← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

🐽 Chapter 137

မနေ့ညက ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ ပခုံးချင်းယှဉ်ကာ လမ်းလျှောက်သွားပုံကို တွေးမိသောအခါ ဟော်ပေါင်ကျူး နှုတ်ခမ်းကို အမြန်စေ့ပြီး လွင့်မျောနေသော သူ့အတွေးများကို ရပ်တန့်ကာ သူ့ရှေ့ရှိ ဝက်အပေါ်သို့သာ အာရုံစိုက်တော့သည်။

ကံမကောင်းစွာဖြင့် လျန်ဇစ်က တစ်ဖက်ရှိ ဝက်ခြံကို သွားရောက် ဂရုစိုက်ရန် ယာယီ ထွက်သွားရသောကြောင့် ဟော်ပေါင်ကျူး တစ်ယောက် လွန်ခဲ့သည့် ရက်အနည်းငယ်က ငှားရမ်းထားသော အလုပ်သမား အနည်းငယ်နှင့်သာ ကျန်ရစ်ခဲ့တော့သည်။

ထိုသူများက ဟော်ချန်ယဲ့ လက်ဒဏ်ရာရစဉ်က ဆေးခန်းသို့ လိုက်ပါသွားခဲ့သူများ ဖြစ်ကြပြီး လှပကာ ကျက်သရေရှိလှသော သူဌေးကတော်ကို တွေ့ဖူးကြသည်။ အားလပ်ချိန်တွင် သူတို့ စကားစမြည် ပြောဆိုကြရင်း တစ်စုံတစ်ယောက်က ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ အကြောင်းကို ရုတ်တရက် စကားစလာလေသည်။

လူတစ်ယောက်က အကဲဖြတ်လာသည်။

"ဒီရွာကလူတွေက အရင်တုန်းက အဲ့ဒီ လင်မယား နှစ်ယောက် ဘယ်တော့ ကွာရှင်းကြမလဲဆိုပြီး လောင်းကြေးထပ်ခဲ့ကြတာလေ၊ သူတို့ မကွာရှင်းကြတဲ့အပြင် အခုလို ကြီးမားတဲ့ စီးပွားရေးတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ သားသတ်ရုံရယ်၊ ဝက်သားနီနှပ်ဆိုင်ရယ်၊ အခုတော့ မွေးမြူရေးခြံပါတဲ့၊ တကယ် အံ့သြစရာပဲ"

"ဟုတ်တယ်"

အခြားတစ်ယောက်က ဝင်ပြောသည်။

"ချန်ယဲ့ရဲ့ သားသတ်ရုံ အသေးလေးကနေ အခုလို အရွယ် အစားထိ ကြီးထွားလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ၊ အခုဆို ငါတို့တွေက သူ့ကို ချန်ယဲ့လို့တောင် ခေါ်လို့ မရတော့ဘူး၊ သူဌေးလို့ ခေါ်ရတော့မှာ"

"ဒါပေမဲ့ လောင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်ကော... သူတို့ကွာရှင်းကြမယ်ဆိုတဲ့ အရိပ်အယောင်လေး နည်းနည်းတော့ ရှိနေတယ် မထင်ဘူးလား၊ အဲ့ဒီ လင်မယားနှစ်ယောက်ကြားမှာ တစ်ခုခုတော့ လွဲနေသလိုပဲ၊ ပြီးခဲ့တဲ့တစ်ခေါက် ဆေးခန်းမှာတုန်းက..."

"ကျစ်..."

