အခန်း ၁၃၉
Vol. 14 Ch. 139
🐽 Chapter 139
ယခင်ကဆိုလျှင် ယွီရွေ့ကျူးကို မြင်သောအခါ ဟော်ပေါင်ကျူး စိတ်ကူးယဉ်မိကာ မျက်နှာများ နီရဲသွားလေ့ရှိသော်လည်း ယခုအခါတွင်မူ သူက သရဲတစ္ဆေ တစ်ကောင်ကို မြင်ရသည့်အလား တုန်လှုပ်သွားပြီး ခေါင်းကို အမြန်ငုံ့ကာ ဘေးလမ်းကျဉ်းလေး အတိုင်း လစ်ထွက်သွားသည်။
ယွီရွေ့ကျူး မျက်ခုံးအနည်းငယ် ပင့်တက်သွားပြီး သူမ အကြည့်များက သူ ယခုလေးတင် ပေါ်လာခဲ့သော ထောင့်ချိုးလေးနှင့် ထိုနေရာရှိ ရေစိုကွက်များအပေါ်တွင် တစ်ခဏမျှ ကျရောက်မိသည်။
'ဟင်၊ သူ ရေထဲ ပြုတ်ကျလာတာလား'
သူမ ခြံဝင်းထဲသို့ ရောက်သောအခါ ဟော်ချန်ယဲ့ ခြံတံခါးအပြင်ဘက်တွင် အမှိုက်ပစ်နေသည်ကို မြင်လိုက်သည်။
အနီးကပ် သေချာကြည့်လိုက်သောအခါ သူ ပစ်နေသော အမှိုက်များမှာ ခြံဝင်းထဲတွင် ရှိနေခဲ့သော ရေပုံးနှင့် သူ့လက်ကို သုတ်ထားခဲ့သော သဘက်တို့ ဖြစ်နေကြောင်း သူမ မြင်လေသည်။
ယွီရွေ့ကျူး ဘေးတစောင်း ကြည့်ကာ မေးသည်။
"အဲ့ဒါတွေ အားလုံးက ပျက်စီးသွားလို့လား၊ သုံးလို့ရသေးတယ် မဟုတ်ဘူးလား၊ ကျွန်မ မှတ်မိသလောက် အဲ့ဒါတွေက အသစ်တွေလေ"
"ညစ်ပတ်သွားလို့ပါ"
အရပ် ခြောက်ပေကျော် မြင့်မားကာ ခံ့ညားလှသော ဟော်ချန်ယဲ့က တည်ငြိမ်စွာဖြင့် ပြောလာသည်။ သူ အရာအားလုံးကို လွှင့်ပစ်ပြီးနောက် ခြံဝင်းထဲသို့ ပြန်ဝင်ကာ လက်ဆေးပြီး ယွီရွေ့ကျူးကို ပြုံးပြသည်။
"ဘာ စားချင်လဲ၊ ကိုယ် လုပ်ပေးမယ်"
သူ့ နှုတ်ခမ်းများက ကွေးတက်နေပြီး နက်မှောင်သောမျက် လုံးအိမ်များကလည်း အနည်းငယ် ကွေးညွတ်နေကာ ဟော်ပေါင်ကျူးကို ရင်ဆိုင်စဉ်က ပြသခဲ့သော အေးစက်မှု၊ ရက်စက်မှုတို့ လုံးဝ မရှိတော့ချေ။ သူ့ လေသံကပင် နူးညံ့နေတော့သည်။
အစောက သူမ မြင်တွေ့ခဲ့ရသော ဟော်ပေါင်ကျူး ကပျာက ယာ ထွက်ပြေးသွားပုံကို ပြန်လည် အမှတ်ရသွားကာ ယွီရွေ့ကျူး တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
ထက်မြက်သော သူမသည် တစ်စုံတစ်ရာကို လျင်မြန်စွာပင် နားလည်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ သူမက ဟော်ပေါင်ကျူးကို အစကတည်း က ကြည့်မရခဲ့သဖြင့် ဆက်မေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းသာညိတ်သည်။
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"
ထိုညနေခင်းတွင် ထုံးစံအတိုင်း ညစာစား၊ ရေချိုးပြီးနောက် ယွီရွေ့ကျူးက ဆံပင်များကို သုတ်ကာ ကုတင်ပေါ်တွင် ပက်လက်လှဲနေသည်။
သူမ မျက်လုံးများမှိတ်ကာ အိပ်စက်တော့မည့်ဆဲဆဲတစ် ဖက်ခြမ်းမှ ဟော်ချန်ယဲ့ သူမအနားသို့ တိုးကပ်လာသည်ကို ခံစားလိုက်ရသည်။
သူက သူမနှင့်အတူ အိပ်ရာဝင်ချင်နေပုံပေါ်သည်။
'သူ စိတ်တွေများ လွတ်ထွက်သွားတော့မလို့လား၊ ဒါမှမဟုတ် အခြေအနေတွေကို ရှင်းပြတော့မလို့လား၊ နေပါဦး... တစ်ခုခုတော့ လွဲနေသလိုပဲ'
ယွီရွေ့ကျူး ဘေးသို့ အနည်းငယ် ရွှေ့သွားသည်။ ၎င်းမှာ ငြင်းဆန်ခြင်း သင်္ကေတတစ်ခု ဖြစ်သော်လည်း ယနေ့ညတွင်မူ ဟော်ချန်ယဲ့က မသိချင်ယောင်ဆောင်နေခဲ့သည်။
သူမ တစ်လက်မ ရွှေ့သွားတိုင်း သူက တစ်လက်မ တိုးကပ်လာသည်။
ယွီရွေ့ကျူး "..."
