← Chapters

အခန်း ၄၇၃

Vol. 48 Ch. 473

အခန်း ၄၇၃

Vol. 48 Ch. 473

အခန်း(၄၇၃) တိုက်ပွဲမတိုင်ခင် ပြင်ဆင်မှုများ

"သစ္စာဖောက် ဟုတ်လား။"

ဤစကားကို ကြားသောအခါ လူတိုင်း၏အမူအရာ မှောင်မိုက်သွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။

"လရိပ်ဂိုဏ်းက တပည့်တွေထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်လို့ ပြောချင်တာလား။" ကျန်းမုန့်ချူး၏မျက်လုံးများ စူးရှသွားပြီး သူ၏စကားများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပါဝင်နေ၏။

"အင်း..." ဖန်တုံက ခေါင်းကိုစောင်းကာ ခဏတာ ပြန်လည် စဉ်းစားလိုက်သည်။ "ကျွန်မရဲ့ ဗေဒင်အရတော့ သစ္စာဖောက်က သာမန်တပည့်တစ်ယောက် မဟုတ်ဘူး။ အဆင့်အတန်းမြင့်ပြီး အာဏာရှိတဲ့သူ တစ်ယောက်ပဲ။"

အဓိကခန်းမရှိ လေထုမှာ ပို၍ပင် လေးနက်သွား၏။

ဂိုဏ်းချုပ်၏ ခန်းမသို့ လာရောက်ဆွေးနွေးနိုင်သူ အားလုံးမှာ လရိပ်ဂိုဏ်း၏ အာဏာရှိသူများ ဖြစ်သည်မှာ အသေအချာပင်။

တစ်နည်းအားဖြင့် သစ္စာဖောက်သည် သူတို့အထဲတွင် ရှိနေ၏။

"အတိအကျ ဘယ်သူလဲ။ အခု သစ္စာဖောက်ဆိုတာကို ဝန်ခံမယ်ဆိုရင် သက်ညှာပေးချင်ပေးလိမ့်မယ်။ မင်းကို လမ်းမှားရောက်သွားတဲ့ သူတစ်ယောက်လို့ပဲ သတ်မှတ်ပေးမယ်။" ကျန်းမုန့်ချူးက မျက်လုံးများကို မှေးစင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လူသတ်လိုသော အရှိန်အဝါက သိသာထင်ရှားနေသည်။ "ဒါပေမဲ့ မိစ္ဆာမျိုးနွယ်တွေ ရောက်လာတဲ့အခါမှ တွေ့မယ်ဆိုရင်တော့ သေချင်စိတ် ပေါက်သွားအောင် သေချာပေါက် လုပ်ပစ်မယ်။"

၎င်းမှာ နောက်နေခြင်း မဟုတ်ပေ။

ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်ရှိသော ကျန်းမုန့်ချူး၏ စွမ်းအားနှင့်ဆိုလျှင် ဝိညာဉ်ကို ခွဲထုတ်ပြီး ထာဝရအကျဉ်းချထားခြင်းက အခြေခံလုပ်ဆောင်ချက် တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်အောက်မှ မည်သူမှ သူ့၏ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်ပေ။

ထိုနေရာရှိ ကျင့်ကြံသူများက အချင်းချင်း ဇဝေဇဝါဖြင့် ကြည့်နေကြပြီး မည်သူမျှ ပြန်မဖြေကြပေ။

ယွဲ့ချန်ချီက စုချီနျန်အနားသို့ တိုးသွားကာ သံသယဖြင့် တီးတိုးပြောလိုက်သည်။ "ဆရာ၊ ဆရာက သစ္စာဖောက် မဟုတ်ပါဘူးနော်။ ဆရာ အခုဝန်ခံရင် ဆရာ့အတွက် တပည့် တောင်းပန်ပေးမယ်လေ။"

စုချီနျန် မျက်လုံးလှန်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည် "ထွက်သွားစမ်း။ မင်းကမှ သစ္စာဖောက်။ မင်း အရိုက်ခံချင်နေတာပဲ။"

"ရှေ့ထွက်ဖို့ ဆန္ဒမရှိဘူးပေါ့။" သစ္စာဖောက်က မျှော်လင့်ချက်တွယ်ဖက်ထားဆဲ ဖြစ်သည်ကို မြင်သောအခါ ကျန်းမုန့်ချူး၏ အမူအရာ ပို၍ပင် အေးစက်သွားသည်။ "ကောင်းပြီလေ။ မင်းရဲ့ အခွင့်အရေး ကုန်သွားပြီလို့ ငါ အခု ကြေညာလိုက်တယ်။"

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လေထုမှာ ပို၍ပင် အေးစက်လာသည်။

လူသတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော ခန်းမက ရေခဲများပင် ဖွဲ့တည်လာသည့် လက္ခဏာများကို ပြသနေသည်။

သူက လီချင်းရန်ကို ရိုသေသော အမူအရာဖြင့် လက်ယှက်လိုက်သည်။ "ဂိုဏ်းချုပ်၊ ကျွန်တော်တို့ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီဆိုမှတော့ မိစ္ဆာမျိုးနွယ်တွေ တိုက်ခိုက်လာတဲ့အခါ၊ ကျွန်တော်တို့ လူအိုကြီးတွေက တစ်နေရာတည်းမှာနေပြီး အချင်းချင်း စောင့်ကြည့်နေဖို့ ဆိုတာ မဖြစ်နိုင်ဘူး။"

"ဒီလိုလုပ်ရင်ကော။ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့စွမ်းအားထက် မမြင့်တဲ့ ဘယ်ကျင့်ကြံသူမှ ထွက်မသွားနိုင်အောင်လို့ ဂိုဏ်းအနီးအနားမှာ နှစ်လမ်းသွား ထောင်ချောက်အခင်းအကျင်တစ်ခု ဆောက်လိုက်မယ်။"

"အနည်းဆုံးတော့ မိစ္ဆာမျိုးနွယ်တွေ မကျူးကျော်လာခင်အထိ ဒီသစ္စာဖောက်က အသုံးမဝင်တော့ဘဲ မိစ္ဆာမျိုးနွယ်တွေနဲ့ ဆက်သွယ်နိုင်တော့မှာ မဟုတ်ဘူး။"

ဤစကားကို ကြားသောအခါ လီချင်းရန်၏ တင်းမာမှုများ အနည်းငယ် ပြေလျော့သွားသည်။ "ပြဿနာတွေ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့ အကြီးအကဲကျန်းရဲ့ နည်းလမ်းက အရမ်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ကျွန်မတို့ ပြင်ဆင်ထားပြီဆိုတော့ အဲဒီသစ္စာဖောက်က မိစ္ဆာမျိုးနွယ်တွေနဲ့ ဆက်သွယ်ရင်တောင် ဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ လျှော့ချနိုင်ပါတယ်။"

"ဟုတ်တယ်။ ဒါပေမဲ့ ဒီအကြောင်းကို ဘိုးဘေးကြီးဆီ အမြန်ဆုံး အကြောင်းကြားသင့်တယ်။"

ကျန်းမုန့်ချူးက ထပ်ဖြည့်ပြောသည်။ "ကျွန်တော်တို့ အကြံပေးခဲ့တာတွေက အကြံပြုချက်တွေ သက်သက်ပါပဲ။ ဘိုးဘေးကြီးက ပညာရှိပြီး ဉာဏ်ရည်ပြည့်ဝပါတယ်။ သူ့မှာ ပိုကောင်းတဲ့ အဖြေတစ်ခု ရှိကောင်း ရှိနိုင်ပါတယ်။"

"ဘိုးဘေးကြီးဆီ ကျွန်မ အမြန်ဆုံး အကြောင်းကြားလိုက်ပါ့မယ်။" လီချင်းရန် ခေါင်းညိတ်လိုက်သည်။

ကျန်းမုန့်ချူးက သူ၏စွမ်းရည်များကို မေးခွန်းထုတ်နေခြင်း မဟုတ်ဘဲ မိစ္ဆာမျိုးနွယ်၏ မဟာပဏ္ဍိတများသည် မဟာတက်လှမ်းခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားကြောင်းကို သူ သိထားသည်။ မဟာတက်လှမ်းခြင်းအဆင့်ရှိ တိုက်ခိုက်ရေးစွမ်းအားကို သူ သို့မဟုတ် ခန်းမထဲရှိ ကျင့်ကြံသူအားလုံး ပေါင်းလိုက်လျှင်ပင် အလွယ်တကူ ကိုင်တွယ်နိုင်မည့် အရာ မဟုတ်ပေ။

ဂိုဏ်း၏ရှင်သန်မှုကို ခြိမ်းခြောက်နေသည့် ဤအဓိကအဖြစ်အပျက်ကြီးအတွက် မဟာတက်လှမ်းခြင်း အဆင့်ရှိ ချန်ဟွိုက်အန်က တာဝန်ယူပြီး စီမံခန့်ခွဲရန် လိုအပ်သည်။

ဂိုဏ်းချုပ်၏ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် လရိပ်ဂိုဏ်းမှလူတိုင်း မသက်မသာဖြစ်နေကြပြီး လေထုမှာ အနည်းငယ် ခြောက်ခြားစရာ ကောင်းလာသည်။

သာမန်တပည့်များအတွက် အဆင်ပြေသော်လည်း ဂိုဏ်း၏ အကြီးအကဲများအကြားတွင် အချင်းချင်း ရင်းနှီးသူများမှလွဲ၍ သူတို့ကြားတွင် သတိထားစောင့်ကြည့်မှုများ ရှိနေပုံရသည်။

ဂိုဏ်းတွင် အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား နှစ်ဦးဖြစ်သော ကျန်းမုန့်ချူးနှင့် လီကျစ်ဖျင်တို့ ကိုယ်တိုင် အခင်းအကျင်းကို တည်ဆောက်ခဲ့ကြသည်။

စုချီနျန်က ထောက်ပံ့ရေးပစ္စည်းများကို ပြင်ဆင်ရန် တာဝန်ယူထားပြီး တိုက်ပွဲမတိုင်မီ ပြင်ဆင်မှုများကို စနစ်တကျ လုပ်ဆောင်နေသည်။

လီချင်းရန်က လိုဏ်ဂူထဲသို့ တစ်ယောက်တည်း ပြန်လာပြီး လျှပ်စစ်ပိုက်လုံးကို ထုတ်ယူလိုက်သည်။

သူ၏ဆရာကို ခေါ်ရန် ဤအသက်စည်းနှောင်မှော်လက်နက်ကို သူ ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသည်။

သူ ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းသို့ ဝင်ရောက်ပြီးကတည်းက သူ၏ အသက်စည်းနှောင် မှော်လက်နက်ပေါ်တွင် မျက်နှာပြင် အသေးလေး တစ်ခု ပေါ်လာခဲ့သည်။

မျက်နှာပြင် အသေးလေးပေါ်တွင် ဆရာ့၏ ပုံရိပ်တစ်ခု ရှိသည်။ ထိုပုံရိပ်ကို နှိပ်လိုက်လျှင် နောက်ထပ် မျက်နှာပြင် အသေးလေး တစ်ခုဆီသို့ ရောက်သွားမည် ဖြစ်သည်။

သူက မျက်နှာပြင် အသေးလေးပေါ်တွင် စာရေးရုံဖြင့် လောကများကို ဖြတ်ကျော်ပြီး သူ၏ဆရာထံသို့ စာများကို အလွယ်တကူ ပေးပို့နိုင်သည်။

[ ဆရာ၊ မိစ္ဆာမျိုးနွယ်တွေ တောင်တန်းတစ်သောင်းကနေ ထွက်လာပြီးတော့ ချင်းယွန်ဘုံက ဂိုဏ်းတွေ အားလုံးကို တိုက်ခိုက်တော့မယ်။ ဗေဒင်ဆရာမလေးက ဂိုဏ်းတိုင်းမှာ မိစ္ဆာတွေနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက် တစ်ယောက်စီ ရှိနေတယ် ဆိုတာကိုတောင် ကြိုမြင်ခဲ့သေးတယ်။ ဒီစာကို ရတာနဲ့ ပြန်လာခဲ့ပါနော်။ ပြီးတော့... ဆရာ့ကို အရမ်း လွမ်းတယ် ]

