အခန်း ၁၃၄
Vol. 14 Ch. 134
🐽 Chapter 134
ယွီရွေ့ကျူးက သူ့ ကျောပြင်ပေါ်တွင် ထိုင်နေသောကြောင့်လားမသိ ယနေ့ညတွင်တော့ သူမ၏ အမူအရာက သိပ်ပြီး အေးစက်မနေတော့ကြောင်း ဟော်ချန်ယဲ့ တစ်ယောက် ထိရှလွယ်စွာပင် ခံစားသိရှိနေသည်။
ဟော်ချန်ယဲ့မှာ အနည်းငယ် ကျေနပ်ဝမ်းမြောက်သွားမိသည်။
ဤကဲ့သို့ ပြုမူရသည်မှာ အနည်းငယ် ရှက်ရွံ့စရာကောင်းလှသော်လည်း ယွီရွေ့ကျူးကသာ သဘောကျမည်ဆိုလျှင် သူ့ ရှက်ရွံ့မှုများကို ဘေးဖယ်ထားကာ နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်လုပ်ပြရန် ဝန်လေးနေမည် မဟုတ်ပေ။
ထို့ကြောင့် ဒိုက်ထိုးပြီးနောက် ယွီရွေ့ကျူး အမူအရာကို အကဲခတ်ပြီး ခြံဝင်းထဲသို့ဆင်းကာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပါးလွှာသော ချွေးစများကို သွားရောက် သုတ်သင်သည်။
အမှန်တော့ ဟော်ချန်ယဲ့အတွက် ဤမျှလောက်သော ကိုယ်လက်လှုပ်ရှားမှုမှာ ဘာမှမဟုတ်ပေ။ လေ့ကျင့်ခန်းလုပ်၍ ပင်ပန်းနွမ်းနယ်မှုက ဤအရာများကို လုပ်ဆောင်ရသဖြင့် သူခံစားရသော ရှက်ရွံ့မှုလောက်ပင် မကြီးမားချေ။
သို့တိုင်အောင် သူက တဘက်တစ်ထည်ကို ယူ၍ ကြွက်သားများနှင့် အသားအရေ တစ်ခုချင်းစီကို ရေအေးဖြင့် သုတ် သင်ရာ သူ့ ခန္ဓာကိုယ်ထက်တွင် ရေစက်ရေပေါက်များ တင်ကျန်ရစ်ကာ ရင်အုပ်ဟိုက်အကြားတွင် တောက်ပနေပြီး ခန္ဓာကိုယ်မှလည်း အေးစိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ ဟော်ချန်ယဲ့က ယွီရွေ့ကျူးအနားသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ချဉ်းကပ်လာသည်။ သူ့ ပါးပြင်များက နီမြန်းနေသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်ကာ မေးသည်။
"ကိုင်... ကိုင်ကြည့်မလား၊ ကိုယ် ခုလေးတင် ရေအေးနဲ့ သုတ်လာတာ၊ မပူတော့ဘူး၊ ဖက်ထားရင်လည်း အိုက်မှာ မဟုတ်ဘူး၊"
ယွီရွေ့ကျူး "..."
ယွီရွေ့ကျူးမှာ ဟော်ချန်ယဲ့ တောင်းပန်နေသယောင် အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် ဘာပြောရမှန်းပင် မသိတော့လောက်အောင် ဆွံ့အသွားမိသည်။
သူမက အကြည့်များကို တတ်နိုင်သမျှ ထိန်းချုပ်ရန်ကြိုး စားသည်။ သူ အသက်ရှူလိုက်တိုင်း ခပ်သဲ့သဲ့ တုန်ရီသွားသော ဟော်ချန်ယဲ့ ကြွက်သားများကိုဖြစ်စေ၊ ရှက်ရွံ့မှုကြောင့် သွေးထွက်မတတ် နီရဲနေသော နားရွက်ဖျားလေးများကိုဖြစ်စေ သူမ စူးစိုက်မကြည့်မိစေရန် အသေအလဲ ထိန်းထားရသည်။
"ကြည့်ရသေးတာပေါ့"
ယွီရွေ့ကျူးက မာနကြီးသော ကြောင်ပေါက်လေးတစ်ကောင်အလား မေးစေ့ကို ပင့်လာကာ ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်ပြီးနောက် သတိပေးသည်။
