အခန်း ၁၃၀
Vol. 13 Ch. 130
🐽 Chapter 130
ပြတင်းပေါက်အပြင်ဘက်မှ လရောင်သည် ထူးကဲစွာ တောက်ပနေပြီး ၎င်းအလင်းတန်းများတွင် အေးစိမ့်သော အငွေ့အသက်များ ပါဝင်နေသည်။
ဟော်ချန်ယဲ့ အသက်ရှူသံများက အစပိုင်းတွင် မြန်ဆန်ခဲ့သော်လည်း အေးစက်သော လရောင်အောက်တွင် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
သူ တစ်ခုခုပြောရန် နှုတ်ခမ်းကို ဟလိုက်သော်လည်း ယွီရွေ့ကျူးက ဖြတ်ပြောသည်။
အခန်းထဲတွင် လွင့်ပျံ့လာသော သူမအသံမှာ အလွန်နူးညံ့နေသည်။
"အရင်အိပ်လိုက်ပါ၊ မနက်ဖြန်ကျမှ ကျွန်မတို့ ဆက်ပြောကြတာပေါ့"
ယွီရွေ့ကျူးသည် ပြဿနာတစ်ရပ်ကို ချက်ချင်းဖြေရှင်းတတ်သည့် မူကိုသာ အမြဲဆုပ်ကိုင်ထားလေ့ရှိသူဖြစ်ရာ ကိစ္စတစ်ခုကို တစ်ညလုံး အချိန်ဆွဲထားခြင်းက သူမပုံမှန်စရိုက်နှင့် ကွဲလွဲနေခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ဟော်ချန်ယဲ့ စိတ်အစဉ်မှာ လွန်စွာ ရှုပ်ထွေးနေပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ တွေးတောရန် အချိန်ယူသင့်သည်ဟု ခံစားရသောကြောင့် သူလည်း ခေါင်းညိတ်လာသည်။
"ကောင်းပြီ"
ထိုညတွင် အခန်းလေးမှာ အလွန်တိတ်ဆိတ်နေပြီး ကျဉ်းမြောင်းသော နေရာလေးအတွင်း သူတို့နှစ်ဦး အသက်ရှူသံများကိုသာ ကြားနေရသည်။
ယွီရွေ့ကျူးက သူ့ လက်မောင်းပေါ်သို့ ခေါင်းအုံးရန် ထပ်မံတိုးမလာတော့ပေ။
စောင်စွန်းလေးမှာလည်း ယခင်ကလောက် နွေးထွေးမနေတော့ဘဲ မကြာမီက ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့်ပါပေါင်း စပ်သွားသောအခါ ဟော်ချန်ယဲ့မှာ အနည်းငယ် နေရခက်လေသည်။
လေထုထဲတွင် ယွီရွေ့ကျူး ချိုမြိန်သော ရနံ့လေး လွင့်ပျံ့နေဆဲဖြစ်သော်လည်း သူမ ဆံနွယ်များကို သူ လှမ်း၍ မထိတွေ့နိုင်ပေ။ ဟော်ချန်ယဲ့က သူ့ဆံပင်များကို အလျင်စလို သပ်တင်ရာ အမာရွတ်များ ပေါ်လာသည်။
ထိုအမာရွတ်လေးများက ယွီရွေ့ကျူး နှုတ်ခမ်းလေးများ ထိတွေ့ခဲ့စဉ်က နွေးထွေးမှုနှင့် နူးညံ့မှုများကို ပြန်လည်အသက် ဝင်စေသကဲ့သို့ ရှိနေသည်။
ယွီရွေ့ကျူးက သူ့ကို တကယ် နှစ်သက်ပြီး သူမက သူနှင့်အတူ ဘဝကိုတကယ် ဖြတ်သန်းချင်ခဲ့မည်ဆို သိပ်ကောင်းမှာဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။
'သူမ စုန့်ချင်းရှန်းကို တကယ် ငြင်းဆန်ပြီး မုန်းတီးခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ'
ညဉ့်နက်သွားပြီဖြစ်သော်လည်း ဟော်ချန်ယဲ့မှာ လုံးဝ အိပ်မပျော်နိုင်သေးပေ။
သူ့ စိတ်များ လွင့်မျောနေလေလေ အတွေးများက ပို၍ ရှင်းလင်းလာလေဖြစ်ပြီး အိပ်ချင်စိတ်ပင် ကင်းမဲ့လာခဲ့သည်။
မိုးလင်းခါနီးအထိ သူ အိပ်မပျော်ခဲ့ပေ။ ပြတင်းပေါက်မှ အလင်းရောင်များ စတင် ဖြာကျလာသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့ မျက်လုံးဖွင့်လိုက်သည်။