အုတ်ကုတင်လေးမှာ ထိုမျှလောက်သာအရှည်ရှိပြီးခေါင်းရင်းပိုင်းမှာ ပိုမိုတိုတောင်းလှရာ ယွီရွေ့ကျူး တစ်ယောက် လျင်မြန်စွာပင် နောက်ဆုတ်စရာ နေရာမရှိတော့ချေ။
သူမက ငြင်းဆန်ရန် ပြင်ချိန်မှာပင် ဟော်ချန်ယဲ့က ရုတ်တ ရက် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမကို တင်းကျပ်စွာ ပွေ့ဖက်သည်။ သူ့ မေးစေ့က သူမ ခေါင်းထက်တွင် တင်ရှိနေပြီး ခပ်ဖွဖွ ပွတ်သပ်နေသည်။
တောင့်တင်း ကြံ့ခိုင်သော သူ့ ရင်အုပ်ကျယ်ကြီးက သူမ ကျောပြင်နှင့် ဖိကပ်နေကာ သဘာဝ နောက်အမှီနှင့် အခုတစ်ခုသဖွယ်အလားပင်။
ဤမျှ နီးကပ်စွာ မနေခဲ့ရသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ယွီရွေ့ကျူးက သူမ ကျောပြင်နှင့် ဖိကပ်နေသော သူ့ ကြွက်သား အချိုးအစားများနှင့် ဟော်ချန်ယဲ့ လျင်မြန်နေသော နှလုံးခုန်သံများကိုပင် ထင်ရှားစွာ ခံစားရသည်။
ရုတ်တရက် သူမ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။
ယွီရွေ့ကျူး သူ့ကို တွန်းဖယ်ရန် လက်ကို မြှောက်သော်လည်း ဟော်ချန်ယဲ့က သူမ လက်ကို ဖမ်းဆုပ်လေသည်။
ထို့နောက် သူက သူမ ဆံနွယ်များထက်သို့ နှုတ်ခမ်းကို ဖိကပ်ကာ တိုးညင်း အက်ကွဲသော အသံဖြင့် ဆိုသည်။
"ခဏလေးပါပဲ... ကိုယ် မင်းကို ခဏလောက်ပဲ ဖက်ထားပါရစေ"
ထိုစကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က ယွီရွေ့ကျူး ခေါင်းပေါ်သို့ မေးစေ့ဖြင့် ထပ်မံ ပွတ်သပ်ရင်း သက်ပြင်းတစ်ချက်ချမိသည်။
ထိုအပြုအမူမှာ ကြောင်လေးတစ်ကောင်က ကြောင်ဆေးပင်ကို ခဲထားသလို ခွေးလေးတစ်ကောင်က အရိုးကို ကိုက်ခဲထားသည်နှင့်ပင် တူနေပြီး သူ့ စိတ်ကို ငြိမ်သက်စေပုံရသည်။
သူတို့ နှစ်ဦးကြား စစ်အေးတိုက်နေကြသဖြင့် သူ့ကို တွန်းဖယ်သင့်သည်ဟု ယွီရွေ့ကျူး တွေးခဲ့သော်လည်း ဟော်ချန်ယဲ့ အမူအရာကို မြင်သောအခါ သူနှင့် ဟော်ပေါင်ကျူးကြားတွင် တစ်ခုခု ဖြစ်ခဲ့ပြီဖြစ်ကြောင်း သူမ ခန့်မှန်းမိသည်။
ထို့ကြောင့် သူမက သက်တောင့်သက်သာပင် နောက်သို့ မှီချပြီး အချိန်အတော်ကြာ မထိတွေ့ခဲ့ရသော သူ့ ကြွက်သားများပေါ်တွင် ခေါင်းကို မှီတင်လိုက်ကာ အလွန်တရာ ကျေနပ်အားရစွာဖြင့် မျက်ခုံးများ ပင့်တက်သွားမိသည်။
ထို့နောက် သူမက သဘောထားကြီးဟန်ဆောင်ကာ ပြောသည်။
"ကောင်းပြီလေ၊ ဟူး... လောလောဆယ်တော့ ရှင့်ကို အပြစ်မယူသေးဘူး"
ဟော်ချန်ယဲ့က မည်သည့်စကားမှ မဆိုတော့ဘဲ သူမကို ပို၍ နီးကပ်စွာ ဆွဲဖက်ပြီး ယွီရွေ့ကျူးထံမှ သင်းပျံ့နေသော ကိုယ်သင်းရနံ့လေးကို လောဘတကြီး ရှူရှိုက်မိသည်။
သူတို့ နှစ်ဦးစလုံး ခေါင်းလျှော်ရည် အတူတူ သုံးခဲ့ကြသော် လည်း ဘာကြောင့်မှန်းမသိ ယွီရွေ့ကျူး အနံ့လေးကသာ အကောင်းဆုံးဖြစ်နေကာ သူမ ရနံ့လေးက တစ်မူထူးခြားတက်သည်။
အစောပိုင်းက ဂနာမငြိမ် ဖြစ်ခဲ့သော သူ့ အာရုံကြောများနှင့် ခံစားချက်များမှာ ချက်ချင်းပင် ငြိမ်းချမ်းသွားခဲ့သည့်အလားပင်။
ဟော်ချန်ယဲ့က သက်ပြင်းရှည်ကြီးတစ်ခုကို ချပြီး ယွီရွေ့ကျူး မသိနိုင်သော ခပ်ဖွဖွ အထိအတွေ့လေးဖြင့် သူမ ဆံနွယ်များထက်သို့ အနမ်းတစ်ပွင့် ခြွေချသည်။
"အိပ်မက်လှလှ မက်ပါစေ"
...
နောက်တစ်နေ့တွင် ယွီရွေ့ကျူး တစ်ယောက် ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် နိုးထလာသည်။
မနေ့က ခဏလေးသာ ဖက်ထားပြီးနောက် ခွာကြမည်ဟု ရှင်းလင်းစွာ သဘောတူထားသော်လည်း ဤအနေအထားကိုပင် ကျင့်သားရသွားကြသည်လား မသိ၊ မိုးလင်းသည့်တိုင်အောင် ဤအတိုင်း နေရန် နှစ်ဦးစလုံးက တိတ်တဆိတ် သဘောတူထားခဲ့ကြသည့်အလား ထင်ကသည်။
ယွီရွေ့ကျူးက မြို့ပေါ်ရှိ ဝက်သားနီနှပ်ဆိုင်သို့ ထုံးစံအတိုင်း အလုပ်သွားလုပ်ခဲ့သော်လည်း ပုံမှန်နှင့်မတူဘဲ ယနေ့တွင် သူမကို အရိပ်တစ်ခုလို တစ်ချိန်လုံး လိုက်ကြည့်နေသော ပူလောင်သည့် အကြည့်တစ်စုံကို သည်းမခံနိုင်လောက်အောင် ခံစားရသည်။
သူမ ဘယ်နေရာကိုပဲ သွားသွား စောင့်ကြည့်ခံနေရသလို ခံစားမိသည်။ အထူးသဖြင့် သူမက စွန်းမော်နှင့် ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသော ဖောက်သည်များနှင့် စကား ပြောဆိုနေချိန်တွင် ထိုပူလောင်သော အကြည့်များက သူမကို ထိုးဖောက် လောင်ကျွမ်းတော့မည့်အလား ပိုသိသာလာသည်။
သူမကို ဘယ်သူ ကြည့်နေလဲ ဆိုသည်ကို ယွီရွေ့ကျူး ခန့်မှန်းမိသော်လည်း လမ်းတစ်ဖက်ကမ်းရှိ သားသတ်ရုံ ပြတင်း ပေါက်ဆီသို့ သတိတကြီး လှမ်းကြည့်တိုင်း ဟော်ချန်ယဲ့က အေးအေးဆေးဆေးပင် အသားလှီးနေလျှင်လှီး ဖောက်သည်များကို ဧည့်ခံနေခြင်းများပြုလုပ်နေကာ သူမကို မော့ပင်မကြည့်ခဲ့သည့်အလား ဟန်ဆောင်နေသည်။
သို့သော်လည်း ထိုအကြည့်များက အလွန်အမင်းကို သိသာလွန်းသည်။
ယွီရွေ့ကျူး "..."