"ကုတင်ပေါ် မတက်ခင် ကိုယ့်ကိုယ်ကိုယ် သေချာခြောက်အောင်သုတ်ဦးနော်၊ မဟုတ်ရင် မွေ့ရာပေါ်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်လိမ့်မယ်"
ဟော်ချန်ယဲ့ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မကျေမနပ်ဖြင့် ခေါင်းငုံ့ကာပြန်ဖြေသည်။
"အင်းပါ"
ယနေ့တွင် ဟော်ချန်ယဲ့က သူမကို အမှန်ပင် မြူဆွယ်သွားသောကြောင့်လားမသိ သူ့ ကျယ်ပြန့်သော ရင်အုပ်ကြီးနှင့် ဝမ်းဗိုက်ကြွက်သားများကို သူမ မကိုင်တွယ်ရသည်မှာလည်း ရက်အတန်ကြာခဲ့ပြီ မဟုတ်ပါလား။
ထိုညက သူတို့ လှဲလျောင်းပြီးနောက် ယွီရွေ့ကျူး တစ်ယောက် ဟိုဘက်ဒီဘက် လူးလှိမ့်နေကာ အိပ်မပျော်နိုင်ဘဲ တစ်ခုခု လိုအပ်နေသလို ခံစားနေရသည်။
'ကျစ်၊ ဟော်ချန်ယဲ့ကို ပညာပေးဖို့ ဆုံးဖြတ်ထားတာဆိုတော့ သူ့ကို စောင့်ခိုင်းထားရမယ်၊ တစ်ညလုံး သူ့ကို သွားမကိုင်ဘဲ နေသင့်တာပေါ့'
သူမက မျက်လုံးများကို မှိတ်ထားရင်း တည်တည်ငြိမ်ငြိမ် နေနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားမိသည်။
သူမအတွက် တမင်တကာ နေရာဖယ်ပေးကာ စောင့်စားနေသော ဟော်ချန်ယဲ့ကို မမြင်ချင်ယောင်သာ ဆောင်ထားလတော့သည်။
ထိုညက သူတို့ နှစ်ဦးစလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ကြပေ။ နောက်တစ်နေ့တွင် ရှဲ့ချီနှင့် ရှဲ့ယင်ယန် မောင်နှမနှစ်ယောက်က သူတို့ ဇနီးမောင်နှံအပေါ် အကဲဖြတ်လာသည်။
"အစ်ကိုဟော်၊ အစ်ကို တစ်ခုခုကို အလိုမကျဖြစ်နေသလိုပဲနော်"
"အစ်မရွေ့ကျူး၊ အစ်မလည်း အရမ်းကို ဂနာမငြိမ်ဖြစ်နေသလိုပဲ"
ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့က ကိုယ့်အကြောင်းနှင့်ကိုယ် အသီးသီး ငြင်းဆန်ကြသည်။
"ဟုတ်လို့လား၊ လုံးဝ မဟုတ်ပါဘူး"
ထိုနေ့က လမ်းတစ်ဖက်တစ်ချက်ရှိ မျက်နှာချင်းဆိုင် ဆိုင်နှစ်ဆိုင်တွင် ဟော်ချန်ယဲ့ တစ်ယောက် တစ်ဖက်ဆိုင်သို့ မကြာ ခဏဆိုသလို လှမ်းကြည့်နေမိသည်။
သူ့ မျက်လုံးများက တစ်ဖက်ဆိုင်တွင်သာ ရှိနေချင်သယောင် ဖြစ်နေသော ထိုအမူအရာကို မြင်လိုက်ရသောအခါ ရှဲ့ချီပင်လျှင် မနေနိုင်ဘဲ စုတ်သပ်မိသည်။
'ဒါက ငါ သိခဲ့တဲ့ ခပ်တည်တည်နဲ့ အေးစက်စက် အစ်ကိုဟော်ရော ဟုတ်သေးရဲ့လား'
မည်သို့ပင်ဆိုစေကာမူ ဆိုင်နှစ်ဆိုင်စလုံးမှာ လင်မယားနှစ်ယောက်ပိုင် ဖြစ်သည့်အပြင် လင်မယားနှစ်ယောက်ကြား ယာယီ သဘောထားကွဲလွဲမှုများ ရှိသော်လည်း ယွီရွေ့ကျူးကမူ ငွေကို လုံးဝငြင်းဆန်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဟော်ချန်ယဲ့ ဝင်ငွေများအားလုံးက သူမထံသို့သာ အပ်နှံရမည် မဟုတ်ပါလား။