သူ တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ရင်ခွင်ထဲသို့ အလိုအလျောက် ငုံ့ကြည့်သော်လည်း ဘာမှရှိမနေခဲ့ပေ။ သူနှင့်ပူးကပ်လျက် ယွီရွေ့ကျူး ရှိမနေတော့ချေ။
တစ်ညလုံး အချိန်များ ကုန်ဆုံးသွားပြီးနောက် သူ့ ဒေါသများ တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီဖြစ်ကြောင်း ဟော်ချန်ယဲ့ သတိပြုမိသည်။ ယခင်ကကဲ့သို့ ပြင်းထန်သော ခံစားချက်များ မရှိတော့ပေ။
မနေ့က သူ့စကားများနှင့် လုပ်ရပ်များအတွက် အနည်းငယ်ပင် နောင်တရမိသည်။
ယွီရွေ့ကျူးမှာ သူ့ အနီးတွင် အိပ်မောကျနေဆဲပင်။ တစ်ညလုံး လုံးဝနီးပါးအိပ်မပျော်ခဲ့သဖြင့် သူ အတော်လေး စောစော နိုးနေသည်။
ထို့ကြောင့် အိပ်ရာမှထကာ ထမင်းဟင်းချက်ရန် သူ ဆုံးဖြတ်ထားသည်။ ပုံမှန်အားဖြင့် သူတို့သည် နံနက်စာကို ပေါ့ပေါ့ပါးပါးသာ စားလေ့ရှိပြီး အများစုမှာ ယခင်ညက ကျန်ခဲ့သော ဟင်းများကို ပြန်နွှေးစားလေ့ရှိသည်။
သို့သော် ယနေ့နံနက်တွင်တော့ ဟော်ချန်ယဲ့သည် အထူးတ လည်ပင် ကြက်ဥများပြုတ်ကာ သူ့လက်ရာဖြစ်သော ခေါက် ဆွဲကို ပြင်ဆင်ပြီး သခွားသီးချဉ် တစ်ပန်းကန်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်အပြင် ပြောင်းဖူးများကိုပါ ပြုတ်ထား သည်။
အလုပ်ရှုပ်နေမှုကြောင့် နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေလျက် စားပွဲပေါ်ရှိ အစားအသောက်များကို သူ လှမ်းကြည့်သည်။ သို့တိုင်အောင် မလုံလောက်သေးဘူးဟု ခံစားရသဖြင့် နောက်ထပ် ဟင်းတစ်ပွဲ ထပ်ချက်ရန် တွေးမိသေးသည်။
ထိုအချိန်မှာပင် ယွီရွေ့ကျူး နိုးလာပြီး တံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။
ဟော်ချန်ယဲ့ ချက်ချင်းပင် အေးခဲသွားသလို ရပ်တန့်သွားသည်။ သူအလိုအလျောက်ပင် ယွီရွေ့ကျူးကို လှမ်းကြည့်ပြီး သူမ အမူအရာနှင့် လှုပ်ရှားမှုများကို အကဲခတ်နေမိသည်။
သူ့ လည်စေ့လေး လှုပ်ရှားသွားသော်လည်း နေရခက်နေသော အခြေအနေကို ပြေလည်စေရန် မည်သို့ပြောရမည်ကို သူ မသိဖြစ်နေသည်။
သို့သော် ယွီရွေ့ကျူးက သူ့ကို တစ်ချက်သာ စောင်းငဲ့ကြည့်ပြီး ဘာစကားမှမဆိုဘဲ မျက်နှာသစ်၊ သွားတိုက်ရန်အတွက် အပြင်သို့ တည်ငြိမ်စွာ ထွက်သွားသည်။
သူတို့နှစ်ဦး ဖြတ်လျှောက်သွားသော ထိုခဏလေးအတွင်း ဟော်ချန်ယဲ့ ရင်ခုန်သံများ ရပ်တန့်သွားလုမတတ် ဖြစ်မိ သည်။
ပါးလွှာသော နှုတ်ခမ်းကို စေ့ကာ တစ်ခုခုပြောရန် ပြင်သော်လည်း သူ စကားမစရသေးခင်မှာပင် ယွီရွေ့ကျူး ထွက်သွားခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် စိတ်ပျက်အားငယ်မှု တစ်ရပ်က ဟော်ချန်ယဲ့ ရင်ကို ဆုပ်ကိုင်လာသည်။ သူ လှည့်ကြည့်မိရာ ရင်းနှီးနေသော ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသည့် ယွီရွေ့ကျူးသည် သူမလက်နှစ်ဖက်ဖြင့် ရေများကို ခပ်ယူကာ မျက်နှာကို ညင်သာစွာ သစ်နေသည်။
နားရွက်နားရှိ ဆံပင်စလေးများက ဖွာလန်လန်လေး ဖြစ်နေပြီး သူမသည် ယခင်ကကဲ့သို့ပင် ချစ်စရာကောင်းနေဆဲ ဖြစ်သော်လည်း သူ့ကို လှည့်မကြည့်သလို စကားတစ်ခွန်းမျှ မပြောတော့ပေ။
မနေ့နံနက်က သူ့အား ပြသခဲ့သော တောက်ပရွှင်လန်းသည့် အပြုံးလေးလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူတို့ မင်္ဂလာဦးညက ထိတ်လန့်ဖွယ်ရာ ကိစ္စရပ်များနှင့် ဆရာမချင် ဂါဝန်ချုပ်ပေးခဲ့သည်ဟူသော အထင်လွဲမှုများမှလွဲ၍ ယွီရွေ့ကျူးသည် သူ့အပေါ် တစ်ခါမျှ မအေးစက်ခဲ့ဖူးပေ။
ထိုမျှ ဂရုမစိုက်သော အကြည့်မျိုးနှင့် အပြုအမူမျိုးဆိုလျှင် ပိုဝေးသေးသည်။
ယွီရွေ့ကျူး မျက်လုံးထဲတွင် သူ မရှိတော့သလိုပင် ဟော်ချန်ယဲ့ကို ခံစားရစေသည်။
သူ့ ရင်ဘတ်က ရုတ်တရက် တင်းကျပ်လာပြီး ခါးသက်သော ခံစားချက်ကြောင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိသည်။
ဤကဲ့သို့ လျစ်လျူရှုထားသော အပြုအမူက ဟော်ချန်ယဲ့ကို ဇဝေဇဝါ ဖြစ်စေခဲ့ပြီး ယွီရွေ့ကျူး ဘာတွေ တွေးနေသည်ကို နားမလည်နိုင်အောင် ဖြစ်ရကာ သူ့ကို စိုးရိမ်ပူပန်လာရစေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် ယနေ့နံနက် ယွီရွေ့ကျူး တုံ့ပြန်မှုတို့ ပေါင်းစပ်သွားသောကြောင့်ဖြစ်မည်၊ ဟော်ချန်ယဲ့မှာ အလုပ်လုပ်နေစဉ် အနည်းငယ် စိတ်လွင့်နေခဲ့သည်။
ယခင်တစ်ခေါက် အထင်လွဲမှုတုန်းကလို မြန်မြန်ဆန်ဆန် ပြေလည်သွားလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သော် လည်း ယွီရွေ့ကျူး အမူအရာမှာ အေးစက်လျစ်လျူရှုနေဆဲပင်။ သူမသည် သူနှင့် စကားပြောပြီး တုံ့ပြန်မှုတော့ ရှိပါသည်။ သို့သော် အရာအားလုံးက ဝတ္တရားကျေမျှသာဖြစ်သည်။
ညဘက်အိပ်ချိန်များတွင်လည်း သူမက သူ့အနားသို့ တိုး၍ ပွေ့ဖက်ခြင်း မရှိတော့သလို သူမ တောက်ပသော အပြုံးများလည်း ပျောက်ကွယ်သွားခဲ့သည်။ ဟော်ချန်ယဲ့မှာ လွန်စွာ နေရခက်နေသည်။
နေ့ခင်းဘက် ခြံထဲတွင် အလုပ်လုပ်နေစဉ်၌ပင် ဟော်ချန်ယဲ့မှာ ဤကိစ္စကိုသာ တွေးတောနေဆဲဖြစ်ပြီး သူ့ရင်ထဲတွင် လေးလံကာ စိုးရိမ်ပူပန်မှုများဖြင့် မွန်းကျပ်လာသည်။
အတွေးနယ်ချဲ့ရင်း စိတ်လွင့်သွားစဉ် အုတ်စီနေသည့်အချိန် လက်မကို မတော်တဆ ထုမိသွားကာ ချက်ချင်းသွေးများ ပန်းထွက်သည်။
သူ့ဘေးတွင် ရှိနေသော လျန်စစ်မှာ လန့်ဖျပ်သွားပြီး ချက်ချင်း ပြေးလာကာ အထိတ်တလန့်ဖြင့် မေးသည်။
"အစ်ကိုဟော်၊ ဘာဖြစ်သွားတာလဲ၊ ဟာ... သွေးတွေ အများကြီးပဲ၊ မြန်မြန်၊ ဆေးခန်းသွားပြီး ပတ်တီးသွားစည်းကြရအောင်"
ဟော်ချန်ယဲ့သည် ဆောင်းဦးနှင့် ဆောင်းရာသီများတွင် မကြာခဏ အမဲလိုက်ထွက်လေ့ရှိပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ မကြာခဏ ရလေ့ရှိရာ ဤဒဏ်ရာက သူ့အတွက် ဘာမှမဟုတ်ပေ။
သူ မျက်မှောင်ကြုတ်လျက် လက်ချောင်းဒဏ်ရာကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သွေးများ စီးကျနေသည်။
အနီးနားရှိ လူများထံမှ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာ များကို မြင်ရချိန်တွင် သူ့မျက်ဝန်းများ၌ အလင်းရောင်တစ်ချက် လက်သွားပြီး နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
လျန်စစ်မှာ အလွန် ကြောက်ရွံ့သွားပြီး အစ်ကိုဟော် ခေါင်းကိုများ ထုမိပြီး ဦးနှောက်များ ထိခိုက်သွားပြီလားဟုပင် တွေးမိသည်။
သို့မဟုတ်ပါက ဤမျှ သွေးထွက်လွန်နေသည်ကို ပြုံးနေနိုင်ပါဦးမည်လား။
ဟော်ချန်ယဲ့ ဘေးနားရှိ လူများက သူ့ကို ဆေးခန်းသွားရန် တိုက်တွန်းကြပြီး အချို့က သူ့ကို ဆေးခန်းသို့ လိုက်ပို့ပေးမည်ဟုပင် ကမ်းလှမ်းကြသည်။ သို့သော် ဟော်ချန်ယဲ့က လျန်စစ်ကို လှမ်းကြည့်သည်။
"ငါ အခု ဆေးခန်းကို သွားမယ်၊ ဒါပေမဲ့ မင်းက ငါ့အိမ်ကို အရင်သွားလိုက်ပါ၊ မင်းရဲ့မရီး ဒီနေ့ အိမ်မှာ နားနေတယ်၊ ငါ ဒဏ်ရာရသွားတဲ့အကြောင်း သူ့ကို ပြောပြလိုက်၊ ပြီးရင် သူ့ကို ဆေးခန်းကို ခေါ်လာခဲ့၊ ငါ အရမ်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ပါ ပြောလိုက်"
လျန်စစ်မှာ တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်သည်။
ရှဲ့ချီ စကားများက သူ့ ခေါင်းထဲတွင် ပဲ့တင်ထပ်နေလျက် တောင်အောက်သို့ အပြေးအလွှား ဆင်းသွားခဲ့သည်။
အစ်ကိုဟော်နှင့် မရီးတို့ ရန်ဖြစ်ထားကြသည်ဟု ရှဲ့ချီ ပြောခဲ့ဖူးပြီး ယခုအခါတွင် အမှန်တကယ်ပင် ဖြစ်ပုံရသည်။ မဟုတ်လျှင် အစ်ကိုဟော်သည် ဒဏ်ရာရနေချိန်တွင် မရီးဖြစ်သူကို အခေါ်လွှတ်ရန် ဤမျှ အလုပ်ရှုပ်ခံမည် မဟုတ်ပေ။
'ဒါကို ဘယ်လိုခေါ်မလဲ... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်ပြီး သနားအောင် လုပ်တာများလား'
လျန်စစ် ခေါင်းယမ်းပြီး သူ့ ခြေလှမ်းများကို ပို၍ အရှိန်တင်မိသည်။
ရွာဆေးခန်းတွင် ချင်စုလန်သည် ရွာသားများအတွက် ဆေးဝါးများ ပြင်ဆင်ပေးနေစဉ် ရုတ်တရက် စုရုံးရောက်ရှိလာသော လူအုပ်ကြီးကြောင့် လန့်ဖျပ်သွားသည်။
သူမက အလုပ်လုပ်နေရာမှ ရပ်တန့်ပြီး ဟော်ချန်ယဲ့အား လူများ ဝန်းရံလာသည်ကို မြင်သောအခါ အံ့အားသင့်ကာ ထခုန်မိမတတ် ဖြစ်သွားရသည်။
"ဟော်ချန်ယဲ့၊ ရှင့်လက်... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဒဏ်ရာရလာရတာလဲ"
သူမလည်း သူ့ကိုကူညီရန် အပြေးအလွှား သွားခဲ့သော်လည်း သွေးထွက်ပိုလွန်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ဟော်ချန်ယဲ့ ဆေးထည့်ရန်အတွက် နေရာတစ်ခုကို အမြန်စီစဉ်ပေးသည်။
သို့သော် သွေးများထွက်နေပြီး လက်ချောင်းတွင် ဒဏ်ရာရနေသည့်တိုင် ဟော်ချန်ယဲ့မှာ ဆေးခန်းတွင် ခေါင်းကိုသာ ဆက်တိုက်ယမ်းပြနေပြီး ခဏစောင့်ဦးမည်ဟုသာဆိုကာ ဆေးကို ချက်ချင်းမထည့်သေးပေ။
လူတစ်ယောက်ကို စောင့်မျှော်နေသည့်အလား တံခါးပေါက်ဆီသို့ပင် အဆက်မပြတ် လှမ်းကြည့်နေသည်။