အခန်း ၁၃၅
Vol. 14 Ch. 135
🐽 Chapter 135
ယန်ချိုးကျွီးက ကမန်းကတန်း ရှင်းပြရန် ကြိုးစားသော် လည်း ဟော်ချန်ယဲ့က အေးစက်စွာဖြင့် စကားစနှင့်သည်။
"ပေါင်ကျူးကို လာပြီး စမ်းလုပ်ခိုင်းကြည့်လို့ ရပါတယ်၊ ဒါပေမဲ့ မြို့ပေါ်က အလုပ်ကိုတောင် သူ လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒီက အလုပ်ကပိုပြီးတောင် ပင်ပန်းသေးတယ်"
ယန်ချိုးကျွီး မျက်နှာက ဝင်းလက်သွားတော့သည်။
"အဆင်ပြေပါတယ်... အဆင်ပြေပါတယ်ကွယ်၊ မင်းလို အစ်ကိုတစ်ယောက်ရှိမှတော့ ပေါင်ကျူးလည်း လုပ်နိုင်မှာပါ၊ သူ ဘာမဆို လုပ်နိုင်ပါတယ်၊ စိတ်မပူပါနဲ့"
ဟော်ချန်ယဲ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူမက အခွင့်အရေးကို အရယူကာ သူမနောက်ကျောရှိ ဟော်ပေါင်ကျူးကို မြန်မြန်ဆွဲထုတ်ပြီး နှုတ်ဆက်ခိုင်းသည်။
ဟော်ပေါင်ကျူး အသက်ရှူသံများ ရပ်တန့်သွားသည်။ သူ့မျက်နှာတွင် အမာရွတ်ရှိပြီး အောက်သို့ ငုံ့ကြည့်ကာ သူ့ကို အေးစက်စွာ စူးစိုက်ကြည့်နေသော ဟော်ချန်ယဲ့ကိုမော့ ကြည့်မိသည်။ သူက လက်သီးကို အချိန်အတန်ကြာတင်း တင်းဆုပ်ထားပြီးနောက် အဆုံးတွင် တုံ့ဆိုင်းစွာဖြင့် ခေါ်လေသည်။
"ကျေးဇူးတင်ပါတယ်... အစ်ကိုချန်ယဲ့"
...
အဒေါ်ဖြစ်သူ ယန်ချိုးကျွီး စကားကြောင့် နောက်တစ်နေ့တွင် ညီဝမ်းကွဲ ဟော်ပေါင်ကျူးက ဟော်ချန်ယဲ့ နောက်သို့ လိုက်ပါလာခဲ့သည်။
အမှန်တကယ်တော့ ဟော်ချန်ယဲ့နှင့် ဟော်ပေါင်ကျူးတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။
ယခင်ကဆိုလျှင် သူတို့ မကြာခဏ တွေ့ဖြစ်ခဲ့ကြပြီး သူ့မိဘများ ဆုံးပါးသွားပြီးနောက်တွင်ပင် သူတို့နှစ်ဦး အုတ်ကုတင် တစ်လုံးတည်းပေါ်၌ အတူအိပ်လေ့ရှိကာ ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်။
သို့သော်လည်း မိသားစုများအမွေခွဲပြီး ခွဲထွက်သွားကြပြီးနောက်ပိုင်းတွင် သူတို့ သိပ်အဆက်အသွယ် မရှိကြတော့ပေ။
ဟော်ပေါင်ကျူးမှာ အနည်းငယ် အနေခက်နေပြီး ဟော်ချန်ယဲ့ကို သတိထားကြည့်ရင်း မျက်နှာရှုံ့မဲ့လျက်ပြောလာသည်။
"အစ်ကိုချန်ယဲ့... အစ်ကို့ စီးပွားရေးက အခုလောက်ထိ အောင်မြင်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး၊ ကျွန်တော်လည်း အိမ်နဲ့ဝေးတဲ့ နေရာမှာ အလုပ်သွားလုပ်နေရတာ နှစ်တွေ အတော်ကြာနေပြီဆိုတော့ ကျွန်တော်တို့ မတွေ့ဖြစ်တာ တော်တော်ကြာပြီနော်၊ အစ်ကိုချန်ယဲ့... အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး..."
ဟော်ချန်ယဲ့က သူ့စကားကို ဖြတ်ပြောပြီး မေးငေါ့ကာမေး သည်။
"မင်း မျက်နှာက ဘာဖြစ်တာလဲ"
ဟော်ပေါင်ကျူး ခေါင်းကုတ်လိုက်သည်။
"ကျွန်တော် အလုပ်လုပ်တဲ့ နေရာက ကျွန်တော့်ကို လုပ်အားခတွေ အကြွေးတင်နေလို့လေ၊ ကျွန်တော် သွားတောင်းတော့ သူဌေးက လူလွှတ်ပြီး အရိုက်ခိုင်းတာပါ၊ သိပ်တော့ မဆိုးပါဘူး၊ အချိန်တန်တော့လည်း ပျောက်သွားမှာပါ၊ နောက်ဆုံးတော့လည်း ကျွန်တော့် ပိုက်ဆံတွေ ပြန်ရခဲ့တာပဲလေ"
"အင်း"
ဟော်ချန်ယဲ့ ပြန်ဖြေသည်။
သူ ဘာမှ ထပ်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဟော်ပေါင်ကျူး၏ နှုတ်ခမ်းအနီးရှိ အမာရွတ်အရောင်က သူ့အမာရွတ်လောက် မပြင်းထန်ကြောင်း မြင်လိုက်ရသော ကြောင့်ပင်။ ထို့ကြောင့် သူ့အမာရွတ်လောက်တော့ ထင်ကျန်ရစ်ခဲ့မည် မဟုတ်ချေ။
ဟော်ချန်ယဲ့က မွေးမြူရေးခြံထဲတွင် ဟော်ပေါင်ကျူးကို အကြမ်းဖျင်း လိုက်ပြလိုက်ပြီး သူ ပတ်ဝန်းကျင်နှင့် အသား ကျသည် ဖြစ်စေ၊ မကျသည် ဖြစ်စေ သိပ်ပြီး ဂရုမစိုက်နေခဲ့ပေ။ အလုပ်အနည်းငယ် လုပ်ပြီးနောက် တောင်ပေါ်မှ အတူ တူဆင်းလာကြစဉ် အလုပ်ဆင်းလာသော ယွီရွေ့ကျူးနှင့် ပက်ပင်းတိုးတော့သည်။
ယနေ့တွင် ယွီရွေ့ကျူးက အလုပ်စောစောဆင်းလာခဲ့သည်။ မူလက မွန်းလွဲပိုင်းတွင် အိမ်ပြန်၍ အနားယူရန် ရည်ရွယ်ထားသော်လည်း လမ်းဆုံတွင် ဟော်ချန်ယဲ့က လူတစ်ယောက်ကို ခေါ်လာသည်ကို မမျှော်လင့်ဘဲ မြင်လိုက်ရသည်။
သူမက ဟော်ပေါင်ကျူးကို တစ်ချက်ကြည့်ပြီးနောက် သူမ ယူလာသော ပစ္စည်းများကို ဟော်ချန်ယဲ့ထံသို့ ပေါ့ပေါ့ပါးပါးပင် လှမ်းကာ သူ့ကို သယ်ခိုင်းသည်။ ထို့နောက် ဟော်ပေါင်ကျူးကိုကြည့်ကာ မေးလေသည်။
"ဒါက ဘယ်သူလဲ"
"အဒေါ့်သား... ကိုယ့် ညီဝမ်းကွဲလေ"
သူက လှည့်ကာ ဟော်ပေါင်ကျူးကို အကြမ်းဖျင်း မိတ်ဆက်ပေးသည်။
"မင်း မရီး"
ယနေ့ ယွီရွေ့ကျူးက အနီရောင် အစင်းကျား ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ လည်ပင်းသိုင်းကြိုး ပုံစံလေးဖြစ်ရာ သူမ ဖြူဝင်းပြီး လှပသော ညှပ်ရိုးလေးများကို အထင်းသား ပေါ်လွင်စေသည်။ သူမ ဆံကေသာကို အနည်းငယ် ကောက်ထားပြီး တောက်ပကာ ကျက်သရေရှိလှသည်။
သူမကို ဖောက်ပြန်သည်ဟု ဆဲဆိုခဲ့သော အဒေါ်ဖြစ်သူ သားမှန်း သိလိုက်ရသောအခါ သူမ မျက်ဝန်းများက တောက်ပသွားပြီး ဟော်ပေါင်ကျူးကိုကြည့်လျက် ချက်ချင်းပြုံးမိ သည်။
"ရှင့် ညီလေးပေါ့ ဟုတ်လား"
သူမ ဟော်ပေါင်ကျူးကို အထက်အောက် အကဲခတ်ကြည့်ရာ ဟော်ချန်ယဲ့နှင့် ရုပ်ဆင်သော သူ့ မျက်နှာပြင်ပေါ်တွင် အကြည့်များ ရပ်တန့်သွားပြီးနောက် နှုတ်ခမ်းပေါ်ရှိ အမာရွတ်ဆီသို့ အကြည့်ရောက်သွားတော့သည်။
'တိုက်ဆိုင်လိုက်တာ၊ ညီအစ်ကို နှစ်ယောက်က ရုပ်နည်းနည်း ဆင်တာတင် မကဘူး၊ နှစ်ယောက်စလုံးမှာ အမာရွတ်တွေလည်း ရှိနေပါလား'
ဟော်ပေါင်ကျူးမှာ အချိန်အတန်ကြာ ဆွံ့အမိတော့သည်။
ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်မှသာ ဟော်ပေါင်ကျူး တစ်ယောက် ဘာဖြစ်နေသလဲဆိုတာကို သတိထားမိသွားဟန်ဖြင့် ကမန်းကတန်း ခေါင်းညိတ်ပြသည်။
"ဟုတ်... ဟုတ်ကဲ့ မရီး၊ မင်္ဂလာပါ မရီး... ကျွန်တော့် နာမည်က ဟော်ပေါင်ကျူးပါ၊ မရီး ကျွန်တော့်ကို ပေါင်ကျူးလို့ပဲ ခေါ်လို့ရပါတယ်..."
စကားဆုံးသည်နှင့် ဟော်ပေါင်ကျူး မျက်နှာက နီရဲသွားကာ ယွီရွေ့ကျူး မျက်နှာကို ကြောင်အမ်းအမ်းဖြင့် ငေးကြည့်မိပြီး သူ့မျက်လုံးများက အရောင်လက်လာတော့သည်။
သူ့ စိတ်ထဲတွင်လည်း အိပ်မက်မက်နေသည့်ပလား ဘာကိုမှ မတွေးနိုင်တော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွားသည်။
သူ့အမေ အိမ်မှာ နေ့တိုင်းလိုလို ဆဲဆိုနေခဲ့သော ဟော်ချန်ယဲ့ ဇနီးဆိုသူက ထိုမျှလောက် လှပလိမ့်မည်ဟု သူ လုံးဝမယုံ ကြည်နိုင်ခဲ့ချေ။
'အရမ်းကို လှတာပဲ... သူမ အပြုံးလေးတွေက ပန်းပွင့်လေးနဲ့တောင် တူတယ်၊ ပြီးတော့ အသံလေးကလည်း အရမ်း နားထောင်လို့ ကောင်းတာပဲ'
ဟော်ပေါင်ကျူးက သူ့ဘာသာ တိုးတိုးလေး ရေရွတ်မိသည်။
"အစ်ကိုချန်ယဲ့က တကယ်ကို ကံကောင်းတာပဲ၊ ဘဝကို ကောင်းကောင်းကြီး ဖြတ်သန်းနေရတာ၊ သူ့စီးပွားရေးကလည်း အောင်မြင်နေပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့အပြင် သူ့ဇနီးကလည်း ဒီလောက်တောင် လှနေတာ၊ ကျွန်တော် တကယ်ကို အားကျမိတယ်..."
