အခန်း ၁၂၅
Vol. 13 Ch. 125
🐽 Chapter 125
" ကျွန်မတို့ လင်မယား နှစ်ယောက်ဆီက ရိုက်ချက်ကို မြည်း စမ်းကြည့်လိုက်၊ ရှင့်ကို မြင်တိုင်းရိုက်မယ်လို့ ကျွန်မ အရင်ကတည်းက ပြောထားပြီးသား၊ ကျွန်မစကားကို ဘယ်တော့မှ မပြင်ဘူး၊ ဒီနေ့ ရှင် ကံကောင်းတယ် မှတ်လိုက်၊ တုတ်နောက်တစ်မျိုးရဲ့ အရသာကို မြည်းစမ်းခွင့် ရတာပေါ့"
စုန့်ချင်းရှန်း တစ်ယောက် အသိမဝင်နိုင်မီမှာပင် ဟော်ချန်ယဲ့က ကောက်ရိုးပုံ အခြားတစ်ဖက်မှနေ၍ တည်တင်းနေသော မျက်နှာထားနှင့် လူကြီးတစ်ယောက် လက်မောင်းလုံးခန့်ရှိသော သစ်သားတုတ်ကြီးကို ကိုင်ကာ ထွက်လာသည်ကို မြင်ရသည်။
သူက အေးစက်စွာ စိုက်ကြည့်နေပြီး နက်မှောင်သော မျက် ဝန်းများမှ ရိုင်းစိုင်းသော အငွေ့အသက်များ ဖြာထွက်နေကာ ထူထဲသော လက်မောင်းများနှင့် တောင့်တင်းသော ခန္ဓာကိုယ်က ပြင်းထန်သော ဖိအားများကို ပေးစွမ်းနေတော့သည်။
စုန့်ချင်းရှန်းမှာ ရုတ်တရက် တစ်ကိုယ်လုံးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုလင်မယားနှစ်ယောက် ရိုက်နှက်မှုကို မခံရသေးခင်မှာပင် သူ့တစ်ကိုယ်လုံး နာကျင်နေသလို ခံစားနေရသည်။
သူ အလိုအလျောက်ပင် နောက်သို့ ခြေနှစ်လှမ်း ဆုတ်မိ သည်။ အစက ယွီရွေ့ကျူး နောက်ပြောင်နေသည်ဟု သူ ထင်ခဲ့သော်လည်း တုတ်က မြေကြီးပေါ်သို့ ကျလာပြီး ယွီရွေ့ကျူးက အသံကို မြှင့်ကာ အော်သည်။
"ရိုက်လိုက်"
သူမ အချက်ပေးသံနှင့်အတူ ဟော်ချန်ယဲ့က တုတ်ကို ကိုင်ကာ စုန့်ချင်းရှန်းကို စတင် ရိုက်နှက်တော့သည်။ ယွီရွေ့ကျူးကလည်း အတူတူ ဝင်ရောက်ရိုက်နှက်ရာ ထိုလင်မယားနှစ်ယောက်က အရှေ့တစ်ယောက်၊ အနောက်တစ်ယောက်ဖြင့် သူ့ တင်ပါးနှင့် ခါးကို တုတ်ဖြင့် အဆက်မပြတ် ရိုက်နှက်ကြသည်။
စုန့်ချင်းရှန်းမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်ပြီး မကြာမီမှာပင် တင်ပါးကိုကိုင်ကာ နာကျင်စွာ အော်ဟစ်တော့သည်။
"အား နာတယ်၊ မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့၊ ပိုက်ဆံ မချေးတော့ပါဘူး၊ ကျေးဇူးပြုပြီး မရိုက်ကြပါနဲ့တော့..."
