အခန်း ၁၃၈
Vol. 14 Ch. 138
🐽 Chapter 138
ကြမ်းတမ်းသော လက်ဖဝါးတစ်ဖက်က သူ့ပါးကို ဆုပ်ကိုင်လာသည်။
ဟော်ပေါင်ကျူး တစ်ယောက် ဘာဖြစ်သွားမှန်းပင် မသိလိုက်ခင်မှာပင် ဟော်ချန်ယဲ့က သူ့ကို နံရံဆီသို့ အပြင်းအထန် ဆောင့်တွန်းလိုက်သည်။
ဝုန်း
သူ့ နောက်စေ့က မညီညာသော အုတ်နံရံနှင့် ဆောင့်မိသွားရာ ဟော်ပေါင်ကျူး ခေါင်းထဲတွင် ရှဝေသွားပြီး ထိုင်းမှိုင်းကာ စူးရှသော နာကျင်မှုတစ်ခုက တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားသည်။
"အား"
ဟော်ပေါင်ကျူး လန့်ဖြန့်ကာ အော်ဟစ်မိသည်။ သူ့ခေါင်းများ မူးဝေချာလည်သွားပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။
နံရံတွင် ဖိကပ်ခံထားရသဖြင့် ဟော်ပေါင်ကျူး လှုပ်ရှားမှုများက တောင့်တင်းသွားသည်။ သူက ဟော်ချန်ယဲ့ကို မော့ကြည့်မိရာ မှောင်မိုက်ကာ အေးစက်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်ရသည်။
ပုံမှန်အားဖြင့် တည်ငြိမ်ပြီး တစ်ခါတစ်ရံတွင် ဂရုမစိုက်တတ်ဟန်ရှိသော ထိုမျက်ဝန်းများက ယခုအခါတွင်မူ အကြမ်းဖက်လိုစိတ်၊ ရက်စက်လိုစိတ်များ ပြည့်နှက်နေကာ သူ့ကို အေးစက်စွာဖြင့် ဒေါသတကြီး စူးစိုက်ကြည့်နေသည်။
ဟော်ချန်ယဲ့က သူ့ ဆံပင်များကို ဆုပ်ကိုင်ဆွဲဆောင့်ကာ ဟော်ပေါင်ကျူး ခေါင်းကို နံရံနှင့် ထပ်မံ ဆောင့်ပစ်သည်။
ဟော်ချန်ယဲ့က ဒေါသတကြီး ရယ်မောလျက် ပြောလာသည်။
"မင်းကိုယ် မင်း ဘာကောင်မှတ်နေလဲ၊ ယွီရွေ့ကျူးကိုကော ဘာလို့ထင်နေတာလဲ၊ အရောင်းအဝယ် လုပ်လို့ရတဲ့ ပစ္စည်းတစ်ခုလို့ ထင်နေတာလား"
အနီးကပ်ကြည့်ပါက ဟော်ချန်ယဲ့ မျက်လုံးနှင့် နဖူးပေါ်တွင် သွေးကြောများ ထောင်ထနေသည်ကို ဟော်ပေါင်ကျူး မြင်နိုင်ပြီး ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေသော သူ့ မျက်နှာအမူအရာက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည်။
သူ ပြုံးနေသော်လည်း မျက်နှာအသွင်အပြင်က တကယ် ဒေါသထွက်နေချိန်ထက်ပင် ပို၍ ကြက်သီးထွေးဖွယ် ကောင်းနေသည်။
ဟော်ပေါင်ကျူး တစ်ယောက် ချက်ချင်းပင် အသိစိတ် ပြန်ဝင်လာသည်။
ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော အရက်ရှိန်များအားလုံး လွင့်စင်သွားကာ သူ့ ကျန်ရစ်နေသေးသော မျှော်လင့်ချက်များ အားလုံးလည်း ပျောက်ကွယ်သွားရသည်။
သူ့ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာကာ အထိတ်တလန့်ဖြင့် ထစ်ငေါ့စွာပြောသည်။
"နေ... နေပါဦး အစ်ကိုချန်ယဲ့၊ မလုပ်... မလုပ်ပါနဲ့"
ဟော်ပေါင်ကျူး တောင်းပန်ချင်ခဲ့သည်။ သူ အရက်မူးပြီး အသိစိတ်လွတ်ကာ လျှောက်ပြောမိခြင်းသာ ဖြစ်ကြောင်း၊ တခြား ဘာရည်ရွယ်ချက်မှ မရှိကြောင်းနှင့် နောက်ပြောင်ခြင်း တစ်ခုအနေဖြင့်သာ သဘောထားပြီး သူ့အပေါ် အပြစ်မယူရန် ပြောချင်သည်။
သို့သော်လည်း သူ စကားပင် ဆုံးအောင် မပြောရသေးခင်မှာပင် ဟော်ချန်ယဲ့က သူ့ အင်္ကျီကော်လံကို ဖမ်းဆွဲကာ ဟော်ချန်ယဲ့ ခြံဝင်းဆီသို့ တစ်လျှောက်လုံး တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
အချိန်က စောနေသေးပြီး ယွီရွေ့ကျူးလည်း အိမ်တွင် မရှိသဖြင့် ခြံဝင်းထဲတွင် လူသူကင်းမဲ့နေသည်။
ဟော်ပေါင်ကျူးမှာ အထိတ်တလန့် ဖြစ်နေပြီး အသေအလဲ ရုန်းကန်ကာ အကြိမ်ကြိမ် ရှင်းပြတော့သည်။
"အစ်ကိုချန်ယဲ့၊ ကျွန်တော့်ကို အဲ့ဒီလို မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်တို့က ညီအစ်ကိုတွေလေ၊ ငယ်ငယ်ကတည်းက အစ်ကိုက ကျွန်တော့်အပေါ် အကောင်းဆုံးပါ၊ အစ်ကို ကိုယ်တိုင် မစားရ၊ မဝတ်ရရင်တောင် အကောင်းဆုံးဆိုတာတွေကို ကျွန်တော့်အတွက်ပဲ အမြဲ ချန်ထားပေးခဲ့တာလေ၊ ကျွန်တော်တို့က အရမ်း ရင်းနှီးကြတာပါ၊ အစ်ကိုချန်ယဲ့... ကျွန်တော် တကယ် မှားသွားမှန်း သိပါပြီ၊ ကျွန်တော် စိတ်ရှုပ်ထွေးပြီး..."
သူက နာကျင်စွာ အော်မိသည်။
သို့သော် သူသည် ကော်လာကို အဆွဲခံထားရပြီး မြေပြင်ပေါ်တွင် တရွတ်တိုက် ဆွဲခေါ်ခြင်း ခံနေရသည်။
သူ့အဝတ်အစားများက မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲလေးများနှင့် ပွတ်တိုက်မိရာ ချက်ချင်းပင် ပွန်းပဲ့ရာများ ထင်ကျန်ရစ်သွားသည်။
သူ့ ဆံပင်များကို ဆုပ်ကိုင်ထားသော ဟော်ချန်ယဲ့ လက်က အလွန် ပြင်းထန်စွာ ဆွဲထားသောကြောင့် ဟော်ပေါင်ကျူး ခေါင်းများ နာကျင်လာကာ သူ့ ဦးရေပြား တစ်ခုလုံး အခွံခွာခံရမတတ် ဖြစ်နေပြီး သွေးပင် ထွက်လုနီးပါး ဖြစ်မိသည်။
ဟော်ချန်ယဲ့ကမထီမဲ့မြင် ပြုံးပြီး မည်သည့် သနားညှာတာမှုမှ မရှိဘဲ သူ့ကို ရေတွင်းဆီသို့ ဆွဲခေါ်လာသည်။
အရပ် ခြောက်ပေကျော် မြင့်မားသော သူက အားအင်ကြီး မားကာ တောင့်တင်းကြံ့ခိုင်လှသည်။
ဟော်ပေါင်ကျူး လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ ရေတွင်းဘေးရှိ ရေပုံးထဲသို့ ခေါင်းစိုက်ကာ အမြန်ဖိနှစ်ခံလိုက်ရသည်။
"ဂလု... ဂလု... အားး ကယ်ကြ..."
ဟော်ပေါင်ကျူးမှာ အထိတ်တလန့် ဖြစ်သွားပြီး သူ့မျက်နှာက လူသေတစ်ယောက်အလား ဖြူလျော့သွားတော့သည်။
သူ့ ခေါင်းတစ်ခုလုံး ရေအောက်သို့ ရောက်နေသဖြင့် အသက် ရှူရ ခက်ခဲလာသည်။ သူ့ အဆုတ်များပင် နာကျင်စွာပူလောင် လာပြီး ရေမွန်းကာ အဆက်မပြတ် ချောင်းဆိုးနေတော့ သည်။
အချိန်အတန်ကြာပြီးနောက် သူ့ကို အသက်ရှူခွင့် အနည်းငယ်ပေးရန် ဆွဲတင်လာပြီး နောက်တစ်စက္ကန့်မှာပင် သူ့ခေါင်းကို ဖမ်းကိုင်ကာ ရေထဲသို့ ထပ်မံ ဖိနှစ်ပြန်သည်။
ဤကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ဟော်ပေါင်ကျူး မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး သူ့ ရင်ထဲတွင် နက်ရှိုင်းသော နောင်တတရားများ ပြည့်လျှံလာသည်။
'အစ်ကိုချန်ယဲ့က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ'
ဟော်ချန်ယဲ့က လှောင်ပြုံး ပြုံးလျက် ပြောသည်။
"ဟုတ်တယ်၊ ငယ်ငယ်ကတည်းက ငါ မင်းအပေါ် အမြဲတမ်း ကောင်းခဲ့တယ်၊ ငါ့စားစရာတွေ၊ အဝတ်အစားတွေကို မင်းအတွက် အမြဲ ချန်ထားပေးခဲ့တယ်၊ ဒါပေမဲ့ ငါ့မျက်လုံး ဒဏ်ရာရသွားပြီးတော့ အဒေါ်က ငါ့ဒဏ်ရာအတွက် ဆေးဖိုးတွေ အများကြီး ကုန်လိမ့်မယ်၊ သေသေချာချာတောင် ပျောက်ချင်မှ ပျောက်မယ်ဆိုပြီး ပြောခဲ့တယ်၊ ပြီးတော့ ငါက ပိုက်ဆံမရှာနိုင်လို့ ငါနဲ့ အိမ်ခွဲနေဖို့ ပြောခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက မင်း ဘာလုပ်ခဲ့လဲ"
"ငါက စစ်တပ်ထဲ ထပ်ဝင်လို့ မရတော့ဘူး၊ အိမ်အတွက် စားစရိတ်တွေ မရှာပေးနိုင်တော့ဘူး၊ ငါတို့ သကြားလုံးဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူးဆိုပြီး မင်း လူတိုင်းကို လိုက်ပြောခဲ့တယ်၊ မင်းက ငါ့အကြောင်းကို အမြဲတမ်း အပြစ်တင်ခဲ့တယ်မလား"
"ငါ မသိဘူးလို့ မင်း ထင်နေလား"
ဟော်ချန်ယဲ့က ဟော်ပေါင်ကျူးကို ဆုပ်ကိုင်ကာ အပေါ်သို့ ဆွဲတင်လိုက်ပြီး ရေများ ရွှဲနစ်ကာ ဖြူလျော့နေသော သူ့ မျက်နှာနှင့် အံ့သြတုန်လှုပ်ကာ အထိတ်တလန့် ဖြစ်နေသော မျက်ဝန်းများကို စူးစိုက်ကြည့်သည်။ သူက ဖြည်းညင်းစွာ ပြုံးပြီးနောက် ရေထဲသို့ ထပ်မံ ဖိနှစ်ပြန်သည်။
"အဟွတ်... အား"
"အဲ့ဒီတုန်းက မင်း ငယ်သေးလို့ နားမလည်သေးဘူးဆိုပြီး ငါ ခွင့်လွှတ်ပေးခဲ့တယ်၊ ငါနဲ့ မင်းအမေ ကိစ္စတွေမှာ မင်းကို မပါဝင်စေခဲ့ဘူး၊ မင်းအတွက် အလုပ်တစ်ခုတောင် စီစဉ်ပေးခဲ့သေးတယ်၊ ဒါပေမဲ့ မင်း ဘာလုပ်ခဲ့လဲ ဟော်ပေါင်ကျူး... မင်းက ယွီရွေ့ကျူးကို တပ်မက်ခဲ့တယ်၊ ငါ့ မိန်းမကို တပ်မက်ခဲ့တယ်ပေါ့လေ"
ဟော်ချန်ယဲ့ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားကာ သူ့ ဒေါသများက ရက်စက်သော ရယ်မောသံတစ်ခုအဖြစ် ပြောင်းသွားတော့သည်။
"မင်းကိုယ် မင်း ဘာကောင်မှတ်နေလဲ၊ ယွီရွေ့ကျူးက မင်းလိုကောင်ကို လှည့်ကြည့်မယ်လို့ ထင်နေတာလား ?
မင်းက ငါနဲ့ ရုပ်နည်းနည်း ဆင်ပြီး နှုတ်ခမ်းမှာ အမာရွတ်ရှိရုံနဲ့ အခွင့်အရေး ရမယ်လို့ ထင်နေတာလား ?
