အခန်း ၁၂၇
Vol. 13 Ch. 127
🐽 Chapter 127
နောက်တစ်နေ့ နံနက်စောစောတွင် သူမ မြို့သို့ အလုပ်သွားသည်။ ဝက်သားနီနှပ်ဆိုင်မှာ အရောင်းအဝယ်ကောင်းပြီး တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာသောကြောင့် ယွီရွေ့ကျူးမှာ စိတ်ပေါ့ပါးလန်းဆန်းကာ အေးချမ်းလှသည်။
သူမက ဟော်ချန်ယဲ့ကို ပြုံးရွှင်စွာ နှုတ်ဆက်ပြီး အလုပ်သို့မသွားမီ အပြည့်အဝ ကျေနပ်အားရမှုများဖြင့် သူ့အား အနမ်းတစ်ပွင့် ပေးသည်။
သွားတိုက်နေသည့် ဟော်ချန်ယဲ့က အနမ်းခံလိုက်ရသော ပါးပြင်ကို စမ်းပြီး ထွက်ခွာသွားသော ယွီရွေ့ကျူး ကျောပြင်လေးကို ငေးကြည့်ကာ သူ့အလုပ်ကို မဆက်လုပ်မီ အချိန်အတော်ကြာအောင် ထိုနေရာတွင် ရပ်မိသည်။
ရှုပ်ထွေးပွေလီလှသော ခံစားချက်ပေါင်းစုံက သူ့ရင်ထဲတွင် လှိုက်တက်လာသည်။
မျက်နှာသစ်ပြီးနောက် ဟော်ချန်ယဲ့သည် မျက်နှာပေါ်မှ ရေစက်များကို သုတ်ရန်အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူ မျက်နှာသုတ်ပုဝါကို မတင်လိုက်ချိန်တွင် အကြည့်များက မှန်တင်ခုံအောက်ရှိ ဗီရိုလေးဆီသို့ အမှတ်မထင် ရောက်သွားမိသည်။
ထိုနေရာတွင် ယွီရွေ့ကျူးက စုန့်ချင်းရှန်းထံသို့ ရေးသားခဲ့သော စာစောင်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။ သူသည် ထိုနေရာ၌ပင် အချိန်အတော်ကြာအောင် အေးခဲသွားသလို ရပ်နေမိပြီး နဖူးပြင်ထက်မှ ရေစက်များ စီးကျလာကာ မျက်တောင်များကို စိုစွတ်သွားစေပြီး ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားလေသည်။
သူ မျက်နှာသုတ်ပုဝါကို မျက်နှာပေါ်တွင် အုပ်ထားလျက် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရပ်နေခဲ့သည်။
ဟော်ချန်ယဲ့က နှုတ်ခမ်းကို စေ့ထားပြီး သူ့နက်မှောင်သော မျက်ဝန်းများက နက်ရှိုင်းနေကာ အချိန်အတော်ကြာသည်အထိ အကြည့်မလွှဲခဲ့ပေ။
ယွီရွေ့ကျူးက ထိုစာအိတ်များကို မှန်တင်ခုံဗီရိုထဲတွင် အသေအချာ သိမ်းဆည်းထားခဲ့ပြီး လုံးဝ အပျက်အစီးမရှိစေရန် ထိန်းသိမ်းထားခဲ့သည်။ ထိုအရာများမှာ သူတို့ မင်္ဂလာဦးညတွင်ပင် သူမ မစွန့်ပစ်ရက်ခဲ့ဘဲ ဤနေရာသို့ အထူးတလည် ယူဆောင်လာခဲ့သော အရာများပင်။
မျက်နှာသုတ်ပုဝါကို ဆုပ်ကိုင်ထားသော သူ့ လက်ချောင်းထိပ်များမှာ တဖြည်းဖြည်း ဖြူရော်လာပြီး အချိုးအစားကျကာ ကြီးမားလှသော လက်ဖမိုးပေါ်မှ သွေးကြောများမှာ ဖောင်းကြွလာသည်။
အတန်ကြာပြီးနောက် ဟော်ချန်ယဲ့က ထိုနေရာသို့ လျှောက်သွားသည်။
ဗီရိုလေးကို ဖွင့်ရသည်မှာ လွယ်ကူလှသလို သော့ခတ်မထားပေ။ ဤမှန်တင်ခုံမှာ သူတို့ မင်္ဂလာပွဲအတွက် သူ အထူးတ လည် ပြုလုပ်ပေးထားခဲ့ခြင်းပင်။
ဗီရိုထဲတွင် ယခင်ကအတိုင်းပင် ငွေသေတ္တာလေးရှိနေပြီး ထိုအထဲတွင် ရင်းနှီးနေသော အဝတ်ထုပ်လေး ရှိသည်။
ဟော်ချန်ယဲ့က ထိုငွေသေတ္တာထဲသို့ ငွေများ ထည့်ခဲ့ဖူးသော်လည်း ထိုအချိန်က ၎င်း အနောက်ဘက်ရှိ အဝတ်ထုပ်လေးကို သတိမပြုမိခဲ့ပေ။ ထို့အပြင် သူ သတိထားမိခဲ့လျှင်တောင် သူ့ စရိုက်အရ ထိုအထဲတွင် ဘာတွေပါသလဲဆိုသည်ကို သိချင်စိတ်ဖြင့် ဖွင့်ကြည့်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ အခြေအနေများက ပြောင်းလဲသွားသည်။ ဟော်ချန်ယဲ့က ခေါင်းမာစွာဖြင့် မျက်လွှာကိုချပြီး ထုပ်ပိုးထားသည့် အဝတ်ထုပ်လေးကို ဖြည်းညှင်းစွာ မဖြေခင် သူ့ ကြီးမားသော လက်ကြီးက လေထဲတွင် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားခဲ့သည်။
မနေ့က သူ မြင်တွေ့ခဲ့ရသော စာအိတ်များမှာ အလွန်တင်းကျပ်စွာ ထုပ်ပိုးထားပြီး အရေအတွက် အလွန်များပြားလှသောကြောင့် တစ်ဖက်ကို ဖြေသည်နှင့် တောင်ပြိုကျသည့်အလား လျှောကျလာကာ ဟော်ချန်ယဲ့ ရှေ့မှောက်တွင် ပြန့်ကျဲသွားပြီး သူ့ ခြေထောက်များနှင့် ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် ပုံကတော့သည်။
စာအိတ်များ လျှောကျလာပုံမှာ စုန့်ချင်းရှန်းအပေါ်ထားရှိသည့် ယွီရွေ့ကျူး တိတ်ဆိတ်ပြီး ပြင်းပြလှသော အချစ်များကို ထိန်းချုပ်မှုမဲ့စွာ ဖွင့်ထုတ်လိုက်သကဲ့သို့ပင်။
ဟော်ချန်ယဲ့ အသက်ရှူသံများ အနည်းငယ် ပြင်းထန်လာပြီး သူ့ လက်များကို အစွမ်းကုန် ထိန်းချုပ်ကာ လက်သီးဆုပ်ထားမိရာ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းနေပြီး မျက်မှောင်များ ကြုတ်ကာ အံ့များကို တင်းတင်းကြိတ်ထားသည်။
သူ့ရင်ထဲမှ သဝန်တိုမှုများက တောမီးလောင်သကဲ့သို့ ပြန့်နှံ့ကာ အထိန်းအကွပ်မဲ့ ကြီးထွားလာတော့သည်။
ဟော်ချန်ယဲ့မှာ စာအိတ်များအားလုံးကို လိုက်ကောက်ပြီး သေသပ်စွာ မစီရီမီ သူ့စိတ်ကို တည်ငြိမ်အောင် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည်။ ထို့နောက် အပေါ်ဆုံးအလွှာမှ တစ်အိတ်ကို ယူကာ ဖြည်းညှင်းစွာ ဖွင့်၍ ကြည့်လေသည်။
မကြည့်ရသေးခင်မှာပင် ဟော်ချန်ယဲ့က မည်သို့ ဖြစ်မည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။
လက်မထပ်မီက ယွီရွေ့ကျူးနှင့် စုန့်ချင်းရှန်းတို့ အတိတ်အကြောင်းကို သူ သိထားပြီးဖြစ်သလို စုန့်ချင်းရှန်းအပေါ် ယွီရွေ့ကျူး စွဲလမ်းရူးသွပ်လှသော အချစ်များအကြောင်းကိုလည်း အခြားသူများထံမှ သူ ကြားခဲ့ဖူးသည်။
စုန့်ချင်းရှန်းက ယွီရွေ့ကျူးသည် သူ့ထံသို့ ရည်းစားစာများစွာ ရေးခဲ့ဖူးကြောင်း ယခင်က ပြောခဲ့ဖူးပြီး ထိုစာများထဲတွင် မည်သည့်အကြောင်းအရာများ ပါဝင်မည်ဆိုသည်ကို သူ ကြိုတင် မှန်းဆထားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း စာထဲမှ အကြောင်းအရာများကို ဟော်ချန်ယဲ့ အမှန်တကယ် မြင်တွေ့ရသောအခါ သူ့ လက်ဝါးများက အထိန်းအကွပ်မဲ့ ဆုပ်ကိုင်မိပြီး မခံမရပ်နိုင်လောက်အောင် မွန်းကျပ်နာကျင်မှုတစ်ခုကြောင့် သူ့ ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားတော့သည်။
သူ့မျက်နှာမှာ အလွန်ဖြူရော်သွားပြီး ပြင်းထန်လွန်းလှသော သဝန်တိုမှုများက သူ့ကို ဝါးမျိုသွားလုမတတ်ပင်။ ထိုစာ အိတ်လေးမှာ မည်မျှကြာအောင် ရှိနေခဲ့သည်ကိုပင် မသိနိုင်တော့ပေ။
လက်ရေးလက်သားမှာ ကလေးဆန်နေသော်လည်း မိန်းက လေးငယ်တစ်ဦးဆီမှ ရိုးသားပြီး ပြင်းပြလှသော အချစ်များနှင့် ပြည့်လျှံနေသည်။ ရိုးအကာ အရိုင်းဆန်သော်လည်း စိတ်အားထက်သန်မှုအပြည့်ပါသော စကားလုံးများဖြင့် စုန့်ချင်းရှန်းအပေါ် သူမ မြတ်နိုးမှုများနှင့် မျှော်လင့်ချက်များကို စာကြောင်းတစ်ကြောင်းပြီး တစ်ကြောင်း အပြည့်ရေးသားထားသည်။
သူမက စုန့်ချင်းရှန်းနှင့် တွေ့ဆုံရန် တမ်းတနေခဲ့ပြီး၊ ယဉ် ကျေးပျူငှာကာ တက္ကသိုလ်ပညာတတ်ဖြစ်သော စုန့်ချင်းရှန်းကို အားကျမြတ်နိုးနေခဲ့သည်။ ထိုစာအိတ်ထဲတွင် သူ သူမကို မည်သည့်အချိန်၌ လက်ထပ်မှာလဲ စသည်တို့ကို မယိမ်းယိုင်သော မျှော်လင့်ချက်များဖြင့် စုန့်ချင်းရှန်းအား မရေမတွက်နိုင်အောင် မေးခွန်းထုတ်ထားခဲ့သည်။
သူမ စိတ်ထဲတွင် ကပေါက်တိကပေါက်ချာ အတွေးများဖြင့် ပြည့်နှက်နေပြီး အားလုံးမှာ စုန့်ချင်းရှန်းနှင့် ပတ်သက်ခဲ့သည်။ အိမ်၌ ဝက်စာကျွေးနေချိန်တွင် သူမ ဝက်များ အခြေ အနေကိုပြောပြရန်နှင့် သူတို့နှစ်ဦး လက်ထပ်ပြီးပါက ဝက်မွေးမြူရေးကိစ္စကို သူမထံ လွှဲအပ်ထားနိုင်ကြောင်း ပေါ့ပေါ့ ပါးပါး ရေးသားရှင်းပြရန် စာတစ်စောင်ရေးဖို့ပင် သူမ တွေးတောမိခဲ့သည်။
ရွာက ပွဲလမ်းသဘင်များတွင် အရသာရှိသော အစားအစာများကို မြင်တွေ့စားသောက်ရသည့် အခါတိုင်း မြို့ပေါ်တွင်ရော ဤသို့အရသာရှိသော အစားအစာမျိုးများ ရနိုင်လားဆိုသည်ကို စုန့်ချင်းရှန်းထံ စာရေးမေးတတ်ပြီး သူ့ဆီလာလည်သည့်အခါ ချက်ကျွေးနိုင်ရန်အတွက် မည်သို့ချက်ပြုတ်ရသည်ဆိုသည့် အသေးစိတ်ကိုပါ သေချာရှင်းပြရေးသားထားလေသည်။
ယွီရွေ့ကျူး ကျောင်းထွက်ရသည့် အချိန်မှစ၍ မင်္ဂလာမဆောင်မီ အချိန်အထိ ရေးသားခဲ့သော စာတစ်စောင်ပြီးတစ်စောင်တွင် သူမ အရေးအသားများက ရိုးရှင်းဖြူစင်လှသည်။
စုန့်ချင်းရှန်းအပေါ်ထားရှိသည့် သူမအချစ်များက လျော့ပါးသွားခြင်း အလျဉ်းမရှိဘဲ တစ်နေ့တခြား ပို၍သာ နက်ရှိုင်းလာခဲ့သည်။ သူမသည် သူနှင့်လက်ထပ်ရရန်ပင် အိပ်မက် မက်ခဲ့ပြီး တင်တောင်းငွေ မလိုအပ်ဘဲ သူမကို အမှန်တကယ် ချစ်မြတ်နိုးဖို့သာ လိုအပ်ကြောင်းပြောထားခဲ့သည်။
ဤစာများနှင့် စကားလုံးများတွင် မိန်းကလေးတစ်ဦးဆီမှ အဖြူစင်ဆုံးသော အချစ်များပါဝင်သည်။ သူမသည် စုန့်ချင်းရှန်းကို အနာဂတ် လက်တွဲဖော်အဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့ပြီး သူမ ဘဝတစ်ခုလုံးက သူနှင့်သာ ပတ်သက်နေကာ အချိန်တိုင်း သူ့အကြောင်းကိုသာ တွေးတောခဲ့သည်။
ထိုစာသားများကို မြင်လိုက်ရသောအခါ ဟော်ချန်ယဲ့မှာ မင်္ဂလာဦးညက သူ့အပေါ် အလွန်ရက်စက်စွာ ဆက်ဆံခဲ့သော ယွီရွေ့ကျူး ပုံရိပ်နှင့် သူမအား ချက်ချင်းဆက်စပ်တွေး တော၍ မရနိုင်တော့ပေ။
မင်္ဂလာဦးညမှာ သူမ ဘာကြောင့်များ ထိုမျှပြတ်သားခဲ့ပြီး မင်္ဂလာပွဲကနေ ထွက်ပြေးဖို့ ပြတင်းပေါက်ကနေ ခုန်ချကာ သူ့ကိုစွန့်ပစ်ပြီး စုန့်ချင်းရှန်းဆီ သွားဖို့ ရွေးချယ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။
စုန့်ချင်းရှန်းအပေါ်ထားရှိသော သူမအချစ်က သူမ လူငယ်ဘဝတစ်ခုလုံး သို့မဟုတ် သူမ ဘဝတစ်သက်တာလုံးကိုပင် လွှမ်းခြုံထားပြီး သူမဖြစ်တည်မှုတစ်ခုလုံးက သူနှင့်သာ ပြည့်နှက်နေသည်။
သူမ ကိုယ်တိုင်အတွက်တောင် နေရာတစ်ကွက်လေးမျှ ချန်မထားခဲ့ပေ။
'စုန့်ချင်းရှန်းအပေါ် ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ချစ်မြတ် နိုးခဲ့တဲ့ ယွီရွေ့ကျူးက ဒီလောက်တိုတောင်းတဲ့ အိမ်ထောင် သက်တမ်းအတွင်းမှာပဲ သူမရဲ့ သံယောဇဉ်တွေကို တကယ်ပဲ အမြန်အဆန် ပြောင်းလဲပစ်နိုင်ခဲ့တာလား၊ သူနဲ့အတူ ဘဝကို သာသာယာယာ တကယ် ဖြတ်သန်းချင်နေခဲ့တာလား'
ထိုအပြောင်းအလဲကလည်း အလွန် ရုတ်ခြည်းနိုင်လွန်းသည်။ ချော်လဲကာ သတိလစ်သွားပြီးနောက် သူမ စရိုက်လက္ခဏာက လုံးဝပြောင်းလဲသွားသလို ထင်ရသည်။
ယခင်က စုန့်ချင်းရှန်း ယွီရွေ့ကျူးကို ပြောခဲ့ဖူးသည့် စကားများကို သူ ပြန်လည်အမှတ်ရလာသည်။
ယွီရွေ့ကျူးက သူ့ကို ရွဲ့ချင်သောကြောင့်သာ သူ့အပေါ် ယုတ်မာပြီး ဟော်ချန်ယဲ့အပေါ် ကောင်းပြနေခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
'အခု ပြန်စဉ်းစားကြည့်တော့လည်း တကယ်ပဲ... ဟုတ်နေမလား'
ထိုအတွေးများ ခေါင်းထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင် နက် ဟော်ချန်ယဲ့ ရင်ဘတ်က ရုတ်တရက် နာကျင်လာရသည်။
ယွီမိသားစုအိမ်သို့ အလည်ပြန်သွားချိန်က ယွီရွေ့ကျူးက သူ့လက်ကို ကိုင်ကာ ပြုံးရွှင်လျက် သူနှင့်အတူ ဘဝကို သာယာစွာ ဖြတ်သန်းသွားမည်ဟု ပြောခဲ့သော ပုံရိပ်များက မျက်လုံးထဲတွင် ပြန်မြင်ယောင်လာသည်။
သို့သော်လည်း သူ့ရှေ့မှောက်ရှိ စာအိတ်များကမူ အထူးတ လည် မျက်စိစူးဖွယ် ကောင်းနေသည်။ ဟော်ချန်ယဲ့ ခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲလာရသည်။
သူ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး နှုတ်ခမ်းကိုစေ့ကာ စာအိတ်များကို ရှာဖွေကြည့်ရာ မတူညီသော အသက်အရွယ်များတွင် ယွီရွေ့ကျူး ရေးသားခဲ့သည့် စာများကိုသာ တွေ့ရပြီး စုန့်ချင်းရှန်းထံမှ စာတစ်စောင်မျှ မတွေ့ရပေ။
စုန့်ချင်းရှန်းက စာပြန်မရေးခဲ့ခြင်းလား၊ သို့မဟုတ် သူ စာပြန်ပြီးနောက် ထိုစာများကို ဖျက်ဆီးပစ်လိုက်ခြင်းလားဟု သူ တွေးမိသည်။