ယွီရွေ့ကျူး သူ့နှုတ်ခမ်းပေါ်ရှိ အမာရွတ်ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက်ပြောသည်။
"ဒါက အနာဟောင်းတော့ မဖြစ်နိုင်ဘူးမလား၊ အားတဲ့အခါ လိမ်းဆေးလေး ဘာလေး ဝယ်လိမ်းလိုက်လေ၊ အဲ့ဒါဆိုရင် အမာရွတ် အကြီးကြီးကျန်ခဲ့မှာ မဟုတ်ဘူး၊"
ဟော်ပေါင်ကျူးက နှုတ်ခမ်းပေါ်ရှိ ဒဏ်ရာကို ကိုင်လိုက်ရာ သူ့ ပါးပြင်များက ပူထူလာပြီး ရင်တွေ တဒိတ်ဒိတ်ခုန်လာကာ စိတ်ထဲတွင်လည်း ဗလာကျင်းသွားတော့သည်။ သူက ကမန်းကတန်း ခေါင်းညိတ်သည်။
"ဟုတ်... ကျေးဇူးတင်ပါတယ် မရီး၊ ကျေးဇူးတင်ပါတယ်..."
"ရပါတယ်"
ယွီရွေ့ကျူး တိုးညင်းစွာ ရယ်မောပြီး ဘာမှ ထပ်မပြောတော့ဘဲ ဟော်ချန်ယဲ့နှင့်အတူ အိမ်အမြန်ပြန်သွားတော့သည်။
ဟော်ပေါင်ကျူး တစ်ယောက်သာ မှင်သက်လျက်ကျန်ရစ်ခဲ့ပြီး အချိန်အတန်ကြာမှသာ အိမ်သို့ပြန်သည်။
လမ်းတစ်လျှောက်လုံး မြိုသိပ်ထားခဲ့ရသော ဟော်ချန်ယဲ့သည် အိမ်ရောက်သောအခါ အဆုံးတွင် မထိန်းနိုင်တော့ပေ။
သူ သယ်လာသော ပစ္စည်းများကို ချထားပြီး ယွီရွေ့ကျူးအနားသို့ မြန်မြန်ဆန်ဆန် သွားကာ ယွီရွေ့ကျူးကမော့ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟော်ချန်ယဲ့ ဘာမှ ပြန်မပြောဘဲ သူမ လက်ကို ဆွဲယူကာ သူ့ ရင်အုပ်ပေါ်သို့ ဖြန့်တင်လိုက်ပြီး ၁.၉ မီတာ ရှည်လျားသော သူ့ခန္ဓာကိုယ်ကြီးကို နှိမ့်ချကာ သူမ လက်ပေါ်သို့ သူ့ မျက်နှာကို တိုက်ရိုက်အပ်လာသည်။
သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို စူးစိုက်ကြည့်နေရင်း အလိုမကျမှုများကို ဖောက်ခွဲနေသည့်အလား နှုတ်ခမ်းကို မကျေမနပ်ဖြင့် စေ့ထားသည်။
"ကိုယ့်ဟာကိုပဲ ကြည့်၊ သူများဟာတွေကို မကြည့်နဲ့"
ထို့နောက် ယခင်က သူ့ပါးပြင်ပေါ်ရှိ အမာရွတ်နှင့် ပတ်သက် ၍ အလွန်စိုးရိမ်ပူပန်လေ့ရှိသော ဟော်ချန်ယဲ့သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆံစများကို အမြန်ပင့်တင်ကာ ယွီရွေ့ကျူး အခြားလက်တစ်ဖက်ကို သူ့ ပါးပြင်ပေါ်ရှိအမာ ရွတ်ဆီသို့ ဖိကပ်လေသည်။
"ကိုယ့်ဟာကို ကိုင်ကြည့်ပါ”