သူ သတိတောင် မထားမိလိုက်ခင်မှာပင် ပြင်းထန်လွန်းသော နာကျင်မှုကို ခံစားရသည်။
ဘယ်သွားသွား အမြဲတမ်း အလိုလိုက်ခံရသော စုန့်ချင်းရှန်းသည် ဤကဲ့သို့သော အပြုအမူမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ အိမ်တွင်လည်း မိဘများက အလိုလိုက်ထားပြီး နောက် ပိုင်းတွင် ယွီရွေ့ကျူးကပါ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရာ အမြဲတမ်း သက်တောင့်သက်သာ နေခဲ့ရသည်။
တုတ်နှင့် အရိုက်ခံရဖို့နေနေသာသာ စကားဖြင့်ပင် အပြောမခံခဲ့ရဖူးပေ။ သို့သော် ယွီရွေ့ကျူး အိမ်ထောင်ကျပြီးကတည်းက သူ့အပေါ် သူမ သဘောထားမှာ ပိုရန်လိုလာခဲ့သည်။
အစက သူမ ပါးရိုက်ရုံသာ ရိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် သစ်သားတုတ်ကိုပင် ဆွဲထုတ်လာသည်။
စုန့်ချင်းရှန်းမှာ အဆက်မပြတ် ညည်းညူနေပြီး အလွန် ဖရိုဖရဲ ဖြစ်နေကာ ယခင်က ပုံစံနှင့် လုံးဝကို ကွာခြားသွားတော့သည်။
ယွီရွေ့ကျူးကတော့ ကျေနပ်မှုကို ခံစားနေရသည်။ စုန့်ချင်းရှန်းကို အမှန်တကယ် ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်မည်မဟုတ်သော်လည်း သူ့ကို မှတ်လောက်သားလောက် ဖြစ်သွားအောင် ဆုံးမချင်သေးသည်။
မဟုတ်လျှင် မာနကြီးသော စုန့်ချင်းရှန်း စရိုက်အရ ယခင်က သူမဆိုင်တွင်သာ လာရောက် နှောင့်ယှက်ခဲ့သော်လည်း ယခုမူ ထောင်ဟွာရွာအထိပင် လိုက်လာကာ ပိုက်ဆံတောင်းနေပြီ ဖြစ်သည်။
ယနေ့သာ သူ့ကို လက်မြှောက်အရှုံးပေးသွားအောင် မရိုက်နှက်လိုက်လျှင် သူမ စီးပွားရေး ပိုကောင်းလာပြီး ပိုက်ဆံ ပိုရလာသောအခါ သူမဆီက ပိုက်ဆံလာတောင်းပြီး ထပ်နှောင့် ယှက်နေရင် မည်သို့လုပ်မည်နည်း။
ဆိုရိုးစကားရှိသည့်အတိုင်း ဖားပြုပ် ခြေထောက်ပေါ် တက်လာလျှင် မကိုက်သော်လည်း ရွံစရာကောင်းသည်။
ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို ထပ်မမြင်ချင်တော့ပေ။ အထူးသဖြင့် ခန္ဓာကိုယ်ပိုင်ရှင်နှင့် သူ့ အတိတ်က ပတ်သက်ခဲ့မှုများကို ထပ်တလဲလဲ အသုံးချကာ သူမထံမှ ပိုက်ဆံလာတောင်းပြီး နှောင့်ယှက်နေသည်ကို လုံးဝ မလိုလားပေ။
ယွီရွေ့ကျူး သူ့အပေါ် ဆက်ဆံပုံကို စုန့်ချင်းရှန်း မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သူက ခေါင်းကိုကာကွယ်ကာ ပုန်းရှောင်နေသော်လည်း မော့ကြည့်လိုက်သောအခါ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အေးစက်စက် မျက်ဝန်းများကို မြင်လိုက်ရသဖြင့် အလိုအလျောက်ပင် တုန်လှုပ်သွားတော့ သည်။
သူ့ တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်ကိုက်ခဲနေပြီး စုန့်ချင်းရှန်းမှာ အမောတကော အသက်ရှူနေရသည်။ အဆုံးတွင်တော့ ခြေထောက်များ ခွေယိုင်သွားပြီး စိုစွတ်နူးညံ့နေသော မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားတော့သည်။
ယခင်က အိမ်နီးချင်းများ မြင်သွားမည်ကို သူ ကြောက်ရွံ့နေခဲ့သည်။ သို့သော် ယခုအခါ ဂုဏ်သိက္ခာကို အမြဲတန်ဖိုးထားတတ်သော စုန့်ချင်းရှန်းမှာ မျက်နှာပြစရာပင် မရှိတော့အောင်အရိုက်ခံလိုက်ရသည်။
ယွီရွေ့ကျူး အတော်လေး မောပန်းသွားပြီး ရပ်လိုက်သော အခါမှသာ စုန့်ချင်းရှန်း တင်ပါးကို အုပ်ကာ ယွီရွေ့ကျူးကို နောက်တစ်ကြိမ် လှည့်ပင်မကြည့်ရဲတော့ဘဲ ခပ်သုတ်သုတ် ထွက်ပြေးသွားတော့သည်။
ယခုတစ်ကြိမ်တော့ သူ့ကို တကယ်ကြီး ကြောက်လန့်သွားအောင် သူမ လုပ်လိုက်နိုင်ပုံရသည်။
ဟော်ချန်ယဲ့က ထွက်ပြေးသွားသော စုန့်ချင်းရှန်း ကျောပြင်ကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေပြီးမှ အကြည့်များကို ဖြည်း ညင်းစွာ ရုပ်သိမ်းလေသည်။ ထိုအချိန်မှာပင် မိုးဖွဲဖွဲလေး စတင် ရွာသွန်းလာတော့သည်။
ယွီရွေ့ကျူးမှာ အမောတကော အသက်ရှူနေရသည်။ ရိုက်ရလွန်းသဖြင့် သူမလက်များပင် နာကျင်နေပြီး သစ်သားတုတ်ကို ဆုပ်ကိုင်ထားရန်ပင် ခွန်အားများ စိုက်ထုတ်ရရှာသည်။
သူမက ဟော်ချန်ယဲ့ လက်ကို ဆွဲကိုင်ပြီး ရင်ထဲမှ အပူမီးများ ငြိမ်းအေးသွားသည့်အလား သက်ပြင်းရှည်ကြီး ချကာ ပြောသည်။
"သွားကြစို့၊ အိမ်ပြန်ကြမယ်"
ဟော်ချန်ယဲ့မှာ တွန့်ဆုတ်သွားမိသော်လည်း ယွီရွေ့ကျူး အကြည့်ကို ခံစားမိသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း ခေါင်းညိတ်ပြသည်။
"အင်း"
'ငါ ဒီလိုဖြစ်မနေသင့်ဘူး"
သူ့ မသိစိတ်မှ ဖြစ်ပေါ်လာသော ထင်ကြေးပေးမှုများစွာက စိတ်ထဲတွင် ပေါ်ထွက်လာသည်။ ယွီရွေ့ကျူးနှင့် စုန့်ချင်းရှန်းတို့ ယခင်က ပတ်သက်မှုများက သူ့အပေါ် ပြင်းထန်သော သက်ရောက်မှု ရှိနေခဲ့သောကြောင့် ယွီရွေ့ကျူးက စုန့်ချင်းရှန်းနှင့် ပတ်သက်၍ ဘာပဲလုပ်လုပ် သူက အမြဲတမ်း တွေးလွန်နေတတ်သည်။
အခုလိုမျိုးပင်။
ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို တကယ်ရိုက်ချင်ခဲ့တာလား သို့မဟုတ် စုန့်ချင်းရှန်း ပြောသလို သူမကို အာရုံစိုက်လာအောင် တမင်တကာ လုပ်ပြနေတာလားဆိုပြီး သူ တွေးနေမိသည်။
'ယွီရွေ့ကျူး စုန့်ချင်းရှန်းကို ရိုက်တုန်းက သိပ်ပြင်းပြင်းထန် ထန် ရိုက်ပုံမရဘူး၊ ငါ အားကုန်သုံးပြီး ရိုက်တဲ့အချိန်မှာတောင် သူမက တားဖို့ ကြိုးစားသေးတယ်၊ သူမက ငါ မတော်တဆ လွန်သွားမှာကို စိုးရိမ်လို့လား၊ ဒါမှမဟုတ်... စိတ်ပူနေလား၊ သူမ စုန့်ချင်းရှန်းကို သနားနေတာလား'
ထိုသို့ တွေးမိတိုင်း သူ့အတွေးများအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိပြန်သည်။
ဟော်ချန်ယဲ့မှာ သူ့ကိုယ်သူပင် ရွံရှာမိလာပြီး စုန့်ချင်းရှန်း ရှိနေခြင်းကိုမူ ပို၍ပင် ရွံရှာမုန်းတီးမိတော့သည်။ စုန့်ချင်းရှန်း မပေါ်လာခင်က သူ့နှင့် ယွီရွေ့ကျူးတို့ ဆက်ဆံရေးက အမြဲတမ်း ပုံမှန်သာ ဖြစ်ခဲ့သည်။
သို့သော် စုန့်ချင်းရှန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ စိတ်ထဲတွင် ရူးသွပ်ရှုပ်ထွေးသော အတွေးမျိုးစုံက ဝင်ရောက်လာတော့သည်။
ဟော်ချန်ယဲ့က ထိုနေရာတွင် ရပ်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ရှူသွင်းပြီးနောက် အလျင်အမြန်စကားဆိုသည်။
"ဒီနေ့လယ် ကိုယ် ဘာမှလုပ်စရာမရှိဘူး၊ မြို့ကိုလည်း မသွားတော့ဘူး၊ မင်း ဘာစားချင်လဲ၊ ကိုယ် ချက်ပေးမယ်"
"ကောင်းပြီ"
ယွီရွေ့ကျူးက သူ့လက်ကို ကိုင်ကာ သေချာစွာ စစ်ဆေးကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်မိသည်။
"စောစောက ကိုင်လိုက်တုန်းက နည်းနည်း စူးသလို ခံစားလိုက်ရတာ ဒါကြောင့်ကို၊ ဟော်ချန်ယဲ့... ရှင့်လက်ထဲ သစ်သားစတွေ စူးဝင်သွားတာလား၊ အိမ်ထဲရောက်ရင် ကျွန်မ ထုတ်ပေးမယ်"
ဟော်ချန်ယဲ့ လည်ချောင်းထဲတွင် အနည်းငယ် ယားကျိကျိ ဖြစ်သွားပြီး အသံတိတ်လေး ပြန်ဖြေမိသည်။ သူက ယွီရွေ့ကျူးကို ငုံ့ကြည့်ရာ နက်မှောင်သော သူ့မျက်ဝန်းများက နက်ရှိုင်းနေပြီး လက်ဖဝါးများကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
'ယွီရွေ့ကျူးက ငါ့ကို ဒီလိုမျိုးပဲ ဆက်ကြည့်နေပေးရင် သိပ်ကောင်းမှာပဲ'
...
သူတို့ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ပြတင်းပေါက် အပြင်ဘက်ရှိ မိုးဖွဲဖွဲလေးက တဖြည်းဖြည်း သဲကြီးမဲကြီး ဖြစ်လာတော့သည်။ သို့သော် ကံကောင်းစွာဖြင့် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းမျိုးတော့ မရှိခဲ့ပေ။
ဆီမီးခွက်အလင်းရောင်အောက်တွင် ယွီရွေ့ကျူးက အပ်တစ်ချောင်းကို ယူကာ ဟော်ချန်ယဲ့ ကြီးမားသော လက်ဖဝါးကို ကိုင်ထားပြီး သူ့ လက်ဖဝါးထဲမှ သစ်သားစများကို ဂရုတစိုက် ဖယ်ရှားပေးနေသည်။
သူမက ဟော်ချန်ယဲ့ကို ချစ်စနိုးဖြင့်ပင် ဆူပူလာသည်။
"ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပေါ့ဆရတာလဲ၊ သစ်သားစ စူးတာတောင် မသိဘူး၊ တော်သေးတာပေါ့... ရှင့်အရေပြားက ထူပြီး ဖယ်ထုတ်ရတာ လွယ်လို့၊ မဟုတ်ရင် ကျွန်မတော့ ရင်နာမိမှာပဲ"
ဟော်ချန်ယဲ့က ခပ်အုပ်အုပ် အသံဖြင့် သာ တုန့်ပြန်ပြီး ဘာမှ ဆက်မပြောတော့ပေ။ တစ်ခါတစ်ရံ ယွီရွေ့ကျူး သူ့လက်ဖဝါးကို အာရုံစိုက်နေချိန်တွင် သူမကို သူ ခိုးကြည့်တတ်သည်။ ယွီရွေ့ကျူးက သူ့အကြည့်ကို သတိထားမိပြီး မော့ကြည့်သောအခါ ဟော်ချန်ယဲ့က အလျင်အမြန်ပင် အကြည့်လွှဲသွားတတ်သည်။
ယွီရွေ့ကျူးက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော် လည်း အများကြီး ဆက်မတွေးတော့ပေ။
လက်ဖဝါးထဲမှ သစ်သားစများကို ဖယ်ရှားပြီးနောက် ဟော်ချန်ယဲ့က ဟင်းသွားချက်သည်။ အခြားသူများဆီက ချက်ပြုတ်နည်း သင်လာခဲ့လားတော့ မသိ၊ သူက ပုံမှန်ချက်နေကျ ခေါက်ဆွဲတစ်ခုတည်း လုပ်တာမဟုတ်ဘဲ အခြားဟင်းလျာတချို့ကိုပါ ချက်ပြုတ်ခဲ့သည်။ ထိုအရာသည် ခေါက်ဆွဲလောက် အရသာမရှိသော်လည်း တိုးတက်လာသည်ဟုတော့ ဆိုရမည်။
ယွီရွေ့ကျူးက အားနာစွာဖြင့် တော်တော်များများ စားပေးခဲ့ပြီး သူ့ကို အဆက်မပြတ် ချီးကျူးခဲ့သည်။ ထမင်းစားပြီးနောက် သူက ပုံမှန်အတိုင်း စားပွဲကို ရှင်းလင်းပြီးနောက် ရေချိုးရန် ထွက်သွားသည်။
ယခုအခါ ဤလုပ်ရိုးလုပ်စဉ်များနှင့် ဟော်ချန်ယဲ့မှာ အလွန်ရင်းနှီးနေသည်။ ရွာထဲတွင် သူတို့မိသားစုလို နေ့တိုင်း ထင်းမီးဖိုကာ ရေနွေးဖြင့် ရေချိုးနိုင်လောက်အောင် ဇိမ်ကျသည့် မိသားစုဆို၍ မည်သူမှ မရှိသလောက်ပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ဟော်ချန်ယဲ့မှာ ကျင့်သားရနေခဲ့ပြီဖြစ်သည်။