← Chapters

အခန်း ၄၈၀

Vol. 48 Ch. 480

အခန်း ၄၈၀

Vol. 48 Ch. 480

အခန်း(၄၈၀) ဆရာ တော်သင့်ပြီ

"ဟီးဟီးဟီး။"

စုချီနျန်က လိုဏ်ဂူသို့ ပြန်ရောက်လာပြီ ခါးထောက်ကာ သုံးကြိမ်တိုင်တိုင် ရယ်မောလိုက်သည်။

"ငါ ပြန်လာခဲ့မယ်။ ဟီးဟီးဟီး။"

"မိုက်လိုက်တာ။ အရမ်းမိုက်တာပဲ။"

သူက လိုဏ်ဂူထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး ခေါင်းခါကာ ပြောသည်။ "ဒါက ဗီလိန်တစ်ယောက် ဖြစ်ရတဲ့ ခံစားချက်ပဲ။ ငါ အရင်က ဘာလို့ သတိမထားမိခဲ့တာလဲ။"

"မဟုတ်သေးဘူး။" သူ လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး မျက်လုံးများကို ကျဉ်းလိုက်သည်။ "ဘိုးဘေးကြီး ငါ့ကို သင်ပေးလိုက်တာက အနှစ်တွေချည်းပဲ။ ဘိုးဘေးကြီးက ဗီလိန် တစ်ယောက် ဘယ်လိုလုပ်ရမလဲဆိုတာကို ဘယ်လိုများ ဒီလောက်တောင် သိနေရတာလဲ။ ဧကန္တ..."

"ထားလိုက်ပါတော့။ ကိုယ့်ဘာသာပဲ ပျော်နေလိုက်တော့မယ်။"

စုချီနျန်က သူသည် လိုသည်ထက်ပိုပြီး တွေးနေမိကြောင်း သိလိုက်ပြီး ခေါင်းခါလိုက်ကာ ထူးဆန်းပြီး ကြက်သီးထစရာကောင်းသောရယ်မောသံကို ဆက်လက် ရယ်နေလိုက်သည်။

ကျင့်ကြံခြင်းအကြောင်းမေးမြန်းရန် လိုဏ်ဂူသို့ ရောက်လာသော ယွဲ့ချန်ချီက ဤအရာအားလုံးကို မြင်တွေ့ခဲ့ရကြောင်း သူ မသိခဲ့ပေ။

"ဆရာ။"

ယွဲ့ချန်ချီ၏အသံက ရုတ်တရက် ထွက်ပေါ်လာပြီး စုချီနျန်ကို ထိတ်လန့်သွားစေသည်။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏တပည့်မလေးက တရားထိုင်ဖျာပေါ် ခေါင်းငုံ့ကာ ဒူးထောက်နေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။

"ကောင်မလေးယွဲ့၊ ဘယ်တုန်းက ရောက်နေတာလဲ။ အသံတောင် မပေးဘူး..."

"ဆရာ။" ယွဲ့ချန်ချီက စုချီနျန်ကို ဖြတ်ပြောလိုက်ပြီး ဖြူရော်နေသောမျက်နှာကိုမော့ကာ သူ၏ နီရဲနေသော နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ဆရာက သစ္စာဖောက်ဆိုတာကို ကျွန်မက နောက်ပြောင်ပြီး ပြောခဲ့တာပါ၊ ဒါပေမဲ့ ဆရာက ကျွန်မကို တကယ်ပဲ အံ့သြစရာကြီးတစ်ခု ပေးခဲ့တယ်။ ဆရာက တကယ်ပဲ သစ္စာဖောက် ဖြစ်နေမယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး... ။"

"ဟမ်။" စုချီနျန် မှင်တက်သွားပြီး လက်များကို အမြန်ဝှေ့ယမ်းလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါက သစ္စာဖောက် မဟုတ်ပါဘူး။"

"ဒါဆို ဆရာက ဘာလို့ သစ္စာဖောက်တစ်ယောက်လို ရယ်မောနေတာလဲ။"

"အဲဒါက ငါ သရုပ်ဆောင်နေတာလေ။"

"ဒါပေမဲ့ ဆရာက သရုပ်ဆောင်နေတဲ့ပုံ မပေါ်ဘူး။"

"အဲဒါက ဘိုးဘေးကြီးက ငါကို ကောင်းကောင်းသင်ပေးထားလို့လေ။"

"အဟက်..." ယွဲ့ချန်ချီ၏ မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တစ်ခု တောက်ပသွားပြီး သက်ပြင်းချလိုက်သည်။ "ဘိုးဘေးကြီးက မွန်မြတ်တဲ့စရိုက်လက္ခဏာနဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပြီးတော့ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ဘိုးဘေးကြီးက ဆရာ့ကို ဒီလိုမျိုး ယုတ်မာတဲ့ ရယ်သံမျိုး ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ။ အခုအချိန်အထိ ဆရာက ဘိုးဘေးကြီးကို အပြစ်ပုံချချင် နေတုန်းပဲလား။"

ယွဲ့ချန်ချီ၏မျက်လုံးများ နီရဲလာပြီး အသံပင် တုန်ယင်လာသည်။ "တော်လိုက်ပါတော့၊ ဆရာ။ ကျွန်မ တောင်းပန်ပါတယ်။ ရပ်လိုက်ပါတော့။ ဆရာ့တပည့်က ဆရာနဲ့အတူ အပြစ်ပေးခံရဖို့ ဆန္ဒရှိပါတယ်။ ဆရာ လုပ်ရပ်တွေကို ရပ်တန့်လိုက်သရွေ့ တပည့်က ဘိုးဘေးကြီးဆီမှာ နောက်တစ်ကြိမ် တောင်းပန်ပေးပါ့မယ်၊ ဆရာ့အသက်ကို ချမ်းသာပေးဖို့ ကျွန်မ လုပ်နိုင်မှာပါ။"

စုချီနျန် - "..."

ယွဲ့ချန်ချီက သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားသောတပည့် ဖြစ်ပြီး သူ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့သည့် တစ်ဦးတည်းသောသားလို ဖြစ်နေ၍ တော်သေးသည်။ တခြားတစ်ယောက်ကသာ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများ ပြောနေမည်ဆိုလျှင် ဓားဆွဲထုတ်ပြီး သတ်ပစ်လိုက်မည်မှာ ကြာလှလေပြီ။

"ကောင်မလေးယွဲ့၊ စိတ်အေးအေးထား။"

"စိတ်အေးအေး မထားနိုင်ပါဘူး၊ ဆရာ။ မိစ္ဆာတပ်မတော်က တောင်ပိုင်းက ဂိုဏ်းအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ပြီ။ သူတို့က ချင်းယွန်ဘုံကို ဖျက်ဆီးဖို့ ရောက်လာတာ။ ဆရာက ထာဝရ အပြစ်သားတစ်ယောက် ဖြစ်ချင်နေတာလား။"

"ဘာတွေဖြစ်ကုန်တာလဲ။ အချိန်ဘယ်လောက်များ ကြာသွားပြီလို့လဲ။ တောင်တန်းတစ်သောင်းကနေ တောင်ပိုင်းကို သွားဖို့ဆိုရင် လေးငါးရက်လောက် ကြာမှာကို..." စုချီနျန် အံ့အားသင့်သွားသည်။

"သူတို့က မဟာတက်လှမ်းခြင်းအဆင့်ကို ရောက်နေပြီလေ၊" ယွဲ့ချန်ချီက သရော်လိုက်သည်။ "မဟာတက်လှမ်းခြင်းအဆင့်ဆိုတာ အင်မော်တယ်တစ်ပိုင်းနဲ့ အတူတူပဲ။ အချိန်တိုအတွင်း ခရီးဝေးသွားတာက သူတို့အတွက် ဘာမှ မဟုတ်ဘူးလေ။ ဟုတ်တယ်မဟုတ်လား။"

"ဂိုဏ်းချုပ်လီက ဘာပြောလဲ။"

"ချင်းရန်...အဲ ဂိုဏ်းချုပ်က အဓိကဂိုဏ်းကြီးတွေဆီ လူလွှတ်ပြီး သူတို့ရဲ့တပည့်တွေနဲ့ပစ္စည်းတွေကို လရိပ်ဂိုဏ်းဆီ ယူလာပြီး စုဝေးဖို့ အကြောင်းကြားထားတာ ကြာပြီ။ ဒါပေမဲ့ အစကတော့ ဂိုဏ်းအရေအတွက် နည်းနည်ညးလောက်ပဲ တုံ့ပြန်ခဲ့တယ်။ အခု တောင်ပိုင်း ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ဒါက တခြားသူတွေကို ခြောက်လှန့်ဖို့ ကြက်ကိုသတ်ပြတာလို့ မြင်လို့ရတယ်။ တခြားဘက်က ဂိုဏ်းတွေလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်တော့ဘူး။"

စုချီနျန် သက်ပြင်းချလိုက်သည်။

ဒီဂိုဏ်းတွေက ခေါင်းတလားကို မမြင်မချင်း မျက်ရည်ကျမှာ မဟုတ်ဘူးပဲ။

လရိပ်ဂိုဏ်းကို လာကြလေ။ အဲဒီမှာ ကြက်ကြော်၊ အာလူးကြော်၊ ကိုလာအေးအေးလေး၊ ဝမ့်ဝမ့်နွားနို့နဲ့ အဝတ်လျှော်စက်တွေ ရှိတယ်လေ။ အဲဒီမိစ္ဆာတွေနဲ့ ဘာလို့ သေတဲ့အထိ သွားတိုက်ခိုက်နေရတာလဲ။ အခု ကြည့်စမ်း။ တောင်ပိုင်းတစ်ခုလုံး ကျဆုံးသွားပြီ။ မရေမတွက်နိုင်တဲ့ အသက်တွေလည်း ဆုံးရှုံးရတော့မယ်။

"ဆရာ၊ စကားလမ်းကြောင်းကို မလွှဲပါနဲ့။" ယွဲ့ချန်ချီက စကားလုံး တစ်လုံးချင်းစီကို ရှင်းလင်းစွာ အသံထွက်၍ ပြောသည်။ "ကျေးဇူးပြုပြီး... တော်လိုက်ပါတော့။"

"ငါ လုပ်ချင်တာလုပ်မယ်။" စုချီနျန်က နားထင်များကို ပွတ်သပ်လိုက်သည်။ "ဒီလိုလုပ်။ ဘိုးဘေးကြီးက ငါ့ကို နောက်တစ်ကြိမ် ဆင့်ခေါ်တဲ့အခါ မင်းကိုပါ ခေါ်သွားမယ်။ ဟုတ်ပြီလား။ ငါက သစ္စာဖောက် ဟုတ်မဟုတ် ဘိုးဘေးကြီးကို မင်းကိုယ်တိုင် သွားမေး။ နေ့တိုင်း နေ့တိုင်း မင်း ဘာတွေ တွေးနေလဲ ဆိုတာကို ငါ တကယ် နားမလည်နိုင်တော့ဘူး..."

"ကောင်းပြီ၊ သဘောတူတယ်။" ယွဲ့ချန်ချီက တရားထိုင်ဖျာပေါ်မှ ထလိုက်သည်။

သူ့မျက်နှာက မဖြူရော်တော့ပေ။ မျက်လုံးများက မနီရဲတော့။ ထို့ပြင် နှာခေါင်းကလည်း မလှုပ်တော့ပေ။

သူက တည်ငြိမ်စွာ ပြောသည်။ "လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားက ကတိပေးထားသလိုပဲ တန်ဖိုးရှိတယ်။ နောက်တစ်ခါ ဆရာ ကျွန်မကို မခေါ်သွားဘူးဆိုရင် ဆရာက... ဆရာက တခြားဂိုဏ်းတွေနဲ့ ပူးပေါင်းနေတယ်လို့ ဂိုဏ်းချုပ်ကို ကျွန်မ တိုင်ပစ်မယ်။"

"ငါက အပြင်ဂိုဏ်းတွေနဲ့ ဘယ်လိုပူးပေါင်းနေပြန်ပြီလဲ။" စုချီနျန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဆရာက လရိပ်ဂိုဏ်းရဲ့ သွေးကြောကို တခြားဂိုဏ်းတွေဆီ ဖြန့်ဝေဖို့ ကြိုးစားနေတယ်လေ။" ယွဲ့ချန်ချီ မျက်တောင်ခတ်ကာ တရားမျှတသောဒေါသဖြင့် ပြောလိုက်သည်။ "ဒါက ဂိုဏ်းကို သစ္စာဖောက်တဲ့ ပုံစံတစ်မျိုး မဟုတ်ဘူးလား။"

စုချီနျန် - "..."

ဆရာများက ကိုယ့်တပည့်များကို ကိုယ်တိုင်ကိုယ်ကျ အစပြုပြီးပြောင်းလဲခွင့်ပေးရန်၊ တပည့်များကို မည်သည့် အကြောင်းပြချက်မှမရှိဘဲ ဂိုဏ်းထဲမှနှင်ထုတ်ခွင့်ပေးရန်အတွက် ဂိုဏ်းကိုအကြံပြုရန် လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။

...