ထို့ကြောင့် ဆိုင်နှစ်ဆိုင်က အပြန်အလှန်ကြော်ငြာပေးကာ အရောင်းမြှင့်တင်ပေးကြသည်။
ဟော်ချန်ယဲ့ သားသတ်ရုံမှာ မူလကတည်းက ဈေးနှင့် စား သောက်ဆိုင်များမှ ဖောက်သည်များ တစ်နှစ်ပတ်လုံး ရှိနေပြီးသားဖြစ်ရာ ယွီရွေ့ကျူး အရောင်းမြှင့်တင်မှုများကြောင့် ဖောက်သည်အဝင်အထွက်မှာ အတော်လေး ကောင်းမွန်သည်။
မကြာမီမှာပင် ဟော်ချန်ယဲ့မှာ လမ်းတစ်ဖက်ရှိ ယွီရွေ့ကျူးဆီသို့ အာရုံမစိုက်နိုင်တော့ဘဲ သူ့ အလုပ်များထဲတွင်သာ နစ်မြုပ်သွားတော့သည်။
မွန်းလွဲပိုင်း ဟော်ချန်ယဲ့ မွေးမြူရေးခြံသို့ သွားသောအခါ ရှင်းလင်းထားသော တောင်ကုန်းလွတ်ကြီးပေါ်သို့ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက် ရောက်လာသည်။
သူ့ အဒေါ်ဖြစ်သူ ယန်ချိုးကျွီးနှင့် သူမ အပေါင်းအပါများက ဟော်ချန်ယဲ့ကို အဝေးမှမြင်သည်နှင့် လှမ်းကာ လက်ပြနှုတ်ဆက်ကြသည်။
ထိုနေ့မနက် လမ်းဆုံတွင် ဖြစ်ပွားခဲ့သော မနှစ်မြို့ဖွယ် ကိစ္စရပ်များကို မေ့ပျောက်သွားသည့်အလား သူမတို့ အပြုံးများက ပန်းပွင့်များကဲ့သို့ တောက်ပနေတော့သည်။
"အို... ချန်ယဲ့၊ မင်း အရည်အချင်းရှိတယ်ဆိုတာ ဒေါ်ဒေါ် သိပြီးသားပါ၊ မင်းက ငယ်ငယ်ကတည်းက ထက်မြက်တဲ့သူပဲလေ၊ တို့ရွာမှာ မင်းတစ်ယောက်တည်းပဲ ဒီလို ဇွဲလုံ့လနဲ့ အရည်အချင်းရှိတာ၊ အရင်က ဝက်သားဆိုင်ဖွင့်တယ်၊ အခုကျတော့ မွေးမြူရေးခြံပါ စလုပ်နေပြီ၊ ဒီတလော တို့ရွာမှာ မင်းရဲ့ နာမည်သတင်းက တကယ်ကို..."
"အဒေါ်... ပြောစရာရှိတာ တိုက်ရိုက်သာ ပြောပါ၊ ဘာကိစ္စလဲ"
ယွီရွေ့ကျူးမှလွဲ၍ အခြားမည်သူနှင့်မဆို ရင်ဆိုင်ရချိန်တွင် ဟော်ချန်ယဲ့သည် သူ့ ပုံမှန်အေးတိအေးစက် အမူအရာဆီသို့ ပြန်လည်ရောက်ရှိသွားမြဲပင်။
သူ့ နက်မှောင်သော မျက်ဝန်းများက အဒေါ်ဖြစ်သူ ယန်ချိုးကျွီးကို အေးစက်စွာ စိုက်ကြည့်နေရင်း သူမ စကားရှည်များကို ဖြတ်ပြောသည်။
သူက မြှောက်ပင့်ပြောဆိုခြင်းများနှင့် အယောင်ဆောင် စကားမျိုးများကို လုံးဝမနှစ်မြို့ပေ။ အဒေါ်ယန်ချိုးကျွီးက အနေခက်စွာ ပြုံးပြီးနောက် သူမအနောက်ရှိ လူငယ်လေးကို ဆွဲထုတ်လာသည်။
"ဘာကိစ္စရယ်လို့တော့ မဟုတ်ပါဘူးကွယ်၊ ချန်ယဲ့ရယ်... မင်း လူခေါ်နေတယ်ဆိုတာ ဒေါ်ဒေါ် တွေ့လိုက်လို့ပါ၊ မြို့ပေါ်မှာရော မွေးမြူရေးခြံမှာပါ လူလိုနေတယ်ဆို၊ အဲ့ဒါ ဘာလို့ ဒေါ်ဒေါ်တို့ကို မပြောရတာလဲ၊ မင်း ညီလေးကရော လူမဟုတ်လို့လား"
အဒေါ်ယန်ချိုးကျွီး အနောက်မှ ထွက်လာသော လူငယ်လေးမှာ အရပ်အတော်ရှည်ပြီး ဟော်ချန်ယဲ့ ဦးလေးနှင့် ဆင်သည်။ သူတို့အားလုံးက ဟော်မိသားစုဝင်များဖြစ်ကြရာ အသက်ငယ်ပြီး ပိန်သွယ်နေသော်လည်း ဟော်ချန်ယဲ့နှင့် အနည်းငယ်တော့ ရုပ်ဆင်သည်။
ဟော်ချန်ယဲ့ကို မော့ကြည့်လာချိန်တွင် သူ့ မျက်နှာပေါ်၌ အနည်းငယ် အနေခက်နေသော အမူအရာများ အထင်းသား ပေါ်လွင်နေသည်။
"အစ်ကိုချန်ယဲ့"
ဟော်ချန်ယဲ့က သူ့ မျက်နှာပေါ်ရှိ ဒဏ်ရာကို ချက်ချင်းပင် သတိထားမိသွားရာ အကြည့်များက တစ်ခဏမျှ ရပ်တန့်သွားတော့သည်။
အဒေါ်ယန်ချိုးကျွီးက ရှေ့သို့တိုးလာကာ ဟော်ချန်ယဲ့ အနားသို့ ကပ်လျက် အနေခက်စွာဖြင့် အသံကိုနှိမ့်ကာ တောင်းပန် သည်။
"ချန်ယဲ့... ဒေါ်ဒေါ်တို့ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက ပေါင်ကျူးနဲ့ ဘာမှမဆိုင်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ ညီဝမ်းကွဲလေ၊ မင်းတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြပြီး သံယောဇဉ်တွေလည်း ရှိကြတယ်၊ နောက်ပိုင်း မင်း အိမ်ကနေ ခွဲထွက်သွားပြီး ဒေါ်ဒေါ်တို့နဲ့ သိပ်အဆက်အသွယ် မလုပ်ဖြစ်တော့ပေမဲ့ တို့တွေက သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေပါပဲ"
"မင်း ညီလေးက အလယ်တန်းကနေ ကျောင်းထွက်ပြီးကတည်းက အပြင်မှာ အလုပ်လုပ်နေခဲ့တာ၊ ဒါပေမဲ့ သူက အိမ်မှာ အလုပ် သိပ်မလုပ်ဖူးတော့ ခန္ဓာကိုယ်ကလည်း သိပ်မသန်မာဘူး၊ အလုပ်ကနေ မကြာခဏ အထုတ်ခံရတယ်၊ နောက်တော့ ဘာဖြစ်ခဲ့လဲ မသိဘူး၊ ဒေသခံ လူမိုက်တစ်ယောက်ကို သွားစော်ကားမိလို့ အသေအလဲ အရိုက်ခံရပြီး အိမ်မှာ အကြာကြီး နားလိုက်ရတယ်၊ ဒီအကြောင်းကို ရွာကလူတွေကိုလည်း သူ မပြောရဲခဲ့ဘူး"
"အခုမှ သူ့ဒဏ်ရာ နည်းနည်းလေး သက်သာလာတာ၊ ပြီးတော့ မင်းကလည်း လူလိုနေတယ်ဆိုတော့... တို့တွေက မိသားစုတွေပဲလေ၊ ဘယ်သူ့ကို ငှားငှား အတူတူပါပဲ၊ မင်း ညီက အလုပ်ကြိုးစားပါတယ်၊ သူ့ကို ဘာအလုပ်ပဲဖြစ်ဖြစ် ခိုင်းလို့ရတယ်၊ သူက အရမ်းလည်း ပါးနပ်သေးတာ၊ အဆင် ပြေမလား ချန်ယဲ့... ဒေါ်ဒေါ်က မင်းကို အရင်က တစ်ခါမှ အကူအညီ မတောင်းဖူးပါဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒေါ်ဒေါ့်ကို ကူညီပါကွယ်"
ယန်ချိုးကျွီးက အံ့ကိုကြိတ်ကာ ဟော်ချန်ယဲ့ကို မော့ကြည့်ရင်း သူ့ရှေ့တွင် ဒူးထောက်ချမတတ် ဖြစ်နေရှာသည်။
ဟော်ချန်ယဲ့ကို ဤကဲ့သို့ တောင်းပန်ရလိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ချေ။ သို့သော် သူမ တကယ် ဒူးမထောက်ချမီမှာပင် ဟော်ချန်ယဲ့က သူမကို ပြန်ဆွဲထူသည်။
မူလကပင် ဂျုံရောင်သန်းနေသော ဟော်ချန်ယဲ့ မျက်နှာမှာ ပိုမှောင်မိုက်သွားတော့သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ”