အခန်း ၁၂၈
Vol. 13 Ch. 128
🐽 Chapter 128
မနေ့က မိုးရွာထားခဲ့ပြီး ယနေ့နံနက်တွင်တော့ ကောင်းကင်က ကြည်လင်တောက်ပကာ နေသာနေသည်။ သို့သော်လည်း ဟော်ချန်ယဲ့ ရင်ထဲတွင်မူ ထူးကဲစွာ လေးလံနေလေသည်။ သူက အရာအားလုံးကို ဖြည်းညှင်းစွာ ပြန်လည်ထုပ်ပိုးပြီး မျက်မှောင်ကြုတ်လျက် မပြီးပြတ်သေးသော တောင်ကတုံးဆီသို့ ထွက်လာသည်။
လျန်စစ်က ဝက်ခြံဆောက်နေသော အလုပ်သမားများနှင့်အတူ ရှိနေသည်။ သူ့ကို အဝေးမှမြင်လိုက်ရသည်နှင့် လျန်စစ်လည်း စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာသည်။
"အစ်ကိုဟော်၊ ဒီနေရာက လေထုက အရမ်းလတ်ဆတ်တာပဲ၊ ဒီမှာ ဝက်မွေးရင် သေချာပေါက် အောင်မြင်မှာ၊ ကျွန်တော်တို့ ဖမ်းလာတဲ့ ဝက်ကလေးတွေကလည်း သိပ်သွက်တာ၊ နေ့တိုင်း ဒီတောင်ပေါ်မှာ သူတို့ကို လမ်းလျှောက်ခိုင်းမယ်ဆိုရင် အသားက သေချာပေါက် အရမ်းအရသာရှိမှာပဲ"
ဟော်ချန်ယဲ့က အတင်းပြုံးပြသည်။
"အင်း"
သူ ထိုပုံစံကိုမြင်လိုက်ရသဖြင့် လျန်စစ်မှာ ချက်ချင်းပင် အံ့သြသွားပြီး အစ်ကိုဟော် ဘာဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။
'ငွေတွေရှာနိုင်ခဲ့တယ်၊ မြို့ပေါ်မှာ ဆိုင်ဖွင့်ထားတယ်၊ ဒီလောက်ကြီးမားတဲ့ ခြံကြီးကို တည်ဆောက်ထားပြီး အလုပ် သမားတွေ အများကြီး ငှားထားနိုင်ခဲ့တယ်၊ စီးပွားရေးလည်း ကောင်းတယ်ဆိုတော့ ဒါတွေက ပျော်စရာကောင်းတဲ့ ကိစ္စတွေ မဟုတ်ဘူးလား၊
ပိုက်ဆံ မရှာနိုင်ခင်က အစ်ကိုဟော်က အရမ်း တက်ကြွပြီး ရွှင်လန်းနေခဲ့တာ၊ အခုကျတော့ ဘာလို့ စိတ်မပါလက်မပါ ဖြစ်နေရတာလဲ'
'ထူးဆန်းလိုက်တာ'
လျန်စစ် ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း သူ မမေးရဲဘဲ အလုပ်ကိုသာ ဆက်လက်ကြိုးစားလုပ်ကိုင်တော့သည်။
ဟော်ချန်ယဲ့သည် ရွာမှ လက်သမားများနှင့် ပန်းရန်ဆရာများကို ငှားရမ်းထားပြီး သူနှင့် လျန်ဇစ်တို့ပါ ပူးပေါင်းကာ တောင်ကတုံးပေါ်ရှိ မွေးမြူရေးခြံကို အမြန်ဆောက်လုပ်ပြီးစီးစေရန် အချိန်ကာလကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေသည်။
ပုံမှန်အားဖြင့် ဟော်ချန်ယဲ့သည် အစွမ်းအစအရှိဆုံးသူပင်။ သူသည် ခွန်အားကြီးမားပြီး လုပ်ရည်ကိုင်ရည်ရှိကာ အလုပ် များကို လျင်မြန်စွာ ပြီးစီးအောင် လုပ်ဆောင်နိုင်ပြီး သာမန်အရွယ်ရောက်ပြီး အမျိုးသားများစွာ အလုပ်ပမာဏလောက်နီးပါးကို လုပ်ကိုင်နိုင်စွမ်း ရှိသည်။
သို့သော် ယနေ့တွင် ဟော်ချန်ယဲ့မှာ စိတ်လွင့်နေပုံရပြီး မကြာ ခဏ အတွေးနယ်ချဲ့နေတတ်သည်။ ညနေပိုင်း မြို့ပေါ်ရှိ အသားဆိုင်သို့ သွားရမည့်အချိန်တွင် သူသည် လှည်းပေါ်၌ မျက်မှောင်ကြုတ်ကာ မကြည်သာသော မျက်နှာထားဖြင့် ထိုင်နေသည်။
လျန်စစ်မှာ ဇဝေဇဝါဖြစ်နေပြီး အစ်ကိုဟော် ဘာဖြစ်နေ သည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် မြို့ပေါ်သို့ ရောက်သောအခါ ဟော်ချန်ယဲ့မှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပုံရသည်။
အသားဆိုင်ကို ပြုပြင်မွမ်းမံထားပြီး ယခင် ကျောက်မိသားစု ဝက်သားနီနှပ်ဆိုင်မှ ပစ္စည်းများအားလုံးကို ရှင်းလင်းထားကာ အတွင်းဘက်တွင် လတ်ဆတ်သော ဝက်သားအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ အဝင်ဝရှိ ဆိုင်းဘုတ်တွင် ဝက်သား အသားပိုင်းအမျိုးမျိုး၏ စျေးနှုန်းများကို ရှင်းလင်းစွာ ဖော်ပြထားဆဲပင်။
ညနေပိုင်းတွင် တံခါးပေါက်မှ နေရောင်ခြည်က အနေတော် ဖြာကျနေသဖြင့် အသားဆိုင်လေးမှာ နွေးထွေးကာ နေချင့်စဖွယ် ဖြစ်နေသည်။ ရှဲ့ချီက ကောင်တာတွင် မှီလျက် စာရင်းတွက်နေပြီး ရွာမှာရှိစဉ်ကထက် များစွာပို၍ ဝင်ငွေရနေကြောင်းကို အကြမ်းဖျင်း တွက်ဆမိသည်။
သို့သော်လည်း အရောင်းအဝယ် ကောင်းမွန်သောကြောင့်ရယ် အနီးအနားရှိ စားသောက်ဆိုင်များသို့ ပေးပို့ရခြင်းနှင့် လမ်းတစ်ဖက်ကူးရှိ ယွီရွေ့ကျူး ဝက်သားနီနှပ်ဆိုင်အတွက် ဝက်သားများ ထောက်ပံ့ပေးရခြင်းတို့ကြောင့် တစ်ခါတစ်ရံတွင် သူတို့မှာ ဝက်သားပြတ်လပ်မှုနှင့်ပင် ရင်ဆိုင်ရသည်။
ဟော်ချန်ယဲ့ ဝင်လာသည်ကို မြင်သောအခါ ရှဲ့ချီ ပြောလိုက်သည်။
"အစ်ကိုဟော်၊ ကျွန်တော်တို့ခြံကို မြန်မြန်ဆောက်ဖို့ လိုနေပြီ၊ ပြီးတော့ ဝက်ကလေးတွေလည်း မြန်မြန်ကြီးဖို့ လိုနေတယ်"
လျန်စစ်မှာ ပြောစရာစကားမဲ့သွားသည်။
'အစ်ကိုရှဲ့ချီ ပြောတဲ့စကားက တကယ်ကြောက်စရာကောင်းလိုက်တာ၊ ဝက်ကလေးတွေတော့ ဒီစကားမျိုးကို ကြားချင်မှာ မဟုတ်ဘူး'
ဟော်ချန်ယဲ့ သဘောတူညီကြောင်း အသံပြုပြီး ရှဲ့ချီကို မကြည့်ဘဲ လမ်းတစ်ဖက်ကူးရှိ ဝက်သားနီနှပ်ဆိုင်ဆီသို့သာ လှမ်းကြည့်သည်။
ယွီရွေ့ကျူး ထိုနေရာတွင် ရှိနေသည်။
လူများလွန်းသဖြင့် အခန်းထဲတွင် အိုက်စပ်နေသောကြောင့် ဖြစ်မည် သူမက ခွေးခြေခုံတစ်လုံးကို တံခါးဝသို့ ရွှေ့ကာ ထိုင်လျက် ခေါင်းကိုနောက်သို့လှန်ကာ ယပ်တောင်ခတ်ရင်း ကောင်းကင်ရှိ တိမ်ဖြူများကို ငေးကြည့်နေသည်။
သူမ လှပသော ဂါဝန်လေးက ကိုယ်လုံးလေးနှင့် အံဝင်ခွင်ကျဖြစ်နေပြီး ဖြူဖွေးသော ခြေတံများ အစိတ်အပိုင်းအချို့နှင့် သွယ်လျသော လည်တိုင်လေးကို ပေါ်လွင်စေသည်။ ဤထောင့်နှင့် အကွာအဝေးမှပင်လျှင် သူမ စူးရှသော မျက်နှာသွင်ပြင်နှင့် ကြောင်လေးတစ်ကောင်ကဲ့သို့ မျက်လုံးအိမ်များကို ခပ်ရေးရေး ခံစားနိုင်သည်။
သူ့စူးရှသော အကြည့်များ ခံစားမိသွားသောကြောင့် ဖြစ်မည် ယွီရွေ့ကျူးက ခေါင်းကို လှည့်ကာ ဟော်ချန်ယဲ့ ရှိရာဘက်သို့ ကြည့်လာသည်။
သူတို့နှစ်ဦးကြားတွင် လမ်းတစ်လမ်းသာ ခြားထားပြီး အနီးနားတွင် စည်ကားနေသော ဖောက်သည်များ ရှိနေသော်လည်း ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ အကြည့်များနှင့် လွယ်ကူစွာပင် ဆုံတွေ့သွားခဲ့သည်။
သူမက ခေါင်းလေးကို အမြန်စောင်းလာပြီး မျက်ခုံးလေးများ ကွေးညွတ်လျက် နီရဲသော နှုတ်ခမ်းလေးများ ကော့တက်သွားသည်အထိ ဟော်ချန်ယဲ့အား အလွန်တောက်ပပြီး လှပသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။
ထိုအပြုံးက တစ်စုံတစ်ယောက် ရင်ကို နွေးထွေးသွားစေနိုင်ပြီး ဘဝသည် အလွန်လှပသည်ဟု ခံစားရစေနိုင်သော အပြုံးမျိုးပင်။
ဟော်ချန်ယဲ့ ရင်ခုန်သံများ မြန်ဆန်လာပြီး သူ့နှုတ်ခမ်းများကလည်း အလိုအလျောက် ကွေးတက်သွားသော်လည်း ရုတ်တရက် မနက်က သူမြင်တွေ့ခဲ့ရသော စာထဲမှ အကြောင်းအရာများက ခေါင်းထဲတွင် အကြောင်းပြချက်မရှိ ပေါ်လာပြန်သည်။
{ ချင်းရှန်း... တကယ်လို့သာ ငါလုပ်နိုင်မယ်ဆိုရင် ဒီဘဝရော နောက်ဘဝမှာပါ နင်နဲ့အတူတူ ရှိနေချင်တယ်၊ ငါ ခေါင်းမော့ကြည့်လိုက်တိုင်း နင့်ကို တွေ့နိုင်ဖို့၊ ငါ့ဘေးနား၊ ငါ့လက်လှမ်းမီတဲ့နေရာမှာပဲ ရှိနေစေချင်တယ်၊ နင့်ကို မြင်နေရရုံနဲ့တင် ဘဝကြီးက သာယာလှပတယ်လို့ ခံစားရပြီး ငါ့ကို မျှော်လင့်ချက်တွေ ပေးတယ်၊ ငါ ဘယ်လိုအခက်အခဲကိုမှ ကြောက်မှာ မဟုတ်ဘူး၊ ပင်ပန်းလည်းရတယ်၊ ငါ နင့်ကို တကယ် ချစ်တာ }
ကွေးတက်နေသော ဟော်ချန်ယဲ့ နှုတ်ခမ်းများမှာ ရုတ်တ ရက် အေးခဲသွားပြီး တဖြည်းဖြည်း ပြန်ကျသွားကာ နှုတ်ခမ်းများကို တင်းတင်းစေ့မိပြန်သည်။
သူ့ရင်ထဲမှ ပေါ့ပါးမှုများက တဖြည်းဖြည်း လေးလံမှုများဖြင့် အစားထိုးသွားသည်။
လမ်းတစ်ဖက်မှ ယွီရွေ့ကျူးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။ လမ်းတစ်ဖက်မှနေ၍ ဟော်ချန်ယဲ့ မျက်နှာအမူအရာကို သူမ သေချာမမြင်ရသော်လည်း သူ ရှက်နေခြင်း မဟုတ်သည်ကိုတော့ ခပ်ရေးရေး ခံစားမိသည်။
'အင်း... ဒီနေ့ အသားဆိုင် ဒါမှမဟုတ် ခြံမှာ တစ်ခုခုများ ဖြစ်ခဲ့လို့လား'
သူမ သိပ်တော့ မတွေးမိချေ။
ညနေပိုင်းတွင် သူမသည် ယခင်အတိုင်းပင် ဟော်ချန်ယဲ့ လက်ကိုဆုပ်ကိုင်လျက် သူနှင့်အတူ အိမ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။
သူတို့နှစ်ဦးစလုံး မြို့ပေါ်တွင် အလုပ်လုပ်ကြပြီး အိမ်များမှာ လူမရှိဘဲ မီးများပိတ်ထားသော်လည်း သူတို့နှစ်ဦးမှာ လက် ကိုင်ကာ အလုပ်သို့ အတူတူသွား၊ အတူတူပြန်ကြသော ကြောင့် အမှန်တကယ်တွင် ယခင်ကထက် ပိုနီးကပ်ခဲ့ကြသည်။
ယွီရွေ့ကျူး သေချာချက်ပြုတ်ခြင်း မပြုလုပ်သည်မှာ အတန်ကြာခဲ့ကာ မကြာသေးမီက အချက်အပြုတ်ကိစ္စ အားလုံးကို ဟော်ချန်ယဲ့ကချည်း လုပ်ဆောင်ခဲ့သည်။
ရာသီဥတုက အလွန်ပူအိုက်စိုစွတ်နေသဖြင့် ဟော်ချန်ယဲ့ချက်သော ခေါက်ဆွဲနှပ်ကို စားရခြင်းက အတော်လေး ကောင်းမွန်လှသည်။ အနည်းဆုံးတော့ သူမ ချွေးထွက်သက်သာမည် မဟုတ်ပါလား။
ယွီရွေ့ကျူး အိမ်ထဲသို့ ဝင်သွားကာ သယ်လာသော ပစ္စည်းများကို ချထားပြီး အပြင်သို့ ခေါင်းပြုတကာ ဟော်ချန်ယဲ့အား မျက်စိတစ်ဖက်မှိတ်ပြသည်။
"ဒီနေ့တော့ ငရုတ်သီးစိမ်းနဲ့ ကြက်ဥ ခေါက်ဆွဲ စားချင်တယ်"
ဟော်ချန်ယဲ့: "အင်း"
ဟော်ချန်ယဲ့မှာ ခွန်အားကြီးမားသူဖြစ်ရာ သူလုပ်သော ခေါက်ဆွဲများမှာလည်း ထူးခြားစွာ စေးပိုင်ပြီး အိစက်နေတော့သည်။
ထောင်ဟွာရွာတစ်ရွာလုံးတွင် ဤမျှ ဇိမ်ကျကျ စားသောက်နိုင်သူဆို၍ သူတို့နှစ်ဦးသာ ရှိပေလိမ့်မည်။ အခြားမိသားစုများဆိုလျှင် ကြက်ဥများကို ဈေးတွင်ရောင်းရန် စုဆောင်းထားတတ်ကြသော်လည်း ယခုမူ ဟော်ချန်ယဲ့က ငရုတ်သီးများမွှန်းထားသော အနှစ်များ ခုနစ်ပွဲ ရှစ်ပွဲစာခန့် တစ်ခါတည်း ချက်ပြုတ်ထားလေသည်။
ရေအေးဖြင့် ဆေးကြောထားသောကြောင့် အထူးစေးပိုင်နေသည့် ခေါက်ဆွဲဖတ်များနှင့် ပျစ်နှစ်နေသော ဆော့စ်အနှစ်တို့ ပေါင်းစပ်သွားသောအခါ စေးကပ်ကာ မွှေးပျံ့ပြီး အစပ်အရသာလေးဖြင့် အလွန်ပင် စားမြိန်လှသော ဟင်းလျာတစ်ပွဲ ဖြစ်လာတော့သည်။
ယွီရွေ့ကျူးက အလွန်တရာ အရသာရှိစွာ စားသုံးနေရင်း ဟော်ချန်ယဲ့အား ပြုံးရွှင်စွာ လက်မထောင်ပြရန်လည်း မမေ့ပေ။
"ဟော်ချန်ယဲ့၊ ရှင်က တကယ် တော်တာပဲ၊ ရှင့်ရဲ့ ခေါက်ဆွဲက တကယ့်ကို ထူးကဲလွန်းတယ်"
ဟော်ချန်ယဲ့ "မင်း ကြိုက်လို့ တော်သေးတယ်"
သူက နက်မှောင်သော မျက်လွှာကိုချထားပြီး စကားသိပ်မပြောဘဲ သူ့ပန်းကန်ထဲမှ ခေါက်ဆွဲများကို စားရန်သာ အာရုံ စိုက်နေသည်။
ပုံမှန်အတိုင်းပင် သူသည် အစားအသောက် အလွန်ကြီးပြီး ပန်းကန်များစွာ စားပြီးမှသာ ရပ်တန့်သွားသည်။ သူသည် အိုးထဲတွင် ချက်ထားသော အနှစ်များအားလုံးကို ကုန်စင် အောင် စားသောက်ပြီးနောက် ကျန်ရှိနေသော ခေါက်ဆွဲများအတွက် ဟော်ချန်ယဲ့က ပဲပိစပ်အနှစ်နှင့် ငရုတ်သီးအချို့ကို ရောနယ်ကာ မြန်မြန်ဆန်ဆန်ပင် ပြောင်စင်အောင် စားပစ်လိုက်သည်။
အိမ်တွင် ဟော်ချန်ယဲ့ရှိနေပါက စားကြွင်းစားကျန် ဟူ၍ လုံးဝနီးပါး မကျန်ရစ်တတ်ပေဟု ဆိုရမည်။
ယွီရွေ့ကျူးက သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူ ဤမျှ များများစားနိုင်သည်မှာ ကောင်းသည်ဟု တွေးနိသည်။
'ဘာပဲဖြစ်ဖြစ် အစားအလုံအလောက် မစားရင် အလုပ်လုပ်ဖို့ ခွန်အား ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ အစားများများ မစားဘဲနဲ့ ဒီလောက် တောင့်တင်းတဲ့ ကြွက်သားတွေကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ’