနည်းငယ် ပြောသော်လည်း အိမ်ထဲတွင် မည်သူမျှ မရှိသည့်အလား တုံ့ပြန်မှု တစ်စုံတစ်ရာမျှ မရှိပေ။
ယွီရွေ့ကျူးက သူ့ကို တမင်တကာ ရှောင်နေသည်ဟု ခံစားရသဖြင့် အနည်းငယ် စိုးရိမ်လာတော့သည်။
ထို့ကြောင့် ယွီရွေ့ကျူးကို ရှာရန် ခြံဝင်းနှင့် အိမ်ထဲသို့ ဖရိုဖရဲ ချောင်းကြည့်ကာ ဟိုဟိုဒီဒီ လိုက်ရှာနေမိတော့သည်။
အဆုံးတွင် သူအဓိက ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောချလာတော့သည်။
"တကယ်တော့ ကိုယ် ဒီကိုလာတာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး ရွေ့ကျူးရယ်၊ မင်းရဲ့ စီးပွားရေးက အဆင်ပြေနေပြီး တစ်လတစ်လ အများကြီးဝင်ငွေရနေတယ်ဆိုတော့လေ၊ အရင်က မင်း မြို့ပေါ်လာတိုင်း ကိုယ် မင်းကို သေချာ ဂရုစိုက်ပေးခဲ့တာပဲ၊ အခု ကိုယ့်စီးပွားရေးက သိပ်အဆင်မပြေတော့ ပိုက်ဆံနည်းနည်းလိုနေလို့၊ အရင်က သံယောဇဉ်ကို ထောက်ထားပြီး ကိုယ့်ကို ငွေနည်းနည်းလောက် ချေးနိုင်မလားလို့ပါ၊ ချေးတယ်လို့ပဲ သဘောထားပါနော်"