တိတ်တဆိတ် နားထောင်နေသော ဟော်ပေါင်ကျူးက သူတို့ တုံ့ဆိုင်းကာ နားလည်သဘောပေါက်ဟန်ရှိသော အကြည့်များကို သတိထားမိသည်။ သူ အလုပ်မစသေးသဖြင့် ဆေးခန်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို သူ မသိခဲ့ရာ မနေနိုင်ဘဲ လှမ်းမေးသည်။

"ဆေးခန်းမှာ ဘာဖြစ်ခဲ့လို့လဲ"

"ဘာဖြစ်ရမှာလဲ၊ တို့သူဌေး လက်ဒဏ်ရာရတဲ့ ကိစ္စလေ၊ သွေးတွေ တော်တော်ထွက်ပြီး သွေးသံရဲရဲနဲ့ တကယ်ကို ကြောက်စရာကြီး၊ ငါတို့တွေ အများကြီး ဆေးခန်းကို လိုက်သွားပေးခဲ့ကြပေမဲ့ သူဌေးကတော် ရောက်လာတဲ့အချိန်မှာ သူက အရမ်းကို အေးစက်နေခဲ့တာ၊ ဆရာဝန်ချင်က ပတ်တီး စည်းပေးနေတာကို မြင်တော့ သူက စောင့်တောင် မစောင့်ဘဲ လှည့်ထွက်သွားတာလေ၊ သူတို့ ဆက်ဆံရေးက သိပ်ကောင်းပုံ မရဘူး၊ လူတွေပြောနေကြတာတွေက တကယ်များလား"

"အရင်တုန်းက တစ်ယောက်ယောက် ပြောခဲ့တာ မဟုတ်ဘူးလား၊ ငါတို့သူဌေးက သူ့မိန်းမရဲ့ အတိတ်က ကိစ္စတွေကို စိတ်အနှောင့်အယှက် ဖြစ်နေလို့ သူတို့ အမြဲတမ်း ရန်ဖြစ်နေကြတာဆို၊ အခု တို့သူဌေးမှာ မွေးမြူရေးခြံလည်း ရှိနေပြီ၊ သားသတ်ရုံလည်း ရှိတယ်၊ အကယ်၍ သူသာ အဲ့ဒီကိစ္စတွေကို တကယ် ဂရုစိုက်တယ်ဆိုရင် ကွာရှင်းလိုက်လို့ ရတာပဲဟာ၊ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှိရင် သူလိုချင်တဲ့ မိန်းမကို ရှာလို့ရတာပဲ၊ အဲ့ဒီလို မိန်းမမျိုးဆီမှာ ဘာလို့ အသေခံတွယ်ကပ်နေရမှာလဲ၊ ဟားဟား..."

ထိုလူက တစ်ခုခု ထပ်ပြောချင်သော်လည်း ဘေးသို့ အကြည့်ရောက်သွားရာ ဟော်ပေါင်ကျူး မျက်နှာကိုမြင်လိုက်ရသည်။ ထိုအခါမှသာ ဟော်ပေါင်ကျူးက ဟော်ချန်ယဲ့ ညီဝမ်းကွဲဖြစ်ကြောင်း သူ နောက်ကျမှ သတိပြုမိသွားတော့သည်။

သူ့ ပျင်းရိပျင်းတွဲ အနေအထားက ချက်ချင်းပင် မတ်မတ်ဖြစ်သွားကာ တစ်ကိုယ်လုံး ချွေးစေးများ ပျံလာသည်။ သူက အနေခက်စွာဖြင့် ချက်ချင်းပင်ရယ်ချသည်။

"ဘာ... ဘာမှမဟုတ်ပါဘူး၊ ငါ ဘာမှမပြောပါဘူး..."

သို့သော်လည်း ဟော်ပေါင်ကျူးက ဘာတွေဖြစ်ခဲ့သည်ကို ကြားပြီးခဲ့သည်။ သူက ယွီရွေ့ကျူးကို အတင်းပြောနေသော ထိုလူကို ဒေါသတကြီး စူးစိုက်ကြည့်သည်။

"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ အဲ့ဒီလို မိန်းမမျိုးဆိုတာက ဘာသဘောလဲ၊ ကျွန်တော့် မရီးက လူကောင်း တစ်ယောက်ပါဗျ၊ ကွယ်ရာမှာ သူများအကြောင်း မကောင်းမပြောနဲ့"

အခြေအနေများ ဆိုးရွားလာသည်ကို မြင်သောအခါ ပတ်ဝန်း ကျင်ရှိ လူများက မြန်မြန်ဆန်ဆန်ပင် နောက်ဆုတ်သွားကြသော်လည်း ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ကို အတင်းအ ဖျင်းပြောကာ မကောင်းပြောခဲ့သော ထိုလူများ မျက်နှာကို ဟော်ပေါင်ကျူးက မှတ်ထားသည်။ နောက်မှ လျန်စစ်နှင့် အစ်ကိုဝမ်းကွဲကို ပြန်ပြောပြရန် သူ စဉ်းစားထားသည်။

သူဌေး ကိုယ်ရေးကိုယ်တာ ဘဝကိုသာ ဂရုစိုက်ပြီးကွယ်ရာ တွင် အတင်းအဖျင်းပြောတတ်သော လူမျိုးများကို အလုပ် ခန့်ထား၍ မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ သူ ဤသို့တွေးနေစဉ်မှာပင် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ထိုလူကြီးပြောခဲ့သော ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ အကြောင်းက ဟော်ပေါင်ကျူး စိတ်ထဲတွင် အဆက်မပြတ် ဝင်ရောက်လာရာ သူ့ခြေလှမ်းများက တဖြည်းဖြည်း နှေးကွေးတော့သည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ရာ မနေ့က သူမြင်ခဲ့ရသော ယွီရွေ့ကျူးပုံရိပ်က စိတ်ထဲတွင် ထပ်မံ ပေါ်လာပြန်ပြီး မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။

'ချန်ယဲ့နဲ့ သူ့မိန်းမက ဆက်ဆံရေး မကောင်းကြဘူးလား'

...

သူ ဘာတွေ စိတ်ကူးယဉ်နေသလဲ ဆိုတာတော့ မသိနိုင်ပေ။

မွေးမြူရေးခြံတွင် ဝက်များကို ရက်အတော်ကြာ ပြုစုစောင့် ရှောက်ပြီးနောက် ဟော်ပေါင်ကျူးက အလုပ်ဆင်းပြီး မြို့ပေါ်မှ ပြန်လာသော ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ကို တစ်ခါတစ်ရံ ပက်ပင်းတိုးလေ့ရှိသည်။

ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့မှာ စိတ်ကောက်နေကြသော ကြောင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် စကား သိပ်မပြောကြသဖြင့် ဟော်ပေါင်ကျူးမှာ အနည်းငယ် အံ့သြမှင်သက်သွားရသည်။

တစ်ခါတစ်ရံ ဟော်ချန်ယဲ့က သဝန်တိုကာ နှုတ်ခမ်းကိုစေ့ထားဟန်ဆောင်ပြီး ယွီရွေ့ကျူးကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြလေ့ရှိသည်။

သူက တစ်ခဏမျှ တိတ်ဆိတ်သွားလေ့ရှိရာ မရင်းနှီးသော သူတစ်ယောက်အတွက်မူ သူ့ မျက်နှာအမူအရာက အနည်း ငယ် မှောင်မိုက်နေကာ ဒေါသထွက်နေသည့်အလား ထင်ရပေမည်။

ထို့အပြင် ယွီရွေ့ကျူးက သူ့ကို တမင်တကာ စနောက်လေ့ရှိပြီး လှည်းပေါ်မှ ဆင်းချိန်တွင်ပင် ဟော်ချန်ယဲ့ အကူအညီကို ငြင်းဆန်တတ်သဖြင့် သူတို့နှစ်ဦးကြားရှိ လေထုမှာ အနည်း ငယ်ထူးဆန်းနေပုံရသည်။

