အခန်း ၁၂၆
Vol. 13 Ch. 126
🐽 Chapter 126
ရေချိုးပြီးနောက် ယွီရွေ့ကျူးက အုတ်ကုတင်ပေါ်တွင် ထိုင်ကာ ဆံပင်သုတ်နေသည်။ ယနေ့ သူမ သိပ်မလှုပ်ချင်၍လားမသိ ဟော်ချန်ယဲ့က သူရှာဖွေရရှိသော ငွေများအားလုံးကို ထုတ်ကာ သူမအတွက် ရေတွက်ပြသည်။
ယွီရွေ့ကျူးက သူ့ ဝင်ငွေများကို ကြည့်ကာ အံ့အားသင့်သွားပြီးနောက် ပိုက်ဆံသေတ္တာထဲသို့ သူ့ဘာသာသူ ထည့်သိမ်းထားရန် ပြောလေသည်။
ဟော်ချန်ယဲ့က သဘောတူပြီး မှန်တင်ခုံအောက်ရှိ အံဆွဲကို ဆွဲဖွင့်ရန် ဆောင့်ကြောင့် ထိုင်လိုက်သည်။ သို့သော် ယနေ့တွင် သူ လက်ကြမ်းသွား၍လားမသိ ပိုက်ဆံသေတ္တာကို ထုတ်ယူလိုက်ပြီးနောက် အတွင်းမှ အထုပ်လေးများ ရုတ်တရက် လိမ့်ထွက်လာသည်။
ထိုခေတ်က ပစ္စည်းများကို အဝတ်စဖြင့် ထုပ်ပိုးလေ့ရှိကြရာ သေချာ မချည်နှောင်ထားသော ဘေးဘက်မှနေ၍ အဖြူရောင် စာအိတ်တစ်စည်း လျှောကျလာတော့သည်။
ဟော်ချန်ယဲ့ ခေတ္တမျှ ရပ်တန့်သွားပြီး သူ့အကြည့်များက ထိုစာအိတ်များပေါ်သို့ အလိုအလျောက် ရောက်ရှိသွားသည်။
သူ့အနောက်တွင်ရှိသော ယွီရွေ့ကျူးက အသံကြားသဖြင့် လှည့်ကြည့်ကာ မေးသည်။
"ဘာဖြစ်လို့လဲ၊ ခုလေးတင်မှ သစ်သားစတွေ ဖယ်ထားရတာနော်၊ လက်ကို ထပ်မစူးစေနဲ့ဦး"
ဟော်ချန်ယဲ့ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အသံဩဩဖြင့် ပြန်ဖြေသည်။
"ဘာမှမဖြစ်ပါဘူး"
သူက စာအိတ်များပေါ်ရှိ လက်မှတ်နှင့် လက်ခံမည့်သူ နာမည်ကို ငုံ့ကြည့်သည်။
ယွီရွေ့ကျူး၊ စုန့်ချင်းရှန်း...
ဟော်ချန်ယဲ့ ကြီးမားသော လက်များက ရုတ်တရက် တင်းကျပ်သွားပြီး လက်သီးဆုပ်လိုက်မိသည်။
သူက စာအိတ်များကို တစ်ခုချင်းစီ ကောက်ယူကာ အဝတ်ထုပ်ထဲသို့ ပြန်ထည့်လေသည်။ ၎င်းတို့ကို ထိတွေ့ရသည့် အခိုက်အတန့်တွင် သူ့ စိတ်အာရုံများ ဗလာကျင်းသွားပြီး အသက်ရှူသံများပါ ပြင်းထန်လာတော့သည်။
အထုပ်တစ်ထုပ်လုံး စာများနှင့် ပြည့်နှက်နေပုံရသည်။ ၎င်းတို့အားလုံးမှာ ယွီရွေ့ကျူးက စုန့်ချင်းရှန်းထံသို့ ရေးသားခဲ့သော စာများပင် ဖြစ်သည်။
ယနေ့ နေ့လယ်က စုန့်ချင်းရှန်း ပြောခဲ့သော စကားများက သူ့ ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ ယွီရွေ့ကျူးက သူ့ကို ရည်းစားစာတွေ အများကြီး ရေးပေးခဲ့တယ်လို့ ပြောခဲ့သည်။
ယခုတော့ စုန့်ချင်းရှန်းအပေါ်ထားရှိသည့် ယွီရွေ့ကျူး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော ထိုရည်းစားစာများကို သူမ မလွှင့်ပစ်ရက်နိုင်ဘဲ အထူးတလည် ထုပ်ပိုးကာ သူတို့ အိမ်သစ်ဆီသို့ ယူဆောင်လာပြီး ဂရုတစိုက် တန်ဖိုးထား သိမ်းဆည်းထားသည်။
ဟော်ချန်ယဲ့က အံ့ကြိတ်မိရာ သူ့ ရင်ထဲရှိ မနာလိုဝန်တိုမှု မျိုးစေ့လေးက ထိန်းချုပ်၍မရနိုင်လောက်အောင် အရိုင်းဆန်စွာ ကြီးထွားလာတော့သည်။
နွေရာသီ အပူချိန်က တစ်စထက်တစ်စ ပို၍ ပြင်းပြလာရာ အိမ်ရှေ့နှင့် အိမ်နောက် ပြတင်းပေါက်များကို အချိန်ပြည့် ဖွင့်ထားရသော်လည်း အိုက်စပ်နေဆဲပင်။
ဟော်ချန်ယဲ့ နဖူးပေါ်မှ ဆံပင်စများမှာ အနည်းငယ် စိုစွတ်နေသည်။ သူက စကားတစ်ခွန်းမျှ မဟဘဲ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ကြီးမားကြမ်းတမ်းသော လက်အစုံဖြင့် စာအိတ်များကို ဆုပ်ကိုင်ထားရာ လက်ဆစ်များ တောင့်တင်းနေပြီး သွေးကြောမျှင်များပင် အထင်းသား ပေါ်လွင်နေသည်။
အခန်းတွင်း၌ တိတ်ဆိတ်လျက်ရှိပြီး လေတိုးသံ ခပ်သဲ့သဲ့နှင့်အတူ ပြတင်းပေါက်အပြင်ဘက်မှ ပိုးကောင်လေးများ အော်မြည်သံများကိုသာ ကြားနေရသည်။ ယွီရွေ့ကျူးက အုတ်ကုတင်ပေါ်တွင် ထိုင်လျက် ယပ်တောင်ကို တဖျပ်ဖျပ် ခတ်နေရှာသည်။
ဟော်ချန်ယဲ့မှာ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားရင်း မည်သည့်အရာကိုမျှ မမြင်လိုက်ရသလို ဟန်ဆောင်ကာ မျက်လွှာကိုချလျက် စာအိတ်များကို တစ်အိတ်ချင်းစီ နေရာတကျ ပြန်စီထည့်ပြီး ဗီရိုတံခါးကို ပိတ်သည်။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယပ်တောင်မှ လေကြောင့် ယွီရွေ့ကျူး ဆံပင်စလေးများ လွင့်နေပြီး သူမ ပါးပြင်လေးများမှာ ခပ်ရေးရေး နီမြန်းနေသည်ကို သူ မြင်လိုက်ရသည်။
သူမက ညည်းတွားလာသည်။
"တကယ် စိတ်ညစ်စရာပဲ၊ မိုးရွာပြီးတာတောင် ဘာလို့ပိုအိုက် လာရတာလဲ"
'အခုချိန်လေးသာ အဲကွန်းရှိရင် သိပ်ကောင်းမှာပဲ'
နည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် သူမ ရှင်သန်ခဲ့ဖူးသော ခေတ်ကာလကို ပြန်လည်လွမ်းဆွတ်မိသွားသဖြင့် ယွီရွေ့ကျူး မျက်ဝန်းများတွင် နှမြောတသဖြစ်မှုများ အရိပ်ထင်လာသည်။ ထိုအချိန်များက နွေရာသီကျောင်း ပိတ်ရက်များဆိုလျှင် အဲကွန်းအခန်းထဲ ထိုင်ကာ ဖရဲသီးစားရင်း ဇာတ်လမ်းတွဲများကို အေးအေးလူလူ ထိုင်ကြည့်နိုင်ခဲ့သည် မဟုတ်ပါလား။
ယခုမူ သူမတွင် လျှပ်စစ်ပန်ကာပင် မရှိဘဲ ထန်းရွက်ယပ် တောင်လေးသာ ရှိပေသည်။ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေသည်ဟုသာ သူမ ဆိုနိုင်တော့သည်။
မနက်ဖြန် မြို့ပေါ်မှ အပြန်တွင် ဖရဲသီးတစ်လုံး ဝယ်လာပြီး ကားပေါ်တင်လာကာ ရေတွင်းထဲမှ ရေအေးအေးလေးဖြင့် စိမ်ထားရမည်။ ထိုဆို အလွန်အရသာရှိမှာပဲဟု တွေးရင်း ယွီရွေ့ကျူး သက်ပြင်းမသိမသာ ချမိသည်။ စဉ်းစားကြည့်ရုံနှင့်ပင် သူမ မစောင့်နိုင်တော့ပေ။
သူမက ယပ်တောင်ကို အုတ်ကုတင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချပြီး အိပ်ရာဝင်ရန် ပြင်ဆင်ရင်း အိပ်ရာခင်းများကို စတင် ဖြန့်ခင်းတော့သည်။
ယနေ့ခေတ် ကျေးလက်ဒေသ ဘဝမှာ အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။ ညဘက်များတွင် ဆော့ကစားရန် လက်ကိုင်ဖုန်း မရှိသလို၊ တီဗွီဝယ်ရန်လည်း ပိုလျှံနေသော ငွေမရှိပေ။ အိပ်စက်ခြင်းအပြင် ကျန်ရှိနေသည့် တစ်ခုတည်းသော အလုပ်မှာ ကလေးယူရန်ပင် ဖြစ်တော့သည်။
ကံမကောင်းစွာဖြင့် ရာသီဥတုက အလွန်ပူအိုက်စိုစွတ်လွန်းသည်။ ယွီရွေ့ကျူးမှာ ဟော်ချန်ယဲ့ ဗိုက်ကြွက်သားများကို ထိတွေ့ချင်သည့် စိတ်ကူးကိုပင် စွန့်လွှတ်ထားရပြီး သူမ စိတ်များလည်း အတော်လေး တည်ငြိမ်သွားသည်။
စုန့်ချင်းရှန်း ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပျက်ဆီးသွားခဲ့ရသော ဟော်ချန်ယဲ့နှင့် ရှေ့ဆက်တိုးရန် ယခင်က ရည်ရွယ်ထားသည့် သူမစိတ်ကူးမှာလည်း ရပ်တန့်သွားခဲ့ရသည်။
'အင်း... နောက်ထပ် အခွင့်အရေးကိုပဲ စောင့်ရတော့မှာပေါ့'
ယွီရွေ့ကျူးက သူမ အင်္ကျီကော်လာကို ဆွဲဟလျက် အုတ်ကုတင်ပေါ်တွင် လှဲလျောင်းရာ ပြတင်းပေါက်မှ တိုက်ခတ်လာသော လေပြေကပင် ပူနွေးနေသည်။
ဟော်ချန်ယဲ့က သူမ အခြားတစ်ဖက်တွင် လှဲလျောင်းနေပြီး သူ့လက်မောင်းကို အကျင့်ပါနေသည့်အတိုင်း ဆန့်တန်းထားသော်လည်း ယွီရွေ့ကျူးကမူ အနားသို့ တိုးမလာသလို သူမ ခေါင်းအုံးကိုလည်း ကမ်းမပေးခဲ့ပေ။
သူသည် ပါးလွှာသော နှုတ်ခမ်းကို စေ့ထားရင်း ယွီရွေ့ကျူးအား လှည့်ကြည့်ကာ မေးသည်။
"မင်း အနားကို တိုးမလာတော့ဘူးလား"
ယွီရွေ့ကျူး စကားတစ်ခွန်းတည်းကိုသာ ပြတ်ပြတ်သားသား ပြန်ပြောသည်။
"ပူတယ်"
ယခင်ကတော့ အဆင်ပြေခဲ့သည်။ နွေရာသီမှာ သူတို့နှစ်ယောက် နီးနီးကပ်ကပ်နေရသည်ကို အသားကျနိုင်ခဲ့သော် လည်း ရာသီဥတုက တဖြည်းဖြည်း ပိုပူလာခဲ့ကာ အထူး သဖြင့် ဟော်ချန်ယဲ့ ကိုယ်အပူချိန်ကလည်း ပိုမြင့်မားတတ်ရာ သူတို့နှစ်ယောက်သာ အတူပူးကပ်အိပ်မိပါက နောက်တစ်နေ့ နံနက်နိုးလာလျှင် တစ်ကိုယ်လုံး စေးကပ်ကာ နေရခက်နေမည်ဖြစ်သည်။
ယခုခေတ်ကာလတွင် ရေချိုးရန်အတွက် ရေနွေးကျိုရသည်မှာ အလွန် အလုပ်ရှုပ်သော ကိစ္စတစ်ခုပင်။ ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ဗိုက်ကြွက်သားများနှင့် ပတ်သက်၍ လတ်တ လောတွင် အသာထားပြီး ရာသီဥတု အေးမြလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။
သူမက တစ်ဖက်သို့ လှည့်သွားပြီး မြန်မြန် အိပ်ပျော်ရန် ကြိုးစားမိသည်။
အခြားတစ်ဖက်တွင် ရှိနေသော ဟော်ချန်ယဲ့မှာ လက်မောင်းကို တိတ်တဆိတ် ပြန်ရုပ်သိမ်းကာ လက်သီးကို ဆုပ်ထားလျက် သူ့ စောင်ဘေးရှိ နေရာလွတ်ကို စူးစိုက်ကြည့်နေခဲ့သည်ကိုတော့ သူမ သတိမထားမိခဲ့ပေ။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက လည်ချောင်းထဲမှ အသံလေးဖြင့် တုံ့ပြန်လာသည်။
"အင်း"
ယွီရွေ့ကျူးမှာ အမှန်တကယ်ပင် အိပ်ချင်ပြီး ပင်ပန်းနွမ်း နယ်နေခဲ့သည်။ တစ်ညလုံး အနားယူပြီးနောက် နောက်တစ် နေ့တွင် သူမမှာ လန်းဆန်းတက်ကြွလာလေသည်။