လီချင်းရန်က သူ၏ ကောက်ကွေ့နေသောလက်ရေးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် ပို့ရန်ကို နှိပ်လိုက်သည်။

သူ၏လက်ရေးက ရုပ်ဆိုးနေသည်မှာ ကြာပြီဖြစ်ပြီး ဆရာက ဂရုမစိုက်သည့်အတွက် ဟန်ဆောင်နေစရာ မလိုပေ။

...

တခြား တစ်ဖက်တွင်...

ကမ္ဘာမြေ၌။

ချန်ဟွိုက်အန်က ခွန်းလွန်အင်မော်တယ်နန်းတော်၏ စစ်တပ်တစ်ခုလုံးကို ဦးဆောင်ပြီး တိုက်ခိုက်ရန် သွားနေသည်။

သူ၏ဖုန်း တုန်ခါနေသည်ကို သတိပြုမိသော်လည်း ချက်ချင်း ထုတ်မကြည့်ခဲ့ပေ။

သူ၏ လျှို့ဝှက်ချက်မှာ ပုံရိပ်ယောင်ကောင်မလေးဂိမ်း ဖြစ်ပြီး ယခု သူသည် ရန်သူများ၏ ဝိုင်းရံမှုကို ခံနေရသည်။

ဟွာကျင်းအပြင် လူအုပ်ထဲတွင် အခြားသော စွမ်းအားကြီးသူ များစွာ ရှိနေသင့်သည်။ ယခုအချိန်တွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှု တစ်ခုမျှ မလုပ်ခြင်းက အကောင်းဆုံး ဖြစ်သည်။

လူတိုင်းက ရှေ့တည့်တည့်ကို ကြည့်နေကြသော်လည်း သူတစ်ဦးတည်းကသာ ဖုန်းကို စိုက်ကြည့်နေသူ ဖြစ်နေလျှင် ၎င်းက ပြဿနာရှာနေခြင်း မဟုတ်ပါလား။

"ချင်းယွန်ဘုံမှာ ဘာတွေများ ဖြစ်နေလို့လဲ။ ကိစ္စကြီးကြီးမားမားများလား..." ချန်ဟွိုက်အန်က အချိန်အတော်ကြာ တွေးတောနေခဲ့သည်။

ယောင်ချီမြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေတို့ ပိတ်သိမ်းသွားပြီဆိုတော့ ငါ့ရဲ့လရိပ်ဂိုဏ်း အတွက် ခြိမ်းခြောက်မှုဆိုလို့ ပျောက်ဆုံးနေတဲ့ သူတော်စင်ယွိယောင်ပဲ ရှိတော့တာ။

သူတော်စင်ယွိယောင်က လရိပ်ဂိုဏ်းကို တကယ်ခြိမ်းခြောက်မယ် ဆိုရင်တောင် ငါ့ကမ္ဘာငယ်ရဲ့ ဝင်ပေါက်က ဖွင့်ထားတာပဲ။ ပြီးတော့ လရိပ်ဂိုဏ်းတစ်ခုလုံး ဝင်ပြီး ခိုလှုံလို့ ရတယ်။ တောင်ပေါ်က အဆင့်မြင့် ဝိညာဉ်ကြောတွေကို သယ်သွားဖို့ ခက်ခဲတာပဲ ရှိတာ။

ကောင်မလေးက ငါ့ကိုလွမ်းလို့ စာပို့တာ နေမှာပါ။

ထိုသို့ စဉ်းစားလိုက်သောအခါ သူ ချက်ချင်း စိတ်သက်သာရာ ရသွားသည်။

သူတို့ ခရီးစဉ်ကို ပိုမို၍ နီးကပ်လာသည်နှင့်အမျှ သူတို့ပတ်ဝန်းကျင်ရှိ တက်လှမ်းသူများ အရေအတွက် သိသိသာသာ တိုးလာသည်။ သို့သော် ခွန်းလွန်အင်မော်တယ်နန်းတော်မှ ကြီးကျယ်ခမ်းနားသော စစ်ကြောင်းကို မြင်သောအခါ ထိုတက်လှမ်းသူများ အားလုံးသည် အဝေးတွင် ပုန်းအောင်းနေကြပြီး အနားသို့ မကပ်ရဲကြပေ။

"ဟား၊ သတ္တိကြောင်တဲ့ ကြွက်အုပ်။"

"ဒါက ငါတို့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ စွမ်းအားပဲ။"

ဝမ်ရှိုယီနှင့် သူ၏ကျောင်းသားများက ဤမြင်ကွင်းကိုမြင်ရာ ပြန်လည် မာနထောင်လွှားလာကြသည်။

"ဒီလူယုတ်မာတွေက ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ခိုးဖို့ ကြိုးစားရဲတာလား။ ငါတို့ သတ်ပစ်မှာကို မကြောက်ဘူးလား။" ဤစကားများက ခွန်းလွန်လက်သီး၏ တိုက်ရိုက်တပည့်ဖြစ်သူ ဝူဝမ်ပင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"ငါတို့ ခွန်းလွန်အင်မော်တယ်နန်းတော်ထဲကို ခွေးဘီလူးတွေတောင် ဝင်ခွင့်ရတာကတော့ နှမြောစရာပဲ... ငါတို့ အခု လူလိုအပ်နေလို့ ခွေးဘီလူးတွေက ငါတို့ကို အခွင့်ကောင်းယူဖို့ အခွင့်အရေး ရသွားတာ ဖြစ်ရမယ်။"

ဤစကားကို ကြားသောအခါ ဝမ်ရှိုယီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ချန်ဟွိုက်အန်က ၎င်းကို လျစ်လျူရှုကာ မကြားဟန်ဆောင်နေသော်လည်း သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု တိတ်တဆိတ် ပေါ်လာသည်။

ရိုင်းရိုင်းစိုင်းစိုင်း လုပ်ကြ။ ရိုင်းရိုင်းစိုင်းစိုင်းလုပ်ကြ။ အဲဒါကောင်းတယ်။

မာနထောင်လွှားမှုသည် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုကို ကိုယ်စားပြုပြီး ထိုကဲ့သို့ မာနထောင်လွှားသော လူများက သတိထားစောင့်ကြည့်မှု ကင်းမဲ့လေ့ ရှိသည်။

၎င်းကက သူ့အတွက် ရှင်းလင်းရန် ပိုမိုလွယ်ကူသွားစေသည်။

...

မွန်းလွဲပိုင်းကျော်လွန်ပြီး ညအမှောင်ကျလာပြီ ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထျန်ဖူရင်ပြင်သည် ဤအချိန်တွင် လူသူကင်းမဲ့နေမည် ဖြစ်သည်။

အကြောင်းမှာ မကြာသေးခင်က မိစ္ဆာများ သောင်းကျန်းနေ၍ပင်။၊ ညဘက် အထူးစွမ်းရည် မရှိဘဲနှင့် အပြင်ထွက်ခြင်းက အသုံးမကျသလောက်ပင်။ သို့သော် ယခုညကတော့ ကွာခြားပေသည်။ ယရင်က သောင်းကျန်းနေသော မိစ္ဆာများက ကြောက်ရွံ့သွားပုံရပြီး ပြဿနာရှာရန် ထွက်မလာကြပေ။

ထျန်ဖူရင်ပြင်တွင် လူများဖြင့် ပြည့်ကျပ်နေပြီး အင်မော်တယ်ဘဝကို ရှာဖွေနေသူများသာမက သတင်းကိုကြား၍ အကျိုးအမြတ်ရလိုသော မိစ္ဆာနှိမ်နင်းသူများနှင့် အခွင့်အရေးရှာသူများစွာလည်း ပါဝင်သည်။

လူအချို့က ဤနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြောင်း သိသာထင်ရှားပြီး သူတို့၏ တဲများနှင့် အမှိုက်များ နေရာတိုင်းတွင် ပြန့်ကျဲနေ၏။

"မင်းတို့ ကြားပြီးပြီလား။ ဒီည ကလေးလေးတစ်ယောက် မွေးလာတော့မယ်။ ငါတို့သာ အဲဒါကို ဖမ်းနိုင်ရင်၊ ငါတို့ နတ်ဘုရားတွေ ဖြစ်သွားနိုင်တယ်။"

"တောက်၊ ငါတို့က ဒီလိုရတနာတွေကို ဘယ်လိုလုပ် လုယူနိုင်မှာလဲ။ ဒီည ဂိုဏ်းတွေရော အဓိက အင်အားစုကြီး နှစ်ခုစလုံးရော ရောက်လာကြမှာပဲ။ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့နဲ့ ပူးပေါင်းလိုက်တာ ပိုကောင်းမယ် မဟုတ်ဘူးလား။ ဒီရတနာတွေကို လုယူဖို့ ငါတို့ရဲ့ အသက်တွေကို စွန့်စားတာထက် အဲဒါက အများကြီး ပိုလွယ်တယ် မဟုတ်ဘူးလား။"

အခွင့်အရေးရှာသူများက အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်အထိပင်။

ခေါင်းလောင်းသံများ၏ ပဲ့တင်သံများ မပျောက်ကွယ်ခင်မှာပင် အနောက်ဘက် ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းတစ်ခု ပေါ်လာ၏။

မမြင်ရသောလက်တစ်ဖက်က ညအမှောင်ကို ဆုတ်ဖြဲလိုက်သည့်အလား တောက်ပသော ဗုဒ္ဓအလင်းတန်း ကျဆင်းလာပြီး ရင်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ရွှေကြာပန်းများ ဆက်တိုက် ပွင့်လာပြီး ကောင်းကင်မှ ဆင်းသက်လာကာ တစ်ခုစီတိုင်း၏ အပေါ်တွင် သင်္ကန်းခြုံထားသော အဆင့်မြင့်ရဟန်း တစ်ပါးစီ ရှိနေသည်။

ခေါင်းဆောင်က ဇန်တောင်ဝှေး တစ်ခုကို ကိုင်ဆောင်ထားပြီး အဆုံးရှိ လက်ရာမြောက်သော စေတီတော်လေးက အနည်းငယ် တုန်ခါနေကာ ဓမ္မတေးသံများကို ထွက်ပေါ်လာစေသည်။

မဟာမိုးကြိုးကျောင်းတော် ကျောင်းထိုင်ဘုန်းကြီးငါးပါးနှင့် ဗုဒ္ဓဘာသာတပည့်တစ်ဦးက ဘေးချင်းကပ် ရပ်နေပြီး အနောက်တွင် စနစ်တကျ ဖွဲ့စည်းထားသော တပည့်ထောင်ပေါင်းများစွာ လိုက်ပါလာကာ လှုပ်ရှားနေသော ရွှေရောင်လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးထားသည်။ သူတို့၏ အလျင်မလိုသော ခြေလှမ်းများက ပတ်ဝန်းကျင် လေထုကို ခဲသွားစေပြီး အသံအားလုံး တိတ်ဆိတ်သွားသည်။

သာမန် လူအချို့က အလိုအလျောက် ဒူးထောက်ကာ ဦးညွှတ်လိုက်ကြပြီး ပိုမိုများပြားသော လူများမှာ အသက်ပြင်းပြင်း ရှူရန်ပင် မရဲဘဲ တိတ်ဆိတ်နေကြသည်။

"မဟာမိုးကြိုးကျောင်းတော် ဒီကို ရောက်လာပြီ။"

ဗုဒ္ဓ၏အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေပြီး ၎င်း၏စွမ်းအားက အလွန်ကြီးမားလှသည်။

...

All Chapters