ဤအရာက လူငယ်ဇနီးမောင်နှံနှစ်ဦးကြားရှိ ချစ်စရာ က တောက်ကဆလေးတစ်ခုမျှသာ ဖြစ်ကြောင်း ဟော်ပေါင်ကျူး မသိခဲ့ပေ။ ရွာသားများ ပြောနေကြသည့်အတိုင်း ပိုက်ဆံ ရှာနိုင်လာပြီးနောက်တွင် ချန်ယဲ့ တစ်ယောက် မြို့ပေါ်ရှိ သူ့ဇနီးသည် အရှုပ်တော်ပုံများကို စိတ်အနှောင့်အယှက် ဖြစ်နေဆဲဖြစ်ကာ သူမနှင့် ကွာရှင်းချင်နေသည်ဟု သူ တကယ်ကို ထင်မှတ်သွားတော့သည်။

သူ အချိန်အတော်ကြာ တုံ့ဆိုင်းမိခဲ့သည်။

ထိုနေ့က ယန်ချိုးကျွီး မွေးနေ့ဖြစ်သည်။ မွန်းတည့်ချိန်တွင် ဖခင်ဖြစ်သူက အိမ်ချက်အရက်အချို့ကို ထုတ်လာရာ မိသားစုလိုက် အနည်းငယ် သောက်ဖြစ်ကြသည်။ ဟော်ပေါင်ကျူးမှာ အနည်းငယ် မူးနေပြီး သူ့ စိတ်က ရှင်းလင်းမနေခဲ့ပေ။

ထမင်းစားဝိုင်းတွင် ယန်ချိုးကျွီးက ထုံးစံအတိုင်းပင် ယွီရွေ့ကျူးကို မကျေမနပ် ပြောဆိုကာ နှိမ့်ချပြောဆိုသည်။

ယွီရွေ့ကျူး တစ်ယောက် ယခုအခါ ငွေတွေရှာနိုင်ပြီး မြို့ပေါ်တွင် သူဌေးကြီး ဖြစ်နေသော်လည်း မြေခွေးမလို အသွင် အပြင်နှင့် စရိုက်လက္ခဏာကို သူမက အထင်သေးနေဆဲပင်။

ဟော်ပေါင်ကျူးက စိတ်မရှည်စွာဖြင့် ပြန်ပက်သည်။

"အမေ... မရီးက လူကောင်းတစ်ယောက်ပါ၊ ဒါတွေကို ဆက်ပြောမနေပါနဲ့တော့"

ယန်ချိုးကျွီး ဒေါသထွက်သွားပြီး သူ့ကို တိုက်ရိုက်ပင် ဆဲဆိုတော့သည်။

"မရီး... မရီးနဲ့၊ နင် အဲ့ဒီခွေးမလေး ယွီရွေ့ကျူး အကြောင်းကိုပဲ အမြဲတမ်း ပြောနေတာ၊ နင် သူ့ကို သဘောကျနေရင်လည်း သွားပြီး သူနဲ့ အတူနေလိုက်လေ၊ အဲ့ဒီ ယွီရွေ့ကျူးကိုပဲ နင့်အဝတ်တွေ လျှော်ခိုင်းပြီး ထမင်းဟင်း ချက်ခိုင်းပေါ့"

ဤသည်မှာ ယန်ချိုးကျွီးထံမှ ပေါ့ပေါ့ပါးပါး ထွက်သွားသော စကားတစ်ခွန်းမျှသာ ဖြစ်ပြီး သူမရော ဟော်ဖခင်ကပါ အလေးအနက် မထားခဲ့ကြပေ။

သို့သော်လည်း ဟော်ပေါင်ကျူး စိတ်ထဲတွင်မူ ရုတ်တရက် ဗလာကျင်းသွားတော့သည်။

ထိုနေ့ မွေးမြူရေးခြံမှ အလုပ်များ ပြီးစီးသွားပြီးနောက် ဟော်ပေါင်ကျူးက ဟော်ချန်ယဲ့ နောက်သို့လိုက်ကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။

လမ်းဆုံတွင် သူတို့ လမ်းခွဲကြတော့မည့် ဆဲဆဲတွင် ဟော်ပေါင်ကျူးက ဖမ်းစားခံထားရသည့်အလား ဟော်ချန်ယဲ့ကို မော့ကြည့်လာသည်။