ယွီရွေ့ကျူးကို ပေးချင်တိုင်း ပေးလို့ရတဲ့ လူတစ်ယောက်လို့ မင်းက ထင်တာလား၊ သူ့ကို မင်းက ဘာလို့ ထင်နေလဲ"
ဟော်ချန်ယဲ့က ကြမ်းတမ်းသော လေသံဖြင့် စကားပြောပြီးနောက် ဟော်ပေါင်ကျူးကို ရေထဲသို့ အချိန်အတော်ကြာ ဖိနှစ်ထားသည်။
ဟော်ပေါင်ကျူး ခေါင်းကို ပြန်လည် မော့လာနိုင်သည့် အချိန်တွင် အချိန်ကြာမြင့်စွာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သူ့ မျက်နှာမှာ နီမြန်းနေတော့သည်။
သူက ခွေးတစ်ကောင်အလား အသက်လုရှူရင်း မြေပြင်ပေါ်တွင် လဲကျကာ မျက်နှာပေါ်တွင် သေဘေးမှ သီသီလေး လွတ်မြောက်လာသည့် သက်သာရာရမှုများ ပြည့်နှက်သွားသည်။
သူက အလွန်ပင် ဖရိုဖရဲ ဖြစ်နေပြီး တစ်ကိုယ်လုံး ရေများ ရွှဲနစ်နေကာ ဆံပင်များမှလည်း ရေများ ကျဆင်းနေသည်။ ဟော်ချန်ယဲ့က သူ့ ဆံပင်ကိုဆွဲ၍ နံရံနှင့် ဆောင့်ခဲ့သောကြောင့် ဟော်ပေါင်ကျူး နောက်စေ့တွင် သွေးများ ပေကျံနေဆဲဖြစ်ကာ ခေါင်းပေါ်မှ စီးကျဆဲပင်။
ဟော်ချန်ယဲ့က သူ့ကို ငုံ့ကြည့်ပြီး သဘက်တစ်ထည်ဖြင့် လက်ကို ဖြည်းညင်းစွာ သုတ်ကာ ဟော်ပေါင်ကျူးကို ထပ်ကြည့်ရန်ပင် စိတ်မဝင်စားတော့ချေ။
သူက သဘက်ကို မြေပြင်ပေါ်သို့ ပစ်ချပြီး အေးစက်သော အကြည့်ဖြင့် ကြည့်လာသည်။
"ငါ သုံးအထိ ရေမယ်၊ ငါ့အိမ်ထဲက ထွက်သွားတော့၊ သား သတ်ရုံကိုလည်း မင်း ထပ်လာစရာ မလိုတော့ဘူး၊ မင်း အမေကိုလည်း ငါ့အိမ်နဲ့ ငါ့မိသားစု အနားကို မကပ်နဲ့လို့ သွားပြောလိုက်၊ ငါတို့ မိသားစုနှစ်စုက တစ်ယောက်နဲ့တစ်ယောက် ဘာမှ ပတ်သက်စရာ အကြောင်းမရှိတော့ဘူး"
"အာ... ဟုတ်သားပဲ"
ဟော်ချန်ယဲ့က အိတ်ကပ်ထဲမှ ငွေစက္ကူ အထပ်လိုက်ကြီး တစ်ခုကို ဆွဲထုတ်ကာ ရေတွက်ပြီး တန်ဖိုးအနည်းဆုံး ငွေစက္ကူ နှစ်ရွက်ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချပစ်သည်။
သူ့ အေးစက်ကာ နက်မှောင်သော မျက်ဝန်းများက ဟော်ပေါင်ကျူးကို ကြည့်နေသည်။
"ဒါက ပြီးခဲ့တဲ့ နှစ်ရက်အတွက် မင်းရဲ့လုပ်အားခပဲ"
ဟော်ပေါင်ကျူးမှာ တုန်လှုပ်နေဆဲဖြစ်ပြီး ဟော်ချန်ယဲ့ကို မော့ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။
သူ ခေါင်းငုံ့ထားစဉ် မြေပြင်ပေါ်ရှိ ထိုငွေစက္ကူ နှစ်ရွက်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
ဟော်ပေါင်ကျူး အသက်ရှူသံများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူ့ မျက်နှာပေါ်တွင် အရှက်ရမှုများ ဖုံးလွှမ်းသွားသည်။
သူ အစောက ပြောခဲ့သော စကားများကြောင့် ဟော်ချန်ယဲ့က သူ့ကို တမင်သက်သက် အရှက်ခွဲနေခြင်းဖြစ်ကြောင်း သူ သိသည်။
သူက မာနကြောင့် တင်းခံကာ ထိုငွေစက္ကူ နှစ်ရွက်ကို မယူဘဲ နေချင်ခဲ့သော်လည်း အဆုံးတွင်တော့ မတတ်သာဘဲလက် လှမ်းကာ ကောက်ယူပြီး လက်ထဲတွင် ဆုပ်ကိုင်ထားမိသည်။
ဟော်ပေါင်ကျူးက ပိုက်ဆံကို ယူကာ ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်ပြီး ဖရိုဖရဲ အခြေအနေဖြင့် ထွက်ခွာသွားတော့သည်။ သူ့ အဝတ်အစားများမှာ ရေထဲ ပြုတ်ကျထားသည့်အလား ရွှဲနစ်နေသည်။
သူ အပြင်သို့ ခြေချလိုက်သည်နှင့် လမ်းထောင့်တွင် ရှိနေသော ယွီရွေ့ကျူးကို မြင်လိုက်ရသည်။