အခန်း ၁၂၄
Vol. 13 Ch. 124
🐽 Chapter 124
ထိုစကားပြောပြီးနောက် စုန့်ချင်းရှန်းက ခပ်ဖွဖွ ချောင်းဟန့် သည်။ ယွီရွေ့ကျူးနှင့်သာ မျက်နှာချင်းဆိုင် ပြောရမည်ဆိုပါက ဤစကားများကို ပြောရန် သူ ရှက်နေမည် မဟုတ်ပေ။
သို့သော် ယခုက ယွီရွေ့ကျူး လက်ထပ်ခဲ့သော ထောင်ဟွာရွာတွင် ဖြစ်နေပြီး ပတ်ဝန်းကျင်တွင်လည်း မရင်းနှီးသော အိမ်နီးချင်းများ ရှိနေသည်။ ထို့အပြင် ယွီရွေ့ကျူးက သူ့ရှေ့တွင် ရှိနေသည်လည်း မဟုတ်ပေ။ သူက လေဟာပြင်ကြီးကို စကားပြောနေရသကဲ့သို့ပင်။
စကားပြောပြီးနောက်တွင်ပင် တစ်စုံတစ်ယောက်ကများ တွေ့သွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို သူ မလုံမလဲ လိုက်ကြည့်မိသေးသည်။
ဂုဏ်သိက္ခာကို အမြဲတမ်း ဂရုစိုက်တတ်သော သူသည် ဤစကားများကို ယွီရွေ့ကျူးအား ပြောဆိုနိုင်သော်လည်း အခြားသူများ ကြားသွားမည်ဆိုပါက အလွန် ရှက်ရွံ့မိမည် ဖြစ်သည်။
စုန့်ချင်းရှန်းက အမှန်ကို အံ့အားသင့်မိခဲ့သည်။ အစက ယွီရွေ့ကျူး အသားနှပ်ဆိုင်လေး အရောင်းအဝယ်ကောင်းနေသည်ဟု ကြားသဖြင့် မိုးရွာသောနေ့တွင် ပိုက်ဆံရလိုရငြား သွားခဲ့ခြင်းဖြစ်သည်။
သို့သော် သူ လိုချင်တာကို မရခဲ့သည့်အပြင် အရိုက်ခံခဲ့ရသေးသည်။ ယခု ရက်အနည်းငယ်အကြာတွင် ယွီရွေ့ကျူးမှာ မည်မျှပင် ငွေရှာနိုင်စေကာမူ လမ်းဘေးဈေးသည်ဘဝသာ ဖြစ်မည်ဟု သူ အစက အထင်သေးခဲ့မိသည်။
သို့သော် သူမက ချက်ချင်း ဆိုင်ဖွင့်လိုက်ပြီး အရောင်းအ ဝယ်ကလည်း အလွန်ကောင်းနေသည်။ စုန့်ချင်းရှန်း၏ လုပ်ဖော်ကိုင်ဖက်များက ဖောက်သည်များ ဖြစ်နေကြပြီး ရုံးခန်းထဲတွင်လည်း အသားနှပ် အနံ့များဖြင့်ပြည့်နှက်နေသည်။ အဝေးရှိ ပြတင်းပေါက်နှင့် အထပ်မြင့် အဆောက်အဦးပေါ်မှ ကြည့်လျှင်ပင် အသားနှပ်ဆိုင်ရှေ့ရှိ အရှည်ကြီး တန်းစီနေသော လူအုပ်ကြီးကို စုန့်ချင်းရှန်း မြင်တွေ့နိုင်သည်။
အကြမ်းဖျင်း တွက်ကြည့်မည်ဆိုလျှင် သူမ တစ်ရက်ကို ယွမ်ရာနဲ့ချီပြီး ရနေသည်။
ဤပမာဏက စုန့်ချင်းရှန်းကို အံ့အားသင့်သွားစေပြီး သူ့ အသက်ရှူသံများပင် ပြင်းထန်လာကာ မျက်ဝန်းများက လောဘတက်မှုများဖြင့် အရောင်လက်လာတော့သည်။
'ယွီရွေ့ကျူးက ပိုက်ဆံရှာရာတွင် တကယ်ပဲ ဒီလောက်တော်နေတာလား၊ ယခင်က သူ သူမကို အထင်သေးခဲ့မိတာပဲ'
သူမ ထိုလောက်တော်မှန်းသာ သူ သိခဲ့လျှင် အစကတည်းက ရက်ရက်စက်စက်လုပ်ခဲ့မည် မဟုတ်ပေ။
စေ့စပ်ပွဲသာ မဖျက်ခဲ့ပဲ သူမကို ချိုချိုသာသာ နားချခဲ့မည်ဆိုလျှင် သို့မဟုတ် နှစ်ဖက်စလုံးကို မျှပြီးနေခဲ့မည်ဆိုလျှင် ယွီရွေ့ကျူး ရှာပေးသော ငွေကြေးများကို အသုံးပြုကာ ကျီချိုးရှင်းကို သူ သိမ်းသွင်းနိုင်ခဲ့ကောင်း သိမ်းသွင်းနိုင်ခဲ့ပေမည်။
ထိုသို့ဆိုလျှင် သူသည် ငွေကြေးရော၊ အလုပ်အကိုင်ပါ ပြည့်စုံနေမည်ဖြစ်ပြီး ယခုလို နှစ်ဖက်စလုံးမှ အကျိုးအမြတ် သိပ်မရသည့် အခြေအနေထက် အများကြီး သာလွန်နေမည်မှာ အသေအချာပင်။
ထိုသို့ တွေးမိသောအခါ စုန့်ချင်းရှန်းမှာ မခံစားနိုင်တော့ချေ။ အသားနှပ်ဆိုင်တွင် ယွီရွေ့ကျူးနှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သဖြင့် ရွာအထိပါ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် အိမ်ထဲမှ မည်သည့် လှုပ်ရှားမှုမျှ ထွက်ပေါ်မလာခဲ့ပေ။
ကောက်ရိုးပုံ အနောက်ဘက်တွင် ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ နှစ်ဦးသား တုတ်ရှာရန် လူစုခွဲလိုက်ကြသည်ကိုတော့ သူ မသိပေ။
စုန့်ချင်းရှန်းကို မှတ်လောက်သားလောက် ဖြစ်သွားအောင် နှစ်ယောက်ပေါင်းပြီး ရိုက်နှက်ဆုံးမရန် စီစဉ်ထားကြသည်။
ဟော်ချန်ယဲ့က စုန့်ချင်းရှန်းကို မြင်ရုံ၊ အသံကို ကြားရုံမျှဖြင့် မင်္ဂလာဦးညက သူ့ကို စုန့်ချင်းရှန်းနှင့် နှိုင်းယှဉ်ကာ ယွီရွေ့ကျူး ပြောဆိုခဲ့သော ရွံရှာမုန်းတီးဖွယ် စကားများကို ပြန်လည် ကြားယောင်လာတော့သည်။
ထို့အပြင် ပြီးခဲ့သည့်အကြိမ် မြို့ပေါ်တွင် သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ၎င်းနှင့် ယွီရွေ့ကျူးတို့ ပွေ့ဖက်နေကြသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ပြောရမည်ဆိုလျှင် သူတို့သည် ယခုအခါ လင်မယား ဖြစ်နေကြပြီဖြစ်ပြီး ယွီရွေ့ကျူးကပင် သူ့နှင့်အတူ ဘဝကို သာယာဖြောင့်ဖြူးစွာ ဖြတ်သန်းချင်သည်ဟု ပြောထားသော်လည်း ဟော်ချန်ယဲ့မှာ အမြဲတမ်းလိုလို စိတ်မအေးရသည့် ခံစားချက်မျိုး ပေါ်နေတတ်သည်။
သူတို့ ရင်းနှီးကျွမ်းဝင်မှု အားလုံးက ကြိုးတန်းပေါ် လမ်း လျှောက်နေရကဲ့သို့ပင်။ တစ်နေ့ကျလျှင် ရုတ်တရက် မျက် လုံးဖွင့်ကြည့်လိုက်သောအခါ အရာအားလုံးက လှပသော အိပ်မက်ရှည်ကြီး တစ်ခုသက်သက်သာ ဖြစ်နေမည်ကို သူ အလွန် ကြောက်ရွံ့မိသည်။
သူ နိုးလာသောအခါ သူ့ကို တွယ်ကပ်ကာ ချွဲနွဲ့တတ်သည့် ယွီရွေ့ကျူး ရှိနေမည် မဟုတ်တော့ဘဲ သူ့ကို မုန်းတီးရွံရှာကာ မင်္ဂလာပွဲမှ ထွက်ပြေးရန် ပြတင်းပေါက်မှပင် ခုန်ချဖို့ရွေး ချယ်ခဲ့သည့် မင်္ဂလာဦးညက ယွီရွေ့ကျူးသာရှိနေလိမ့်မည်။
ထိုအရာသည် အိပ်မက်ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းပြီး ဟော်ချန်ယဲ့ စိတ်ထဲတွင် အမြဲပေါ်လာတတ်သော အတွေးတစ်ခုမှာ ယခင်က စုန့်ချင်းရှန်း ပြောခဲ့သည့် စကားများပင်။
'ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို အရွဲ့တိုက်ချင်ရုံ သက်သက်နဲ့ သူ့ကို ယူခဲ့တာ'
'သူမက သူ့ကို မချစ်ဘူး'
သူတို့ ရင်းနှီးကျွမ်းဝင်ကြသည့် အချိန်တိုင်း သူ့မျက်နှာပေါ်ရှိ အမာရွတ်ကို မြင်ရတိုင်း သူမ ရွံရှာနေလိမ့်မည်။ ရင်းနှီးချစ် ခင်ဟန် ပြနေမှုများ အားလုံးမှာ သူမ အတွင်းစိတ်မှ မသက်မသာ ဖြစ်မှုများကို ဖုံးကွယ်ရန် ဉာဏ်ဆင်ထားမှု တစ်ခုသာဖြစ်သည်။
ဆရာဝန်ချင် အမေကဲ့သို့ပင် အံ့အားသင့်ခြင်း၊ ရွံရှာခြင်းနှင့် သူ့မျက်နှာပေါ်ရှိ အမာရွတ်ကိုတည့်တည့်မကြည့်ဝံ့ခြင်းမျိုးကသာ ပုံမှန်တုံ့ပြန်မှု ဖြစ်သင့်သည်။
ဟော်ချန်ယဲ့က သူ့ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိရာ ပါးပြင်ပေါ်ရှိ အမာရွတ်မှ ခပ်ရေးရေး ပူလောင်နေသလိုပင် ခံစားလိုက်ရသည်။
နံရံဘေးရှိ ထူထဲစိုစွတ်နေသော သစ်သားတုတ်တစ်ချောင်းကို ဆုပ်ကိုင်စဉ် စုန့်ချင်းရှန်း အသံက သူ့နားထဲသို့ ရုတ်တ ရက် ဝင်ရောက်လာတော့သည်။
သူ့ မျက်နှာထားက အနည်းငယ် ကြောင်အမ်းသွားပြီး ခန္ဓာကိုယ်မှာလည်း ထိုနေရာတွင်ပင် အေးခဲသွားတော့သည်။
"ရွေ့ကျူးရယ်... သိပ်ပြီး အသည်းမမာပါနဲ့၊ ကိုယ်က မင်းဆီကနေ ပိုက်ဆံလေး နည်းနည်းချေးရုံပါ၊ ဘာမှ ကြီးကြီးမားမား အပြစ်လုပ်ထားတာမှ မဟုတ်တာ၊ ကိုယ်တို့တွေက ဘယ်သူက ဘယ်သူဆိုတာ အဲဒီလောက်ထိ ခွဲခြားနေဖို့ လိုလို့လား"
စုန့်ချင်းရှန်းက ညည်းညူလာသည်။
"မင်း အိမ်ထောင်မကျခင်က ဒီလိုမျိုး မဟုတ်ပါဘူး၊ ကိုယ့်ကို ရည်းစားစာတွေ အများကြီး ရေးပေးခဲ့ပြီး စောင်တွေ၊ မွေ့ရာတွေ၊ အဝတ်အစားတွေ အများကြီး ချုပ်ပေးခဲ့တာပဲ၊ အရင်က ကိုယ့်အပေါ် အရမ်းကောင်းခဲ့တာလေ၊ အခု အရင်က ကိစ္စတွေကြောင့် စိတ်ကောက်နေရင်တောင် ဒီလောက်ကြီး ပြတ်ပြတ်သားသား လုပ်စရာ မလိုပါဘူး"
"ကိုယ်တို့မှာ အတူတူ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေ အများကြီး ရှိခဲ့တယ်လေ၊ မင်းနဲ့ ဟော်ချန်ယဲ့က လက်ထပ်တာ ရက်ပိုင်းပဲ ရှိသေးတာကို၊ ကိုယ်တို့ရဲ့ သံယောဇဉ်ကို ရုတ်တရက်ကြီး ဖြတ်ပြီး အဲဒီ သားသတ်သမားကို သဘော ကျသွားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ခေါင်းမာမနေပါနဲ့တော့... ပိုက်ဆံလေး နည်းနည်းလောက် ချေးပါကွာ၊ ကိုယ် ရာထူးတိုးပြီး ပိုက်ဆံရလာရင် မင်းကို ပြန်ဆပ်ပါ့မယ်၊ အရမ်းကြီး ကပ်စီးမနှဲပါနဲ့"
ဟော်ချန်ယဲ့ အသက်ရှူသံများ ပြင်းထန်လာသည်။ သစ်သားတုတ်ကို သူ တင်းကျပ်စွာ ဆုပ်ကိုင်မိရာ ကြမ်းတမ်းပြီး အရောင်မတင်ရသေးသော တုတ်မှ သစ်သားစများက သူ့လက်ဖဝါးကို စူးဝင်သွားသော်လည်း လုံးဝ သတိမထားမိချေ။
မင်ရည်ကဲ့သို့ နက်မှောင်သော သူ့ မျက်ဝန်းများက မလှမ်းမ ကမ်းရှိ ညည်းညူနေသော စုန့်ချင်းရှန်း မျက်နှာကိုသာ စိုက်ကြည့်နေတော့သည်။
စုန့်ချင်းရှန်းက ညည်းညူနေခြင်း ဖြစ်သော်လည်း ဟော်ချန်ယဲ့ကတော့ ကြွားဝါနေသည်ဟုသာ ခံစားရသည်။
မနာလိုဝန်တိုမှုများနှင့် အခြားသော ခံစားချက်များက ဟော်ချန်ယဲ့ ရင်ထဲတွင် လောင်ကျွမ်းနေပြီး သူ့ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မည်သို့မျှ ငြိမ်သက်၍ မရတော့ပေ။
စုန့်ချင်းရှန်းမှာ အလွန်ပင်ပန်းနေပြီး အနီးအနားရှိ ကောက်ရိုး ပုံမှနေ၍ တစ်စုံတစ်ယောက်က သူ့ကို အေးစက်သော အကြည့်များဖြင့် စောင့်ကြည့်နေကြောင်း လုံးဝ မသိရှိခဲ့ပေ။
သူ အလိုအလျောက် နှုတ်ခမ်းကို တွန့်ကာ စိတ်မရှည်စွာဖြင့် တောက်ခေါက်ပြီး နံရံကျော်တက်ရန် စဉ်းစားရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။
ရုတ်တရက် သူ့မျက်လုံးများက အရောင်လက်သွားပြီး ဝမ်းသာအားရဖြင့် အော်သည်။
"ယွီရွေ့ကျူး... ရွေ့ကျူး၊ မင်း တကယ်ပဲ ဒီမှာ ရှိနေတာကိုး၊ ကိုယ် မင်းကို အကြာကြီးခေါ်နေတာတောင် မထူးဘူးဆိုတော့၊ ကိုယ်တောင် မင်းကို ရှာဖို့ အိမ်ထဲ ဝင်တော့မလို့ စဉ်းစားနေတာ ရွေ့ကျူးရယ်..."
သူက ရွေ့ကျူးဟူသော နာမည်ကို ထပ်တလဲလဲ ခေါ်ဆိုနေခြင်းက ဟော်ချန်ယဲ့အား ဒေါသနှင့် မနာလိုမှုများကို ပိုကြီးထွားလာစေသည်။
ဟော်ချန်ယဲ့ ကိုယ်တိုင်တောင် ယွီရွေ့ကျူးကို ရင်းရင်းနှီးနှီး ခေါ်တာ အကြိမ်နည်းနည်းပဲ ရှိသေးပြီး ဤစုန့်ချင်းရှန်းက ထိုအသံဖြင့် ခေါ်ရဲသည်။
သူ့လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။
တစ်ချိန်တည်းမှာပင် ကောက်ရိုးပုံ အခြားတစ်ဖက်ရှိ ယွီရွေ့ကျူးက သင့်တော်သော သစ်သားတုတ် တစ်ချောင်းကိုရှာတွေ့သွားပြီး စုန့်ချင်းရှန်းရှေ့တွင် ရပ်ကာ အကြံအစည်းများ ပြည့်၀နေသော မျက်၀န်းများဖြငိ့ သူ့ကို စိုက်ကြည့်နေသည်။
အစက စုန့်ချင်းရှန်းမှာ ဝမ်းသာသွားပြီး ချေးငွေကိစ္စထပ် ပြောရန် ယွီရွေ့ကျူးအနားသို့ သွားဖို့ပြင်သည်။ သို့သော် သူ့အကြည့်များက အောက်သို့ လျှောကျသွားပြီး ယွီရွေ့ကျူး လက်ထဲရှိတုတ်ကို မြင်ရသောအခါ ရုတ်တရက် လန့်ဖြတ်သွားကာ နဖူးတွင် ချွေးများ စို့လာတော့သည်။
သူ လေပူတစ်ချက် မှုတ်ထုတ်ပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကာ ကြည့်မိသည်။
"ရွေ့ကျူး၊ မင်း ဘာ... ဘာလုပ်မလို့လဲ၊ ကိုယ့်ကို ရိုက်မလို့လား၊ ကိုယ်က မင်းဆီက ပိုက်ဆံလေး တောင်းရုံလေးကို မင်းက ကိုယ့်ကို ရိုက်တော့မလို့လား"
ယွီရွေ့ကျူး သူမ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရှင့်ကို ဘယ်သူက စကားများခိုင်းလို့လဲ၊ ရှင်က အတော်ပဲ ရောက်လာတာကိုး၊ လာ…