သူက နှုတ်ခမ်းကို သပ်ပြီး အနည်းငယ် စိုးရိမ်နေသော်လည်း သူ့ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်နှင့် ပူလောင်သော ဆန္ဒများ ရောယှက်နေတော့သည်။

"ချန်... အစ်ကိုချန်ယဲ့၊ အစ်ကိုနဲ့ မရီးတို့ အကြောင်း ကျွန် တော် ကြားပြီးပါပြီ၊ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ဆက်ဆံရေးက အမြဲတမ်း သိပ်ကောင်းခဲ့တာလေ၊ ကျွန်တော် ဘာပဲလိုချင်လိုချင် အစ်ကို့ဆီမှာ ရှိနေရင် အစ်ကိုက ကျွန်တော့်ကို ပေးခဲ့တာချည်းပဲ၊ ကစားစရာတွေ၊ အဝတ်အစားတွေကအစ စားစရာအဆုံးပေါ့၊ အစ်ကိုက ကျွန်တော့်အပေါ် တကယ်ကို ကောင်းခဲ့တာပါ၊ ဒါကြောင့် ကျွန်တော် အရမ်းလည်း ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အခု အဲ့ဒီ အဝတ်အစားတွေ၊ ကစားစရာတွေ အားလုံးကို အစ်ကို့ဆီ ကျွန်တော် ပြန်ပေးနိုင်ပါတယ် အစ်ကိုချန်ယဲ့၊ အကယ်၍ အစ်ကိုက မရီးကို မကြိုက်ဘူးဆိုရင်၊ မရီးအပေါ်မှာ ခံစားချက်မရှိဘူးဆိုရင်၊ ပြီးတော့ မရီးရဲ့အတိတ်ကို အစ်ကိုက စိတ်ထဲထားနေမယ် ဆိုရင်လေ..."

"အဲ့ဒါ... အဲ့ဒါဆိုရင် အစ်ကို... ကျွန်တော့်ကို နောက်ထပ် တစ်ကြိမ်လောက် ပေးလို့ရမလား..."

"ကျွန်တော်... ကျွန်တော် မရီးကို သဘောကျတယ်... အစ်ကိုချန်ယဲ့၊ မရီးကို ကျွန်တော့်ကို ပေးလို့ရမလား..."

ထိုညနေခင်းတွင် ကောင်းကင်ကြီးက မီးတောက်များကဲ့သို့ တိမ်တိုက်များဖြင့် နီရဲတောက်ပနေပြီး နေဝင်ဆည်းဆာက ကြက်သွေးရောင် သန်းနေကာ ပတ်ဝန်းကျင်ရှိ အိမ်များ မီးခိုးခေါင်းတိုင်များမှ မီးခိုးများ လွင့်ပျံနေသည်။ ရွာသားများ ညစာပြင်ဆင်ရမည့် အချိန်ပင်။

ဟော်ပေါင်ကျူး စကားပြောလိုက်သည့် အခိုက်အတန့်တွင် စိတ်သက်သာရာရသွားသော ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှု တစ်ခုကလည်း ပေါ်ပေါက်လာတော့သည်။

သူ ဟော်ချန်ယဲ့ကို မော့ကြည့်သည်။

ဟော်ချန်ယဲ့က အရပ်အလွန်ရှည်သောကြောင့် ၎င်းမျက်နှာအမူအရာကို ဟော်ပေါင်ကျူး သေချာ မမြင်ရသော်လည်း အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။

"ဟက်~"

ဟော်ပေါင်ကျူး မျှော်လင့်ချက် ရှိသည်ဟု တွေးကာ မျက်ဝန်းများက တောက်ပနေတော့သည်။

သို့သော်လည်း သူ့ မျက်ဝန်းထဲမှ ဝမ်းမြောက်မှုတို့က အပြင်သို့ မထွက်ပေါ်လာနိုင်မီမှာပင် ချက်ချင်းအေးခဲသွားရသည်။

All Chapters