"အကြီးအကဲချန်၊ ဒဏ်ရာတွေ သက်သာရဲ့လား။"

သူ၏ ရင်းနှီးသော တပည့်အများအပြား သေဆုံးသွားသော်လည်း အရှင်မ ဟွာကျင်းက ဝမ်းနည်းသည့် အရိပ်အယောင်မျှ မပြပေ။

သူက လောင်းများကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ ကျောင်းတော်သို့ ပြန်ရောက်ရောက်ချင်း သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ချန်ဟွိုက်အန်၏အခြေအနေကို စစ်ဆေးခြင်းပင်။

"အရှင်မ၊ အရှင်မ အချိန်မီ ဆေးပေးခဲ့တဲ့အတွက် အခု ကျွန်တော် အများကြီး သက်သာသွားပါပြီ။"

ချန်ဟွိုက်အန်သည် မူလက အချိန်အနည်းငယ် ဆက်ပြီးသရုပ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံထားပြီး မူလတာအိုခန္ဓာနှင့် စစ်မှန်သောနဂါးချီ၏ ဩဇာလွှမ်းမိုးမှုနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ ပြန်လည်နာလန်ထမြောက်မှုအရှိန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်နေပြီ ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဟွာကျင်းက သူ့ကို အဆင့်မြင့် မဟာပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံး တိုက်ခဲ့ပြီးနောက် ဝမ်ရှိုယီက နောက်ထပ် တစ်လုံး တိုက်ခဲ့သည်။ အသက်သုံးလေးရှိုက်ထက် မနည်းသော အချိန်အတွင်းမှာပင် သူ၏ဒဏ်ရာများက လုံးဝပျောက်ကင်းသွားခဲ့သည်။

သူက ဝမ်ရှိုယီရှေ့တွင်တော့ ဖုံးကွယ်ထား၍ ရသေးသည်။

သို့သော် ဟွာကျင်းကို ဖုံးကွယ်ထားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အလွန်အကျွံ သရုပ်ဆောင်ခြင်းက သံသယကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ရာ သူက သရုပ်ဆောင်ခြင်းကို ရိုးရိုးရှင်းရှင်းပင် ရပ်တန့်လိုက်ပြီး မတ်တတ်ထရပ်ကာ ဖရိုဖရဲအခြေအနေတွင် သူ ယခုလေးတင် ရရှိလာခဲ့သော အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ပေးအပ်လိုက်သည်။

"အရှင်မ၊ ကျွန်တော် ဒဏ်ရာရခဲ့ပေမယ့် ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ အရင်းအမြစ်တွေနဲ့ ဂုဏ်သိက္ခာကို ကျွန်တော် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။"

ဟွာကျင်းက အလယ်အလတ်အဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို လက်ခံလိုက်ပြီး သူ၏မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"မင်းက တကယ်ကို စိတ်ရောကိုယ်ပါနှစ်ပြီးတော့ လုပ်ခဲ့တာပဲ။ ဒီလိုအကြီးအကဲမျိုး ရှိနေတာ ငါ့ရဲ့ ခွန်းလွန်အင်မော်တယ်နန်းတော်က ဘယ်လိုလုပ် မတိုးတက်ဘဲ နေမှာလဲ။"

"တပည့်တွေ အများကြီး သေဆုံးသွားတာတော့ နှမြောစရာပါပဲ။" ချန်ဟွိုက်အန်က ဝမ်းနည်းနေသော အမူအရာဖြင့် ပြောလိုက်သည်။ "သူတို့တွေက ရန်သူကိုကာကွယ်ဖို့ လုံလောက်အောင် မသန်မာခဲ့ဘူး။"

ဝမ်ရှိုယီက ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။

ဒါဆို စီနီယာက အခုအချိန်အထိ သူ့ကိုယ်သူ အပြစ်တင်နေတုန်းပဲလား။

တောက်။ ခင်ဗျားက လူယုတ်မာပဲ၊ စီနီယာ။

သူက လက်သီးများကို ဆုပ်လိုက်ပြီး ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ ဒေါသတကြီး အော်လိုက်သည်၊ "စီနီယာ၊ အဲဒီလူတွေက သေသင့်လို့ သေသွားတာ။"

"သူတို့ရဲ့ စွမ်းရည် နည်းပါးမှုအတွက် စီနီယာက ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရတာလဲ။" ဝမ်ရှိုယီက မကျေမနပ် ပြောသည်။ "စီနီယာက သူတို့အားလုံးကို ကယ်တင်ခဲ့ရင်တောင် ဝူဝမ်ပင်းနဲ့ သူ့အဖွဲ့ရဲ့ သဘာဝအရ စီနီယာ့ရဲ့ကျေးဇူးကို လုံးဝ အမှတ်ရနေမှာ မဟုတ်ဘူး။ စီနီယာက သဘောကောင်းလွန်းနေတယ်။"

"လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာ ရှိကြပါတယ်။" ဟွာကျင်းကလည်း ချန်ဟွိုက်အန်ကို နှစ်သိမ့်ပေးသည်။ "သူတို့က ဒီအချိန်မှာ အသတ်ခံလိုက်ရတယ်ဆိုမှတော့ သူတို့ သေသင့်လို့ သေသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"

သူတို့၏ စကားများက ယုတ္တိမတန်ဟု ချန်ဟွိုက်အန် ခံစားလိုက်ရသည်။

ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်များ၏ ဆက်ဆံခံရပုံက သိပ်မကောင်းလှပေ။

အလောင်းလာကောက်မယ့် သူတွေတောင် မရှိဘူး။ သူတို့ အတော်လေး လေးစားရတဲ့ ခေါင်းဆောင်က "လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာ ရှိကြပါတယ်"လို့ တိုတိုတုတ်တုတ်ပြောပြီး သူတို့ကို ပစ်ပယ်လိုက်တာပဲ...

ပြီးတော့ ဒီတပည့်တွေအားလုံး သေသွားတာ မှမဟုတ်တာ။

ဘေးကနေ ကြည့်နေတဲ့ နောက်ထပ် သုံးယောက် ရှိနေသေးတယ် မဟုတ်ဘူးလား။

ချန်ဟွိုက်အန်က တပည့်သုံးဦးကို မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်သည်။

မကြာခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အပြင်းအထန် ထိတ်လန့်သွားပုံရသော ထိုခွန်းလွန်တပည့် သုံးဦးသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေကြပြီး မျက်နှာများ ဖြူရော်ကာ တုန်ယင်နေကြသည်။ သတ်ဖြတ်ခံရမည့်အန္တရာယ်မှ သူတို့ မလွတ်မြောက်နိုင်သေးသည့်အလား ဖြစ်နေသည်။ ၎င်းနှင့်နှိုင်းယှဉ်လျှင် ဝမ်ရှိုယီက စုချီနျန်ကို ရင်ဆိုင်ရစဉ် ကြောက်ရွံ့ခဲ့သော်လည်း ဘောင်းဘီထဲ သေးထွက်ကျလောက်အောင်တော့ မကြောက်ခဲ့ပေ။

လေထဲမှာ မနှစ်မြို့ဖွယ် အနံ့သဲ့သဲ့လေးတစ်ခုကို ရလိုက်၏။

ချန်ဟွိုက်အန် အဖြေရှာတွေ့သွားသည်။

ဟွာကျင်းက သူ၏တပည့်များ၊ အထူးသဖြင့် သူ၏ ကိုယ်ပိုင်တပည့်များက ထိုမျှအသုံးမကျဘဲ စရိုက်ဆိုးသည်ကို မြင်သွားလျှင် သူတို့ သေသေရှင်ရှင် ဂရုစိုက်မည် မဟုတ်တော့ပေ။ ထို့ပြင် ဟွာကျင်းသည် သံသရာ အကြိမ်များစွာကို ဖြတ်သန်းခဲ့ပြီး မှတ်ဉာဏ်အချို့ကို ထိန်းသိမ်းထားနိုင်သည်ဆိုသည့် အချက်ကို ထည့်သွင်း၍ စဉ်းစားပါက...

သူ့အတွက် ခွန်းလွန်အင်မော်တယ်နန်းတော်မှ တပည့်အားလုံးက နယ်ရုပ်လေးများ သက်သက်ပင်။

နယ်ရုပ်တစ်ရုပ် သေသွားရင် နောက်ထပ်တစ်ရုပ်နဲ့ အစားထိုးလိုက်ရုံပဲလေ။ ဘာများ ဝမ်းနည်းစရာ ရှိလို့လဲ။

ချန်ဟွိုက်အန် အဖြေရှာတွေ့သွားသည့် အချိန်မှာပင်…

ဟွာကျင်းက ရုတ်တရက်ပင် မျက်နှာဖုံးစကို ဖယ်ရှားလိုက်ရာ လှပသောမျက်နှာ ပေါ်လာသည်။

သူက ချန်ဟွိုက်အန်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"အကြီးအကဲချန်၊ မင်းလည်း ငါ့ကို အဲဒီလို ရုပ်ဆိုးတဲ့အဘွားကြီးလို့ ထင်နေတာလား။"

ချန်ဟွိုက်အန် - "ဟမ်။"

...

All Chapters