သူမ မမျှော်လင့်ထားသော အရာတစ်ခုကို အမှတ်မထင် လေ့ကျင့်ပေးလိုက်သလို ခံစားရသည်။
ထိုစွဲမြဲနေသော အကြည့်များက တစ်နေ့တာလုံးနီးပါး ယွီရွေ့ကျူး နောက်သို့ လိုက်ပါနေပြီး ညနေခင်းတွင် သူတို့ အတူ တကွ ထမင်းစားကာ အိပ်စက်ကြသည့် အချိန်ရောက်မှသာ ရပ်တန့်သွားသည်။
သို့သော်လည်း နောက်တစ်နေ့တွင် ထပ်မံ စတင်လာပြန်သည်။
သူက မွေးမြူရေးခြံသို့ သွားခဲကာ ဝက်သားနီနှပ်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ သားသတ်ရုံတွင်သာ တစ်နေ့ကုန် အချိန်ဖြုန်းလေ့ရှိရာ ထိုအကြည့်များကလည်း ယွီရွေ့ကျူး နောက်သို့ ဆက်တိုက် လိုက်ပါနေဆဲပင်။
တိုက်ဆိုင်စွာပင် သူမ ဝက်သားနီနှပ်ဆိုင်က ပိုမိုအောင်မြင်လာသောကြောင့်လားတော့ မသိ၊ စုန့်ချင်းရှန်း မြို့ပေါ်မှ ချစ်သူဖြစ်သော အလွန်ခေတ်မီလှပသည့် ကျီချိုးရှင်းက စုန့်ချင်းရှန်းကို ခေါ်ကာ တစ်ခုခုဝယ်ယူရန် ဆိုင်သို့ ထပ်မံ ရောက်ရှိလာသည်။
ယခင်ကဆိုလျှင် ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို မျက်စောင်း ထိုးမိပြီး သူ့ကို မြင်တိုင်း ရိုက်မည်ဟု ပေးထားသော ကတိအတိုင်း တုတ်တစ်ချောင်းကိုပင် ဆွဲထုတ်လောက်သည်။
သို့သော် ယနေ့တွင်မူ သူမ အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုန့်ချင်းရှန်းကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပြုံးပြမိသည်။
"ကြိုဆိုပါတယ်ရှင်"
သူမက လမ်းတစ်ဖက်ကမ်းမှ ကြည့်လျှင် သေချာမမြင်ရသောထောင့်ချိုးကို အသုံးပြုကာ တစ်ခါတစ်ရံတွင် ရင်းနှီးကျွမ်းဝင်ပုံရသော အမူအရာမျိုးများကိုပင် တမင်သက်သက် လုပ်ပြသည်။
ထင်သည့်အတိုင်းပင် ယွီရွေ့ကျူး အပေါ် ကျရောက်နေသော အကြည့်များက ပိုပြင်းထန်လာသည်။
ယွီရွေ့ကျူးက ပေါ့ပေါ့ပါးပါးပင် နောက်သို့ လှည့်ကြည့်ရာ လမ်းတစ်ဖက်ကမ်းရှိ သားသတ်ရုံတွင် ဟော်ချန်ယဲ့က သူ့ကိုယ်သူ ပုန်းကွယ်မနေတော့ဘဲ နက်မှောင်သော မျက်ဝန်းများဖြင့် သူတို့ကို စူးစိုက်ကြည့်နေသည်ကို မြင်ရသည်။
သူ့ လက်ထဲရှိ ထက်မြက်သော ဓားသွားက အရောင်လက်နေသည်။
လမ်းတစ်ဖက်ကမ်းတွင် ရှိနေသော်လည်း တင်းကျပ်စွာ ကြုတ်ထားသော မျက်မှောင်များနှင့် မင်ရည်ကဲ့သို့ နက်မှောင်နေသော မျက်လုံးအိမ်တို့ကို ယွီရွေ့ကျူး ထင်ရှားစွာ ခံစားနိုင်သည်။